← Chapters

အင်မော်တယ်တားမြစ်နယ်မြေ၏ အရှင်သခင်အသစ်

Vol. 49 Ch. 751

အင်မော်တယ်တားမြစ်နယ်မြေ၏ အရှင်သခင်အသစ်

Vol. 49 Ch. 751

ရွှီချင်းသည် အင်မော်တယ်တားမြစ်နယ်မြေမှ ဒြပ်နှောများကို စုပ်ယူရန် အစောကြီးကတည်းက မျှော်လင့်တောင့်တနေခြင်းဖြစ်သည်။

ယခင်တစ်ခေါက်က သူ့ဆရာ၏ အကာအကွယ်အောက်မှာ ဒြပ်နှောများကို သူစုပ်ယူခဲ့စဉ်က ကြီးမားသော အကျိုးကျေးဇူးကို ရွှီချင်း ရရှိခဲ့သည်။ ထိုအချိန်မှစ၍ သူသည် သူ့ခန္ဓာကိုယ်၏ လိုအင်ဆန္ဒကို ထိန်းချုပ်ထားရန် အကောင်းဆုံး ကြိုးစားခဲ့သည်။

သူသည် ဆာလောင်မွတ်သိပ်နေပြီး သူ့အရှေ့တွင် ကြီးမားသော စားတော်ပွဲကြီးက ရှိနေသော်လည်း စားချင်စိတ်ကို အတင်းအကျပ် ချိုးနှိမ်ထားခဲ့ရသည်။

အဘယ့်ကြောင့်ဆိုသော် ဒြပ်နှောများကို သူစတင်ဝါးမျိုလိုက်သည်နှင့် ဤနေရာမှ သန္ဓေပြောင်းသားရဲများနှင့် လူသားစစ်သည်တော်များ၏ အာရုံကို ဆွဲဆောင်နိုင်သောကြောင့် ဖြစ်သည်။

ထို့အပြင် အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား မသေဆုံးခင် ဤနေရာမှ ဒြပ်နှောများကို သူက အလွန်အကျွံ စုပ်ယူမိမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်သည် ထိုဒြပ်နှောများမှ စိတ်ဆန္ဒ၏ သက်ရောက်ခံရလိမ့်မည်။

ထို့အပြင် အနီရောင်လပါ တည်ရှိနေသောကြောင့် အခြေအနေသည် သူခန့်မှန်းနိုင်သော အကွာအဝေးအတွင်းမှာ မရှိပေ။

ရွှီချင်းထံမှာ ခရမ်းသလင်းကျောက်နှင့် သူ့ကိုယ်သူကာကွယ်ရန် နည်းလမ်းများစွာရှိသော်လည်း မည်သည့်အရာမှ မသေချာပေ။ အရေးကြီးအခိုက်အတန့်မျိုးမှာ ခရမ်းသလင်းကျောက်အပေါ် လွန်ကျူးစွာ မှီခိုခြင်းသည် ကောင်းသောအလေ့အကျင့် မဟုတ်ပေ။

သို့သော် ယခု ထိုအတားအဆီးအားလုံးသည် ပျောက်ကွယ်သွားသည်။

အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားသည် နီလာနတ်သမီးနှင့်တိုက်ခိုက်နေစဉ် ၎င်း၏ မူလခန္ဓာကိုယ်ကို ဖွဲ့စည်းရန် တားမြစ်နယ်မြေထဲရှိ ခရမ်းနီရောင်အသွေးအသားအားလုံးကို ပြန်ဆင့်ခေါ်သွားခဲ့သည်။ ထိုအထဲတွင် သူ၏ အသွေးအသားမှ ဖြစ်တည်လာကြသော သန္ဓေပြောင်းသားရဲများလည်း ပါဝင်ကြသည်။

ထို့အပြင် ယခု အင်မော်တယ်တားမြစ်နယ်မြေက ပြိုလဲပျက်စီးလုနီးပါး အခြေအနေမှာရှိနေသောကြောင့် လူသားစစ်တပ်ထံတွင် ဧရိယာအားလုံးဆီသို့ အာရုံစိုက်ရန် အချိန်မရှိပေ။

ဤသည်မှာ အခွင့်အရေးကြီးဖြစ်သည်။

ရွှီချင်းသည် လုံးဝတုံ့ဆိုင်းမနေဘဲ ဒြပ်နှောများကို ချက်ချင်း စုပ်ယူလိုက်တော့သည်။

မျက်စိတစ်မှိတ်အတွင်း ဤနေရာတွင် ကျန်ရှိနေခဲ့သော ဒြပ်နှောများသည် ဒီရေအလား အရပ်မျက်နှာပေါင်းစုံမှ ပေါ်လျှိုးလာပြီး ရွှီချင်း၏ မွေးညင်းပေါက်များမှတဆင့် ခန္ဓာကိုယ်ထဲသို့ အလျှင်အမြန် ဝင်ရောက်သွားသည်။

