ကျားပါးစပ်ထဲမှ အစာလုခြင်း(ခ)
Vol. 49 Ch. 748
ကျယ်လောင်သော မိုးခြိမ်းသံနှင့်အတူ အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား၏ ဧရာမမြွေပုံသဏ္ဍာန်အသွင်မှ ပေါက်ကွဲမှုကြီးတစ်ခု ထွက်ပေါ်လာသည်။ အသွေးအသားများသည် မရေမတွက်နိုင်အောင် အစိတ်စိတ်အမွှာမွှာ ခွဲထွက်သွားကြပြီး ရွှေရောင်မြစ်ကြီးတစ်စင်းနှယ် ပြောင်းလဲသွားသည်။ ယင်းက အလျားလိုက် လွင့်မျောနေလျက် ကောင်းကင်ကို ဖြတ်သန်းသွားသည်။
ထိုနည်းလမ်းဖြင့် ၎င်းသည် နောက်ဆုံးတွင် နီလာနတ်သမီး၏ လက်ထဲမှ ရုန်းထွက်နိုင်သွားလေသည်။
အသွေးအသားမြစ်ကြီးသည် ကောင်းကင်ထက်တွင် လျှင်မြန်စွာ စုစည်းသွားသည်။ ၎င်းသည် မြွေပုံသဏ္ဍာန်အသွင်သို့ ပြန်မဖွဲ့စည်းသွားပေ။ ယင်းအစား တခြားပုံသဏ္ဍာန်အသွင်သို့ ပြောင်းလဲသွားသည်။
ယင်းသည် ငါးတစ်ကောင်၏ ပုံသဏ္ဍာန်အသွင် ဖြစ်သည်။
ဆူးချွန်(၂၇)ချောင်းသည်တော့ အသွေးအသားများ၏ ဖုံးလွှမ်းခံလိုက်ရပြီး ငါးအရိုးများ ဖြစ်လာကြသည်။
မြေပြင်သည် လှုပ်ခါသွားပြီး အင်မော်တယ်တားမြစ်နယ်မြေထဲရှိ နန်းတော်တိုင်းမှ ခရမ်းနီရောင်အသွေးအသားများသည် တုန်လှုပ်လာကြသည်။ ယင်းတို့က အသားကြိုးမျှင်များသို့ ပြောင်းလဲသွားကြပြီး လေထဲသို့ အရှိန်ပြင်းပြင်း ပျံသန်းသွားကြကာ ငါးပုံသဏ္ဍာန်ခန္ဓာကိုယ်ဖြင့် ပေါင်းစပ်သွားကြသည်။
အသားကြိုးမျှင်များသည် ငါးပုံသဏ္ဍာန်ခန္ဓာကိုယ်ကို ရစ်ပတ်သွားကြပြီး ၎င်းကို ဖုံးလွှမ်းသွားသည်။
ခရမ်းနီရောင်အသွေးအသားများက လေထဲသို့ မြှောက်တတ်သွားသောအခါ ခေါင်းဆောင်နှင့် ရွှီချင်းအတွက် သူတို့ပုန်းအောင်းရန် အကာအကွယ်မရှိတော့ပေ။
ရွှီချင်းသည် လှုပ်ရှားမှုကင်းမဲ့စွာ ဆက်လက်ရှိနေပြီး သူ့ကိုယ်သူ ဖုံးကွယ်ရန် နည်းလမ်းမှန်သမျှကို ထုတ်သုံးလိုက်သည်။ ခေါင်းဆောင်သည်လည်း ထို့အတူပင်။
နီလာနတ်သမီးအတွက်တော့ သူ၏ အရှေ့မှ ငါးပုံသဏ္ဍာန်တည်ရှိမှုကြီးသည် လွန်စွာစားကောင်းမည့် အမွှေးနံ့ကို ထုတ်လွှတ်နေဟန် ရသည်။ ၎င်းက နေရောင်အောက်မှာ ပုန်းကွယ်နေသော ကြယ်ကလေးများသဖွယ် သူ့ကိုယ်ပွား၏ စိတ်အာရုံအပြည့်ကို ဖမ်းစားသွားသည်။
