နီလာနတ်သမီး၏ ဆင်းသက်လာမှု(ခ)
Vol. 49 Ch. 744
အသွေးအသားများ၏ အပြင်ဘက်တွင် ထွက်ပေါ်နေသော အပျက်အစီးနံရံများမှ ရှေးဟောင်းအမှတ်အသားများကို သူတို့သည် မသဲမကွဲ မြင်နေကြရသည်။
“ ဂျူနီယာညီလေး ဒီနေရာကို ရွေးချယ်ရအောင် ”
ခေါင်းဆောင်သည် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလေ့လာကြည့်ပြီးနောက် တိုးညင်းစွာ ပြောသည်။
ရွှီချင်းသည်လည်း ဘေးပတ်ဝန်းကျင်ကို စစ်ဆေးလေ့လာသည်။ ခေါင်းညိတ်ပြီးနောက် သူတို့နှစ်ယောက်သည် ဤအသွေးအသားဧရိယာထဲသို့ လျှောက်ဝင်သွားကြသည်။
လမ်းတစ်လျှောက်တွင် ‘ အရှေ့ ’ဟူသော စကားလုံးအား ကဗျည်းရေးထိုးထားသော ကျောက်ပြားအကျိုးများကို မြင်တွေ့ပြီးနောက် ရွှီချင်းသည် ဤနေရာကို ခန့်မှန်းမိသွားသည်။
“ အရှေ့နန်းတော်လား… ပုံမှန်ဆိုရင် အိမ်ရှေ့စံမင်းသားနေတဲ့ နေရာကို အရှေ့နန်းတော်လို့ခေါ်တယ် ”
ခေါင်းဆောင်၏ မျက်လုံးထဲတွင် နောင်တအရိပ်အယောင် ထွက်ပေါ်လာသည်။
“ ဒီနေရာက လုံးလုံးပျက်စီးသွားတာ နှမြောစရာပဲ… မဟုတ်ရင် ဒီနေရာမှာ သေချာပေါက် ရတနာတွေရှိတယ် ”
ရွှီချင်းသည်လည်း အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ သူတို့၏ ခရီးစဉ်တစ်လျှောက်တွင် နန်းတော်အများအပြားကို မြင်တွေ့ခဲ့သည်။ ထို့ကြောင့် ရှေးဘုရင်ရွှမ်ယုံခေတ်အတွင်းမှ ကြွယ်ဝချမ်းသာမှုကို ကောင်းမွန်စွာ သူနားလည်သည်။
ဤသည်မှာ အင်မော်တယ်တားမြစ်နယ်မြေ၏ အရှေ့ပိုင်းဒေသမျှသာ ရှိသေး၏။ သူတို့စစ်ဆေးရှာဖွေခဲ့သော နေရာသည် အရှေ့ပိုင်းဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွားရန် အဝေးကြီး လိုနေသေး၏။
အင်မော်တယ်တားမြစ်နယ်မြေသည် အလွန်အမင်း ကြီးမားသည်။ အကယ်၍ သူတို့က ဤနေရာကို အပြည့်အဝ စစ်ဆေးရှာဖွေချင်သည်ဆိုလျှင် လူအင်အားအများအပြားကို လိုအပ်လိမ့်မည်။ ထို့အပြင် အချိန်သည် လပေါင်းများစွာ ကြာလိမ့်မည်။
“ အနာဂတ်မှာ ငါတို့တွေ ဒီထဲကို နောက်တစ်ခေါက် ပြန်ဝင်နိုင်မလားဆိုတာ သိချင်မိတယ် ”
ခေါင်းဆောင်သည် ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။ သူတို့နှစ်ယောက်သည် ဘေးပတ်ဝန်းကျင်ကို ဆက်လက်ရှာဖွေနေရင်း နောက်ဆုံးတွင် ခန်းမဘေးမှ ပြိုလဲပျက်စီးနေသော တစ်နေရာကို ရွေးချယ်လိုက်သည်။ ယင်းကို သန့်ရှင်းပြီးနောက် သူတို့သည် အသွေးအသားနေရာထဲတွင် တွင်းပေါက်တစ်ခုကို တူးလိုက်သည်။
အင်မော်တယ်တားမြစ်နယ်မြေထဲမှ အသွေးအသားများသည် တစ်ချိန်လုံး လူးလွန့်လှုပ်ရှားနေကြသည်။ တွင်းပေါက်ကို တူးဖော်ပြီးသည်နှင့် အစွန်းနှစ်ဖက်မှ အသွေးအသားများသည် အပေါက်ကို ပိတ်ရန် စတင်ရွေ့လျားလာကြသည်။ ထို့ကြောင့် ရွှီချင်းနှင့် ခေါင်းဆောင်သည် တုံ့ဆိုင်းမနေဘဲ တွင်းပေါက်ထဲသို့ ချက်ချင်း တွားသွားဝင်လိုက်ကြသည်။