သူ၏ ခန္ဓာကိုယ်က အလွန်အမင်း သက်တောင့်သက်သာရှိမှုကို ခံစားသွားရသည်။ သူက အားအင်အပြည့်ဖြင့် စုပ်ယူလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်မှ တစ်လက်မစီတိုင်းသည် ပြင်းပြသော လိုအင်ဆန္ဒကို ထုတ်ဖော်လာကြသည်။

ရွှီချင်း၏ ဒြပ်နှောစုပ်ယူနှုန်းက တဖြည်းဖြည်း တိုးမြှင့်လာသည်နှင့် သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။

ဝဲကတော့က လှုပ်ရှားထကြွလာသောအခါ တင်ပျဉ်ခွေလျက် ထိုင်နေသော ရွှီချင်းသည် ခေါင်းဆောင်၏ အသံကို ကြားလိုက်ရသည်။

“ ဂျူနီယာညီလေး ကောင်းကင်ပေါ်က အက်ကွဲကြောင်းတွေကနေ အပြင်ဘက်က လူသားစစ်တပ်က ကောင်းကင်ကို ပြန်လည်ပြုပြင်နေတာကို ငါအာရုံခံမိတယ်… သူတို့ရဲ့ တိုးတတ်မှုနှုန်းအရ မင်းမှာ အလွန်ဆုံး ဆယ့်ငါးမိနစ်အချိန်ရမယ်… အဲ့ဒီအတောအတွင်း ငါမင်းကို ကာကွယ်ပေးပြီး အားလှိုင်းအတတ်အကျတွေကို ဖုံးကွယ်ပေးမယ်… မင်း မြန်မြန်လုပ်ရမယ် ”

ရွှီချင်းသည် နှုတ်မှ ပြန်မတုံ့ပြန်နိုင်ပေ။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ရွှေချည်မျှင်များသည် ရှည်ထွက်လာနေကြပြီး သူ၏ အသွေးအသားထဲမှာ အတားအဆီးမဲ့စွာ ဖြန့်ကားလာနေကြသည်။ ဤသည်မှာ ကျတ်တီးမြေတစ်ခုက ရရှိနိုင်သော အာဟာရဓာတ်အားလုံးကို အရူးအမူး စုပ်ယူနေသည့်အလားပင်။

ထို့ကြောင့် သူက နားလည်ကြောင်း ခေါင်းသာညိတ်ပြခဲ့သည်။

ဤနေရာမှ ဒြပ်နှောများသည် အမှန်တကယ်ပင် ယခင်နှင့် နည်းနည်းခြားနားသွားသည်။ အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား၏ အကြွင်းအကျန်များအပြင် ထိုအထဲမှာ နီလာနတ်သမီး၏ အရှိန်အဝါပင် ရောနှောပါဝင်နေ၏။

စောစောတုန်းက နီလာနတ်သမီး၏ မူလခန္ဓာကိုယ်က ဤနေရာကို ဖြတ်သန်းသွားစဉ် အင်မော်တယ်တားမြစ်နယ်မြေထဲ၌ ချိပ်ပိတ်ခံထားရသော ဒြပ်နှောများကို ပိုပြီးသိပ်သည်းသွားစေခဲ့သည်။

အခြားလူများအတွက်တော့ ထိုဒြပ်နှောများသည် အလွန်အာနိသင်ပြင်းသော အဆိပ်တစ်မျိုးဖြစ်သည်။ အကယ်၍ ထိုဒြပ်နှောများဖြင့် သူတို့ထိတွေ့သွားမည်ဆိုလျှင် ဆေးလုံးသောက်ခြင်း သို့မဟုတ် ဓာတ်ပြယ်စေမည့် နည်းလမ်းအမျိုးမျိုးကို ချက်ချင်း အသုံးပြုကြရလိမ့်မည်။ သို့မဟုတ်ဘဲ အချိန်အနည်းငယ် ကြန့်ကြာသွားမည်ဆိုလျှင် သန္ဓေပြောင်းလဲခြင်းကို ဖြစ်ပေါ်စေလိမ့်မည်။

ရွှီချင်းသည် တခြားနတ်ဘုရား၏ ဒြပ်နှောများကို ဝါးမျိုသည့်အခါ သတိထားရန် လိုအပ်သေးသည်။ သို့သော် သူသည် နီလာနတ်သမီးထံမှ ဖြစ်ပေါ်လာသော ဒြပ်နှောများအတွက်တော့ ထိုသို့သတိထားရန် မလိုအပ်ပေ။

