နီလာနတ်သမီးဆင်းသက်လာမှု(ဂ)
Vol. 49 Ch. 745
ထို့နောက် သွေးရေစက်များသည် လေထဲမှာ ထူးဆန်းသော အပြောင်းအလဲ ဖြစ်ပေါ်လာကြသည်။ ယင်းတို့သည် မရေမတွက်နိုင်သော ရွှေရောင်မျက်လုံးများသို့ ပြောင်းလဲသွားကြပြီး ဧရာမမျက်လုံးကြီးကို ဝိုင်းရံလိုက်ကြသည်။ သူတို့အားလုံး မျက်လုံးဖွင့်သွားကြသည်နှင့် သူတို့၏ အကြည့်သည် ကောင်းကင်ပေါ်မှ အမှတ်တစ်ခုဆီသို့ ကျရောက်သွားသည်။
ထိုနေရာတွင် ပုံရိပ်တစ်ခုသည် လေထဲမှာ မျောလွင့်နေသည်။ ထိုသူသည် ဒူးထောက်လျက်ရှိနေပြီး သူ၏ မျက်လုံးကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ထားသည်။ သူက ရုပ်တုတစ်ခုပမာ ရှိနေခြင်းဖြစ်သည်။
ထိုသူသည် ကျန်းစီယွမ်ဖြစ်သည်။
သူ၏ ပုံရိပ်သည် ကောင်းကင်ပေါ်တွင် ထင်သာစွာရှိနေပြီး နတ်ဘုရားမျက်လုံး၏ အကြည့်မှ သက်ရောက်ခြင်းမခံရပေ။ ထိုအကြည့်သည် သူ့အတွက် အနည်းငယ်မျှသာ အရေးပါဟန် သို့မဟုတ် အသေးအမွှားမျှသာရှိဟန် ရသည်။
အနီရောင်လသည် သူ၏ အနောက်တွင် ထည်ထည်ဝါဝါ တောက်ပနေပြီး သွေးနီရောင်အလင်းကို ထွန်းလင်းပေးနေသည်။
အနီရောင်လသည် အင်မော်တယ်တားမြစ်နယ်မြေထဲမှ တစ်ခုတည်းသော ကြည်လင်ပြတ်သားသောအရာ ဖြစ်လာသည်။
ကျန်းစီယွမ်၏ နှုတ်ခမ်းထောင့်သည် အပေါ်သို့ ပင့်တတ်သွားပြီး သူ၏ အပြုံးသည် ပိုပြီးထင်ရှားလာသည်။ ထိုအပြုံးတွင် ရက်စက်ယုတ်မာခြင်းနှင့် ကြောက်မက်ဖွယ်လက္ခဏာများရှိသော်လည်း ဖော်မပြနိုင်သော ဂုဏ်ကျက်သရေ ပါရှိသည်။ မျက်လုံးများကို ဖုံးအုပ်ထားသော သူ၏ လက်နှစ်ဖက်က အောက်သို့ ပြန်ကျသွားသောအခါ သူသည် ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းတစ်ခုက သူ့ထံမှ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွားသည်။
သူ၏ အနက်ရောင်ဆံပင်ရှည်သည် သွေးနီရောင်သို့ ချက်ချင်း ပြောင်းလဲသွားပြီး ကျောနောက်မှ ရှည်ထွက်လာသည်။ နောက်ဆုံးတွင် ယင်းသည် သူ့ဘာသာ ကောင်းကင်ဖြစ်လာသည်။
သူ၏ ဦးခေါင်းထက်တွင် ချွန်ထက်သော စူးချွန်များဖြင့် တန်ဆာဆင်ထားသော သရဖူတစ်ခုထွက်ပေါ်လာသည်။ သရဖူ၏ အတွင်းပိုင်းထဲတွင် ရက်စက်ကြမ်းကြုတ်သော မျက်နှာကြီးသုံးခုရှိသည်။ သူတို့သည် သရဖူထဲတွင် ချုပ်နှောင်ခံထားရကြပြီး ဝေဒနာကြီးစွာ အော်ဟစ်ညည်းညူနေကြသည်။
