ကောင်းကင်အာဏာစက်တာအိုနတ်သူငယ်အဆင့်(ဂ)
Vol. 49 Ch. 741
“ ဒါပေမဲ့ အတိတ်မှာတုန်းက ရှေးဘုရင်ရွှမ်ယုံက အင်ပါယာမိသားစုနဲ့ လူသားမျိုးနွယ်ရဲ့ တစ်စိတ်တစ်ဒေသကို ဒီလောကကနေ အဝေးကို ခေါ်ဆောင်သွားတဲ့အချိန် အချိန်ပုလင်းအားလုံးကို သူနဲ့အတူ ယူသွားခဲ့တယ်လို့ ပြောထားတယ်… ဘာဖြစ်လို့ ဒီမှာ တစ်ခုရှိနေတာလဲ ”
ရွှီချင်း၏ စိတ်ရှုပ်ထွေးနေပုံကို မြင်သောအခါ ခေါင်းဆောင်သည် တိုးညင်းစွာ ပြောသည်။
“ အချိန်ပုလင်းရဲ့ ဇစ်မြစ်ကို မသိရဘူး… ပြီးတော့ အဲ့ဒါရဲ့ တည်ရှိမှုကို လူအများကြီး မသိထားကြဘူး… ဒါပေမဲ့ အတိတ်မှာ ဝမ်ကူးကုန်းမြေကို တစ်ပေါင်းတစ်စည်းတည်းဖြစ်စေခဲ့တဲ့ ရှေးဘုရင်အားလုံးက အချိန်ပုလင်းတွေကို လိုက်လံစုဆောင်းကြတယ် ”
“ ကောလဟာလဆိုတာက အခြေအမြစ်မရှိတဲ့ သတင်းသက်သက်ပဲဆိုပေမဲ့ အချိန်ပုလင်းထဲမှာ ဝမ်ကူးလောကရဲ့ သတင်းအချက်အလက်နဲ့ပတ်သက်ပြီး ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုရှိတယ်လို့ ပြောကြတယ်… အဲ့ဒီထဲမှာ ရှေးဘုရင်တွေနဲ့ အုပ်ချုပ်သူတွေအတွက် သူတို့ရဲ့ အချုပ်အနှောင်တွေကို ချိုးဖြတ်စေနိုင်တဲ့ နည်းလမ်းတစ်ခုရှိတယ်လို့လည်း တချို့လူတွေက ပြောကြတယ် ”
“ အချိန်ပုလင်းထဲမှာ အထွတ်အမြတ် အမွေအနှစ်တစ်ခုရှိတယ်လို့တောင် ကောလဟာလတွေ ရှိသေးတယ် ”
“ အချိန်ပုလင်းနဲ့ပတ်သက်တဲ့ ကောလဟာလတွေကတော့ အမျိုးမျိုးရှိတယ်… ခေတ်တစ်ခေတ်မှာ အချိန်ပုလင်းတစ်လုံးပဲ ပေါ်ထွက်လာလေ့ရှိတယ်လို့ ပြောကြသေးတယ် ”
“ အတိုချုပ်ပြောရရင် အချိန်ပုလင်းက အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့ ရတနာတစ်ခုပဲ… အဲ့ဒါကို အင်ပါယာမိသားစုရဲ့ မူပိုင်ရတနာလို့ သဘောထားခံရတယ် ”
“ ဒါပေမဲ့ နှစ်တွေဘယ်လောက်ပဲကြာကြာ ဘယ်သူမှ အချိန်ပုလင်းထဲက လျှို့ဝှက်ချက်ကို တကယ်နားမလည်ခဲ့ကြတဲ့ပုံပဲ… ဒါပေမဲ့ ဒီပုလင်းက အချိန်ကို ဖမ်းဆုပ်ပြီး ထိန်းသိမ်းထားနိုင်တဲ့ အစွမ်းရှိတယ်… ပြီးတော့ အရာဝတ္ထုတွေကို အချိန်ကာလရဲ့ ယိုယွင်းတိုက်စားခြင်းမခံရအောင်လည်း ကာကွယ်ပေးနိုင်တယ် ”
“ ဂျူနီယာညီလေး စောစောတုန်းကနေရာက ဘာဖြစ်လို့ အရမ်းထူးဆန်းနေလဲဆိုတာ ငါနားလည်သွားပြီ… အဲ့ဒါက အချိန်ပုလင်းရဲ့ ကြားဝင်နှောင့်ယှက်မှုကြောင့် အချိန်ကာလတစ်ခုက ထပ်ခါတလဲလဲ ပြန်ကျော့နေတာ ”
