← Chapters

ကောင်းကင်အာဏာစက်တာအိုနတ်သူငယ်အဆင့်(ခ)

Vol. 49 Ch. 740

ကောင်းကင်အာဏာစက်တာအိုနတ်သူငယ်အဆင့်(ခ)

Vol. 49 Ch. 740

‘ သူက မိစ္ဆာရွှီကို ဂျူနီယာညီလေးလို့ ခေါ်တယ်… သူတို့က ဆရာတူတပည့်တွေဖြစ်ရမယ်… ထင်ထားသလိုပဲ ဒီမိစ္ဆာကောင်နဲ့ ဆက်ဆံရေးကောင်းရှိတဲ့လူတိုင်းက အံ့ဖွယ်ပါရမီရှင်တွေချည်းပဲ ’

ခေါင်းကြီးသည် ထိတ်လန့်သွားသည်။ ယခင်တစ်ခေါက်က သူသည် ရွှီချင်း၏ ဆင့်ခေါ်ခံရပြီးနောက် ချက်ချင်း ခြေမွဖျက်စီးခံလိုက်ရသည်။ သူပြန်ကောင်းမွန်လာသည့်အခါ (ဃ၁၃၂)ဆီသို့ ပြန်ပို့ခံလိုက်ရသည်။

ထိုအချိန်တုန်းက သူ၏ စိတ်အာရုံသည် မိစ္ဆာရွှီပေါ်မှာသာ လုံးလုံးရှိနေခဲ့သည်။ သို့ဖြစ်၍ ဒုတိယလူကို အနီးကပ် သူမကြည့်နိုင်ခဲ့ပေ။ ဤအခိုက်အတန့်မှာ သူသည် အနီးကပ်ကြည့်ရန် သူ၏ စွမ်းရည်ကို အသက်မသွင်းဘဲမနေနိုင်ပေ။

တစ်ချက်ကြည့်ပြီးနောက် ခေါင်းကြီးသည် ရုတ်တရက် သွေးပျက်ဖွယ်ကောင်းစွာ အော်ဟစ်လိုက်ရသည်။ သူ၏ မျက်လုံးသည် ချက်ချင်း ပေါက်ကွဲထွက်သွားသည်။

‘ ပါးစပ်တွေ မရေမတွက်နိုင်တဲ့ ပါးစပ်တွေ သံကြိုးတွေ ငရဲပြည်က သံကြိုးတွေ… ချိပ်တံဆိပ် အဆုံးမရှိတဲ့ချိပ်တံဆိပ်တွေ… ဘုရားရေ ငါဘာကြီးကို မြင်ခဲ့တာလဲ… နတ်ဘုရားအရိုးစုတွေ မရေမတွက်နိုင်အောင် ပေါများတဲ့ နတ်ဘုရားအရိုးစုတွေ… ’

ခေါင်းကြီးသည် ကျယ်လောင်စွာ ပေါက်ကွဲထွက်သွားသည်။

ရွှီချင်းက ခေါင်းဆောင်ကိုကြည့်လိုက်သော်လည်း ခေါင်းဆောင်သည် အပြစ်ကင်းစင်သော အမူအရာကို ထုတ်ဖော်ပြလိုက်လေသည်။

ကျောက်တုံးခြင်္သေ့သည် ပိုပြီးတုန်လှုပ်လာသည်။

အချိန်အတော်ကြာပြီးနောက် ခေါင်းကြီးသည် အသက်ပြန်ရှင်လာသည်။ သူသည် ထိန်းချုပ်မရအောင် တုန်လှုပ်နေပြီး အမြန်ခေါင်းငုံ့လိုက်သည်။ ယခု သူ၏ ပုံစံသည် အလွန်ရိုကျိုးပြီး အမိန့်နာခံသည့်ပုံစံပေါ်သည်။ သူသည် အပေါ်သို့ မော့မကြည့်ဝံ့ချေ။ စိတ်ပျက်သော ခံစားမှုသည် သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်နေသည်။