ထိုမျက်နှာကြီးသုံးခုမှ ထွက်ပေါ်နေသော အရှိန်အဝါသည် နတ်ဘုရားအရှိန်အဝါဖြစ်သည်မှာ သံသယဖြစ်ရန်မလိုပေ။ သူတို့သည် ကျန်းစီယွမ်၏ ဦးခေါင်းပေါ်ရှိ သရဖူအတွင်းထဲတွင် အလှဆင်ခြင်းခံထားရကြသည်။
ကျန်းစီယွမ်၏ မျက်နှာတစ်ပြင်လုံးကို ဖုံးလွှမ်းထားသော သွေးကြောအားလုံးသည် ဤအခိုက်အတန့်မှာ သူ၏ နဖူးပေါ်တွင် စုစည်းသွားကြပြီး သွေးနီလအမှတ်အသားတစ်ခု ဖြစ်ပေါ်လာသည်။
သူ၏ မျက်လုံးထဲမှ အပေါက်များထဲတွင် သွေးပင်လယ်နှစ်ခု ရှိနေသည့်အလား ဝိညာဉ်လှုပ်ခတ်စေမည့် အနီရောင်အလင်းတန်းကို ထုတ်လွှတ်နေသည်။
အနက်ရောင်တာအိုဝတ်ရုံသည် ပြာမှုန်သို့ ပြောင်းလဲသွားပြီး ရွှေရောင်ဝတ်ရုံတစ်ခုသည် သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
ထိုရွှေရောင်ဝတ်ရုံသည် အလွန်ကြီးမားသည်။ ယင်း၏ အနားထောင့်များသည် အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားနေပြီး မြေကြီးကို လွှမ်းခြုံသွားသည်။
အဝေးမှကြည့်လျှင် ထိုမြင်ကွင်းသည် ဖော်မပြနိုင်အောင် အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသည်။ ယင်းက သက်ရှိအားလုံး၏ စိတ်ဝိညာဉ်နှင့် နှလုံးကို တုန်လှုပ်သွားစေနိုင်စွမ်း ရှိသည်။
ဆံပင်သည် ကောင်းကင်ဖြစ်ပြီး ဝတ်ရုံ၏ အနားထောင့်သည် မြေကြီး ဖြစ်သည်။
သူကတော့ ဤလောက၏ တစ်ဦးတည်းသော အရှင်သခင်သဖွယ် ကောင်းကင်နှင့် မြေပြင်ကြားမှာ မတ်တတ်ရပ်နေလေသည်။
ယင်းကို ကျန်းစီယွမ်၏ ချောမောသောမျက်နှာနှင့် တွဲဖက်လိုက်သောအခါ ပြိုင်ဘက်ကင်းသော နတ်ဘုရားအငွေ့အသက်က သူ၏ တစ်ကိုယ်လုံးမှ စိမ့်ထွက်နေသည်။
သူ့ထံမှ အကြည့်တစ်ချက်သည် သက်ရှိအားလုံးကို သေကြေပျက်စီးသွားစေရန် လုံလောက်ပြီး သူ့ဆီမှ အသံတစ်သံသည် သက်ရှိအားလုံးကို အဆုံးမဲ့သော ဒုက္ခပင်လယ်ထဲမှာ နစ်မြုပ်သွားစေနိုင်သည်။
အကယ်၍ သူတို့အသက်ရှင်ချင်သည်ဆိုလျှင် အရိုအသေပေးခြင်းကိုသာ လုပ်ဆောင်ရလိမ့်မည်။
ဤအခိုက်အတန့်မှာ သူ၏ နတ်ဘုရားအစွမ်းသည် ကောင်းကင်အထိ မြင့်တတ်သွားနေသည်။
မြေပြင်ပေါ်မှ ဧရာမမျက်လုံးဖွင့်လှစ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဝေဝါးမှုနှင့် ပုံပျက်တွန့်လိမ်မှုသည် နတ်ဘုရားအစွမ်းဖြင့် ချက်ချင်း အစားထိုးခံလိုက်ရပြီး ဖိနှိပ်ခံလိုက်ရသည်။
