ကျားပါးစပ်ထဲမှ အစာလုခြင်း(ဃ)
Vol. 49 Ch. 750
မီးခိုးမျိုးနွယ်၏ ကမ္ဘာငယ်ထဲတွင် အင်ပါယာကြယ်၏ အဖေ ချူထျန်းချွင်နှင့် သူတိုက်ခိုက်ခဲ့စဉ်က တစ်ဖက်လူ နောက်ဆုံးအသုံးပြုခဲ့သော နတ်ဘုရားအတတ်ပညာသည် ကျောက်စိမ်းဖြူလက် ဖြစ်သည်။
ကျောက်စိမ်းဖြူလက်သည် ချူထျန်းချွင်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး သူ့အား တိုက်ရိုက်ညွှန်ပြခဲ့သည်ကို ရွှီချင်း သေချာမှတ်မိနေသည်။ အကယ်၍ လင်းအာ၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်လျှင် သူသည် ဟိုးယခင်ကတည်းက ပြာမှုန်ဖြစ်သွားလောက်ချေ၏။
အတိတ်တွင် သူမြင်တွေ့ခဲ့ရသော ကျောက်စိမ်းဖြူလက်သည် ယခုထက် အများကြီး ပိုသေးငယ်သော်လည်း ထိုနှစ်ခုသည် အတူတူသာဖြစ်ကြောင်း ရွှီချင်း ခံစားမိသည်။
‘ အလင်းရောင်ပေးခြင်း ’ဟူသော စကားလုံးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသောအခါ ရွှီချင်း၏ စိတ်သည် ပရမ်းပတာဖြစ်သွားသည်။
ရွှီချင်း၏ စိတ်က ပရမ်းပတာဖြစ်နေစဉ် ကျားပါးစပ်ထဲမှ အစာလုချင်နေသော ကျောက်စိမ်းဖြူလက်သည် နတ်ငါး၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွားပြီး ငါးအရိုးများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ယင်းတို့ကို အပြင်သို့ အတင်းအကျပ် ဆွဲထုတ်လိုက်လေသည်။
ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ နတ်ငါး၏ ခန္ဓာကိုယ်ထဲရှိ ငါးကျောရိုး(၂၇)ချောင်းထဲမှ ကျောရိုး(၃)ချောင်းသည် ကျောက်စိမ်းဖြူလက်၏ အတင်းအကျပ် ဆွဲထုတ်ခံလိုက်ရပြီး ထိုနေရာတွင် အက်ကြောင်းတစ်ခု ကျန်နေခဲ့သည်။
အံ့အားသင့်ဖွယ်ကောင်းသည့်အချက်မှာ ၎င်း၏ လှုပ်ရှားမှုများသည် နီလာနတ်သမီး၏ ကိုယ်ပွားကို မည်သည့်တုံ့ပြန်မှုမှ မဖြစ်စေခဲ့ပေ။
ဤသည်မှာ အဓိကစားတော်ပွဲကြီးကို ရရှိပြီးနောက် သားရေစာသည် သူ့အတွက် သိပ်အရေးမပါတော့ဟန် ရသည်။
အဓိကအရေးကြီးဆုံးမှာ ကျောက်စိမ်းဖြူလက် ထွက်ပေါ်လာသော အချိန်ဖြစ်သည်။
ကျောက်စိမ်းဖြူလက်သည် နီလာနတ်သမီး၏ မူလခန္ဓာကိုယ်က အာရုံမလွှဲပြောင်းနိုင်မည့်အချိန် မီးစာကုန်းမြေထဲတွင် အဆင့်မြင့်နတ်ဘုရား ကျွမ်ယုအား အာရုံအပြည့်ထား၍ ဝါးမျိုနေချိန် ကိုယ်ပွား၏ စွမ်းအားက သိသာစွာ လျော့နည်းသွားပြီး ကုန်ဆုံးသွားနေချိန်ကို သေချာရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် တခြားဖြစ်နိုင်ခြေလည်း ရှိသေး၏။ ယင်းမှာ နီလာနတ်သမီးက ဤလုပ်ရပ်ကို တမင်ခွင့်ပြုထားခြင်း ဖြစ်သည်။