ဤသို့သော ရတနာမျိုးကို ရွှီချင်းသည် ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သို့ဖြစ်၍ သူသည် အလွန်ထိတ်လန့်သွားသည်။ သူသည် ဆန္ဒသေတ္တာနှင့် အသံဖမ်းပုလင်းကို ချက်ချင်း စဉ်းစားမိသွားပြီး ၎င်းတို့အကြောင်းကို မေးသည်။
“ ဆန္ဒသေတ္တာနဲ့ အသံဖမ်းပုလင်းလား… တကယ်တော့ အဲ့ဒီနှစ်ခုစလုံးက အချိန်ပုလင်းကို ပုံစံတူပြုလုပ်ထားတာ… တစ်ခုက ယိုယွင်းမပျက်စီးအောင် တားဆီးကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပြီး တခြားတစ်ခုက အချိန်ကို ဖမ်းယူနိုင်တဲ့အစွမ်း ရှိတယ် ”
ခေါင်းဆောင်သည် ရွှီချင်းအား ရှင်းပြပြီးနောက် သူ၏ လက်ထဲမှ ခရမ်းရောင်ပုလင်းကို လှုပ်ခါလိုက်သည်။
“ အထဲမှာ တစ်ခုခုရှိတယ်… အသံကို နားထောင်ကြည့်ရတာတော့ အရည်ဖြစ်မယ် ”
ခေါင်းဆောင်၏ မျက်လုံးသည် ပို၍ပင် တောက်ပလာသည်။ သူက အနံ့ခံကြည့်လိုက်လေရာ မူးယစ်သွားသည့်ပုံပေါ်သည်။
“ အနံ့ကတော့ တော်တော်လေး မိုက်တယ်… အထဲက အရည်က ဘာလဲငါမသိပေမဲ့ အဲ့ဒါက စားလို့ရတယ်လို့ ငါခံစားမိတယ်… ဂျူနီယာညီလေး ငါတို့ အဲ့ဒါကို စားကြမလား ”
ခေါင်းဆောင်သည် ရွှီချင်းကို ကြည့်လိုက်သည်။ သူက ပုလင်းကို လက်လွှဲမပေးခင် နှုတ်ခမ်းသပ်လိုက်သည်။
“ မင်းအနံ့ခံကြည့် ”
ရွှီချင်းသည် ပုလင်းကို လှမ်းယူလိုက်ပြီး သူ၏ နှာခေါင်းရှေ့တွင် တေ့ထားလိုက်သည်။ ထူးဆန်းသော အနံ့တစ်မျိုးသည် သူ၏ နှာခေါင်းဝထဲသို့ ဝင်ရောက်လာပြီး အရှိန်အဝါတစ်ခုသို့ ပြောင်းလဲသွားကာ သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
ယင်းသည် သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို မည်သည့်တုံ့ပြန်မှုမှ မဖြစ်စေခဲ့သော်လည်း သူ၏ အသိစိတ်ပင်လယ်ထဲမှ သက်စောင့်မီးအိမ်လေးခုကို အပြင်းအထန် လှုပ်ခါသွားစေသည်။
သူတို့သည် အဆုံးမဲ့သော လိုအင်ဆန္ဒကို ထုတ်ဖော်လာကြသည်။ ထိုပစ္စည်းက သက်စောင့်မီးအိမ်များအတွက် အလွန်အရေးပါဟန် ရသည်။
ပြီးပြည့်စုံစွာ ဒြပ်ထည်မဖွဲ့စည်းရသေးသော ဒွါဒသမနတ်နန်းတော်သည်လည်း တုန်လှုပ်လာသည်။ အချိန်ပုလင်းထဲမှ ပစ္စည်းသည် နတ်နန်းတော်ကို ဒြပ်ထည်ဖွဲ့စည်းရာတွင်လည်း ကြီးမားသော အကူအညီပေးနိုင်ကြောင်း သိသာထင်ရှား၏။
ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။
သို့သော်လည်း သူသည် အနည်းငယ် တုံ့ဆိုင်းနေသေး၏။ မည်သို့ဖြစ်စေ ပုလင်းထဲမှ ပစ္စည်း၏ ဇစ်မြစ်ကို သူတို့မသိထားပေ။ ထို့အပြင် ယင်းသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိနေခဲ့သောအရာ ဖြစ်၏။ သို့သော်လည်း ရွှီချင်းသည် ခေါင်းဆောင်ကို အပြည့်အဝယုံကြည်ရန် ရွေးချယ်ခဲ့သည်။
“ စားကြတာပေါ့ ”
ရွှီချင်းသည် လေးပင်စွာ ခေါင်းညိတ်လိုက်သည်။
ခေါင်းဆောင်သည် တဟားဟား အော်ရယ်လိုက်ပြီး ပုလင်းကို လှမ်းယူလိုက်သည်။ ပုလင်းကို လှုပ်ခါပြီးနောက် ယင်းကို သူ၏ ပါးစပ်ထဲသို့ သွန်ချလိုက်သည်။ ချက်ချင်းပင် ကြည်လင်ပြီး သိပ်သည်းသော အရည်တစ်စက်သည် ပုလင်း၏ နှုတ်ခမ်းဝမှ လျောဆင်းလာပြီး သူ၏ ပါးစပ်ထဲသို့ စီးကျသွားသည်။
ပုလင်းထဲတွင် နောက်ထပ်အရည်တစ်စက် ကျန်ရှိနေသေးသည်။ ယင်းက အောက်သို့လျောဆင်းမလာခင် ခေါင်းဆောင်သည် ပုလင်းကို ရွှီချင်းဆီသို့ ကမ်းပေးလိုက်သည်။
ရွှီချင်းသည် ပါးစပ်ဟလိုက်သည်။ နောက်အခိုက်အတန့်မှာ ဒုတိယအရည်စက်သည် သူ၏ ပါးစပ်ထဲသို့ စီးကျသွားသည်။
သူတို့သည် မျက်လုံးမှိတ်လိုက်ပြီး စတင်အစာခြေဖျက်ကြတော့သည်။
ထိုအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်တော့မည်ဟု ရွှီချင်း ခံစားနေရသည်။ ကမ္ဘာလှုပ်ခတ်စေမည့် အရှိန်အဝါတစ်ခုသည် သူ၏ ပါးစပ်ထဲမှာ ပေါက်ကွဲထွက်သွားပြီး လည်ချောင်းမှတဆင့် ခန္ဓာကိုယ်အတွင်းထဲသို့ စီးဆင်းသွားသည်။ ထိုမှတဆင့် သူ၏ ခန္ဓာကိုယ်အနှံ့ ဖြန့်ကြက်သွားပြီး အသိစိတ်ပင်လယ်ထဲတွင် စုစည်းသွားသည်။
သူ၏ အသိစိတ်ပင်လယ်ထဲရှိ သက်စောင့်မီးအိမ်လေးခုမှ ဖြစ်တည်လာသော နတ်နန်းတော်လေးခုသည် အပြင်းအထန် တုန်ခါလာကြသည်။ ဤသည်မှာ တားမြစ်အဆိပ်ဆေးလုံးက နတ်ဘုရားအနှစ်သာရကို အာရုံခံမိသွားတုန်းကနှင့် တူညီသည်။ သူတို့သည် အစွန်းရောက်သော လိုအင်ဆန္ဒကို ထုတ်လွှတ်လာကြသည်။