ဤနေရာမှ ဒြပ်နှောများသည်တော့ အနီရောင်မြူခိုးသို့ ပြောင်းလဲသွားသည်။ ယင်းတို့က သူ၏ ရွှေရောင်ဝတ်ရုံပေါ်တွင် တံဆိပ်ရိုက်နှိပ်သွားကြကာ အနီရောင်သင်္ကေတများ ဖြစ်ပေါ်လာကြသည်။
“ စိတ်ဝင်စားစရာပဲ ”
နီလာနတ်သမီးသည် တိုးညင်းစွာ ပြောသည်။
သူနိုးလာသည်နှင့်ချက်ချင်း လူသားမျိုးနွယ်၏ အစီအစဉ်အားလုံးကို သတိပြုမိသွားသည်။
နတ်ဘုရားများသည် ခန့်မှန်းရန် သို့မဟုတ် သုံးသပ်ရန် မလိုအပ်ကြပေ။ တစ်စုံတစ်ရာကို သူတို့မြင်လိုက်သည်နှင့် အရာအားလုံးကို နားလည်သွားကြလိမ့်မည်။
သတင်းအချက်အလက်အားလုံးကို ခန္ဓာကိုယ်ထဲ၌ သိမ်းဆည်းကြသလို အပြင်လောကတွင် ထားရှိကြသည်။ နတ်ဘုရားများနိုးလာသည့်အခါ သူတို့၏ အကြည့်အောက်တွင် သေမျိုးများသည် မည်သည့်အရာကိုမှ မဖုံးကွယ်နိုင်ကြချေ။ အရာအားလုံးသည် နတ်ဘုရားများ၏ အရှေ့တွင် ထင်ရှားစွာ ပေါ်ထွက်လာလိမ့်မည်။
သို့သော်လည်း လူသားဧကရာဇ်၏ ဗြောင်ကျသော အစီအစဉ်သည် အမှန်တကယ် အကျိုးသက်ရောက်မှုရှိသည်။ နီလာနတ်သမီးက အင်မော်တယ်တားမြစ်နယ်မြေထဲ၌ နိုးလာနေသော နတ်ဘုရားကို မြင်လိုက်သည့်အခိုက် အရသာရှိသော အသားတုံးက သူ၏ ပါးစပ်ရှေ့မှာ အဆင်သင့်ရှိနေသည်ဟု ခံစားမိသွားသည်။ ဝါးမျိုချင်သော စိတ်ဆန္ဒသည် ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။
“ အထူးခန္ဓာကိုယ်ပဲ မဆိုးဘူး ”
နီလာနတ်သမီးထံမှ ထွက်ပေါ်လာသော စကားသည် လူသားမျိုးနွယ်၏ ဘာသာစကားမဟုတ်ပေ။ သို့သော်လည်း ယင်းကို မည်သည့်မျိုးနွယ်မဆို နားလည်နိုင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ နတ်ဘုရားအသံဖြစ်၏။
ထိုအသံပဲ့တင်ထပ်သွားသောအခါ အင်မော်တယ်တားမြစ်နယ်မြေ၌ ကြီးမားသော အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။ မြေပြင်သည် အက်ကွဲသွားပြီး ကောင်းကင်ယံမှ အက်ကွဲကြောင်းများက ပိုပြီးကျယ်ပြန့်သွားလေရာ အပြင်လောကမှ အနက်ရောင်မြေကြီးက ထွက်ပေါ်လာသည်။ အနက်ရောင်မြေကြီးသည် နီလာနတ်သမီး၏ ဩဇာအာဏာကို တုံ့ပြန်သည့်အနေဖြင့် အနီရောင်သို့ ပြောင်းလဲသွားသည်။
