← Chapters

နီလာနတ်သမီး၏ ဆင်းသက်လာမှု(က)

Vol. 49 Ch. 743

နီလာနတ်သမီး၏ ဆင်းသက်လာမှု(က)

Vol. 49 Ch. 743

အင်မော်တယ်တားမြစ်နယ်မြေ၏ ကောင်းကင်ယံသည် သွေးနီရောင်၏ လွှမ်းခြုံခံလိုက်ရသည်။ ဤသည်မှာ ကောင်းကင်တစ်ခုလုံးက သွေးပင်လယ်သို့ ပြောင်းလဲသွားသည့်အလားပင်။

ယင်းက အက်ကွဲကြောင်းများကို ဖုံးလွှမ်းသွားသည်။

သွေးနီရောင်၏ ဖုံးလွှမ်းမှုကြောင့် အက်ကွဲကြောင်းများသည် ပို၍နက်နဲသိမ်မွေ့လာသည်။ အနီးကပ် သေချာကြည့်မည်ဆိုလျှင် ယင်းသည် သဘာဝအလျောက် ဖြစ်ပေါ်လာခြင်းမဟုတ်ကြောင်း မြင်သာလိမ့်မည်။

ယင်းသည် လူတို့ပြုလုပ်ခြင်းနှင့် ပိုတူသည်။

အက်ကွဲကြောင်းများသည် မှော်သင်္ကေတများသဖွယ် ကောင်းကင်ကို လွှမ်းခြုံထားသည်။

ကောင်းကင်ကို တစ်ချက်ကြည့်ရုံမျှဖြင့် စိတ်သည် တုန်လှုပ်သွားမည်။ ကြောက်ရွံ့သော စိတ်ခံစားမှုသည် တိုးဝင်လာမည်။ သူတို့သည် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ကြတော့ပေ။ ဤသည်မှာ ခန္ဓာကိုယ်၏ အလိုအလျောက် လုပ်ဆောင်မှုတစ်ခုကဲ့သို့ပင်။

ထို့ကြောင့် ရွှီချင်းနှင့် ခေါင်းဆောင်နှစ်ယောက်တည်း တုန်လှုပ်သွားကြခြင်းမဟုတ်ပေ။ ဤအခိုက်အတန့်မှာ အင်မော်တယ်တားမြစ်နယ်မြေထဲ၌ ပေတစ်ထောင်ကျော် ရှင်းလင်းပြီးသော ဘေးကင်းဇုန်ထဲမှ လူသားကျင့်ကြံသူများသည်လည်း တစ်ချိန်တည်းမှာ တုန်လှုပ်သွားကြသည်။

မကြာမီ ကဒ်ဘေးတစ်ခု ကျရောက်လာတော့မည်ဟု ရုတ်ချည်း ခံစားမိသောအခါ လူတိုင်း၏ နှလုံးသားထဲမှာ ကြီးမားသော လှိုင်းဂယက်များ အစပျိုးလာကြသည်။

ဘေးကင်းဇုန်ထဲမှ ကျင့်ကြံသူအများစုသည် ဒုတိယအသုတ်နှင့် တတိယအသုတ်မှ ဖြစ်ကြသည်။ ပထမအသုတ်ထဲမှ ကျင့်ကြံသူအများစုက ထွက်သွားရန် ရွေးချယ်ခဲ့ကြသောကြောင့် အနည်းအကျဉ်းသာ ကျန်ရစ်ခဲ့ကြသည်။ ယခု သူတို့အားလုံး၏ အမူအရာသည် မမျှော်လင့်ထားသော အဖြစ်အပျက်ကြောင့် ပြောင်းလဲသွားသည်။

ကောင်းကင်ပေါ်မှ အပြောင်းအလဲ၏ အရင်းအမြစ်သည် အင်မော်တယ်တားမြစ်နယ်မြေ၏ အလယ်ဗဟိုထံမှ ဖြစ်သည်။ ထိုနေရာတွင် အဓိကနန်းတော်ကြီးတစ်ခု ရှိသည်။

တစ်ချိန်က ခမ်းနားထည်ဝါခဲ့သော နန်းတော်ကြီးသည် ယခု သိသာထင်ရှားစွာ ပြောင်းလဲသွားသည်။ နန်းတော်ကြီးကို အဆုံးမဲ့သော အသွေးအသားများက ဖုံးလွှမ်းထားပြီး ဧရာမအသားပိုကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်နေသည်။ ယင်းက နန်းတော်ကြီး၏ ဘေးပတ်ဝန်းကျင်မှ ခြံဝန်းများကိုပင် ဖုံးလွှမ်းထားသည်။

