ရင်းနှီးသော ခံစားမှု
Vol. 49 Ch. 752
ရွှီချင်းက မတ်တတ်ရပ်လိုက်သည်နှင့် ဘေးပတ်ဝန်းကျင်မှ ဒြပ်နှောများသည် အပြင်ဘက်သို့ အသီးသီးပျံ့နှံ့သွားသည်။ မြူခိုးအတွင်းမှာ အမြင့်ဆယ်ပေရှိသော သူ၏ ခန္ဓာကိုယ်သည် ဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
မူမမှန်သော အားလှိုင်းအတတ်အကျများသည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သူ၏ အရှေ့မှ မြူခိုးပုံစံ ဒြပ်နှောများသည် သူ့အား ဦးညွတ်ပြီး အရိုအသေပေးနေကြသည့်အလား တလိပ်လိပ် ရစ်ခွေသွားသည်။
အမှန်မှာတော့ ရွှီချင်းသည် ဤနေရာမှ ဒြပ်နှောပေါ်ထွက်မှုကို သူ့ကိုယ်ပိုင်စွမ်းအားအား အသုံးပြု၍ အတိုင်းအတာတစ်ခုထိ အစပျိုးနိုင်ကြောင်း အာရုံခံမိသည်။
အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား သေဆုံးပြီးနောက် ဤနေရာမှ အရာအားလုံးသည် သူ၏ ထိန်းချုပ်မှုအောက်သို့ တဖြည်းဖြည်း ရောက်ရှိလာသည်။
“ ကံမကောင်းစွာပဲ ဒီနေရာက ဒြပ်နှောတွေကို အများကြီး စုပ်ယူနိုင်ဖို့ ငါ့ရဲ့လက်ရှိကျင့်ကြံခြင်းက မလုံလောက်သေးဘူး ”
ရွှီချင်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး သူ၏ အလိုရမ္မက်ကို ချိုးနှိမ်လိုက်သည်။
သူက စုပ်ယူနိုင်သေးလျှင်ပင် အချိန်က မရှိတော့ပေ။ အကယ်၍ သူက အတင်းအကျပ် ဆက်လက်စုပ်ယူမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်က သေချာပေါက် ပေါက်ကွဲထွက်သွားလိမ့်မည်။
ဒြပ်နှောများအား ဆက်လက်စုပ်ယူရန် ရွှီချင်းလက်လျော့လိုက်ရသည့် ဒုတိယအကြောင်းအရင်းသည် (ဃ၁၃၂)ထဲမှ နတ်ဘုရားလက်ချောင်းက ဂနာမငြိမ်ဖြစ်နေသောကြောင့် ဖြစ်သည်။
“ ခရမ်းသလင်းကျောက်က နတ်ဘုရားလက်ချောင်းကို အပြည့်အဝ ချိပ်ပိတ်ဖို့ အရမ်းအားနည်းနေတယ်… နတ်ဘုရားလက်ချောင်းသာ ဒီနေရာက ဒြပ်နှောတွေကို စုပ်ယူသွားမယ်ဆိုရင် အဲ့ဒါက အနှေးနဲ့အမြန် ငါ့ခန္ဓာကိုယ်ထဲကနေ ချိုးဖောက်သွားဖို့ ဖြစ်နိုင်လောက်တယ် ”
ရွှီချင်းသည် စိတ်ထဲမှ ထပ်မံသက်ပြင်းချလိုက်သည်။ ခရင်းသလင်းကျောက်က အနည်းငယ် အသုံးမဝင်ကြောင်း သူခံစားသွားရသည်။
ရွှီချင်းက ခံစားချက်ဖြင့် သက်ပြင်းချနေစဉ် ခေါင်းဆောင်သည် ရွှီချင်း၏ အမြင့်ဆယ်ပေရှိသော ခန္ဓာကိုယ်ကို ကြည့်နေရင်း သူ၏ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ကြည့်နေလေရာ မျက်ခုံးပင့်သွားသည်။