( ဘာသာပြန်သူရဲ့မှတ်ချက်: အင်မော်တယ်တားမြစ်နယ်မြေက အရင်အကျဉ်းထောင်ဌာနရဲ့ မြေကြီးအောက်ထဲမှာ ကမ္ဘာငယ်တစ်ခုအဖြစ် ရှိနေတာဖြစ်လို့ ကောင်းကင်ရဲ့အထက်မှာ မြေကြီးရှိနေတာဖြစ်ပါတယ် )
ဤသည်မှာ အင်မော်တယ်တားမြစ်နယ်မြေက နီလာနတ်သမီး၏ အသံကို မတောင့်ခံနိုင်သည့်အလားပင်။
မြေပြင်သည် အပြင်းအထန် တုန်လှုပ်သွားပြီး ရွှေရောင်သွေးသည် နန်းတော်ထဲရှိ ဧရာမမျက်လုံးကြီးထဲမှ စီးကျလာသည်။ ဆူးချွန်(၂၇)ချောင်းသည် ကြောက်မခန်းလိလိစွမ်းအားဖြင့် လင်းလက်တောက်ပလာကြပြီး ကျယ်လောင်သော ဟိန်းသံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။
“ အဆင့်မြင့်နတ်ဘုရား နီလာနတ်သမီး… ငါ့ဆရာသခင်ကျွမ်ယုက မီးစာကုန်းမြေထဲမှာ နတ်ဘုရားမီးတောက်ကို ထွန်းညှိထားတယ်… သူကလည်း အဆင့်မြင့်နတ်ဘုရားတစ်ပါးပဲ ”
နီလာနတ်သမီးသည် ခေါင်းငုံ့လိုက်သည်။ သူ၏ သွေးနီရောင် မျက်လုံးထဲမှ အကြည့်သည် မြေပြင်ပေါ်မှ ဧရာမမျက်လုံးကြီးပေါ်သို့ ကျရောက်သွားသည်။ သူ၏ နှုတ်ခမ်းထောင့်မှ ရွှေရောင်သွားရည်သည် တစ်စက်ပြီးတစ်စက် စီးကျလာသည်။ သွားရည်တစ်စက်စီသည် ဥက္ကာခဲတစ်ခုပမာ မြေပြင်ပေါ်သို့ ကျဆင်းလာပြီး အလွန်ကြီးမားသော သက်ရောက်မှုကို ဖြစ်ပေါ်လာစေသည်။ သွားရည်စက်ကျသွားသောနေရာတွင် ချိုင့်ကြီးများ ဖြစ်ပေါ်လာကြသည်။
အထဲမှ ဒြပ်နှောများသည် သွားရည်ကြောင့် အစိတ်စိတ်အမွှာမွှာ ပြိုကွဲထွက်သွားသည်။
နီလာနတ်သမီးသည် မြေပြင်ပေါ်မှ ဧရာမမျက်လုံးကြီး၏ ဟိန်းသံကို ဂရုမထားဘဲ သူ၏ ညာလက်ကို မြှောက်တင်လိုက်ပြီး မြေပြင်ဆီသို့ ညင်သာစွာ ဖမ်းဆုပ်လိုက်သည်။
ထိုလှုပ်ရှားမှုလေးသည် အင်မော်တယ်တားမြစ်နယ်မြေတစ်ခုလုံးကို တစ်ခါမှမဖြစ်စဖူး ကသောင်းကနင်းဖြစ်သွားစေသည်။ နန်းတော်၏ အလယ်ဗဟိုမှစတင်၍ အလွန်ကြီးမားသော လျှိုမြောင်ငါးခုသည် မြေကြီးပေါ်မှာ ထွက်ပေါ်လာကြသည်။ လျှိုမြောင်တစ်ခုစီသည် ကီလိုမီတာ(၅၀)ကျယ်ဝန်းကြသည်။
လျှိုမြောင်တစ်ခုစီ၏ အလျားသည် တစ်ခုနှင့်တစ်ခု မတူညီကြပေ။ အတိုဆုံးသည် ကီလိုမီတာ(၁၀၀)မှ (၁၅၀)အထိရှိပြီး အရှည်ဆုံးသည် ကီလိုမီတာ(၂၅၀)အထိ ရှိသည်။ သူတို့သည် ယပ်တောင်ပုံသဏ္ဍာန် ဖြန့်ကားသွားကြပြီး အနောက်မြောက်ဘက်မှစတင်၍ အရှေ့မြောက်ဘက်သို့ ရှည်ထွက်သွားကြသည်။