အဘယ့်ကြောင့်ဆိုသော် သူ့မှာ ခရမ်းလနတ်ဘုရားအရင်းအမြစ် ရှိသောကြောင့် ဖြစ်သည်။ အမှန်တကယ်တော့ သူသည်သာ နီလာနတ်သမီးဆင်းသက်လာရန် အသင့်တော်ဆုံး လက်ခံကောင်ဖြစ်သည်။

ထို့ကြောင့် ဤအခိုက်အတန့်မှာ သူစုပ်ယူလိုက်သည်နှင့် အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား သို့မဟုတ် နီလာနတ်သမီး၏ ဒြပ်နှောဖြစ်စေ ယင်းတို့အားလုံးက သူ့ခန္ဓာကိုယ်၏ စုပ်ယူခံလိုက်ရသည်။ နောက်အခိုက်အတန့်မှာ နတ်ဘုရားအဆီအနှစ် ရွှေရောင်အမျှင်တန်းများသည် ရွှီချင်း၏ ခန္ဓာကိုယ်အတွင်းမှာ မွေးဖွားလာကြသည်။

တားမြစ်အဆိပ်ဆေးလုံး၊ ခရမ်းလနတ်နန်းတော်နှင့် တစ္ဆေအင်ပါယာတောင်ကုန်းစသည့် ထိုတည်ရှိမှုသုံးခုသည် နတ်ဘုရားအဆီအနှစ်၏ အားဖြည့်တင်းပေးခြင်းကို အလိုအပ်ဆုံး ဖြစ်ကြသည်။ နတ်ဘုရားအဆီအနှစ် မွေးဖွားလာသည်နှင့် သူတို့သည် တစ်ခုပြီးတစ်ခု တုန်ယင်လာကြသည်။ ထို့အပြင် သူတို့၏ လိုအင်ဆန္ဒသည် ယခင်ထက် ပိုအားကောင်းလာကြသည်။ သူတို့သည် ဝဲကတော့များသို့ ပြောင်းလဲသွားကြပြီး နတ်ဘုရားအဆီအနှစ်ကို အမြန်စုပ်ယူလိုက်ကြသည်။

ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်အတွင်းမှာ စက်ဝန်းတစ်ခုပမာ လှည့်ပတ်နေသည်။ ဒြပ်နှောများကို စုစည်းခြင်းသည် ပထမအဆင့်ဖြစ်သည်။ ရွှေချည်မျှင်များက နတ်ဘုရားအဆီအနှစ်ကို မွေးထုတ်ပေးခြင်းသည် ဒုတိယအဆင့်ဖြစ်ပြီး ထိုနတ်ဘုရားအဆီအနှစ်အမျှင်တန်းများကို ချက်ချင်း ခွဲဝေပေးခြင်းသည် တတိယအဆင့်ဖြစ်သည်။

ဤစက်ဝန်းထဲမှ အဆင့်တစ်ဆင့်စီသည် ဒြပ်နှောများအား စုပ်ယူနိုင်သော အမြန်နှုန်းကို ဆုံးဖြတ်ပေးသည်။

ဤအခိုက်အတန့်မှာ တားမြစ်အဆိပ်ဆေးလုံး၊ ခရမ်းလနှင့် တစ္ဆေအင်ပါယာတောင်ကုန်းသည် ဧရာမမီးဖိုကြီးသုံးလုံးနှင့် ဆင်တူသည်။ သူတို့သည် အရှိန်အဟုန်ပြင်းပြင်းဖြင့် လှည့်ပတ်နေကြပြီး အကြမ်းပတမ်း လောင်ကျွမ်းနေကြသည်။ သူတို့၏ လုပ်ဆောင်မှုများမှ ဖြစ်ပေါ်လာသော စုပ်ယူစွမ်းအားကို ရွှေချည်မျှင်များဆီသို့ ကူးပြောင်းပေးခဲ့သည်။ ထိုမှတဆင့် အပြင်လောကဆီသို့ ကူးပြောင်းပေးခဲ့သည်။

ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်မှ ဒြပ်နှောများသည် ရွှီချင်းဆီသို့ ပို၍မြန်ဆန်စွာ စီးဆင်းလာသည်။

ထိုအခိုက်အတန့်မှာ သူ့ခန္ဓာကိုယ်၏ အပြင်ဘက်မှ စုပ်ဝဲကတော့သည် ပေတစ်ထောင်ထိ ကျယ်ပြန့်လာပြီး ဆက်လက် ကျယ်ပြန့်သွားနေသည်။ ယင်းက ပေငါးထောင်၊ ပေရှစ်ထောင်ထိ ကျယ်ပြန့်သွားပြီး နောက်ဆုံးတွင် ပေတစ်သောင်းထိ ရောက်ရှိသွားသည်။