မကြာမီ သူတို့နှစ်ယောက်၏ ပုံရိပ်များသည် အသွေးအသားတွင်းပေါက်ထဲသို့ ဝင်ရောက်သွားကြသည်။ အသွေးအသား၏ ပြင်ပအစိတ်အပိုင်းများက တဖြည်းဖြည်း ပြန်ပိတ်လာသောအခါ သူတို့နှစ်ယောက်သည် အနက်ပိုင်းထဲသို့ ဆက်လက်တူးဖော်သွားကြသည်။
အသွေးအသားများနှင့် သိပ်သည်းသော ဒြပ်နှောများဖြင့် ပြည့်နှက်နေသော အနက်ပိုင်းထဲသို့ သူတို့ရောက်သွားသောအခါ တင်ပျဉ်ခွေလျက် ထိုင်လိုက်ကြသည်။
“ ဆရာက ဒီနေရာမှာ ဘယ်လိုအကျိုးအမြတ်ရအောင် ကြံစည်နေလဲ ငါသိချင်လိုက်တာ ”
ရွှီချင်းသည် မည်းမှောင်နေသော ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။ ထို့နောက် အချိန်ပုလင်းနှင့်ပေါင်းစပ်ပြီးနောက် ဖြစ်ပေါ်လာသော သက်ပြင်းချသံသည် သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
သက်ပြင်းချသံက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်သွားသောအခါ မှတ်ဉာဏ်တချို့သည် အစပျိုးထွက်ပေါ်လာတော့မည့်ဟန် ရသည်။
“ ချင်းလေး နတ်ဘုရားတွေကြားက တိုက်ပွဲကို မင်းမြင်ချင်လား ”
ခေါင်းဆောင်သည် ရယ်မောလိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်လေရာ မျက်လုံးတစ်လုံးသည် သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ မျက်လုံးသည် အကြိမ်ရေအနည်းငယ် မျက်တောင်ခတ်ပြီးနောက် အပြင်လောကမှ သွေးနီရောင်ကောင်းကင်ကို ချက်ချင်း ရောင်ပြန်လာစေသည်။
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။
“ နတ်ဘုရားနှစ်ပါးကြားက တိုက်ပွဲကို ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်ရဖို့ အပြင်ဘက်မှာ မျက်လုံးတချို့ကို နေရာချထားခဲ့တယ်… ဒါပေမဲ့ အဲ့လိုလုပ်တာ ငါတို့ကို သတိထားမိသွားနိုင်မယ့် အခြေအနေလည်း ရှိတယ်… ဒါကြောင့် အနီရောင်လနိုးထလာပြီး ဒီနေရာက နတ်ဘုရားကို ဝါးမျိုဖို့ သူအလုပ်ရှုပ်နေတဲ့အချိန်ကို ငါတို့စောင့်ရလိမ့်မယ်… အဲ့ဒီအချိန်ကျမှ ငါတို့ကြည့်မယ်ဆိုရင် ပိုပြီးလုံခြုံလိမ့်မယ် ”
ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ သူက လက်ဖဝါးပေါ်မှ မျက်လုံးကို ဖုံးကွယ်လိုက်သည်။
