ကောင်းကင်အာဏာစက်တာအိုနတ်သူငယ်အဆင့်(ဃ)
Vol. 49 Ch. 742
အကယ်၍ အပြင်လောကမှာသာ ထိုသို့ဖြစ်ပွားခဲ့မည်ဆိုလျှင် သူ၏ ချောမောခန့်ညားသော အသွင်အပြင်နှင့် တွဲဖက်လိုက်သည့်အခါ ထိုမြင်ကွင်းသည် လူအတော်များများကို စိတ်နှလုံးတုန်သွားစေလိမ့်မည်မှာ သံသယရှိရန် မလိုပေ။ အကယ်၍ သူတို့သာ ရွှီချင်း၏ သရုပ်မှန်ကို မသိထားကြလျှင် သူ့ကို လူသားမျိုးနွယ်၏ တော်ဝင်မင်းသားတစ်ပါးနှင့် အထင်မှားသွားနိုင်ပေသည်။
နတ်သူငယ်လေးကောင်က တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာသည့်အခါ ရွှီချင်း၏ ကျင့်ကြံခြင်းသည် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ ဤအခိုက်အတန့်မှာ ကမ္ဘာလှုပ်ခတ်စေမည့် အားလှိုင်းအတတ်အကျတစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။ ရွှေကျီးကန်းနတ်သူငယ်အပါအဝင် နတ်သူငယ်ငါးကောင်သည် အံ့မခန်းအစွမ်းကို ထုတ်လွှတ်လာကြသည်။
တစ်ချိန်တည်းမှာ ကောင်းကင်ကဒ်ဘေးဒုက္ခ ဆင်းသက်လာမည့် အာရုံခံစားမှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ ရေးတေးတေး ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုအာရုံခံစားမှုသည် အနည်းငယ် အားနည်းနေသေးသည်။ ကောင်းကင်ကဒ်ဘေးဒုက္ခကို လုံးဝဆွဲဆောင်နိုင်ရန် ပိုမိုအားကောင်းသော အာရုံခံစားမှုကို လိုအပ်သည်။
အချိန်ပုလင်းထဲမှ အရည်စက်၏ စွမ်းအားသည်တော့ အနည်းအကျင်းသာ ကျန်ရှိတော့သည်။ ရွှီချင်း၏ လမ်းညွှန်မှုအောက်မှာ ယင်းသည် အပြည့်အဝ ဒြပ်ထည်မဖွဲ့စည်းရသေးသော ဒွါဒသမနတ်နန်းတော်ဆီသို့ ဦးတည်သွားသည်။
နတ်နန်းတော်သည် အပြည့်အဝ ဒြပ်ထည်ဖွဲ့စည်းရန် သိပ်မလိုတော့ပေ။ အရည်စက်၏ စွမ်းအားကို ယင်းက စုပ်ယူလိုက်သည့်အခါ ဒြပ်ထည်ဖွဲ့စည်းခြင်းသည် အရှိန်တိုးမြှင့်သွားသည်။ များမကြာမီ ယင်းသည် (၈၀)ရာခိုင်နှုန်း၊ (၉၀)ရာခိုင်နှုန်းနှင့် နောက်ဆုံးတွင် (၉၉)ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။
ဒွါဒသမနတ်နန်းတော်သည် အရောင်ထွန်းလင်းလာပြီး ဆက်လက် လှည့်ပတ်သွားသည်။
ယင်းသည် (၁၀၀)ရာခိုင်နှုန်းဒြပ်ထည်ဖွဲ့ရန် နန်းတော်အတွင်းထည့်ရမည့် ပစ္စည်းကိုသာ လိုအပ်တော့ခြင်း ဖြစ်သည်။