အဆုံးမရှိသော စီးဆင်းမှုထဲမှာ ဒြပ်နှောလှိုင်းများသည် တစ်ခုပြီးတစ်ခု ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားနေသည်။

ဤအခိုက်အတန့်မှာ အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရားက မရှိသောကြောင့် ရွှီချင်းက အင်မော်တယ်တားမြစ်နယ်မြေ၏ အရှင်သခင်အသစ်ဖြစ်လာဟန် တူသည်။

ထိုစဉ် အားလှိုင်းအတတ်အကျကို ဖုံးကွယ်ရန် ကူညီပေးနေသော ခေါင်းဆောင်သည် မျက်လုံးပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ ဒီလောက်ကြီးမားတဲ့ အကျယ်အဝန်းဆိုရင် ”

ခေါင်းဆောင်သည် အံတင်းတင်းကြိတ်လိုက်သည်။ သူက လက်နှစ်ဖက်ကိုမြှောက်လိုက်ပြီး သူ၏ နဖူးထံသို့ တင်းကျပ်စွာ ဖိကပ်လိုက်သည်။ ရုတ်တရက် သူ၏ တစ်ကိုယ်လုံးမှ အပြာရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လာပြီး ယင်းက အေးစက်စက် အရှိန်အဝါဖြင့် အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသည်။ ထို့နောက် အလင်းတန်းသည် ရွှီချင်း၏ ခန္ဓာကိုယ်အပြင်ဘက်တွင် လှည့်ပတ်နေသော စုပ်ဝဲကတော့ကို လွှမ်းခြုံသွားပြီး ဖုံးကွယ်အစွမ်းကို ထပ်တိုးမြှင့်ပေးလိုက်သည်။

အကယ်၍ တခြားနေရာတွင်သာဆိုလျှင် အစွမ်းတိုးမြှင့်ပေးခြင်း၏ အကျိုးသက်ရောက်မှုသည် သိသာစွာ မကောင်းမွန်နိုင်ပေ။ ဤနေရာတွင် ဖြစ်ပျက်နေသော အပြောင်းအလဲများသည် အမှောင်ထုထဲမှ မီးရှူးမီးတိုင်ပမာ အတော်လေး ထင်သာမြင်သာလွန်းသည်။

သို့သော်လည်း ထိုမီးရှူးမီးတိုင်ကို မီးတောက်ပင်လယ်ထဲ၌ နေရာချထားလိုက်မည်ဆိုလျှင် သိသာစွာ ခွဲထွက်နေတော့မည်မဟုတ်ပေ။

ထို့အပြင် ယခုအချိန်၌ ပရမ်းပတာဖြစ်နေသော အင်မော်တယ်တားမြစ်နယ်မြေသည် မီးတောက်ပင်လယ်ဖြစ်သည်။

ခေါင်းဆောင်ပြောထားခဲ့သည့်အတိုင်း စုပ်ယူသည့်အချိန်က ဆယ့်ငါးမိနစ်မကျော်သရွေ့ အဆင်ပြေလိမ့်မည်။

ယခုအခြေအနေမျိုးတွင် တစ်စက္ကန့်ပင်လျှင် အလွန်အရေးကြီးကြောင်း ရွှီချင်း နားလည်သည်။ သို့ဖြစ်၍ သူက စုပ်ယူသည့်လုပ်ငန်းစဉ်တွင် သူ့ကိုယ်သူ လုံးလုံးနစ်မြှုပ်ထားပြီး နတ်ဘုရားအဆီအနှစ်များစွာကို ဆက်လက်မွေးထုတ်ပေးနေသည်။

သူ၏ ခန္ဓာကိုယ်သည် ရွှေချည်မျှင်များ၏ ရှည်ထွက်လာမှုကြောင့် နောက်ထပ်ကြီးထွားလာပြန်သည်။ ယခု သူ့အရပ်သည် အမြင့်ဆယ်ပေထိ ရောက်ရှိသွားသည်။

ရွှေရောင်အလင်းတန်း၏ ထွန်းလင်းမှုကြောင့် သူ့တစ်ကိုယ်လုံးရှိ အရေပြားပေါ်မှာ ရေးထွင်းထားသော နက်နဲမှော်သင်္ကေတများသည် တလက်လက် ဝင်းလက်တောက်ပလာကြပြီး နတ်ဘုရားအငွေ့အသက်ကို ထုတ်လွှတ်လာသည်။