အသေးစိတ်ကိုတော့ မည်သူမှ မသိပေ။
နောက်ကွယ်မှ အကြောင်းအရင်းက မည်သို့ဖြစ်ပါစေ ဤအခိုက်အတန့်မှာ ကျောက်စိမ်းဖြူလက်သည် ငါးကျောရိုး(၃)ချောင်း၏ ထက်ဝက်ကျော်ကို အပြင်သို့ ဆွဲထုတ်ပြီးနေပြီ ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်လူတိုင်းသည် ထိတ်လန့်သွားကြသည်။
အင်မော်တယ်တားမြစ်နယ်မြေ၏ ဝင်ပေါက်အပြင်ဘက်မှ လူများသည်လည်း ထို့အတူပင်။ သူတို့အားလုံးသည် အမူအရာပြောင်းလဲသွားကြသည်။ သတ္တမမင်းသားသည်သာ အနည်းငယ် မျက်လုံးမှေးကျဉ်းလိုက်သည်။
သို့သော် ကျောက်စိမ်းဖြူလက်က ကျောရိုးသုံးချောင်းကို အောင်မြင်စွာ ဆွဲထုတ်နိုင်တော့မည့်အချိန် နောက်ထပ်အပြောင်းအလဲတစ်ခုသည် ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
နောက်ထပ်အက်ကွဲကြောင်းတစ်ခုသည် နတ်ငါး၏ ဘေးတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
မိုးထစ်ချုန်းသံများက ပဲ့တင်ထပ်သွားသောအခါ သေးငယ်သော ကျောက်စိမ်းဖြူလက်သည် ဒုတိယအက်ကွဲကြောင်းဆီမှ ထွက်ပေါ်လာသည်။
ကျောက်စိမ်းဖြူလက်သည် ပထမတစ်ခုနှင့် တစ်ပုံစံတည်းတူညီသော်လည်း အများကြီး ပိုသေးငယ်သည်။ ဤတစ်ခုသည် ပေတစ်ထောင်မျှသာ ရှည်လျားပြီး အက်ကွဲကြောင်းထဲမှ အလျှင်အမြန် ဆန့်တန်းထွက်လာသည်။
၎င်းထွက်ပေါ်လာသော အချိန်သည် ပထမတစ်ခုထက် အများကြီး ပိုအချိန်ကိုက်သည်။
ထို့အပြင် ၎င်းရွေးချယ်ထားသော ထောင့်သည်လည်း ပညာသားပါ၏။ ယင်းက နတ်ငါး၏ ခန္ဓာကိုယ်အောက်ပိုင်းဖြစ်သည်။
ထိုနေရာတွင် မကုသရသေးသော ဒဏ်ရာတစ်ခု ရှိသည်။
သေးငယ်သော ကျောက်စိမ်းဖြူလက်သည် ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်ပမာ ဒဏ်ရာအပေါက်ထဲသို့ အမြန်တိုးဝင်သွားသည်။ ထို့နောက် ၎င်းသည် အထဲမှ ငါးကျောရိုးတစ်ခုကို ဖမ်းဆုပ်လိုက်ပြီး အပြင်သို့ အတင်းကျပ် ဆွဲထုတ်လိုက်သည်။
ဝုန်းခနဲမြည်သံနှင့်အတူ ငါးကျောရိုး၏ ထက်ဝက်ကျော်သည် အပြင်သို့ ဆွဲထုတ်ခံလိုက်ရသည်။
သိသာစွာပင် ပထမတစ်ခုနှင့် နှိုင်းယှဉ်လျှင် သေးငယ်သော ဤကျောက်စိမ်းဖြူလက်သည် အတော်လေး အားနည်းသည်။ သို့ဖြစ်၍ ဤအခိုက်အတန့်မှာ ကျောက်စိမ်းဖြူလက်ပေါ်၌ အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။ ၎င်းက ပြိုလဲပျက်စီးခါနီး အခြေအနေမှာ ရှိ၏။ သို့သော်လည်း ၎င်းထံမှ ရူးမိုက်သော စိတ်ဆန္ဒတစ်ခု ဝေဝေဝါးဝါး ထွက်ပေါ်နေလေသည်။ ၎င်းက ငါးကျောရိုးကိုရရန် မည်သည့်အရာကိုမဆို စတေးပစ်ရန် ဆန္ဒရှိနေသည့်အလားပင်။