ရွှီချင်းသည် မျက်လုံးပြန်ဖွင့်လိုက်သည်။ ထိုအခါ သူ့အား သနားစဖွယ်မျက်နှာဖြင့် စိုက်ကြည့်နေသော ခေါင်းဆောင်ကို မြင်သွားသည်။
ခေါင်းဆောင်၏ အရှိန်အဝါသည် ယခင်ကထက် အများကြီး ပိုသန်မာလာသည်။ ရွှီချင်းနည်းတူ သူသည်လည်း ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အားလှိုင်းအတတ်အကျကို ထုတ်လွှတ်နေသည်။ သို့သော် ထိုထဲတွင် ဝိညာဉ်နတ်သူငယ်မည်မျှရှိကြောင်း ပြောနိုင်ရန် ခက်ခဲလှပေသည်။
“ ချင်းလေး မင်းရဲ့ခန္ဓာကိုယ်ထဲက သက်စောင့်မီးအိမ်တွေဆီကနေ နတ်သူငယ်တွေ မွေးဖွှားလာတာက ပထမကောင်းကင်ကဒ်ဘေးဒုက္ခရဲ့ စွမ်းအားကို ဆွဲဆောင်ဖို့တောင် အတော်လေး နီးကပ်နေပြီ ”
ရွှီချင်းနိုးလာသည်ကို သတိပြုမိသောအခါ ခေါင်းဆောင်သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ၏ အမူအရာတွင် နောင်တရသော အရိပ်အယောင်တချို့ ရှိသည်။
“ သက်စောင့်မီးအိမ်က အထွတ်အမြတ်ရတနာပဲ… ဒါပေမဲ့ နှမြောစရာကောင်းတာက ငါတို့မှာ ရှေးဘုရင်တွေနဲ့ အုပ်ချုပ်သူတွေရဲ့ သွေးမျိုးစက်မရှိတာပဲ… ဒါကြောင့် ငါတို့က သက်စောင့်မီးအိမ်တွေကို ကိုယ့်ဘာသာ မမွေးဖွှားနိုင်ကြဘူး… ပြင်ပသက်စောင့်မီးအိမ်တွေက ဘယ်တော့မှ ငါတို့ရဲ့ ကိုယ်ပိုင်သွေးမျိုးစက်နဲ့ ပြည့်ပြည့်ဝဝ ပေါင်းစပ်သွားမှာမဟုတ်ဘူး… ဒါကြောင့် သက်စောင့်မီးအိမ်တွေက ဝိညာဉ်သိုက်အဆင့်မှာ မီးဖိုအဖြစ် ရတနာသိုက်ငါးခုထဲမှာရှိနေပြီး ငါတို့ကိုယ်ပိုင် ရတနာသိုက်တွေရဲ့ အခြေခံအုတ်မြစ်ဖြစ်လာအောင် အရာအားလုံးကို လောင်ကျွမ်းပစ်ပြီး သန့်စင်ပေးနိုင်မယ့် အခြေအနေမျိုးကို ငါတို့မရနိုင်ကြဘူး… အဲ့ဒီအခွင့်အရေးကို ဒဏ္ဍာရီထဲက ရှေးဘုရင်တွေနဲ့ အုပ်ချူပ်သူတွေရဲ့ နောင်သားမျိုးဆက်တွေပဲ ရရှိနိုင်ကြတယ် ”
“ ဒါကြောင့်လည်း ဝိညာဉ်သိုက်အဆင့်ကို ရောက်ရှိသွားကြတဲ့ ကြီးမြတ်တဲ့ ကျင့်ကြံသူတွေက သက်စောင့်မီးအိမ်တွေကို အရမ်းကြီး မလိုလားကြတာပဲ… သက်စောင့်မီးအိမ်တွေက မကောင်းတာမဟုတ်ဘူး… အဲ့ဒါက သူတို့အတွက် အနာဂတ်မှာ ဘာမှအသုံးမဝင်လို့ပဲ… ဟူး နှမြောစရာကောင်းလိုက်တာ ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သက်စောင့်မီးအိမ်များကို