ခေါင်းဆောင်၏ အဓိပ္ပာယ်ကို ရွှီချင်း နားလည်သည်။ တဖောက်ဖောက် မြည်သံများနှင့်အတူ အမြင့်ဆယ်ပေရှိသော သူ၏ ခန္ဓာကိုယ်သည် မျက်စိတစ်မှိတ်အတွင်း ပုံမှန်အရွယ်အစားသို့ ပြန်ကျုံ့ဝင်သွားသည်။ တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲတစ်ခုကို ချက်ချင်း အာရုံခံမိသွားသည်။
ဤမတိုင်ခင်က ရွှီချင်းသည် သူ့ခန္ဓာကိုယ်က ထူးခြားကြောင်း သိထားသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်အတွင်းမှ ရွှေချည်မျှင်များကို မထိန်းချုပ်နိုင်ပေ။ သို့ဖြစ်၍ သူသည် နတ်ဘုရားခန္ဓာကိုယ်ကို အပြည့်အဝ ထုတ်လွှတ်ရန် မပြုလုပ်နိုင်ပေ။
ယခုတော့ သူသည် ရွှေချည်မျှင်တချို့ကို ထိန်းချုပ်လာနိုင်ကြောင်း သတိပြုမိသွားသည်။ သူသည် အမြင့်ဆယ်ပေသို့ အတားအဆီးမဲ့စွာ အလွယ်လေး အသွင်ပြောင်းနိုင်သည်။
ပုံမှန်ခန္ဓာကိုယ်နှင့် အမြင့်ဆယ်ပေရှိသော အသွင်ပြောင်းခန္ဓာကိုယ်သည် မတူညီသော အခြေအနေနှစ်ခု ဖြစ်သည်။ ဒုတိယတစ်ခုသည် ရွှီချင်းအား ပိုသန်မာသော စွမ်းအားကို ထုတ်လွှတ်နိုင်အောင် ခွင့်ပြုပေးသည်။
ရွှီချင်းက ပုံမှန်အရွယ်သို့ ပြန်ပြောင်းလဲသွားသည်ကို မြင်သောအခါ ခေါင်းဆောင်သည် စိတ်ကျေနပ်သွားသည်။ စောစောတုန်းက ရွှီချင်းက သူ့ထက် ပိုအကောင်ကြီးလာသည်ကို မြင်လိုက်ရသောအခါ သူ့ခန္ဓာကိုယ်ထဲမှ နောက်ထပ်ချိတ်တံဆိပ်တစ်ခုကို ဖြေလျှော့ရန် စိတ်မထိန်းနိုင်လုနီးပါး ဖြစ်ခဲ့သည်။
သူက စကားပြောတော့မည့်အချိန် ကျယ်လောင်သော ဟိန်းသံတစ်သံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ အက်ကွဲကြောင်းအများအပြားသည် ပြိုကျပျက်စီးလာသည်။ ကြီးမားသော ပိုက်ကွန်အဖြူသည် ကောင်းကင်ပေါ်တွင် ထွက်ပေါ်လာသည်။
အနီးကပ် သေချာကြည့်မည်ဆိုလျှင် ပိုက်ကွန်ကြီး၏ ကြိုးများပေါ်တွင် လူသားကျင့်ကြံသူအများအပြား ရှိနေသည်ကို မြင်နိုင်လိမ့်မည်။
ထိုပိုက်ကွန်ကို ကောင်းကင်၏ အပြင်ဘက်ခြမ်းမှ လူများက ချထားခြင်းဖြစ်ပြီး ယင်းက သူတို့၏ ကြိုးစားအားထုတ်မှုကြောင့် ဆက်လက်ကျယ်ပြန့်လာနေသည်။
ချက်ချင်းဆိုသလို စတုတ္ထအသုတ်မှ လူသားစစ်သည်တော်များသည် အဝေးရှိ ဝင်ပေါက်ထဲမှ ဆင်းသက်လာကြသည်။
ထိုအဖွဲ့၏ ခေါင်းဆောင်သည် သတ္တမမင်းသားမဟုတ်ဘဲ ရုံးတော်သုံးခုမှ စစ်ဗိုလ်ချုပ်များ ဖြစ်ကြသည်။
သူတို့ဆင်းသက်လာသည့်အခိုက် သူတို့၏ အနောက်မှ အရေအတွက်များပြားသော နန်းမြို့တော်မှ စစ်သည်တော်များသည် အရှေ့သို့ ဖြန့်ကြက်သွားကြသည်။ သူတို့က ဒြပ်နှောများကို စတင်ရှင်းလင်းသည်နှင့် ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းများကို ပြန်ပြုပြင်ကြသည်။ သူတို့သည် အင်မော်တယ်တားမြစ်နယ်မြေကို တည်ငြိမ်သွားအောင် အတွင်းနှင့်အပြင်ဘက်မှ အတူတကွ ပူးပေါင်းလုပ်ဆောင်နေကြသည်။