သိသာစွာပင် အချိန်ကာလရှည်ကြီးကို ဖြတ်သန်းပြီးနောက် သူတို့သည် ခြောက်သွေ့သွားကြသည်။ ထိုသို့အာဟာရဖြည့်တင်းပေးခြင်းနှင့် တွေ့ကြုံရသည်မှာ အလွန်အမင်း ရှားပါးသည်။ မည်သို့ဖြစ်စေ သူတို့သည် ရွှီချင်း၏ ခန္ဓာကိုယ်အတွင်းမှာ နေထိုင်ကြပြီး သူ့အား ကူညီထောက်ပံ့ပေးသော်လည်း သူတို့သည် ရွှီချင်း၏ သွေးမျိုးစက်မှ ဖြစ်တည်လာကြခြင်း မဟုတ်ချေ။
အာဟာရဓာတ်ကို စုပ်ယူပြီးနောက် သူတို့၏ အသက်မီးတောက်များသည် ယခင်ကထက် ပိုမိုတောက်လောင်လာပြီး ထွန်းလင်းလာကြသည်။ မီးအလင်းရောင်သည် အပေါ်သို့ ဆက်လက်မြင့်တတ်သွားပြီး အရပ်ရှစ်မျက်နှာသို့ ထွန်းလင်းသွားသည်။ မီးအလင်းရောင်ကြောင့် အသိစိတ်ပင်လယ်ထဲမှ မြူခိုးသည်ပင် စတင်ကြည်လင်လာသည်။
မီးတောက်များက စူးရှတောက်ပသော အလင်းရောင်ဖြင့် ပေါ်လျှိုးလာသောအခါ သက်စောင့်မီးအိမ်လေးခု၏ အရှိန်အဝါသည် သိသာစွာ မြင့်တတ်သွားကြသည်။ သူတို့သည် သိမ်မွေ့နက်နဲသော အပြောင်းအလဲများ ဖြစ်ပေါ်လာကြသည်။ တရားထိုင်နေကြသော ပုံရိပ်သေးသေးလေးများသည် မီးအိမ်များပေါ်တွင် ဒြပ်ထည်ဖြစ်ပေါ်လာကြဟန် ရသည်။
ထိုမြင်ကွင်းသည် ရွှီချင်း၏ နှလုံးသားထဲမှာ ကြီးမားသော လှိုင်းဂယက်များကို ဖြစ်ပေါ်လာစေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသေးငယ်သော ပုံရိပ်များက မည်သည်ဖြစ်ကြောင်း သူသိသောကြောင့် ဖြစ်သည်။
သူတို့သည် ဝိညာဉ်နတ်သူငယ်များ ဖြစ်ကြသည်။
သူတို့သည် ပုံရိပ်ယောင်မျှသာ ရှိကြသေးပြီး အမှန်တကယ် မဖြစ်တည်သေးကြသော်လည်း ဒြပ်ထည်ဖွဲ့နေသော သူတို့၏ အမြန်နှုန်းမှတဆင့် ထိုသို့ဖြစ်လာရန် သိပ်မလိုတော့ပေ။
အချိန်ပုလင်းထဲမှ အရည်စက်က စွမ်းအားကို ဆက်လက်ပြီး ထုတ်လွှတ်ပေးလာသည်နှင့်အမျှ သက်စောင့်မီးအိမ်လေးခုပေါ်မှ အသက်မီးတောက်များသည် ပိုပြီးကြီးမားစွာ တောက်လောင်လာကြသည်။ ဤသည်မှာ ဆီက မီးတောက်များထဲသို့ သွန်ကျသွားသလိုပင်။
မီးအိမ်ပေါ်မှ သေးငယ်သော လူများသည် တဖြည်းဖြည်း ကြည်လင်ထင်ရှားလာသည်။ သူတို့၏ အသွင်ပုံစံများသည် ရွှီချင်းနှင့် ချွတ်စွပ်တူသည်။
အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် ရွှီချင်းနှင့် အချိန်အကြာဆုံး အတူရှိနေခဲ့သော ထီးနက်သက်စောင့်မီးအိမ်သည် ရုတ်တရက် တောက်ပသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ အားကောင်းသော စွမ်းအင်တစ်မျိုးသည် မီးအိမ်ထဲမှ ပေါ်လျှိုးလာသည်။ ထို့နောက် မီးအိမ်ပေါ်မှ သေးငယ်သော ပုံရိပ်သည် အတုယောင်မှ အစစ်အမှန်သို့ ပြောင်းလဲသွားသည်။