ယခင်တစ်ခေါက်က သူ့ကို ရွှီချင်းခေါ်ထုတ်လိုက်စဉ်က တတိယလူရှိနေသေးကြောင်း သူပြန်မှတ်မိသွားသည်။

ထိုအချိန်တုန်းက ရွှီချင်းက သူ့ကို (ဃ၁၃၂)ထဲသို့ အမြန်ပြန်ပို့ခဲ့သော်လည်း သူသည် အထဲမှာ အချိန်အတော်ကြာအောင် တုန်လှုပ်ခြောက်ခြားနေခဲ့သည်။ ထိုတတိယလူသည် အလွန်ကြောက်စရာကောင်းသည်ဟု သူခံစားမိသည်။ ထို့ကြောင့် သူ၏ စွမ်းရည်ကိုပင် အသက်မသွင်းဝံ့ပေ။

‘ ဒီသုံးယောက်က တကယ့်မွန်းစတားတွေပဲ ’

ရွှီချင်းသည် စူးစမ်းလိုစိတ်ဖြစ်မိသည်။ ခေါင်းဆောင်ထံတွင် လျှို့ဝှက်ချက်များစွာရှိကြောင်း သူသိသော်လည်း ခေါင်းကြီး၏ တုံ့ပြန်ပုံသည် အနည်းငယ် ချဲ့ကားလွန်းသည်။ သို့ရာတွင် ယခုသည် စုံစမ်းမေးမြန်းရန် အချိန်ကောင်းမဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် သူက ခေါင်းကြီးကို အေးစက်စက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ မင်းတို့နှစ်ယောက် ဟိုးက ခရမ်းရောင်ပုလင်းကို ငါ့ဆီ ယူလာပေးရမယ်… တကယ်လို့ မင်းတို့ ကောင်းကောင်းဆောင်ရွက်နိုင်မယ်ဆိုရင် မင်းတို့အခြေအနေကို ငါသက်ညှာပေးမယ် ”

“ ကြီးမြတ်လှတဲ့ အရှင်အစောင့်အကြပ်ခင်ဗျာ ငါတို့အခြေအနေကို အရှင်သက်ညှာပေးတာ မပေးတာက အရေးမကြီးပါဘူး… အရှင်သာ အမိန့်ပေးလိုက်တာနဲ့ ကျွန်တော်မျိုး… ”

ခေါင်းကြီးသည် အလျှင်အမြန် ပြောသည်။ သို့သော်လည်း သူ၏ စကားသည် တစ်ဝက်တစ်ပျက်မှာ ရပ်တန့်သွားပြီး ပြီးဆုံးအောင် မပြောနိုင်ခဲ့ပေ။

သူ၏ ဘေးမှ ကျောက်တုံးခြင်္သေ့သည် ရှေ့ခြေဖဝါးနှစ်ခုကို အပေါ်သို့ မြှောက်တင်လိုက်ပြီး မြေပြင်ပေါ်သို့ အကြမ်းပတမ်း ဆောင့်ချလိုက်သည်။ ထို့နောက် ၎င်းသည် အနောက်သို့လှည့်ပြီး တစ်ဟုန်ထိုး ပြေးသွားသည်။

ဤသည်ကို ခေါင်းကြီးမြင်သောအခါ စိုးရိမ်ပူပန်လာပြီး အဝေးသို့ မြန်ဆန်စွာ လှိမ့်သွားကာ ကျောက်တုံးခြင်္သေ့၏ ကျောပေါ်သို့ ကျဆင်းသွားသည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် အပျက်အစီးပုံထဲသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြသည်။

ရွှီချင်းသည် သူတို့နှစ်ယောက်ကို သေချာဂရုတစိုက် စောင့်ကြည့်သည်။ ခေါင်းဆောင်သည်လည်း မျက်လုံးမှေးကျဉ်းလိုက်သည်။