အသွေးအသားအားလုံးကို စုစည်းပြီးနောက် လေထဲမှာ မျောလွင့်နေသော ဧရာမတည်ရှိမှုကြီးသည် သိသာထင်ရှားစွာ အသွင်ပြောင်းလဲသွားသည်။ ၎င်းသည် ခရမ်းနီရောင်ဧရာမငါးတစ်ကောင်သို့ လုံးဝပြောင်းလဲသွားသည်။
၎င်းထံတွင် ငါးအကြေးခွံများမရှိပေ။ ၎င်း၏ ပါးစပ်ထဲတွင် မရေမတွက်နိုင်သော ဆူးချွန်များဖြင့် ပြည့်နှက်နေပြီး အလွန်ကြောက်စရာကောင်းသော နတ်ဘုရားအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ အထူးသဖြင့် ၎င်း၏ ဘေးနှစ်ဖက်တွင် လှုပ်ယမ်းနေသော ရွှေရောင်နှုတ်ခမ်းမွှေးနှစ်ခု ဖြစ်သည်။
ပိုပြီးထိတ်လန့်ဖွယ်ကောင်းသော အရာမှာ ၎င်း၏ အမြှီးဖြစ်သည်။ ယင်းက ပုံမှန်ငါးအမြှီးကဲ့သို့ အပြားမဟုတ်ဘဲ ဒေါင်းငှက်၏ အမြှီးကဲ့သို့ ထောင်မတ်နေသည်။ ဆူးချွန်အများအပြားသည် အမြှီးနှင့်အတူ လှုပ်ယမ်းနေကြပြီး ပုံရိပ်ယောင်မျက်နှာကြီးတစ်ခု ဖြစ်ပေါ်နေသည်။
မျက်နှာကြီးသည် လိင်အမျိုးအစားမရှိပေ။ ထို့အပြင် ယင်းသည် လူ့မျက်နှာမဟုတ်ပေ။ ၎င်းထံတွင် မျက်လုံးလေးလုံးရှိပြီး နှာခေါင်းသည်တော့ မရှိပေ။ မျက်လုံးအောက်တည့်တည့်တွင် တင်းကျပ်စွာ ပိတ်ထားသော ပါးစပ်ပေါက်သာ ရှိသည်။
ရှုပ်ထွေးနက်နဲသော မှော်သင်္ကေတများသည် ၎င်းအပေါ်တွင် စိမ့်ဝင်ပျံ့နှံ့နေပြီး ဝေဝါးနေသော မျက်နှာကြီးကို ထပ်မံဖုံးကွယ်ထားသည်။
သို့သော်လည်း နတ်ဘုရားအစွမ်းသည် ၎င်းထံမှ ထွက်ပေါ်နေပြီး အဆုံးမဲ့စွာ ပျံ့နှံ့နေသည်။ ယင်းကို မျက်မြင်တွေ့လိုက်ရသော လူတိုင်း၏ နှလုံးသားထဲနှင့် စိတ်ထဲတွင် မွန်မြတ်သန့်စင်သော ခံစားမှုသည် အသစ်ပြန်လည်ဖြစ်ပေါ်လာလိမ့်မည်။
ထို့အပြင် အဆုံးမဲ့သော သတင်းအချက်အလက်သည် ၎င်း၏ ခန္ဓာကိုယ်ကို မြင်သွားသော လူတိုင်း၏ စိတ်ထဲတွင် ထွက်ပေါ်လာနေသည်။ ယင်းက သူတို့ကို ရူးသွပ်သွားစေပြီး သူတို့ကိုယ်တိုင်သတိမထားမိဘဲ မှတ်ဉာဏ်များကို စတင်ဆုံးရှုံးလာစေသည်။
အကယ်၍ သူတို့က ၎င်းကို အချိန်ကြာကြာ ကြည့်လိုက်မည်ဆိုလျှင် သူတို့၏ မှတ်ဉာဏ်အားလုံးသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားပြီး လုံးလုံးအစားထိုးခံရလိမ့်မည်။