“ ခဏစောင့်တာပေါ့… အနီရောင်လနိုးထဖို့ သိပ်မလိုတော့ဘူး ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ဖုံးကွယ်ခြင်းစွမ်းအားပါရှိသော လူ့အရေပြားမျက်နှာဖုံးကို ဝတ်လိုက်သည်။ တားမြစ်အဆိပ်စွမ်းအားသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်ထွက်လာပြီး အသိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်သွားသည်။ ယင်းက ခရမ်းလနတ်နန်းတော်ကို လွှမ်းခြုံသွားသည်။ ထို့အပြင် သူသည် ကောင်းကင်ဘုံတာအို၊ တစ္ဆေအင်ပါယာတောင်ကုန်းနှင့် ကျောက်ရှာအလင်း၏ အစွမ်းများကို ထုတ်လိုက်ပြီး သူ၏ ခရမ်းလကို ဖုံးကွယ်လိုက်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် သူသည် အမှောင်ထုထဲမှာ မျက်လုံးမှိတ်ထားလိုက်ပြီး လုံးလုံးမလှုပ်ရှားတော့ပေ။
သူသည် စိတ်ထဲတွင်တော့ ဖီးနစ်နန်းဆောင်ထဲမှ မြင်ကွင်းများနှင့် သက်ပြင်းချသံကို ပြန်စဉ်းစားလိုက်သည်။
ထိုသို့ဖြင့် အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားသည်။
ခြောက်နာရီကြာပြီးနောက် အပြင်လောကတွင် ရုတ်တရက် ကျယ်လောင်သော မိုးခြိမ်းသံ ထွက်ပေါ်လာသည်။ အသံသည် အလွန်တရာ ကျယ်လောင်သောကြောင့် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့လွင့်သွားပြီး ရွှီချင်းနှင့် ခေါင်းဆောင်ရှိနေသော မြေအောက်ထဲသို့ပင် ပဲ့တင်ထပ်လာသည်။
သူတို့သည် တုန်လှုပ်သွားကြပြီး တစ်ခါမှ မတွေ့ကြုံဖူးသော ရင်တုန်ပန်းတုန်ဖြစ်မှုကို ခံစားသွားကြသည်။
အပြင်သို့ထွက်ပြီး စစ်ဆေးနေရန် မလိုအပ်ပေ။ ထိုအသံ၏ အဓိပ္ပာယ်ကို ရွှီချင်းနားလည်သည်။
ဤသည်မှာ အနီရောင်လ နိုးထလာတော့မည့် လက္ခဏာဖြစ်သည်။
အထက်ကောင်းကင်ယံသည် သွေးနီရောင်သို့ လုံးလုံးပြောင်းလဲသွားသည်။ မကြာမီ အနီရောင်အလင်းတန်းတစ်ခုသည် ကုန်းမြေပေါ်သို့ ကျဆင်းလာပြီး သက်ရှိအားလုံးနှင့် အသွေးအသားများကို ဖုံးလွှမ်းသွားသည်။
အသွေးအသားများထဲမှ ခရမ်းရောင်သည် သွေးနီရောင်အလင်း၏ မြန်ဆန်စွာ ဖုံးလွှမ်းခြင်းခံလိုက်ရသည်။ သွေးအနှစ်သာရသည် ဤနေရာ၏ တစ်ခုတည်းသော တည်ရှိမှုဖြစ်လာသည်။
ဆူးချွန်(၂၇)ချောင်းသည်ပင် အနည်းငယ် လှုပ်ခါသွားကြပြီး နှလုံးခုန်သံသည် နှောင့်ယှက်ခံလိုက်ရသော လက္ခဏာများ ပြလာသည်။ နိုးထလာသော အာရုံသည် မြေကြီးထဲမှ တိုးထွက်လာနေသည်။ ဤသည်မှာ မြေကြီးအောက်တွင် တစ်စုံတစ်ခုက လှုပ်ယမ်းနေသကဲ့သို့ပင်။
တစ်ချိန်တည်းမှာ ကောင်းကင်ပေါ်ရှိ အဌဂံအစီအရင်အတွင်းမှ ဝတ်ရုံနက်ပုံရိပ်အားလုံးသည် သူတို့၏ ကိုယ်တွင်းအင်္ဂါအားလုံးနှင့် ဘယ်မျက်လုံးကို ယဇ်ပူဇော်ကြပြီး ဖြစ်သည်။ တစ်ဆက်တည်းမှာ သူတို့သည် လက်ကို မြှောက်လိုက်ကြပြီး ညာမျက်လုံးကို ဖောက်ထုတ်လိုက်ကြသည်။
သူတို့က ယဇ်ပူဇော်သည်နှင့်ချက်ချင်း ကျန်းစီယွမ်၏ ညာမျက်လုံးသည် ခြောက်သွေ့လာပြီး ဟောင်းလောင်းပေါက်သို့ ပြောင်းလဲသွားသည်။ ပမာဏများပြားသော သွေးသည် မျက်လုံးထဲမှ ဒလဟော စီးကျလာသည်။