“ သူတို့လုပ်နိုင်လောက်လား ”

“ သူတို့က (ဃ၁၃၂)က အကျဉ်းသားတွေဖြစ်ကြပြီး (ဃ၁၃၂)ရဲ့ စွမ်းအားအောက်မှာ အချိန်အကြာကြီး နေခဲ့ကြတာ… သူတို့လုပ်နိုင်လောက်ပါတယ် ”

(ဃ၁၃၂)နောက်ကွယ်မှ အလုပ်လုပ်ဆောင်ပုံကို ရွှီချင်းက ရှင်းပြပြီးနောက် ခေါင်းဆောင်၏ မျက်လုံးသည် ဝင်းလက်သွားသည်။

“ အကျဉ်းထောင်ဌာနမှာ အဲ့လိုမှော်ဆန်တဲ့နေရာမျိုး ရှိတယ်ပေါ့ ”

ခေါင်းဆောင်သည် ထိုစကားကို ပြောလိုက်ပြီးနောက် ရွှီချင်း၏ အမူအရာတွင် ဝမ်းနည်းခြင်းအရိပ်အယောင် တစ်စွန်းတစ်စရှိလာကြောင်း သတိပြုမိသွားသည်။ ရွှီချင်းသည် အကျဉ်းထောင်ဌာနမှ သူ၏ နေ့ရက်များ၊ ရုံးတော်သခင်နှင့် တစ်ချိန်က သူတို့ရရှိခဲ့သော ငြိမ်းချမ်းမှုကို ပြန်သတိရသွားခြင်း ဖြစ်သည်။

ခေါင်းဆောင်သည် နက်ရှိုင်းစွာ သက်ပြင်းချလိုက်ပြီး ရွှီချင်းကို ပခုံးပုတ်လိုက်သည်။ ထို့နောက် သူသည် အဝေးသို့ ညွှန်ပြလိုက်သည်။

“ သူတို့တကယ်လုပ်နိုင်တယ် ”

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ ကျောက်တုံးခြင်္သေ့သည် အသွေးအသားမြို့နံရံကြီးဆီသို့ မြန်ဆန်စွာ ပြေးသွားပြီး ခုန်ကျော်လိုက်သည်။ သူတို့၏ တည်ရှိမှုက ထူးခြားသည့်အလား ဤနေရာမှ ကန့်သတ်စွမ်းအားသည် သူတို့အပေါ် မသက်ရောက်ပေ။

ကျောက်တုံးခြင်္သေ့က အသွေးအသားမြို့နံရံကြီးကို ခုန်ကျော်သွားသည်နှင့် ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ရွှေချည်မျှင်များကို လှည့်ပတ်လိုက်ပြီး ကြည့်ရှုလိုက်သည်။ သူတို့နှင့် မနီးမဝေးတွင် ခရမ်းရောင်ပုလင်းတစ်လုံး ရှိနေရုံမှလွဲ၍ ကျောက်တုံးခြင်္သေ့သည် မည်သည့်အရာမှ ရှာမတွေ့ဟန် ရသည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်သွားသည်။

အခြေအနေသည် ကောင်းမွန်စွာ ဆက်သွားနေသည်။ ခေါင်းကြီး၏ အကြံပေးမှုကြောင့် သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ခွဲထွက်သွားကြသည်။ ထို့နောက် သူတို့သည် ကြီးမားသော အင်အားတစ်ခုနှင့် တွေ့ဆုံသွားပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။