ယင်းသည် လူသားစစ်တပ်က အနည်းငယ် နောက်ကျပြီးမှ ရောက်ရှိလာရသည့် အကြောင်းအရင်းလည်းဖြစ်ကြောင်း သိသာ၏။
ကောင်းကင်ပေါ်မှ အက်ကွဲကြောင်းများကို ပြန်ပြုပြင်ပြီးသွားပြီး လူသားမျိုးနွယ်၏ ဘေးကင်းဇုန်ကို ပြန်လည်ရယူပြီးသောအခါ ရွှီချင်းနှင့် ခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်မှ အမိန့်တော်ဓားများသည် တုန်ခါသွားကြသည်။
အမိန့်တော်တစ်ခု ထုတ်ပြန်လာသည်။
ဤသည်မှာ ပထမအသုတ်မှ တတိယအသုတ်ထိ လူသားကျင့်ကြံသူများသည် နောက်နှစ်နာရီအတွင်း ဤနေရာမှ ထွက်ခွာရန် ဖြစ်သည်။
နှစ်နာရီကြာပြီးနောက် အင်မော်တယ်တားမြစ်နယ်မြေသည် အထူးနယ်မြေတစ်ခုသို့ ပြောင်းလဲသွားလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က ခွင့်ပြုတုံကင်ကို မကိုင်ဆောင်ထားလျှင် အထဲသို့ ခြေတစ်လှမ်းပင် လှမ်းခွင့်မရှိပေ။
တစ်ချိန်တည်းမှာ အကြောင်းကြားမှုကို ရရှိပြီးနောက် အခွင့်အာဏာမရှိဘဲ အနောက်မှာ ကျန်နေခဲ့ကြသူများသည် အမိန့်ဖီဆန်သည့်အတွက် အရေးယူခံရလိမ့်မည်။
“ ဆရာရဲ့ခန့်မှန်းချက်အရ ဒီသတ္တမမင်းသားက လူသားဧကရာဇ်ရဲ့ ညွှန်ကြားမှုတွေကို အောင်မြင်အောင် ပြီးမြောက်နိုင်ခဲ့တယ်… အဲ့ဒါကြောင့် ဒီမှာရှိသမျှ အရာအားလုံးကို သူ့အတွက် ဆုလာဘ်လို့ သတ်မှတ်နိုင်တယ် ”
ခေါင်းဆောင်သည် လှောင်ပြုံး ပြုံးလိုက်သည်။ သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်သို့ ကျရောက်သွားသောအခါ ရူးသွပ်မှုသည် သူ၏ မျက်လုံးထဲမှာ ပေါ်ထွက်လာသည်။ ထို့နောက် သူက တိုးညင်းစွာ ပြောသည်။
“ ဂျူနီယာညီလေး မင်းအရင်ထွက်သွားနှင့်ပါ… ငါဒီမှာ ခဏလောက် ဆက်နေလိုက်ဦးမယ် ”
ရွှီချင်းသည် ခေါင်းဆောင်ကို လှည့်ကြည့်လိုက်လေရာ သူ့မျက်လုံးထဲမှ ရူးသွပ်မှုကို သတိပြုမိသွားသည်။ စီနီယာအကိုကြီး၏ မျက်လုံးထဲ၌ ထိုသို့အကြည့်မျိုးရှိနေသည့်အခါ သူ့ကို ဖျောင်းဖျရန် မလွယ်ကူကြောင်း သူနားလည်သည်။
ရွှီချင်းသည် တစ်ချက်တွေးတာပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ ကောင်းပြီ… ဒါဆို ငါအရင်သွားနှင့်မယ်… ဆရာက ဒီနေရာက အကောင်းဆုံးပစ္စည်းကို ရသွားပြီးပြီဆိုတော့ အပြင်မှာ ငါ့ကို စောင့်နေလိမ့်မယ်… ငါသွားပြီး ဆရာနဲ့ခွဲဝေလိုက်မယ်… ဘာမှစိတ်မပူပါနဲ့ စီနီယာအကိုကြီး… မင်းက ဒီမှာဆက်နေပြီ ပျော်စရာလေးတွေ ရှာလိုက်ပါ ”