ဝိညာဉ်သိုက်အဆင့်တွင် မီးဖိုအဖြစ်ပြောင်းလဲနိုင်ကြောင်း သူမသိထားသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်က တိုးမြှင့်လာသည်နှင့် သက်စောင့်မီးအိမ်များ၏ အစွမ်းတိုးမြှင့်ပေးမှုသည် ၎င်း၏ အကန့်အသတ်ကို ရောက်ရှိတော့မည်ဟု သူသည်လည်း အာရုံခံမိသည်။
“ သက်စောင့်မီးအိမ်တွေကို ငါတို့သွေးမျိုးစက်နဲ့ ပြည့်ပြည့်ဝဝ ပေါင်းစပ်စေနိုင်မယ့်နည်းလမ်း မရှိဘူးလား ”
ရွှီချင်းက မေးသည်။
“ အဲ့ဒါက သမိုင်းတစ်လျှောက် လူတိုင်းရှာဖွေနေကြတဲ့ နည်းလမ်းပဲ… ဒါပေမဲ့ ကံမကောင်းစွာဘဲ တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံခြင်းက ရှေးဘုရင်တွေနဲ့ အုပ်ချုပ်သူတွေရဲ့ အဆင့်ကို မရောက်ရှိသေးသရွေ့ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး… အဲ့ဒီအဆင့်ကို ရောက်သွားမှပဲ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်လိမ့်မယ်… အဲ့ဒီအခါ သူတို့ရဲ့ သွေးမျိုးဆက်ကနေ သက်စောင့်မီးအိမ်တွေကို ဖွဲ့စည်းလာနိုင်မယ်… အဲ့ဒါအပြင် သူတို့ရဲ့ နောင်သားမျိုးဆက်တွေအပေါ်လည်း ဒီကံကောင်းခြင်းကို အပ်နှင်းနိုင်လိမ့်မယ် ”
ခေါင်းဆောင်သည် ခေါင်းခါလိုက်သည်။
ရွှီချင်းသည် ခေါင်းညိတ်သည်။ သို့သော်လည်း သူသည် နောင်တအများကြီးရခြင်း မရှိပေ။ မည်သို့ဖြစ်စေ သက်စောင့်မီးအိမ်များသည် ဝိညာဉ်နတ်သူငယ်အဆင့်တွင် သူ့ကို အထောက်အကူပေးနိုင်သည်။ ထို့အပြင် သက်စောင့်မီးအိမ်သည် ဝိညာဉ်နတ်သူငယ်အဆင့်တွင် အသန်မာဆုံးအရာဖြစ်သည်ဟု သူခံစားမိသည်။
ခေါင်းဆောင်သည် ရွှီချင်းကို ပခုံးပုတ်လိုက်သည်။
“ ဘာမှတွေးမပူနဲ့… ငါနည်းလမ်းတစ်ခု စဉ်းစားကြည့်ပါဦးမယ်… ဘယ်သူပြောနိုင်မှာလဲ အနာဂတ်မှာ ငါတို့တွေ နည်းလမ်းကောင်းတစ်ခုကို ရှာမတွေ့နိုင်ဘူးလို့… ဒါပေမဲ့ အခုလောလောဆယ်တော့ အဲ့ဒီကိစ္စကို ခဏဘေးချိတ်ထားရအောင်… ဆရာက ငါတို့တွေ အချိန်ပုလင်းကို ရရှိလိမ့်မယ်လို့ မျှော်လင့်ထားမှာမဟုတ်ဘူး… အဲ့ဒါကြောင့် သူက လောလောနဲ့ထွက်သွားပြီး ဝိညာဉ်နတ်သူငယ်အကြောင်းကို အသေးစိတ် ဘာမှမပြောသွားခဲ့တာ… ဒီလိုဆိုမှတော့ ငါမင်းကို ရှင်းပြပေးမယ် ”