မကြာမီ သူတို့သည် ထပ်မံပြန်ရှင်သန်လာကြသည်။ သူတို့သည် သတိကြီးစွာထား၍ ဆက်လက် ရှေ့တိုးသွားကြသည်။ ထို့နောက် သူတို့သည် နောက်ထပ်တစ်ကြိမ် အတားအဆီးနှင့် တွေ့ဆုံသွားပြန်သည်။ ထိုသို့ပျက်စီးခြင်းနှင့် ရှင်သန်ခြင်းသံသရာသည် ထပ်ခါတလဲလဲ ဖြစ်နေသည်။ သို့သော်လည်း အံ့အားသင့်ဖွယ်ကောင်းစွာ သူတို့သည် ခရမ်းရောင်ပုလင်းနားသို့ တဖြည်းဖြည်း ရောက်ရှိသွားကြသည်။

“ ဒီနှစ်ယောက်က အတော်လေး ဉာဏ်ကောင်းတယ်… သူတို့က ပြန်လည်ရှင်သန်ဖို့ သူတို့ကိုယ်ထဲက စွမ်းအင်ကို အသုံးပြုနေတဲ့အချိန် ကမ္မစွမ်းအားနှင့် ကျိန်စာကို ပေါင်းစပ်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးဖော်ထုတ်နေတာ ”

ခေါင်းဆောင်သည် ရယ်လိုက်သည်။

ရွှီချင်းသည် ခေါင်းညိတ်သည်။

သူတို့နှစ်ယောက်၏ စောင့်ကြည့်နေမှုအောက်မှာ ကျောက်တုံးခြင်္သေ့နှင့် ခေါင်းကြီးသည် အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် ခရမ်းရောင်ပုလင်း၏ ဦးတည်ရာသို့ နောက်ဆုံးတွင် ရောက်ရှိသွားကြသည်။ ခေါင်းကြီးသည် တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ ပါးစပ်ဟလိုက်ပြီး ပုလင်းကို ကိုက်ယူလိုက်သည်။ ထို့နောက် သူသည် ကျောက်တုံးခြင်္သေ့နှင့်အတူ အလျှင်အမြန် အနောက်ပြန်ဆုတ်သွားသည်။

သူတို့ထွက်ခွာသွားသည်နှင့် ရုပ်တုအပျက်သည် စတင်ဝေဝါးလာပြီး ဖုန်မှုန့်သို့ ပြောင်းလဲသွားကာ နောက်ဆုံးတွင် လွင့်ပြယ်သွားသည်။

ထို့နောက် ဘေးပတ်ဝန်းကျင်မှ အသွေးအသားနံရံများသည် အရှေ့သို့ ဆက်လက်တိုးဝင်လာပြီး ထိုဧရိယာတစ်ဝိုက်ကို လုံးလုံးဝါးမျိုသွားသည်။

ထိုဖြစ်စဉ်အတွင်း ကျောက်တုံးခြင်္သေ့နှင့် ခေါင်းကြီးသည် ရွှီချင်း၏ ဘေးသို့ရောက်သည်အထိ အရူးအမူး ပြန်ပြေးလာကြသည်။ ခေါင်းကြီးသည် သူ၏ ပါးစပ်ထဲမှ ခရမ်းရောင်ပုလင်းကို ကမ်းပေးလိုက်ပြီး မျက်နှာချိုသွေးရန် ပြင်လိုက်သည်။ သို့သော်လည်း ရွှီချင်းသည် လက်ဝှေ့ယမ်းလိုက်ပြီး သူတို့နှစ်ယောက်ကို (ဃ၁၃၂)ထဲသို့ ပြန်ပို့လိုက်သည်။

ခေါင်းဆောင်သည် ခရမ်းရောင်ပုလင်းကို ကောက်ယူလိုက်သည်။ ပုလင်းကို ထိလိုက်သည့်အခိုက် သူ၏ ခန္ဓာကိုယ်သည် မြင်သာထင်သာစွာ တုန်ယင်သွားသည်။ ရွှီချင်းက သူ့အပေါ် အာရုံစိုက်လာသည့်အခါ ခေါင်းဆောင်သည် အမြန်သတိပြန်ဝင်လာသည်။ သူက မယုံကြည်နိုင်သော အမူအရာဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြောသည်။