စကားဆုံးသည်နှင့် ရွှီချင်းသည် အဝေးသို့ လျှောက်သွားသည်။
ခေါင်းဆောင်သည် တစ်ခဏ ဆွံ့အသွားပြီးနောက် ရွှီချင်း၏ ဘေးသို့ အမြန်ပြေးလိုက်သွားသည်။
ရွှီချင်းသည် အံ့ဩသွားသည်။
“ စီနီယာအကိုကြီး အခု ငါက စစ်စခန်းဆီ ပြန်နေတာနော်… မင်းက ဘာလိုက်လုပ်မလို့လဲ ”
ခေါင်းဆောင်သည် ရယ်မောလိုက်ပြီး ရွှီချင်းကို ပခုံးဖက်လိုက်သည်။
“ ငါစိတ်ပြောင်းသွားပြီ… အဲ့ဒီအဖိုးကြီးက အရမ်းဉာဏ်များတာ… သူနဲ့ဘယ်လိုဆက်ဆံရမလဲ မင်းကောင်းကောင်းမသိမှာကို ငါစိုးရိမ်တယ်… ထားလိုက်ပါတော့ ထားလိုက်ပါတော့… ငါ့ဂျူနီယာညီလေးအတွက် ဒီနေရာက ရတနာတွေကို ငါလျစ်လျူရှုလိုက်တော့မယ် ”
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ခေါင်းဆောင်၏ မျက်လုံးတည့်တည့်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်သည် ရိုးသားဖြူစင်သော အမူအရာဖြင့် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ထို့နောက် သူက မြန်မြန်သွားရန် တိုက်တွန်းသည်။
ထိုသို့ဖြင့် သူတို့နှစ်ယောက်သည် စစ်စခန်းဆီသို့ လမ်းတစ်လျှောက် အရှိန်တင်လိုက်ကြသည်။ တစ်နာရီကြာပြီးနောက် သူတို့နှစ်ယောက်သည် သူတို့ကိုယ်သူတို့ ဖုံးကွယ်ရန် ဒြပ်နှောတချို့ကို ကူးစပ်သွားစေပြီး လူသားစစ်တပ်တည်ဆောက်ထားသော ဘေးကင်းဇုန်ဆီသို့ ပြန်ရောက်သွားကြသည်။
ဤနေရာတွင် ဒြပ်နှောများကို ဖယ်ရှားနိုင်သော ဓမ္မလက်နက်များရှိသော်လည်း ဒြပ်နှောကျူးကျော်ဝင်ရောက်မှုက ဆက်ရှိနေသေးသည်။ မြေပြင်ပေါ်တွင် အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲနေသော သန္ဓေပြောင်းအသွေးအသားများကို မြင်တွေ့နိုင်ပေသည်။
နီလာနတ်သမီး၏ ဆင်းသက်လာမှုနှင့် အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား၏ ရုန်းကန်မှုက ဤနေရာကိုပါ သက်ရောက်ခဲ့ကြောင်း ရှင်းလင်းသည်။ အခြေခံအားဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ကြသော ကျင့်ကြံသူတိုင်းသည် ဒြပ်နှောများဖြင့် ဖုံးလွှမ်းခံထားရကြသည်။ သူတို့သည် ဒြပ်နှောကို ဖိနှိပ်ထားနိုင်ရုံမျှသာ တတ်စွမ်းကြသည်။ ယင်းကို သူတို့ဖယ်ရှားချင်လျှင် ဤနေရာမှ အမြန်ဆုံး ထွက်ခွာကြရလိမ့်မည်။
ဤအခိုက်အတန့်မှာ လူအများအပြားသည် လေပေါ်သို့ မြှောက်တတ်သွားနေကြပြီး ထွက်ပေါက်ဆီသို့ ပျံသန်းသွားနေကြသည်။
ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူသည် လူအများကြီးကို မသိပေ။ လူအုပ်ထဲတွင် ချင်းချိုးနှင့် ခုန်းရှန်းလုံကို မမြင်တွေ့သောကြောင့် သူ၏ အမိန့်တော်ဓားကို ထုတ်ယူလိုက်ပြီး အကျိုးအကြောင်းမေးရန် အသံပို့လွှတ်လိုက်သည်။
ထိုအခါ ချင်းချိုးသည် ခုနစ်ရက်ကြာပြီးနောက် ထွက်ခွာသွားခဲ့ကြောင်းနှင့် ခုန်းရှန်းလုံသည် သိပ်မကြာခင်ကမှ ထွက်ခွာသွားခဲ့ကြောင်း သူသိလိုက်ရသည်။
ရွှီချင်း၏ အသံပို့လွှတ်မှုကို ရရှိပြီးနောက် ခုန်းရှန်းလုံက သူ့အား အပြင်ဘက်တွင် စောင့်နေရန် ပြောသည်။
အားလုံးက အဆင်ပြေပြေရှိနေကြောင်း သိရှိပြီးနောက် ရွှီချင်းသည် စိတ်ထဲမှ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။
ယခင်က သူတို့ဆရာ၏ တည်ရှိမှုကြောင့် တခြားလူများကို အကျိုးအကြောင်းပြောပြရန် သူတို့အတွက် အဆင်မပြေသလို သူတို့အနောက်သို့လိုက်ခိုင်းရန်လည်း ခွင့်မပြုနိုင်ပေ။ မည်သို့ဖြစ်စေ ထိုအချိန်တုန်းက ရွှီချင်း၏ တည်နေရာသည် အမှန်တကယ် ပိုပြီးအန္တရာယ်များသည်။
သို့ဖြစ်၍ ရွှီချင်းနှင့် ခေါင်းဆောင်က တိတ်တဆိတ် ထွက်သွားကြပြီးနောက် ခုန်းရှန်းလုံနှင့် ချင်းချိုးကို ဂရုစိုက်ရန် အချိန်မရှိခဲ့ပေ။ သို့သော် သူသည် ဤနေရာတွင် အပြောင်းအလဲကြီးတစ်ခု ရှိလာလိမ့်မည်ဟု သူတို့အား ပြောပြခဲ့ပြီး ပိုပြီးသတိထားကြရန် မှာကြားခဲ့သည်။
ချင်းချိုးက ရွှီချင်း၏ စကားကို နားထောင်ခဲ့သည်မှာ ရှင်းလင်း၏။ ခုန်းရှန်းလုံက အစောကြီး ထွက်မသွားခဲ့သော်လည်း သူ၏ စကားမှတဆင့် သူသည်လည်း ဘေးကင်းလုံခြုံသည်။
ထို့ကြောင့် ရွှီချင်းနှင့် ခေါင်းဆောင်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ဆုံးဖြတ်ချက်ပြတ်သားမှုက သူတို့၏ မျက်လုံးထဲမှာ ပေါ်ထွက်လာသည်နှင့် ကောင်းကင်ဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
သူတို့သည် အလွန်မြန်ဆန်စွာ ရွေ့လျားသွားနေကြသည်။ ကောင်းကင်ပေါ်သို့ သူတို့ဆက်လက်ပျံသန်းသွားသည်နှင့် အင်မော်တယ်တားမြစ်နယ်မြေသည် သူတို့၏ မျက်လုံးထဲမှာ တဖြည်းဖြည်း ကျုံ့သွားသည်။
အမြင့်တစ်နေရာသို့ သူတို့ရောက်ရှိသွားသည့်အခါ နီလာနတ်သမီး ချန်ထားခဲ့သော ဧရာမလက်ဝါးရာကြီးကို နောက်ဆုံးတွင် ရွှီချင်းမြင်သွား၏။ အင်မော်တယ်တားမြစ်နယ်မြေနတ်ဘုရား တည်ရှိခဲ့သော အနောက်ပိုင်းဒေသတွင် ယခု အလွန်ရှည်လျားသော လျှိုမြောင်ကြီးတစ်ခု ရှိနေသည်ကိုလည်း သူမြင်သွားသည်။