ဤသည်မှာ အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား၏ အစစ်အမှန်ခန္ဓာကိုယ်ဖြစ်သည်။
နီလာနတ်သမီး၏ အကြည့်က ဧရာမငါးပေါ်သို့ ကျရောက်သွားသောအခါ သွားရည်သည် သူ့ပါးစပ်ထဲမှ ပိုပြီးစီးကျလာသည်။ သူသည် အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားသည်။ တစ်ချိန်တည်းမှာ ရောင်ခြည်တန်းအနီသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းများသည် ပိုပြီးနက်ရှိုင်းလာကြပြီး ကျယ်ပြောလာကြသည်။
နီလာနတ်သမီးက အနားတိုးကပ်သွားသည်နှင့် နတ်ငါး၏ အမြှီးပေါ်မှ မျက်နှာကြီး၏ မျက်လုံးသည် ရွှေရောင်အလင်းတောက်ပသွားသည်။ ၎င်းသည် ပါးစပ်ဖြဲဟလိုက်ပြီး အရှေ့သို့ ထွေးထုတ်လိုက်သည်။
ချက်ချင်းဆိုသလို ရွှေရောင်ရေပူဖောင်းများက ပျံသန်းထွက်လာကြသည်။
ထိုရေပူဖောင်းများတွင် မဟာလောကများ ပါရှိကြသည်။ ထိုမဟာလောကများထဲ၌ မရေမတွက်နိုင်သော သက်ရှိများ နေထိုင်ကြပြီး မျိုးဆက်အမြောက်အများအထိ ရှင်သန်ပေါက်ဖွားနေကြသည်။ သို့သော်လည်း ထိုသက်ရှိများသည် သူတို့နေထိုင်နေကြသော လောကက နတ်ဘုရားတစ်ပါး၏ ပါးစပ်ထဲမှထွက်လာသော ရေပူဖောင်းလေးတစ်ခုမျှသာဖြစ်ကြောင်း မသိထားကြပေ။
ရေပူဖောင်းများက ပျံသန်းထွက်လာပြီး ပြိုကွဲသွားကြသောအခါ ယင်းတို့က ကြီးမားသော အဖျက်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး နီလာနတ်သမီးကို လွှမ်းခြုံသွားသည်။
ဤအခွင့်အရေးကို အသုံးချလျက် နတ်ငါး၏ ခန္ဓာကိုယ်သည် အလျှင်အမြန် ကြည်လင်ပြတ်သားလာသည်။ ၎င်း၏ ဘေးပတ်ဝန်းကျင်က ဟင်းလင်းပြင်ထဲသို့ နစ်မြုပ်သွားလေရာ ယင်းက အာကာသတွင်းနက်တစ်ခု ဖြစ်လာနေသည့်အလားပင်။
၎င်းသည် ဤနေရာမှ ထွက်ပြေးချင်နေသည်။
ဆာလောင်မွတ်သိပ်နေ၍ သွားရည်တမြားမြားကျနေသော နီလာနတ်သမီးသည် သူ၏ လက်ထဲမှာရှိနေပြီးသော သားကောင်ကို မည်သို့ကြောင့် လွှတ်ပေးနိုင်မည်နည်း။ သူက အရှေ့သို့ လျှင်မြန်စွာ ရွေ့လျားသွားလေရာ အရပ်မျက်နှာပေါင်းစုံတွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာကြပြီး အရာအားလုံးကို အနီရောင်ပင်လယ်သို့ ပြောင်းလဲသွားစေသည်။