ထိုအခါ ကောင်းကင်ပေါ်တွင် အက်ကွဲကြောင်းများသည် ပိုမိုများပြားစွာ ထွက်ပေါ်လာကြသည်။
ကျန်းစီယွမ်၏ လက်နှစ်ဖက်သည် သူ၏ မျက်လုံးကို ဖုံးအုပ်ထားသည်။ ယခု သူ၏ မျက်နှာပေါ်တွင် မည်သည့်နာကျင်မှုဝေဒနာမှ မရှိတော့ပေ။ ယင်းအစား အပြုံးတစ်ခုသည်သာ သူ၏ နှုတ်ခမ်းထောင့်တွင် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
ကြီးမားကျယ်ပြောပြီး အံ့ဖွယ်ကောင်းသော အထွတ်အမြတ်စိတ်ဆန္ဒတစ်ခုသည် ကျန်းစီယွမ်၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ယင်းသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်း၏။
ကောင်းကင်၊ မြေပြင်နှင့် အရာအားလုံးသည် ထိုစိတ်ဆန္ဒအောက်မှာ အနီရောင်သို့ ပြောင်းလဲသွားသည်။
အနီရောင်လသည် အင်မော်တယ်တားမြစ်နယ်မြေ၏ ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာသည်။
မြေပြင်သည် အပြင်းအထန် လှုပ်ခါသွားပြီး ခြောက်ခြားဖွယ်ကောင်းသော ဟိန်းသံတစ်သံသည် မြေကြီးအောက်ထဲမှ မြည်ဟိန်းထွက်လာသည်။
“ နီလာနတ်သမီး ”
မြေပြင်သည် လှုပ်ယမ်းသွားပြီး မရေမတွက်နိုင်သော နန်းတော်အစုအပုံများသည် ပြိုလဲပျက်စီးသွားကြသည်။ အင်မောတယ်တားမြစ်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းထားသော အသွေးအသားများသည် တုန်ယင်သွားကြပြီး ဆူးချွန်(၂၇)ချောင်းမှ စူးရှတောက်ပသော အလင်းတန်းကို ထုတ်လွှတ်လာကြသည်။
နှလုံးတည်ရှိရာနေရာမှာတော့ အသွေးအသားများသည် လူးလွန့်လှုပ်ရှားသွားကြပြီး အပြင်ဘက်သို့ ပျံ့နှံ့သွားကြသည်။ ထို့နောက် ပေတစ်သိန်းအရွယ်အစားရှိသော ရွှေရောင်မျက်လုံးတစ်လုံး ဖြစ်ပေါ်လာပြီး မျက်လုံးဖွင့်လိုက်လေသည်။
ဤအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်သည် ပုံပျက်တွန့်လိမ်သွားပြီး ဒြပ်နှောများသည် စွမ်းအားအပြည့်ဖြင့် ပေါက်ကွဲထွက်လာသည်။
လောကတစ်ခုလုံးသည် ဝေဝါးလာသည်။ ဘေးပတ်ဝန်းကျင်မှ ယဇ်ပူဇော်နေကြသော ပုံရိပ်များသည် တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြရပြီး တစ်ပြိုင်နက် လွင့်ပြယ်သွားကြသည်။ တစ်ချိန်တည်းမှာ ကောင်းကင်ပေါ်မှ အဌဂံစည်းချအစီအရင်သည် ဧရာမမျက်လုံးကြီး၏ စိုက်ကြည့်ခံလိုက်ရပြီးနောက် ချက်ချင်း ပြာမှုန်သို့ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်။
ဝတ်ရုံနက်လူ(၃၆၀)၏ ခန္ဓာကိုယ်များသည် သန္ဓေပြောင်းလဲသွားကြပြီး ပေါက်ကွဲထွက်သွားကြကာ သွေးမိုးသို့ ပြောင်းလဲသွားကြသည်။