အမြင့်နေရာမှပင်လျှင် ဧရာမလက်ဝါးကြီး၏ ကြောက်မခန်းလိလိ အရွယ်အစားနှင့် ထိတ်လန့်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများကို သတိပြုမိနိုင်သည်။ သို့ဖြစ်၍ နီလာနတ်သမီး၏ စွမ်းအားက မည်မျှကြောက်စရာကောင်းကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
ရွှီချင်း၏ အကြည့်က အောက်ဘက်သို့ ကျရောက်သွားနေစဉ် အကြောက်တရားက သူ၏ နှလုံးသားထဲမှာ တိုးထွက်လာနေသည်။ သူ၏ ဘေးမှ ခေါင်းဆောင်သည် လေသံတိုးတိုးဖြင့် ပြောသည်။
“ နီလာနတ်သမီးက နတ်ဘုရားကို အောင်အောင်မြင်မြင် ဝါးမျိုနိုင်သွားတယ်… ဝါးမျိုပြီးရင် သူက အိပ်မောကျသွားလိမ့်မယ်ဆိုပေမဲ့ အစာခြေဖျက်ပြီး သူနိုးလာတဲ့အခါ အရင်ကထက် ပိုပြီးကြောက်စရာကောင်းလာလိမ့်မယ်… လူသားဧကရာဇ်မှာ နောက်ထပ်အစီအစဉ်တွေ ရှိသေးသလားဆိုတာ ငါသိချင်မိသား ”
ရွှီချင်းသည် ဤမေးခွန်းကို ယခင်က တွေးကြည့်ခဲ့ဖူးသည်။ သို့သော် အဖြေကို သူရှာမတွေ့ခဲ့ပေ။
သူတို့နှစ်ယောက်သည် အကြည့်ပြန်ရုပ်သိမ်းလိုက်ပြီး ကောင်းကင်ပေါ်မှ ထွက်ပေါက်ဆီသို့ တိတ်ဆိတ်စွာ ပျံသန်းသွားကြသည်။ ထို့နောက် သူတို့သည် အင်မော်တယ်တားမြစ်နယ်မြေထဲမှ ထွက်ခွာသွားကြပြီး အကျဉ်းထောင်ဌာန၏ အတွင်းပိုင်းထဲမှ ပျက်စီးနေသော စည်းချအစီအရင်၏ တည်နေရာဆီသို့ ရောက်ရှိသွားကြသည်။
သူတို့သည် ထိုနေရာမှစ၍ လမ်းတစ်လျှောက်လုံး အရှိန်တိုးမြှင့်ပြီး ပျံသန်းသွားကြလေရာ စည်းချအစီအရင်များမှ ဖြစ်ပေါ်လာကြသော ပိုက်ကွန်အများအပြားကို ဖြတ်ကျော်သွားခဲ့သည်။ ထိုစည်းချအစီအရင်သည် ဤနေရာမှ ဒြပ်နှောများအား သီးခြားခွဲထုတ်ရန် ဖြစ်သည်။
သူတို့နှစ်ယောက်သည် စည်းချအစီအရင်များကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက် သူတို့၏ ဦးခေါင်းထက်မှ ထွက်ပေါက်ကို မြင်သွားသည်။ တစ်ချိန်တည်းမှာ မည်းနက်နေသော ကောင်းကင်ကိုလည်း သူတို့မြင်သွားကြသည်။
ဤအခိုက်အတန့်မှာ အပြင်လောကသည် ညအချိန်သို့ ကျရောက်နေ၏။
အသက်ဆယ်ခါရှူချိန်ကြာပြီးနောက် သူတို့၏ ပုံရိပ်များသည် တွင်းပေါက်ထဲမှ ပျံသန်းထွက်လာကြပြီး အပြင်လောကဆီသို့ ပြန်ရောက်ရှိသွားကြသည်။
လန်းဆန်းလတ်ဆတ်သော အေးစက်စက်လေပြေက သူတို့နှစ်ယောက်အပေါ်သို့ တိုက်ခတ်သွားလေရာ သူတို့၏ ဆံပင်ရှည်သည် ယိမ်းနွဲ့သွားပြီး အဝတ်အစားများသည် တဖျပ်ဖျပ် လှုပ်ခတ်သွားသည်။
ချိပ်ပိတ်ထားသော အင်မော်တယ်တားမြစ်နယ်မြေနှင့် နှိုင်းယှဉ်လျှင် သူတို့အပေါ် တိုက်ခတ်လာသော ဤလေပြေသည် စိတ်ကို ချက်ချင်း ကြည်လင်လန်းဆန်းသွားစေသည်။
ကောင်းကင်ပေါ်မှ လမင်းသည်လည်း အနီရောင်မဟုတ်ချေ။
ယင်းက ရွှီချင်းနှင့် ခေါင်းဆောင်ကို မသိစိတ်မှ စိတ်သက်သာရာရစွာ သက်ပြင်းချသွားစေသည်။