ပြိုကွဲသွားသော ရေပူဖောင်းများသည်တော့ သူ၏ ရွှေရောင်ဝတ်ရုံပေါ်မှာ တံဆိပ်ရိုက်နှိပ်ခံလိုက်ရပြီး ရှုပ်ထွေးနက်နဲသော မှော်သင်္ကေတများ ဖြစ်ပေါ်လာကြသည်။
နီလာနတ်သမီးသည် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။
နေရာကူးပြောင်းတော့မည့် ဟင်းလင်းပြင်သည် သွေးပင်လယ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး ယင်း၏ လမ်းကြောင်းတစ်လျှောက်မှာရှိသော အရာအားလုံးကို ဝါးမျိုပစ်လိုက်သည်။ နတ်ငါး၏ ကြည်လင်ပြတ်သားသော အသွင်ပုံစံသည် ပြန်ထွက်ပေါ်လာရန် တွန်းအားပေးခြင်းခံလိုက်ရသည်။ အကြောက်တရားသည် ၎င်း၏ မျက်လုံးထဲတွင် ပြည့်နှက်နေပြီး အနောက်ဆုတ်ရန် ကြိုးစားသည်။ သို့သော်လည်း နီလာနတ်သမီး၏ မျက်လုံးထဲတွင်တော့ ၎င်းသည် အရသာရှိသော အစားအစာတစ်ခုမျှသာ ဖြစ်သည်။
သွေးနီအလင်းတန်းများသည် ကောင်းကင်ပေါ်ရှိ အနီရောင်လထံမှအပြင် ဟင်းလင်းပြင်ကို လွှမ်းခြုံသွားသော သွေးပင်လယ်နှင့် ကောင်းကင်ပေါ်ရှိ အက်ကွဲကြောင်းများထံမှလည်း ပျံသန်းထွက်လာကြသည်။ အလင်းတန်းအားလုံးသည် လျှပ်တစ်ပြက်အတွင်း နတ်ငါးထံသို့ တစ်ချိန်တည်း စုစည်းသွားကြသည်။
လွတ်မြောက်ရန် မည်သည့်အခွင့်အရေးမှမပေးရန် ထိုသွေးနီအလင်းတန်းများသည် သံမဏိကြိုးများပမာ လေထဲရှိ နတ်ငါးကို မြန်ဆန်စွာ ရစ်ပတ်ချုပ်နှောင်သွားကြသည်။
သွေးနီအလင်းတန်းများ၏ ချုပ်နှောင်ခံလိုက်ရသော နတ်ငါးသည် မည်မျှရုန်းကန်ပြီး ဟိန်းဟောက်ပါစေ အချည်းနှီးသာဖြစ်၏။
နီလာနတ်သမီးပေါ်ထွက်လာသည့်အခိုက် ၎င်းသည် သာမန်ငါးတစ်ကောင်မျှသာ ဖြစ်သွား၏။
ဆာလောင်မွတ်သိပ်နေသော စိတ်ဆန္ဒနှင့်အတူ နီလာနတ်သမီးသည် ခြေတစ်လှမ်းဖြင့် နတ်ငါးဆီသို့ ချဉ်းကပ်သွားသည်။
သူက ပါးစပ်ဖြဲဟလိုက်စဉ် ဝမ်းသာပျော်ရွှင်သော အလင်းရောင်သည် သူ၏ မျက်လုံးထဲမှာ ဝင်းလက်သွားသည်။ သူ၏ ပါးစပ်က ဖော်မပြနိုင်သော အတိုင်းအတာတစ်ခုထိ ကျယ်ပြန့်သွားနေစဉ် လျှာကြီးသည် မြွေတစ်ကောင်ပမာ ပေါ်ထွက်လာပြီး ရုန်းကန်လှုပ်ရှားနေသော နတ်ငါးဆီသို့ ရောက်ရှိသွားသည်။