“ ဒါက… အချိန်ပုလင်းပဲ ”

ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် ဘေးပတ်ဝန်းကျင်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူသည် ရွှီချင်းကို ဆုပ်ကိုင်လိုက်ပြီး ဤနေရာမှ မြန်မြန်သွက်သွက် ထွက်ခွာသွားသည်။

ရွှီချင်း၏ စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်နေသော်လည်း ခေါင်းဆောင်၏ အပြုအမူများမှ လေးနက်မှုကို သူအာရုံခံမိသည်။ ထို့ကြောင့် ဤနေရာမှ သူတို့နှစ်ယောက် လုံးလုံးလျားလျား ထွက်ခွာသွားပြီး လုံခြုံသောတစ်နေရာကို ရှာမတွေ့ခင်အထိ ရွှီချင်းသည် နှုတ်ကို စောင့်စည်းထားလိုက်သည်။ လုံခြုံသောနေရာသို့ ရောက်သွားသည့်အခါ သူတို့နှစ်ယောက်သည် လက်မောင်းပြတ်၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ကြသည်။ ခေါင်းဆောင်၏ အသက်ရှူသံသည် မြန်ဆန်လာပြီး သူ၏ မျက်လုံးထဲမှ အလင်းရောင်သည် ထင်ရှားလာသည်။

“ စီနီယာအကိုကြီး အချိန်ပုလင်းဆိုတာ ဘာလဲ ”

ရွှီချင်းက မေးသည်။

ခေါင်းဆောင်သည် ရွှီချင်းကို တိတ်တိတ်နေရန် အချက်ပေးပြီး ဘေးပတ်ဝန်းကျင်ကို ထပ်မံစစ်ဆေးပြန်သည်။ ဤနေရာတွင် သူတို့နှစ်ယောက်မှလွဲ၍ တခြားမည်သူမှမရှိကြောင်း အတည်ပြုပြီးနောက် သူသည် ချိပ်တံဆိပ်လက်သင်္ကေတတချို့ကို အမြန်ထုတ်ဖော်လိုက်ပြီး သူတို့၏ ဘေးနားတစ်ဝိုက်တွင် အကာအကွယ်စည်းများကို ထပ်တိုးချထားလိုက်သည်။ ထိုသို့လုပ်ဆောင်ပြီးနောက် သူသည် တည်ကြည်လေးနက်သော အမူအရာဖြင့် စတင်ပြောသည်။

“ ချင်းလေး ဒီတစ်ကြိမ်တော့ ငါတို့တွေ သေစေနိုင်တဲ့ ပြဿနာကြီးကို လုပ်မိပြီ ”

“ ရှေးဟောင်းစာအုပ်တချို့ကနေ အချိန်ပုလင်းရဲ့အကြောင်းကို ငါသိခဲ့တယ်… အဲ့ဒါက ရှေးဘုရင်ရွှမ်ယုံရဲ့ခေတ်မှာ အင်ပါယာတစ်မိသားစုတည်း သီးသန့်အသုံးပြုနိုင်တဲ့ ရှားပါးရတနာပဲ… အဲ့ဒါပေါ်ထွက်လာတဲ့အခါတိုင်း အင်ပါယာမိသားစုရဲ့ အထူးအာရုံစိုက်တာ ခံရလိမ့်မယ်… တကယ်လို့ အင်ပါယာမိသားစုမဟုတ်ဘဲ တခြားလူတစ်ယောက်က အဲ့ဒါကို ပိုင်ဆိုင်ထားတဲ့အကြောင်း ရှာတွေ့သွားမယ်ဆိုရင် အဲ့ဒီလူရဲ့ တစ်မိသားစုလုံးက ကွပ်မျက်ခံရလိမ့်မယ်… အဲ့ဒါကို ကြီးလေးတဲ့ ရာဇဝတ်မှုလို့ သတ်မှတ်နိုင်တယ် ”

All Chapters