“ ဝိညာဉ်နတ်သူငယ်အဆင့်ကို မတူညီတဲ့မျိုးနွယ်တွေအလိုက် အမည်အမျိုးမျိုးနဲ့ ခေါ်ဝေါ်ကြတယ်… တချို့က ကောင်းကင်အာဏာစက်အဆင့်လို့ ခေါ်ကြတယ်… တချို့ကတော့ တာအိုနတ်သူငယ်အဆင့်လို့ ခေါ်ကြတယ်… တချို့ကလည်း ကောင်းကင်အာဏာစက်ဝိညာဉ်နတ်သူငယ်အဆင့်လို့ ခေါ်ကြသေးတယ်… အမည်တစ်ခုစီက ဝမ်ကူးလောကကို ပေါင်းစည်းခဲ့တဲ့ အရင်ရှေးဘုရင်တွေအပေါ် အခြေခံပြီး သတ်မှတ်ခဲ့ကြတာ ဖြစ်တယ် ”
“ ရှေးဘုရင်ရွှမ်ယုံက လောကကို ပေါင်းစည်းပြီးတဲ့နောက် အဲ့ဒီအတွက် ပုံသေနာမည်တစ်ခုကို သတ်မှတ်ခဲ့တယ်… အဲ့ဒါကို ကောင်းကင်အာဏာစက်တာအိုနတ်သူငယ်အဆင့်လို့ ခေါ်တယ်… တကယ်တော့ အဲ့ဒီနာမည်အားလုံးမှာ တူညီတဲ့အဓိပ္ပာယ်ရှိကြတယ်… ပြီးတော့ ‘တာအို’ဆိုတဲ့ စကားလုံးကို မျိုးနွယ်စုတွေအချင်းချင်း စည်းလုံးညီညွတ်အောင်လို့ ထပ်ပေါင်းထည့်ခဲ့တယ် ”
“ ကောင်းကင်အာဏာစက်ဆိုတာကတော့ ကောင်းကင်ကဒ်ဘေးဒုက္ခတစ်မျိုးပဲ ”
ခေါင်းဆောင်က စတင်ရှင်းပြသည်နှင့် ရွှီချင်းသည် ကောင်းကင်အာဏာစက်တာအိုနတ်သူငယ်အဆင့်နှင့်ပတ်သက်ပြီး ယခင်က သူနားလည်ထားသမျှ အချက်အလက်များနှင့် ပေါင်းစပ်လိုက်သည်။ ထို့နောက် သူ၏ နားလည်မှုသည် တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာသည်။
အမှန်မှာတော့ လူသားမျိုးနွယ်၏ နားလည်မှုအရ ကောင်းကင်အာဏာစက်တာအိုနတ်သူငယ်အဆင့်တွင် အနည်းဆုံးအနေဖြင့် တာအိုနတ်သူငယ်တစ်ကောင်သည် ကောင်းကင်ကဒ်ဘေးဒုက္ခကို တွေ့ကြုံဖူးရမည်။
သို့မှသာ ထိုအဆင့်သို့ အမှန်တကယ် ခြေချသွားပြီဟု သတ်မှတ်နိုင်ပေမည်။ အကယ်၍ ကောင်းကင်ကဒ်ဘေးဒုက္ခကို မတွေ့ကြုံဘူးလျှင် တစ်စုံတစ်ယောက်ထံမှာ မည်မျှများပြားသော ဝိညာဉ်နတ်သူငယ်များရှိနေပါစေ ထိုကျင့်ကြံသူသည် အတုအယောင် ဝိညာဉ်နတ်သူငယ်အဆင့်ဟုသာ သတ်မှတ်ခံရလိမ့်မည်။
ဤသည်မှာ ရှေးဘုရင်ရွှမ်ယုံ၏ ခေတ်တွင်လည်း အတူတူဖြစ်သည်။ သို့သော်လည်း လူသားမျိုးနွယ်၏ စည်းလုံးညီညွတ်မှုက ပျောက်ကွယ်သွားသည့်အခါ အခေါ်အဝေါ်များသည်လည်း ပြောင်းလဲသွားကြသည်။
မျိုးနွယ်စုအသီးသီး၏ နားလည်မှုအရ အဓိပ္ပာယ်အမျိုးမျိုးလည်း ပေါ်ထွက်လာခဲ့ကြသည်။ မျိုးနွယ်အများစုတွင် အကယ်၍ သူတို့က ကောင်းကင်ကဒ်ဘေးဒုက္ခနှင့် မတွေ့ကြုံလျှင်တောင် တာအိုနတ်သူငယ်ကို ဖွဲ့စည်းနိုင်သရွေ့ ဝိညာဉ်နတ်သူငယ်အဆင့်သို့ ရောက်ရှိသွားလိမ့်မည်ဟု ထင်မှတ်နေကြသည်။