အဝေးမှကြည့်လျှင် ထိုအသွေးအသားတုံးကြီး၏ အရွယ်အစားသည် ပေတစ်သိန်းရှိသည်။ ၎င်း၏ ထူထဲသော သွေးကြောအများအပြားသည် အရပ်ရှစ်မျက်နှာသို့ ရှည်ထွက်သွားနေကြသည်။ ၎င်းက နှလုံးတစ်ချက်ခုန်သွားတိုင်း တုန်ခါသံများသည် ထိုဧရိယာတစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။

ဒုံး… ဒုံး… ဒုံး…

ယင်းက မိုးခြိမ်းသံပမာ အလွန်ကျယ်လောင်သည်။

ထိုပဲ့တင်ထပ်သံအောက်မှာ ဤနေရာမှ အဆောက်အဦးများသည် ပုံပျက်တွန့်လိမ်လာသည်။ ဤဧရိယာတစ်ဝိုက်သည် ဝေဝါးလာနေပြီး တခြားလောကတစ်ခုမှ အရှိန်အဝါဖြင့် ပြည်နှက်နေသည်။ ဒြပ်နှောများသည် အလွန်သိပ်သည်းသောကြောင့် မြူခိုးအသွင်မဟုတ်တော့ဘဲ ကြောက်စရာကောင်းသော အရိပ်များအဖြစ် ပေါင်းစည်းသွားကြပြီး ကောင်းကင်နှင့်မြေပြင်ကြားတွင် လွင့်မျောနေကြသည်။ ၎င်းတို့သည် အသွေးအသားတုံးကြီးကို အရိုအသေပေးနေကြသည်။

မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော သွေးကြောများနောက်သို့လိုက်၍ ကီလိုမီတာ(၅၀၀)အကွာတွင် ထိုသို့တူညီသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်နေသည်။ သို့သော်လည်း ထိုနေရာတွင် အသွေးအသားတုံးကြီးအစား ကောင်းကင်အထိ ထောင်တတ်နေသော ဆူးချွန်တစ်ခု ရှိသည်။

ထက်ရှသော ထိုဆူးချွန်သည် အနက်ရောင်ဖြစ်ပြီး ဓားမော့တစ်ချောင်း၏ ထိပ်ဖျားနှင့် ဆင်တူသည်။ ယင်းသည် ထိုနေရာတွင် တုနှိုင်းမဲ့ရတနာတစ်ခုပမာ ထောင်မတ်နေသည်။

ထိုနတ်ဘုရားလက်နက်သည် ဤတစ်နေရာတည်းတွင် ရှိနေခြင်းမဟုတ်ပေ။

ထိုနေရာနှင့် ကီလိုမီတာ(၅၀၀)အကွာတွင် ထိုဆူးချွန်နှင့် ပုံစံတူသော နောက်ထပ်ဆူးချွန်တစ်ချောင်းသည် ကောင်းကင်အထိ ထောင်မတ်နေသည်။ နောက်ထပ်ကီလိုမီတာ(၅၀၀)အကွာတွင် တတိယမြောက်ဆူးချွန်ပင် ရှိသည်။

အကယ်၍ တစ်စုံတစ်ယောက်သာ ကောင်းကင်ပေါ်မှ ငုံ့ကြည့်လိုက်မည်ဆိုလျှင် ဆူးချွန်သည် စုစုပေါင်း(၂၇)ချောင်းရှိသည်ကို ရှင်းလင်းစွာ မြင်တွေ့ရလိမ့်မည်။ ထိုဆူးချွန်များသည် နန်းတော်ကြီးထံမှ အစပြု၍ အနောက်ပိုင်းဒေသဆီသို့ ထိုးဖောက်သွားနေကြသည်။

ဤသည်မှာ နန်းတော်ကြီး၏ မြေကြီးအောက်တွင် ဧရာမသားရဲတစ်ကောင်ကို မြှုပ်နှံထားသည့်အလား ထိုသားရဲကြီး၏ ဆူးချွန်များသည် ကျောရိုးသံချပ်ကာမှ ထွက်ပေါ်လာကြဟန် ရသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ နန်းတော်နှလုံးသား၏ အထက်ကောင်းကင်ယံတွင် အဌဂံအစီအရင်တစ်ခုရှိသည်။ ၎င်းက နန်းတော်ဗိမာန်အမိုးပေါ်တွင် နစ်မြုပ်နေဟန်ရပြီး သွေးနီရောင်အလင်းကို ထုတ်လွှတ်နေသည်။

ထိုအထဲတွင် နိယာမတစ်ခုပါရှိပြီး ၎င်းလင်းလက်သွားသည့်အခါတိုင်း ကောင်းကင်သည် ပို၍နီရဲလာသည်။