ဤသည်မှာ သူက သာမန်လူသားမဟုတ်တော့ဘဲ နတ်ဘုရားတစ်ပါး၏ အရှိန်အဝါဖြင့် ပြည့်နှက်နေသော လူသားတစ်ယောက် ဖြစ်လာသကဲ့သို့ပင်။

ရွှီချင်း၏ ခန္ဓာကိုယ်မှ အပြောင်းအလဲများကို သတိထားမိသောအခါ ခေါင်းဆောင်သည် အလိုအလျောက် သွားရည်ကျလာပြီး နှာခေါင်းကို တရှုံ့ရှုံ့လုပ်ကာ အနံ့ခံလိုက်သည်။

“ အဲ့ဒီအနံ့က နင်ယန်ထက်တောင် ပိုကောင်းသေးတယ် ”

ခေါင်းဆောင်သည် ပိုပြီးအနံ့ခံမိလာလေ ပိုပြီးသွားရည်ကျလာလေ ဖြစ်သည်။ တစ်ချိန်တည်းမှာ သူ၏ မျက်လုံးသည် ပိုပြီးအရောင်တောက်လာသည်။

“ ငါတစ်ကယ်ပဲ ကိုက်ကြည့်ချင်လိုက်တာ… တစ်ကိုက်လေးပဲ… ”

ခေါင်းဆောင်သည် တံတွေးမျိုချလိုက်သည်။ သူက မည်မျှချုပ်ထိန်းထားပါစေ သွားရည်က ပိုပြီးစီးကျလာနေကြောင်း ရှာတွေ့သွားသည်။

ခေါင်းဆောင်က သူ၏ စိတ်ထဲမှာ ဆက်လက်ရုန်းကန်နေစဉ် ရွှီချင်း၏ ခန္ဓာကိုယ်အတွင်းမှ တားမြစ်အဆိပ်ဆေးလုံးသည် သိသာသော အပြောင်းအလဲဖြစ်ပေါ်လာသည်။ နတ်ဘုရားအဆီအနှစ်ကို စုပ်ယူပြီးနောက် နတ်နန်းတော်ထဲရှိ မဟူရာရွှေအမြူတေထံမှ တဖောက်ဖောက် မြည်သံများ တရစပ် ထွက်ပေါ်လာပြီး ယင်းက အက်ကွဲလာသည်။

အက်ကွဲရာများက များပြားလာသောအခါ ပြန်လည်ရှင်သန်လာသော အားလှိုင်းအတတ်အကျတစ်ခုသည် မဟူရာရွှေအမြူတေ၏ အတွင်းပိုင်းထဲမှ ပျံ့လွင့်ထွက်လာသည်။

ခရမ်းလနတ်နန်းတော်နှင့် တစ္ဆေအင်ပါယာတောင်ကုန်းသည် တားမြစ်အဆိပ်ဆေးလုံးထက် အနည်းငယ် နှေးကွေးသော်လည်း သူတို့သည် တူညီသော အပြောင်းအလဲများကို စတင်လုပ်ဆောင်နေကြ၏။

ရှစ်မိနစ်ကြာပြီးနောက် ရွှီချင်း၏ စုပ်ယူမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ တားမြစ်အဆိပ်ဆေးလုံးထဲမှ အက်ကွဲရာများသည် ရွှေအမြူတေ၏ မျက်နှာပြင်တစ်လျှောက် ပျံ့နှံ့သွားသည်။

ထို့နောက် နောက်ဆုံးအက်ကွဲသံနှင့်အတူ ရွှေအမြူတေသည် လုံးဝကြေမွသွားသည်။

ရွှီချင်းနှင့် တစ်ပုံစံတည်းတူညီသော ပုံရိပ်ငယ်တစ်ခုသည် အထဲမှ လျှောက်ထွက်လာသည်။ ၎င်းသည် တားမြစ်အဆိပ်ဆေးလုံးမှ ဖြစ်တည်လာသော တာအိုနတ်သူငယ်မှလွဲ၍ တခြားမဟုတ်ပေ။

တာအိုနတ်သူငယ်သည် ပျံသန်းထွက်လာပြီးနောက် ပါးစပ်ဟလိုက်ပြီး အက်ကွဲသွားသော တားမြစ်အဆိပ်ဆေးလုံး၏ အပြင်ခွံကို အလျှင်အမြန် ဝါးမျိုလိုက်လေသည်။ ၎င်းက ဆက်လက်စားသုံးနေရင်း ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး ယခင်က တစ်ခါမှမရှိခဲ့ဖူးသော ကြောက်မက်ဖွယ်ရာ တားမြစ်အဆိပ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