ကောင်းကင်ကဒ်ဘေးသည်တော့ ဝိညာဉ်နတ်သူငယ်အဆင့်၏ အချုပ်အနှောင်များ ဖြစ်သည်။ ဝိညာဉ်နတ်သူငယ်အသစ်တစ်ကောင် ထွက်ပေါ်လာသည့်အခါတိုင်း သူတို့သည် ကောင်းကင်ကဒ်ဘေးဒုက္ခနှင့်ရင်ဆိုင်ရန် စွမ်းအားကို စုစည်းရလိမ့်မည်။ ကောင်းကင်ကဒ်ဘေးဒုက္ခကို သူတို့တောင့်ခံနိုင်မည်ဆိုလျှင် အချုပ်အနှောင်များကို ချိုးဖြတ်နိုင်လိမ့်မည်။
ဝမ်ကူးကုန်းမြေသည် အလွန်တရာ ကြီးမားကျယ်ပြောပြီး မျိုးနွယ်စုများစွာ နေထိုင်ကြသည်။ သူတို့၏ ရုပ်ခန္ဓာကိုယ်များသည်လည်း မျိုးနွယ်တစ်ခုနှင့်တစ်ခု မတူညီကြချေ။ ဥပမာ ကျွင်းရွှင်းမျိုးနွယ်၏ နားလည်မှုသည် တခြားမျိုးနွယ်များနှင့် လုံးဝခြားနားသည်။ သို့ဖြစ်၍ ဤအဆင့်တွင် ပေါင်းစည်းခြင်းဟူသော အဓိပ္ပာယ်ကိုနားလည်ရန် သူတို့အတွက် အလွန်ခက်ခဲပေသည်။
သူတို့၏ အဆင့်တတ်ရန် နည်းလမ်းများသည်တော့ မတူညီသော မျိုးနွယ်များအပေါ်အခြေခံ၍ ခြားနားမှုများရှိသည်။ ထို့ကြောင့် သူတို့မှာ အားကောင်းသည့် အဆင့်တတ်နည်းလမ်းများနှင့် အားနည်းသည့် အဆင့်တတ်နည်းလမ်းများ ရှိသည်။
သို့သော်လည်း အဆုံးမှာတော့ သူတို့ကို ယေဘုယျအားဖြင့် အမျိုးအစားနှစ်မျိုး ခွဲခြားနိုင်သည်။ ပထမတစ်မျိုးသည် ဒုတိယဝိညာဉ်နတ်သူငယ် မွေးဖွားပြီးနောက် ကောင်းကင်ကဒ်ဘေးဒုက္ခကို ဆွဲဆောင်ရန် ရွေးချယ်ကြလိမ့်မည်။ ထိုနည်းဖြင့် ကောင်းကင်အာဏာစက်အဆင့်သို့ တတ်လှမ်းကြလိမ့်မည်။
ဒုတိယတစ်မျိုးကိုတော့ ကျင့်ကြံသူအနည်းအကျဉ်းသာ လုပ်ဆောင်ကြသည်။ သူတို့သည် နတ်နန်းတော်အားလုံးကို ဝိညာဉ်နတ်သူငယ်များအဖြစ် အရင်ဦးစွာပြောင်းလဲစေပြီး ကောင်းကင်ကဒ်ဘေးဒုက္ခကို ကျော်လွှားကြမည် ဖြစ်သည်။ ထိုအခါ ဝိညာဉ်နတ်သူငယ်အားလုံးသည် တစ်ကြိမ်တည်းဖြင့် အချုပ်အနှောင်များကို ချိုးဖြတ်သွားမည်ဖြစ်ပြီး သူတို့ထံမှာ သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်လာကြလိမ့်မည်။