မီးတောက်မီးလျှံများထဲမှ ပုံရိပ်သည် လွန်စွာမှ စတင်ကြည်လင်လာပြီး ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ၎င်းသည် မီးတောက်များကိုဖြတ်၍ ရွှီချင်း၏ အသိစိတ်နှင့် မျက်လုံးချင်း ဆက်သွယ်နေဟန် ရသည်။ ဤသည်မှာ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည့်အလားပင်။
ရွှီချင်း၏ စိတ်သည် တုန်လှုပ်သွားပြီး သူ၏ ကျင့်ကြံခြင်းအရှိန်အဝါသည် တအိအိလှိုင်းထသွားကာ ယခင်ထက် ပိုအားကောင်းသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
တစ်ချိန်တည်းမှာ ရောင်ခြည်စက်ဝန်းတစ်ခုသည် ရွှီချင်း၏ ဦးခေါင်းထက်တွင် ဖြစ်တည်လာသည်။
ထိုရောင်ခြည်စက်ဝန်းသည် ယခင်နှင့် မတူတော့ပေ။ ဤတစ်ကြိမ် ပေါ်ထွက်လာသော ရောင်ခြည်စက်ဝန်းသည် ပို၍သိသာထင်ရှားပြီး အစစ်အမှန်နှင့် ပို၍တူသည်။ ရောင်ခြည်စက်ဝန်း၏ ထွန်းလင်းမှုအောက်မှာ တင်ပျဉ်ခွေလျက်ထိုင်နေသော ရွှီချင်းသည် ဘုရင်ငယ်တစ်ပါးနှင့် အမှန်တကယ် တူသည်။
သူ၏ တစ်ကိုယ်လုံးတွင် မြင့်မြတ်ထည်ဝါသော အရှိန်အဝါဖြင့် ပြည့်နှက်နေသည်။
သို့သော်လည်း ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။ မကြာမီ သာယာငြိမ့်ညောင်းသော တေးသံသည် သူ၏ သက်တံ့လေသံစဉ်သက်စောင့်မီးအိမ်ထံမှ ပျံ့လွင့်ထွက်လာသည်။ တစ်ချိန်တည်းမှာ မီးအိမ်ပေါ်မှ သေးငယ်သော လူသည် မျက်လုံးဖွင့်လိုက်သည်။
ဒုတိယရောင်ခြည်စက်ဝန်း ထွက်ပေါ်လာသည်။
ထို့နောက် ငရဲဝိညာဉ်သွေးအတောင်ပံသက်စောင့်မီးအိမ်သည် တာအိုနတ်သူငယ်တစ်ကောင်ကို ဖွဲ့စည်းနိုင်သွားသည်။ သူ့အနောက်တွင် ပျက်စီးအင်မော်တယ်နတ်ဘုရားဝါးမျိုသူ သက်စောင့်မီးအိမ်က လိုက်ပါလာသည်။
ရောင်ခြည်စက်ဝန်းလေးခုအောက်တွင် တရားထိုင်နေသော ရွှီချင်းသည် ရောင်စုံအလင်းကို ထုတ်လွှတ်နေလေသည်။ ထီးနက်သည် ထိပ်ဆုံးတွင်ရှိပြီး သက်တံ့အရောင်သည် သူ့အား ဝန်းရံထားသည်။ သွေးနီအတောင်ပံတစ်ဖက်သည် သူ၏ ကျောအနောက်တွင် ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်းအရှိန်အဝါသည် သူ့ထံမှ ပျံ့လွင့်ထွက်လာသည်။