အနက်ရောင်အလင်းတန်းက အဆုံးစွန်သော အဆင့်ထိ သိပ်သည်းလာသောအခါ အသိစိတ်ပင်လယ်တစ်လျှောက် ထွန်းလင်းသွားပြီး ရွှီချင်း၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းတိုင်းထံသို့ ပျံ့နှံ့သွားသည်။

ရွှီချင်းကို သွားရည်တမြားမြားဖြင့် အာရုံစိုက်နေသော ခေါင်းဆောင်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။

“ အနံ့က ပြောင်းသွားတယ်… သူ့အနံ့က ပိုကောင်းလာတယ်ဆိုပေမဲ့ တကယ်လို့ ငါသာကိုက်လိုက်မယ်ဆိုရင် ငါ့ဘဝအဆုံးသတ်သွားလိမ့်မယ်လို့ ခံစားနေမိတယ်… အဲ့ဒါက ဘယ်လိုအဆိပ်ပါလဲ ”

ခေါင်းဆောင်၏ နှလုံးသားထဲမှာ အံ့ဩမှုဖြင့် ပြည့်နှက်နေစဉ် ရွှီချင်း၏ အရှိန်အဝါသည် နောက်ထပ် မြင့်တတ်သွားပြန်သည်။

ဤတစ်ကြိမ်မှာတော့ အရှိန်အဝါပေါက်ကွဲမှု၏ အရင်းအမြစ်သည် ခရမ်းလနတ်နန်းတော်ထံမှ ဖြစ်သည်။

တားမြစ်အဆိပ်စွမ်းအားနှင့် ခရမ်းသလင်းကျောက်သည် ကြားဖြတ်နှောင့်ယှက်ပြီး အနီရောင်လထံမှ နတ်ဘုရားအရင်းအမြစ်၏ အပိုင်းအစတစ်ခုကို လုယက်ခဲ့ကာ ရွှီချင်း၏ အသိစိတ်ပင်လယ်ထဲသို့ ပို့လွှတ်ခဲ့ပြီး ခရမ်းလကို ဖြစ်ပေါ်စေခဲ့သည်။

ယင်းက ရွှီချင်း၏ ပစ္စည်းဖြစ်လာသောကြောင့် ခရမ်းရောင်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ရှေးခေတ်ကာလကတတည်းက ထိုသို့ဖြစ်ရပ်မျိုးသည် အလွန်အမင်း ရှားပါးသည်။ ယေဘုယျအားဖြင့် နတ်ဘုရားများတွင် အဆင့်တူညီသော နတ်ဘုရားများ သို့မဟုတ် အဆင့်ပိုမြင့်သော နတ်ဘုရားများသည်သာ တစ်ယောက်နှင့်တစ်ယောက် လုယက်ကြလေ့ရှိသည်။

သို့ကြောင့် နီလာနတ်သမီးက သူ့နတ်ဘုရားအရင်းအမြစ်၏ အပိုင်းအစတစ်ခုက ပျောက်သွားသည်ဟု သတိပြုမိသောအခါ သူနိုးလာသည့်နှင့်ချက်ချင်း ပထမဆုံး လုပ်ဆောင်သည့်အရာသည် သတိကြီးစွာထားရှိခြင်း ဖြစ်သည်။ သူ့မှာ အနန္တတန်ခိုးနှင့် အနန္တအသိဉာဏ်ရှိသော်လည်း နတ်ဘုရားအရင်းအမြစ်၏ အပိုင်းအစနှင့်ပတ်သက်ပြီး မည်သည့်သဲလွန်စကိုမှ မရှာနိုင်ခဲ့ပေ။

ထိုနတ်ဘုရားအရင်းအမြစ်၏ အပိုင်းအစက လေထဲမှာ ပျောက်သွားသည့်အတိုင်းပင်။

သို့ဖြစ်၍ တခြားနတ်ဘုရားတစ်ပါးက သူ့ထံသို့ မကောင်းသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်မည်ဟု နီလာနတ်သမီးက ချက်ချင်း တွေးမိသွားသည်။

ဤအခိုက်အတန့်မှာ ခရမ်းလနတ်နန်းတော်ထဲတွင် မူလက အနီရောင်လပိုင်ဆိုင်သော နတ်ဘုရားအရင်းအမြစ်၏ စွမ်းအားသည် လျှင်မြန်စွာ အသွင်ပြောင်းလဲသွားသည်။ ခရမ်းလအတွင်းရှိ မှုန်ဝါးဝါးပုံရိပ်တစ်ခုသည် ရုပ်သဏ္ဍာန်ပေါ်လာပြီး အပြင်သို့ လျှောက်လာသည်။