ထိုစည်းချအစီအရင်၏ ကုန်ကြမ်းပစ္စည်းကို မသိရပေ။ ၎င်း၏ အကျယ်အဝန်းသည် ပေတစ်သောင်းရှိသည်။ ၎င်း၏ အောက်မှ ဧရာမအသွေးအသားတုံးကြီးနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အနီရောင်အလင်းကို ထုတ်လွှတ်နေသည်မှလွဲ၍ မည်သည့်ထူးခြားမှုမှ မရှိပေ။

သို့သော်လည်း ဤနေရာသည် ကောင်းကင်ယံတွင် အက်ကွဲကြောင်းများဖြစ်ပေါ်လာရသည့် အဓိကအရင်းအမြစ် ဖြစ်သည်။

ပေတစ်သောင်းကျယ်ဝန်းသော အဌဂံစည်းချအစီအရင်၏ အတွင်းထဲတွင် ဝတ်ရုံနက်လူ (၃၆၁)ယောက်ရှိသည်။

သူတို့ထဲတွင် ဝတ်ရုံနက်လူ(၃၆၀)သည် တင်ပျဉ်ခွေထိုင်နေကြပြီး ရှုပ်ထွေးနက်နဲသော မန္တန်များကို ရွတ်ဆိုနေကြသည်။

ဤသည်မှာ လူသားမျိုးနွယ်၏ ဘာသာစကားမဟုတ်ပေ။ အသံတစ်ခုစီတွင် ထူးဆန်းသော ဆွဲဆောင်မှုတစ်မျိုး ပါရှိ၏။ အမှန်မှာတော့ မန္တန်ရွတ်ဖတ်နေစဉ်အတွင်း သူတို့သည် ရံဖန်ရံခါ သူတို့၏ လက်ကို တစ်ပြိုင်နက် အပေါ်သို့ မြှောက်တင်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်လိုက်ကြသည်။ ထို့နောက် သူတို့၏ ကိုယ်တွင်းအင်္ဂါများထဲမှ တစ်ခုကို အပြင်သို့ ထုတ်ယူလိုက်ကြသည်။

သူတို့သည် ကိုယ်တွင်းအင်္ဂါကို လက်ထဲတွင် ကိုင်ထားပြီး အပေါ်သို့ မြှောက်တင်ထားကြလေရာ ယဇ်ပူဇော်နေဟန် ရသည်။

ထိုကိုယ်တွင်းအင်္ဂါများသည် အမြန်ခြောက်သွေ့သွားကြပြီး အနက်ရောင်အငွေ့သို့ ပြောင်းလဲသွားကြကာ စည်းချအစီအရင်၏ အလယ်ဗဟိုတွင် စုဝေးသွားသည်။

(၃၆၁)ယောက်မြောက် ပုဂ္ဂိုလ်သည် ထိုနေရာတွင် ရှိသည်။

ထိုသူသည်လည်း ဝတ်ရုံနက်ကို ဝတ်ဆင်ထားသည်။ သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်နေသောကြောင့် ခေါင်းစွပ်က အနောက်သို့ လန်ကျသွားလေရာ အနီရောင်သွေးကြောများနှင့် ပြည့်နှက်နေသော ကြောက်မက်ဖွယ်ရာမျက်နှာက ထွက်ပေါ်လာသည်။

ထိုသူသည် ကျန်းစီယွမ်ဖြစ်သည်။

သူက ထိုနေရာတွင် ဒူးထောက်နေပြီး ဦးခေါင်းကို မြင့်မြင့်မြှောက်ထားသည်။ သူက ပြင်းထန်သော နာကျင်မှုဝေဒနာကို တောင့်ခံနေရင်း ကောင်းကင်ကို မျက်နှာမူထားသည်။ သွေးမျက်ရည်က သူ၏ မျက်လုံးထဲမှ စီးကျလာနေစဉ် သူ၏ မျက်နှာပေါ်မှ သွေးကြောများသည် တွန့်လိမ်သွားပြီး လခြမ်းပုံသဏ္ဍာန် ရေးတေးတေး ထွက်ပေါ်လာသည်။

သူ၏ ဘယ်ဘက်မျက်လုံးသည် ကန်းသွားပြီး ဟောင်းလောင်းပေါက်တစ်ခုသာ ကျန်ရှိတော့သည်။ သို့သော်လည်း ထိုအထဲတွင် မရေမတွက်နိုင်သော သွေးကြောများနှင့် ပြည့်နှက်နေပြီး အပြင်ဘက်သို့ ပျံ့နှံ့ထွက်လာနေသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ စည်းချအစီအရင်ထဲသို့ ရောနှောပေါင်းစပ်သွားပြီး အစီအရင်၏ စွမ်းအားကို ထပ်တိုးမြှင့်ပေးလိုက်လေရာ အနီရောင်အလင်းသည် ပို၍တောက်ပလာသည်။