ယင်းသည် လက်ငါးချောင်းနှင့် သဏ္ဍာန်တူသည်။
ထိုလျှိုမြောင်ငါးခုအပြင် မြေပြင်သည် အောက်ဘက်သို့ ပေတစ်သောင်းအနက်အထိ နစ်မြုပ်သွားပြီး သေးငယ်သော ချိုင့်ခွက်များစွာ ထွက်ပေါ်လာကြသည်။ ယင်းက အနောက်တောင်ဘက်၊ တောင်ဘက်နှင့် အရှေ့တောင်ဘက်မှ နယ်မြေများကို ဆုတ်ဖြဲပစ်လိုက်သည်။
ကောင်းကင်ပေါ်မှကြည့်လျှင် အရွယ်အစားအားဖြင့် ကီလိုမီတာ(၅၀၀)ကျယ်ဝန်းသော ဧရာမလက်ဝါးတစ်ခုက မြေပြင်ပေါ်မှာ ထွက်ပေါ်လာသည်ကို မြင်နိုင်လိမ့်မည်။
ဤသည်မှာ သဏ္ဍာန်မဲ့ ဧရာမလက်ဝါးကြီးတစ်ခုက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး အင်မော်တယ်တားမြစ်နယ်မြေထဲသို့ ကျဆင်းသွားဟန် ရသည်။
ထို့အပြင် လက်ငါးချောင်း၏ ချိုင့်ခွက်များသည် ထောင်မတ်နေကြသော ဆူးချွန်(၂၇)ချောင်း၏ တည်နေရာများနှင့် တိုက်မိသွားကြသည်။
ကျန်းစီယွမ်က ဖွင့်ထားသော သူ၏ လက်ကို ဖြည်းဖြည်းချင်း ပြန်ဆုပ်လိုက်သည့်အခါ မြေကြီးပေါ်မှ ဧရာမလက်ဝါးရာသည်လည်း ထိုအတိုင်း တစ်ပုံစံတည်းလိုက်လုပ်သည်။ လက်ငါးချောင်း၏ ထိပ်ဖျားများမှတဆင့် မြေပြင်သည် ပို၍နက်ရှိုင်းစွာ နစ်မြုပ်လာသည်။
ပမာဏကြီးမားသော မြေကြီး၏ ထုထည်က ကြေမွသွားပြီး ဖုန်မှုန့်သို့ ပြောင်းလဲသွားသည့်အခါ အင်မော်တယ်တားမြစ်နယ်မြေတစ်ခုလုံးသည် အပေါ်သို့ ကြွတတ်လာသည်။ အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား၏ ဟိန်းသံများသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။
တစ်ဆက်တည်းမှာ ဆူးချွန်(၂၇)ချောင်းသည် တောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုစီကို ထုတ်လွှတ်လာကြသည်။ မျက်စိတစ်မှိတ်အတွင်း ထိုရွှေရောင်အလင်းတန်း(၂၇)ခုသည် ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။
အဝေးမှကြည့်လျှင် ထိုရွှေရောင်အလင်းတန်းတစ်ခုစီ၌ ကမ္ဘာကိုထိုးဖောက်နိုင်သည့် အဆုံးစွန်သော ထက်ရှမှုရှိသည်။ ယင်းတို့က နတ်ဘုရားလက်နက်(၂၇)ခုပမာ နီလာနတ်သမီးဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
( ဘာသာပြန်သူ၏ မှတ်ချက်: ဝိညာဉ်စုစည်းခြင်းအဆင့်ရဲ့ အမှတ်လက္ခဏာက မဟာလောကဖြစ်ပြီး နတ်ဘုရားအဆင့်ရဲ့ အမှတ်လက္ခဏာက နတ်ဘုရားမီးတောက်ဖြစ်ပါတယ် )