ထိုသူသည် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခရမ်းရောင်ဆံပင် ရှိသည်။ ထိုသူ၏ အသွင်ပုံစံသည် နီလာနတ်သမီးနှင့်ဆင်တူ၏။ သို့သော်လည်း မျက်နှာသည်တော့ ရွှီချင်း၏ မျက်နှာဖြစ်သည်။

ဤသည်မှာ ရွှီချင်း၏ ခရမ်းလတာအိုနတ်သူငယ် ဖြစ်သည်။

၎င်းထွက်ပေါ်လာသည့်အခိုက် ခရမ်းရောင်ပုံရိပ်၏ နှုတ်ခမ်းထောင့်သည် အပြုံးတစ်ခုနှယ် အပေါ်သို့ ပင့်တတ်သွားသည်။ ၎င်းက ညာလက်ကို ကျက်သရေရှိစွာ မြှောက်လိုက်ပြီး သူ၏ အနောက်မှ ခရမ်းလကို လက်ယပ်ခေါ်လိုက်လေရာ ယင်းက သူ့နဖူးပေါ်၌ အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ၎င်းသည် နတ်နန်းတော်၏ အဆုံးဆီသို့ လျှောက်သွားပြီး ပလ္လင်ပေါ်မှာ ထိုင်ချလိုက်သည်။ ၎င်း၏ အကြည့်သည် အသိစိတ်ပင်လယ်ကို ဖြတ်ကျော်သွားပြီး ရွှီချင်းထံသို့ ကျရောက်သွားသည်။

ရွှီချင်းသည် သူ၏ နတ်ဘုရားအသိစိတ်ကို ဖြန့်ကြက်လိုက်သည်။ ထိုအခါ တာအိုနတ်သူငယ်တိုင်းက သူ့အား ကြည့်နေကြသော ခံစားမှုကို ခံစားသွားရသည်။

တာအိုနတ်သူငယ်များနှင့် တစ်သားတည်းဖြစ်လာသော ခံစားမှုက ရွှီချင်းအား ဤအခိုက်အတန့်မှာ ယခင်က အနီရောင်လ၏ နတ်ဘုရားအရင်းအမြစ်သည် ယခုတော့ သူ့အပိုင်လုံးဝဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ထဲမှာ စတင်ကြီးထွားလာနေကြောင်း နားလည်သွားစေသည်။

အကယ်၍ ယင်းက ဆက်လက်ကြီးထွားသွားနေပြီး မျှော်လင့်ထားသည့်အတိုင်း အရာအားလုံးက ဖြစ်ပေါ်လာမည်ဆိုလျှင် အချိန်ကာလတစ်ခုကြာပြီးနောက် ရွှီချင်း၏ ခရမ်းလတာအိုနတ်သူငယ်သည် အထွတ်အထိပ်သို့ ရောက်ရှိသွားလိမ့်မည်။

ထိုအချိန်ကျလျှင် ၎င်းက အနီရောင်လကို ထိန်းချုပ်နိုင်သွားပြီး ယင်းကို အစားထိုးသွားကာ အဆင့်မြင့်နတ်ဘုရား ခရမ်းလဖြစ်လာလိမ့်မည်။

အမှန်မှာတော့ ထိုအချိန်ကျလျှင် ရွှီချင်းသည် သက်ရှိအားလုံး၏ အသိအမြင်ကို ပြောင်းလဲပစ်ပြီး ယခင်အနီရောင်လကို မေ့လျော့သွားစေကာ ခရမ်းလသည်သာ ခေတ်အမျိုးမျိုးကို ဖြတ်သန်းခဲ့သော ထာဝရတည်ရှိမှုဖြစ်သည်ဟု သူတို့ယုံကြည်သွားအောင် လုပ်ဆောင်နိုင်၏။

“ ဆရာပြောတာ မှန်တယ်… နတ်ဘုရားတွေဆိုတာ တကယ်တော့ ငါတို့ထက် အဆင့်တစ်ဆင့်ပိုမြင့်တဲ့ သက်ရှိတွေပါပဲ… ဒါကြောင့် သူတို့ကို အစားထိုးဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး ဆက်လက် စုပ်ယူလိုက်သည်။

တားမြစ်အဆိပ်ဆေးလုံးနှင့် ခရမ်းလနတ်နန်းတော်၏ တာအိုနတ်သူငယ်များကို ဖွဲ့စည်းပြီးနောက် ယခု သူ့ဆီမှာ တာအိုနတ်သူငယ်ခုနစ်ကောင် ရှိသွားချေ၏။