မရီဒျန်များနောက်မှလိုက်၍ ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းများသည် ကျန်းစီယွမ်၏ ကန်းသွားသော ဘယ်ဘက်မျက်လုံးထဲမှ တိုးထွက်လာသော သွေးကြောများကြောင့် ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။

မန္တန်များရွတ်ဖတ်နေစဉ် သူ၏ မျက်နှာပေါ်မှ သွေးကြောများသည် မြန်မြန်ဆန်ဆန် လူးလွန့်လှုပ်ရှားလာကြသည်။ အနီရောင်လခြမ်း၏ ပုံကြမ်းသည်လည်း ပိုပြီးရှင်းလင်းလာသည်။

တစ်ချိန်တည်းမှာ ဤနေရာတွင် စုဝေးသွားသော အနက်ရောင်အငွေ့သည် သူ့ခန္ဓာကိုယ်၏ စုပ်ယူခြင်းခံလိုက်ရသည်။ ယင်းက သွေးရောင်သို့ ပြောင်းလဲသွားပြီး အာဟာရဓာတ်ဖြစ်လာကာ အနီရောင်လ၏ နိုးထမည့်လုပ်ငန်းစဉ်ကို အရှိန်တိုးမြှင့်စေသည်။

ညာဘက်မျက်လုံးပါ ကန်းသွားသည့်အခါ ကျန်းစီယွမ်သည် နောက်ဆုံးအနေဖြင့် သူ၏ မျက်လုံးကို ဖုံးကွယ်ရန် ညာလက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး သူ၏ မျက်နှာနားသို့ ချဉ်းကပ်သွားစေသည်။

ဤပုံသဏ္ဍာန်သည် အတိတ်တွင် အသိစိတ်ပင်လယ်ထဲ၌ ရွှီချင်းမြင်တွေ့ခဲ့သော လပေါ်မှ ရုပ်တုနှင့် အတူတူဖြစ်သည်။

ဤအခိုက်အတန့်မှာ ကျန်းစီယွမ်၏ ဘေးပတ်ပတ်လည်မှ ဝတ်ရုံနက်လူ(၃၆၀)သည် စိတ်အားထက်သန်လာကြပြီး မန္တန်များကို ကျယ်လောင်စွာ ရွတ်ဆိုလိုက်ကြသည်။ သူတို့သည် လက်မြှောက်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်ထဲမှ အသည်းကို ထုတ်ယူလိုက်ကြသည်။ ထို့နောက် သူတို့သည် ယဇ်ပူဇော်နေသည့်အလား ယင်းကို အပေါ်သို့ မြင့်မြင့်မြှောက်၍ ကိုင်ထားကြသည်။

ထိုမြင်ကွင်းသည် အလွန်သွေးပျက်ဖွယ်ကောင်းပြီး ခြောက်ခြားဖွယ်ကောင်းသည်။

ရွှီချင်းနှင့် ခေါင်းဆောင်သည် စောစောက သူတို့ရှိနေသော နေရာမှ ထွက်ခွာသွားကြသည်။ သူတို့သည် ရတနာများကို ဆက်လက် မရှာဖွေကြတော့ပေ။ ယင်းအစား အသွေးအသားများဖြင့် ပြည့်နှက်နေသော နေရာတစ်နေရာကို ရှာဖွေနေကြခြင်း ဖြစ်သည်။

ဤနေရာသည် ခရမ်းနီရောင် အသွေးအသားများဖြင့် ပြည့်နှက်နေသော်လည်း သူတို့၏ ဘေးကင်းလုံခြုံရေးအတွက် အသွေးအသားပိုပြီးများလေ ပိုကောင်းလေ ဖြစ်သည်။

ထိုသို့ဖြင့် နှစ်နာရီကြာပြီးနောက် ရွှီချင်း၏ အန္တရာယ်ခံစားမှုက သိသာစွာ တိုးမြှင့်လာနေစဉ် အပျက်အစီးနေရာတစ်ခုကို သူတို့ရှာတွေ့သွားသည်။ ဤဧရိယာသည် မူလက အလွန်ကျယ်ပြောသည်။ သို့သော်လည်း ယခုတွင် အရေအတွက်များပြားသော အသွေးအသားများ၏ လွှမ်းခြုံခြင်းခံလိုက်ရသည်။ ဤနေရာတွင် အသွေးအသားများသည် တောင်ကြီးတစ်ခုနှယ် ဖြစ်ပေါ်နေသည်။

All Chapters