ထို့နောက် လျှာကြီးပေါ်မှ အမျိုးသမီးမျက်နှာက မျက်လုံးဖွင့်လိုက်သည့်အခါ အထဲတွင် အဆုံးမဲ့သော သွေးနီအလင်းရောင်က ထွက်ပေါ်လာသည်။
နတ်ဘုရားအသံသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း အဆုံးမဲ့သော ပဲ့တင်ထပ်သံသို့ ပြောင်းလဲသွားကာ ကောင်းကင်နှင့် မြေပြင်တစ်လျှောက် ဖြတ်သန်းသွားသည်။
“ ဂိတ်တံခါးဖွင့်စမ်း ”
ထိုစကားလုံးကို နီလာနတ်သမီး၏ နှုတ်တော်မှ ဖွင့်ဆိုလိုက်သည်နှင့် နတ်ငါးသည် တစ်ခါမှမထုတ်ဖော်ဖူးသော နာကျင်ဖွယ် အော်ညည်းသံကို ထုတ်ဖော်လိုက်သည်။
၎င်း၏ အသွေးအသားနှင့် အရိုးများသည် မီးလောင်ကျွမ်းသွားပြီး ရွှေရောင်မီးတောက်များက အပြင်ဘက်သို့ တိုးထွက်လာရန် တွန်းအားပေးခြင်းခံလိုက်ရသည်။ ထို့နောက် ရွှေရောင်မီးတောက်များသည် လေထဲတွင် တွင်းပေါက်တစ်ခုပုံစံ အကြမ်းဖျဉ်းဖြစ်ပေါ်လာသည်။
စက္ကန့်ပိုင်းအတွင်း ထိုတွင်းပေါက်သည် အစစ်အမှန်တည်ရှိမှုသို့ ပြောင်းလဲသွားသည်။
တွင်းပေါက်ထဲတွင် အမှောင်ထုက အရာအားလုံးကို ဝါးမျိုထားသည်။ ဤသည်မှာ မီးစာကုန်းမြေဆီသို့ ဦးတည်သွားသော ဝင်ပေါက်ဖြစ်သည်။
မည်သို့ကြောင့် သာမန်ငါးတစ်ကောင်က အဆင့်မြင့်နတ်ဘုရား နီလာနတ်သမီးကို အလွန်စိတ်လှုပ်ရှားစေပြီး ဝမ်းသာပျော်ရွှင်စေနိုင်မည်နည်း။ ၎င်းက အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားလျှင်ပင် နီလာနတ်သမီးအတွက်တော့ သားရေစာမျှသာဖြစ်၏။
အစစ်အမှန် စားတော်ပွဲကြီးသည် ဤနတ်ငါး၏ ဆရာသခင်ကျွမ်ယုသာ ဖြစ်သည်။ နီလာနတ်သမီးက နတ်ငါးနှင့် သူ့ဆရာသခင်ကျွမ်ယုကြားမှ ဆက်သွယ်မှုကို အသုံးပြုပြီး မီးစာကုန်းမြေဆီသို့သွားနိုင်မည့် ဂိတ်တံခါးကို ဖွင့်လှစ်လိုခြင်းသာ ဖြစ်သည်။
နီလာနတ်သမီးသည် မီးစာကုန်းမြေဆီသို့ ဆင်းသက်သွားပြီး ထိုနေရာတွင် နတ်ဘုရားမီးတောက်ကို ထွန်းညှိထားသော အဆင့်မြင့်နတ်ဘုရား ကျွမ်ယုကို ဝါးမျိုရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ဤသည်မှာ လူသားဧကရာဇ်၏ ဗြောင်ကျသော အစီအစဉ်ဖြစ်ပြီး သတ္တမမင်းသား စောစောကပြောသွားခဲ့သော အစီအစဉ်၏ ဒုတိယခြေလှမ်းလည်း ဟုတ်ပေသည်။