ထိုအထဲမှ လေးကောင်သည် သက်စောင့်မီးအိမ်လေးခုထံမှ ဖြစ်သည်။

ကျန်နတ်သူငယ်တစ်ကောင်သည် အင်ပါယာအဆင့် ကျင့်ကြံခြင်းအတတ်ဖြစ်သော ရွှေကျီးကန်းအသတ်ဓာတ်သန့်စင်ခြင်းထံမှ ဖြစ်သည်။

ယခု တားမြစ်အဆိပ်ဆေးလုံးနှင့် ခရမ်းလထံမှ နတ်သူငယ်များကို ထည့်ပေါင်းလိုက်သည့်အခါ တာအိုနတ်သူငယ်ခုနစ်ကောင်၏ စွမ်းအားသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲရှိ အစိတ်အပိုင်းတိုင်းမှ ထွက်ပေါ်လာသည်။ ယင်းက သူ၏ တိုက်ပွဲစွမ်းအားကို သိသာစွာ တိုးမြှင့်သွားစေသည်။ အင်မော်တယ်တားမြစ်နယ်မြေဆီသို့ မဝင်ရောက်ခင်ကနှင့် နှိုင်းယှဉ်မည်ဆိုလျှင် ကွာခြားမှုသည် နေ့နှင့်ညပမာ ခြားနားလှသည်။

သို့သော်လည်း ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။

တစ္ဆေအင်ပါယာတောင်ကုန်းက နတ်ဘုရားအဆီအနှစ်ကို ဆယ့်ငါးမိနစ်ပြည့်လုနီးပါး စုပ်ယူပြီးသောအခါ တစ္ဆေအင်ပါယာနတ်နန်းတော်သည် လှုပ်ခါလာပြီး နန်းတော်ထဲမှ တစ္ဆေအင်ပါယာ၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်လာသည်။

မူလခန္ဓာကိုယ်သည် လုံးလုံးပြိုကွဲထွက်သွားပြီး အပျက်အစီးပုံထဲမှ တာအိုနတ်သူငယ်တစ်ကောင် ထွက်ပေါ်လာသည်။

၎င်းက ဖီးနစ်၏ ပြန်လည်ရှင်သန်ခြင်းနည်းလမ်းဖြင့် သေခြင်းတရားမှ အသစ်တဖန် ပေါ်ထွက်လာဟန် ရသည်။

ထိုသို့ဖြင့် ရှစ်ခုမြောက် တာအိုနတ်သူငယ်က ဖြစ်တည်လာသည်။

တာအိုနတ်သူငယ်ရှစ်ကောင်၏ စွမ်းအားသည် မိုးထစ်ချုန်းသံနှင့်အတူ ပေါက်ကွဲထွက်လာပြီး ပဲ့တပ်ထပ်သွားသည်။ ရွှီချင်း၏ ခန္ဓာကိုယ်က တုန်ယင်လာသောအခါ သူ၏ အရှိန်အဝါသည် ကောင်းကင်အထိ ထိုးတတ်သွားသည်။ ထိုအခိုက်အတန့်မှာ သူက မျက်လုံးဖွင့်လိုက်သည်။

သူပထမဆုံး မြင်လိုက်ရသော မြင်ကွင်းသည် ပျက်စီးပြိုလဲနေသော အင်မော်တယ်တားမြစ်နယ်မြေ၏ ကုန်းမြေကျယ်ဖြစ်သည်။

ဒုတိယသူမြင်လိုက်ရသော အရာသည် သူ့အား နောင်တရသော စိတ်ရှုပ်ထွေးသော ခံစားချက်များဖြင့် ငေးကြည့်နေသော ခေါင်းဆောင် ဖြစ်သည်။

“ စီနီယာအကိုကြီး ”

ခေါင်းဆောင်၏ အမူအရာကို သတိပြုမိသောအခါ ရွှီချင်းသည် တွန့်ဆုတ်သွားသည်။

“ ချင်းလေး မင်းရဲ့ကိုယ်နံ့က ပိုပြီးမွှေးလာတယ်ဆိုပေမဲ့ အဆိပ်ကလည်း ပိုပြီးကြောက်စရာကောင်းလာတယ်… မင်းက အရသာမရှိတော့ဘူး… ”

ခေါင်းဆောင်သည် သက်ပြင်းချလိုက်လေသည်။

ရွှီချင်းသည် ခေါင်းဆောင်ကို လျစ်လျူရှုထားလိုက်သည်။ ထို့နောက် သူက မတ်တတ်ထရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ စီနီယာအကိုကြီး နောက်ပြောင်တာရပ်လိုက်တော့… ငါတို့ ဒီကနေ ထွက်သွားသင့်ပြီ ”

All Chapters