ဒုတိယတစ်မျိုးသည် ခက်ခဲသည်။ သို့သော် ကျင့်ကြံသူတစ်ယောက်က ဒုတိယတစ်မျိုးဖြင့် အောင်မြင်သွားမည်ဆိုလျှင် သူတို့ရရှိလာမည့် ကောင်းကင်အာဏာစက်၏ စွမ်းအားသည် ပိုပြီးသန်မာလိမ့်မည်။ ထို့အပြင် အနာဂတ်၌ ဝိညာဉ်သိုက်အဆင့်တွင် ကြီးမားသော အထောက်အကူကို ရရှိဦးလိမ့်မည်။
ကောင်းကင်အာဏာစက်တာအိုနတ်သူငယ်အဆင့်သို့ တတ်လှမ်းပြီးနောက် အဆင့်တတ်နည်းလမ်းများသည် ရွှေအမြူတေအဆင့်တုန်းကနှင့် ခြားနားသွားလိမ့်မည်။ အဆင့်တတ်ရန် သူတို့သည် ကောင်းကင်ကဒ်ဘေးဒုက္ခကို ရင်ဆိုင်ကြရလိမ့်မည်။
ဝိညာဉ်နတ်သူငယ်အားလုံးသည် ကဒ်ဘေးဒုက္ခကို ကျော်လွှားပြီးနောက် ကြီးမားသော အဆင့်ချိုးဖြတ်မှုကို တွေ့ကြုံကြရလိမ့်မည်။ စုစုပေါင်း ကဒ်ဘေးဒုက္ခငါးခု ရှိသည်။ ထိုကဒ်ဘေးဒုက္ခငါးခုစလုံးကို တွေ့ကြုံပြီးလျှင် ကျင့်ကြံသူသည် ဝိညာဉ်နတ်သူငယ်အဆင့်၏ မဟာပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားလိမ့်မည်။
ဤသည်မှာ အန္တရာယ်များနှင့်ပြည့်နှက်နေသော အဆင့်ဖြစ်သည်။ သို့ဖြစ်၍ ဝိညာဉ်နတ်သူငယ်များသည် ကောင်းကင်ကဒ်ဘေးဒုက္ခကို တောင့်ခံနိုင်ရန် အစဉ်မပြတ် ဆက်လက်ကြီးထွားပြီး သန်မာလာရန် လိုအပ်သည်။ သို့မဟုတ်ဘဲ အကယ်၍ ကဒ်ဘေးဒုက္ခကို ကျရှုံးသွားမည်ဆိုလျှင် ဝိညာဉ်နတ်သူငယ်သည် ပြန်မကောင်းနိုင်သည်အထိ ပြိုလဲပျက်စီးသွားပြီး ထာဝရ ပျောက်ကွယ်သွားလိမ့်မည်။
ဤအကြောင်းအရင်းကြောင့် သက်စောင့်မီးအိမ်က ဝိညာဉ်နတ်သူငယ်အဆင့်တွင် အသန်မာဆုံးဖြစ်နေရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သက်စောင့်မီးအိမ်က ကဒ်ဘေးဒုက္ခကို ကျရှုံးသွားမည်ဆိုလျှင်ပင် ယင်းက မပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် ကျရှုံးပြီးနောက် အကြိမ်များစွာ ပြန်ကြိုးစားကြည့်နိုင်သည်။
ရွှီချင်းသည် ထိုအချက်အားလုံးကို နားလည်သည်။ သူက ခန္ဓာကိုယ်ထဲရှိ ဒွါဒသမနတ်နန်းတော်ကို ကြည့်လိုက်သည့်အခါ ခေါင်းဆောင်သည် ရုတ်ချည်း လက်မြှောက်လိုက်ပြီး အချိန်ပုလင်းကို ရွှီချင်းဆီသို့ ကမ်းပေးလိုက်သည်။
“ ဒီပုလင်းကို မင်းရဲ့ဒွါဒသမနတ်နန်းတော်ထဲ ထည့်လိုက်ပါ ”
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။
“ ဒီဟာက ရှားပါးရတနာဆိုပေမဲ့ ငါ့ကိုယ်ထဲက ချိပ်တံဆိပ်တွေကို ဖယ်ရှားတဲ့နေရာမှာတော့ အများကြီးအသုံးမဝင်ဘူး ”