၎င်းက အသက်သေဆုံးသွားမည်ဆိုလျှင်ပင် ထိုငါးကျောရိုးကိုရယူရန် စိတ်ဆုံးဖြတ်ထားဟန် ရသည်။
မျက်စိတစ်မှိတ်အတွင်း ကျောက်စိမ်းဖြူလက်သည် ငါးကျောရိုးကို အပြင်ဘက်သို့ အတင်းအကျပ် ဆွဲထုတ်လိုက်ပြီး အက်ကွဲကြောင်းဆီသို့ အလျှင်အမြန် ပြန်ဝင်သွားသည်။
ထိုဖြစ်စဉ်အတွင်း ၎င်းသည် အချိန်မရွေး ပြိုလဲပျက်စီးသွားနိုင်သည့် အခြေအနေမှာ ရှိ၏။
သို့သော် ၎င်း၏ အထဲမှာရှိနေသော ရူးမိုက်မှုသည် အများကြီး ပိုပြင်းထန်သည်။ ၎င်းသည် လုံးလုံးပြိုလဲမပျက်စီးသွားခင် လက်၏ ကျန်ရှိနေသေးသော အစိတ်အပိုင်းကို အသုံးပြု၍ ငါးကျောရိုးကို အက်ကွဲကြောင်းထဲသို့ အောင်မြင်စွာ လုယက်နိုင်သွားသည်။
ထို့နောက် အက်ကွဲကြောင်းသည် ပျောက်ကွယ်သွားသည်။
၎င်း၏ ရောက်ရှိလာမှုက အလွန်မြန်ဆန်သလို ပြန်ထွက်ခွာရာတွင်လည်း အလွန်မြန်ဆန်သည်။ အစမှအဆုံး ၎င်း၏ လုပ်ဆောင်မှုတွင် အမှားသေးသေးလေးပင် မဖြစ်ပေါ်ခဲ့ပေ။
ငါးကျောရိုး(၃)ချောင်းကို ဆွဲထုတ်နေသော ကျောက်စိမ်းဖြူလက်ကြီးက ထိုမြင်ကွင်းကို မြင်သွားသောအခါ တစ်ခဏမျှ ရပ်တန့်သွားသည်။
အင်မော်တယ်တားမြစ်နယ်မြေ၏ ဝင်ပေါက်အပြင်ဘက်မှ လူများ၏ အမူအရာသည် နောက်တစ်ကြိမ် ပြောင်းလဲသွားကြသည်။ ပထမဆုံးအကြိမ်အဖြစ် သတ္တမမင်းသား၏ မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့် သံသယက ထွက်ပေါ်လာသည်။
ရွှီချင်းနှင့် ခေါင်းဆောင်သည်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
သေးငယ်သော ကျောက်စိမ်းဖြူလက်၏ ထွက်ပေါ်လာမှုနှင့် ငါးကျောရိုးအား လုယက်သွားသော စည်းချက်ဝါးချက်သည် သူတို့ကို ရင်းနှီးသောခံစားမှု ပေးသည်။
ယင်းသည် သတ္တမသခင်ကြီး၏ အလုပ်လုပ်ပုံနှင့် အလွန်ဆင်တူ၏။
သူသည် တိတ်ဆိတ်စွာ ဖုံးကွယ်နေရင်း အခွင့်အခါကောင်းကို စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေလိမ့်မည်။ အခွင့်အခါကောင်း ပေါ်ထွက်လာသည်နှင့် ရူးမိုက်စွာ ပြုမူဆောင်ရွက်ပြီး သေကွင်းသေကွက်ကို တိုက်ခိုက်လိမ့်မည်။ ထို့နောက် ကီလိုမီတာထောင်ပေါင်းများစွာ ဝေးကွာသော နေရာဆီသို့ အမြန်ထွက်ပြေးလိမ့်မည်။ ဤသည်မှာ သတ္တမသခင်ကြီး၏ အလုပ်လုပ်ပုံဖြစ်သည်။
သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြလေရာ စူးစမ်းလိုသော အရိပ်အမြွက်နှင့် ထိန်းချုပ်မရသော စိတ်လှုပ်ရှားမှုက သူတို့၏ မျက်နှာပေါ်မှာ ထင်ရှားစွာ ထွက်ပေါ်နေကြောင်း မြင်သွားကြသည်။