ခေါင်းဆောင်သည် အော်ရယ်လိုက်ပြီး ရွှီချင်းကို မျက်စပစ်ပြလိုက်သည်။
“ ကျေးဇူးတင်ပါတယ် စီနီယာအကိုကြီး ”
နွေးထွေးမှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ ပေါ်ထွက်လာသည်။ ဤနှစ်များတွင် သူသည် ခေါင်းဆောင်နှင့် သတ္တမသခင်ကြီးကို သူအတွက် အရေးပါသောမိသားစုဝင်အဖြစ် အစောကြီးကတည်းက သဘောထားခဲ့သည်။
ရွှီချင်း၏ ငယ်ဘဝအတွေ့အကြုံများက သူ့အား သွေးအေးသောလူ ဖြစ်လာစေခဲ့သည်။ သို့သော်လည်း သူ့နှလုံးသားထဲမှ အနက်ရှိုင်းဆုံးနေရာတွင် မိသားစုတစ်ခုကို လိုလားတောင့်တသည်။
အခက်အခဲများနှင့် သေခြင်းရှင်ခြင်းကဒ်ဘေးများကို ကြိမ်ဖန်များစွာ နှစ်ယောက်အတူရင်ဆိုင်ပြီးနောက် ရွှီချင်းသည် ခေါင်းဆောင်ကို သူ၏ နှလုံးသားထဲတွင် အမြဲလိုလားတောင့်တနေသည့် အကိုကြီးတစ်ယောက်အဖြစ် သူကိုယ်တိုင်ပင် သတိမထားမိဘဲ သဘောထားလာသည်။
ရွှီချင်းသည် အချိန်ပုလင်းကို လှမ်းယူလိုက်ပြီး တုံ့ဆိုင်းမနေဘဲ သူ၏ ဒွါဒသမနတ်နန်းတော်ထဲသို့ ထည့်သွင်းလိုက်သည်။
နတ်နန်းတော်သည် အပြည့်အဝ ဒြပ်ထည်ဖြစ်တည်လာသောအခါ တုန်လှုပ်လာသည်။ ထို့အပြင် တခြားနတ်နန်းတော်များနှင့် မတူညီသည်မှာ ဒွါဒသမနတ်နန်းတော်သည် အချိန်စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေသည်။ နန်းတော်ထဲတွင် ရှေးခေတ်ကာလမှ ပဲ့ထင်ထပ်လာဟန်ရသော သူနှင့်ရင်းနှီးကျွမ်းဝင်သည့် သက်ပြင်းချသံကို ရွှီချင်း မသဲမကွဲ ကြားမိသည်။
ထိုသက်ပြင်းချသံသည် ရွှီချင်းကို မင်သက်သွားစေသည်။
ဤသည်မှာ နတ်မိမယ်ကျစ်ရွှမ်း၏ အသံဖြစ်သည်။
ရွှီချင်းက ယင်းကို သေချာဂရုတစိုက် စစ်ဆေးတော့မည့်အချိန် ကျယ်လောင်သော ပေါက်ကွဲသံသည် ကောင်းကင်ယံမှ မြည်ဟိန်းထွက်လာသည်။ အက်ကွဲကြောင်းများသည် အဝေးရှိ မိုးကုပ်စက်ဝိုင်းမှ စတင်ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံးသို့ အလျှင်အမြန် ပျံ့နှံ့သွားသည်။
ကောင်းကင်သည် ပင့်ကူအိမ်သို့ ပြောင်းလဲသွားသည်။
သွေးနီရောင်အလင်းသည် ကောင်းကင်ပေါ်တွင် ပေါက်ကွဲထွက်လာသည်။
ထိုအခါ ရွှီချင်းနှင့် ခေါင်းဆောင်၏ အမူအရာသည် တစ်ချိန်တည်းမှာ ပြောင်းလဲသွားကြသည်။