ကောင်းကင်ပေါ်မှ ကျောက်စိမ်းဖြူလက်ကြီးသည် တစ်ခဏမျှ ရပ်တန့်နေပြီးနောက် ဆက်လက် မတုံ့ဆိုင်းတော့ပေ။ ၎င်းသည် ငါးကျောရိုးသုံးချောင်းကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်ပြီး အလျှင်အမြန် အနောက်ပြန်ဆုတ်သွားသည်။
ကျောက်စိမ်းဖြူလက်က အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည့်အခိုက် နီလာနတ်သမီး၏ ကိုယ်ပွားသည် ကိုက်ထားဆဲသော နတ်ငါး၏ ခန္ဓာကိုယ်တစ်ဝက်ကို သွေးနီဝဲကတော့ထဲသို့ ဆွဲခေါ်သွားသည်။
နောက်အခိုက်အတန့်မှာ သူတို့သည် ဝဲကတော့ထဲမှာ ပျောက်ကွယ်သွားသည်။
သွေးနီဝဲကတော့သည် အလျှင်အမြန် မှေးမှိန်လာပြီး နောက်ဆုံးတွင် လုံးလုံးပျောက်ကွယ်မသွားခင် အနီရောင်အစက်သို့ ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်သည် ပုံမှန်ပြန်ဖြစ်သွားသည်။
သို့သော်လည်း နတ်ဘုရားအစွမ်း၏ ထောက်ပံ့မှုမရှိတော့သည့်အခါ ကောင်းကင်ပေါ်မှ မရေမတွက်နိုင်သော အက်ကွဲကြောင်းများသည် စတင်ပြိုကျပျက်စီးလာသည်။ ယင်းတို့သည် တစ်ပိုင်းပြီးတစ်ပိုင်း မြေပြင်ပေါ်သို့ ပြိုကျလာသည်။
အင်မော်တယ်တားမြစ်နယ်မြေက ပြိုလဲပျက်စီးတော့မည့်ဟန် ရသည်။ မြေကြီးသည်ပင် သွေးနီရောင်ကို ဆုံးရှုံးသွားပြီးနောက် အဆုံးမရှိသော ချိုင့်ခွက်ကြီးများဖြင့် ပြည့်နှက်နေသော ကုန်းမြေကို ထုတ်ဖော်လာသည်။
ဧရိယာများစွာသည် နက်ရှိုင်းသော တွင်းပေါက်များသို့ ပြောင်းလဲသွားကြပြီး မြေပြင်သည် အပျက်အစီးနယ်မြေသို့ လုံးလုံးပြောင်းလဲသွားသည်။
သိပ်သည်းသော ဒြပ်နှောများသည်သာ ဤနေရာတွင် ဆက်လက် ပျံ့နှံ့သွားနေပြီး အရာအားလုံးကို အမှောင်ထုအဖြစ် ပြောင်းလဲသွားစေသည်။
သို့သော်လည်း နီလာနတ်သမီးထွက်သွားသည်နှင့် ရင်တုန်ပန်းတုန်ဖြစ်ခြင်းသည် ရွှီချင်းနှင့် ခေါင်းဆောင်၏ နှလုံးသားထဲမှ ပျောက်ကွယ်သွားသည်။
သူတို့နှစ်ယောက်သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီးနောက် ခေါင်းဆောင်သည် ရုတ်တရက် ပြောသည်။
“ ဂျူနီယာညီလေး… အဲ့ဒါတွေကို အမြန်စုပ်ယူပစ် ”
“ ငါတို့မှာ အချိန်က အကန့်အသတ်နဲ့… သတ္တမမင်းသားရဲ့ လူတွေ မကြာခင် ဒီကိုရောက်လာတော့မယ်လို့ ငါစိတ်ထင်နေတယ်… ဒီနေရာက ပြိုလဲမပျက်စီးသွားရင်တောင် ချိပ်ပိတ်ခံရပြီး ဒီကလူတွေအားလုံး အပြင်ထွက်ကြဖို့ အမိန့်ပေးခံရနိုင်တယ် ”
ရွှီချင်းသည် မည်သည့်စကားမှ မပြောချေ။ သူသည်လည်း ခေါင်းဆောင်နည်းတူ ခန့်မှန်းထားသည်။
ထို့ကြောင့် သူ့ကိုယ်သူ ချုပ်တည်းထားမှုကို ချက်ချင်း ဖြေလျှော့လိုက်ပြီး ပိုင်ရှင်မရှိသော ဒြပ်နှောများကို စတင်စုပ်ယူလိုက်သည်။