အဝေးမှ စစ်စခန်းများသည် ပျောက်ကွယ်သွားကြသည်။
နန်းမြို့တော်မှ စစ်သည်တော်များသည် သန်းပေါင်းများစွာရှိသည်။ သူတို့အားလုံး အင်မော်တယ်တားမြစ်နယ်မြေထဲသို့ ဝင်ရောက်ရန် မည်သို့မှမဖြစ်နိုင်ပေ။ ထို့အပြင် သူတို့၏ အပြန်လမ်းတစ်လျှောက်တွင် ရွှီချင်းနှင့် ခေါင်းဆောင်သည် အင်မော်တယ်တားမြစ်နယ်မြေထဲသို့ ဝင်ရောက်နေကြသော နန်းမြို့တော်မှ စစ်သည်တော်တစ်သန်းကျော်ကို မြင်တွေ့ခဲ့ကြသည်။
ရွှီချင်းက ဇဝေဇဝါဖြစ်နေစဉ် ခုန်းရှန်းလုံကို မြင်သွားသည်။
ခုန်းရှန်းလုံသည် တွင်းပေါက်၏ အစွန်အဖျားတစ်နေရာတွင် တင်ပျဉ်ခွေလျက် ရွှီချင်းကို ထိုင်စောင့်နေသည်။ ရွှီချင်းကို သူမြင်လိုက်သောအခါ မတ်တတ်ထရပ်လိုက်ပြီး အမြန်ချဉ်းကပ်လာသည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒြပ်နှောများသည် အလွန်မများပေ။ ယင်းတို့က လွင့်ပြယ်နေသည်။ သိသာစွာပင် သူသည် အပြင်သို့ ပြန်ရောက်သွားသည်နှင့် နည်းလမ်းတချို့ကို အသုံးပြု၍ ဒြပ်နှောများကို အမြန်ဖယ်ရှားနေခဲ့သည်။
သူသည် အနားရောက်လာသည်နှင့် ရွှီချင်း၏ အကြည့်က စစ်စခန်း၏ တည်နေရာဆီသို့ ရောက်ရှိနေကြောင်း သတိပြုမိသွားသည်။ ခုန်းရှန်းလုံက ရှင်းပြသည်။
“ သူတို့အားလုံးထွက်သွားကြပြီ… လွန်ခဲ့တဲ့ငါးရက်က ဒေသငယ်မြို့တော်ရဲ့ တည်နေရာပြောင်းရွှေ့အစီအရင်ကို အသုံးပြုပြီး ရှေ့တန်းကို ထွက်သွားကြတယ်လို့ ငါကြားတယ် ”
“ ငါလည်း ဒီပြန်ရောက်လာမှ သိတာ… ရှေ့တန်းမှာ ကိစ္စကြီးတစ်ခုခု ပေါ်လာတာဖြစ်ရမယ်… ဘာလို့လဲဆိုတော့ သတ္တမမင်းသားလည်း လွန်ခဲ့တဲ့တစ်နာရီကမှ တည်နေရာပြောင်းရွှေ့သွားခဲ့တယ်… ဒီတစ်ကြိမ်တော့ ဖုန်းဟိုင်ဒေသငယ်က ဘယ်ကျင့်ကြံသူမှ စစ်မှုထမ်းဖို့ မဆင့်ခေါ်ခံရဘူး ”
ရွှီချင်း၏ အကြည့်သည် အေးခဲသွားပြီး သူ့ဆရာ၏ ခန့်မှန်းမှုကို ပြန်သတိရသွားသည်။ လူသားဧကရာဇ်၏ လုပ်ဆောင်မှုအားလုံးသည် စစ်ပွဲအတွက်သာ ဖြစ်သည်။ ယခု နီလာနတ်သမီးကို အိပ်စက်စေမည့် လူသားဧကရာဇ်၏ ဗြောင်ကျသော အစီအစဉ်က ပြီးမြောက်သွားသည်နှင့် စစ်တပ်ကို ရှေ့တန်းဆီသို့ ပြောင်းရွှေ့သွားစေသည်။
“ ကိစ္စအကြီးကြီး ဖြစ်လာတော့မယ် ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ခေါင်းဆောင်ကို လှည့်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်မှာ ခေါင်းဆောင်သည်လည်း သူ့အား ကြည့်နေသည်။
သူတို့နှစ်ယောက်၏ စိတ်ထဲမှာ တူညီသောအတွေး ရှိကြသည်။
ဤသည်မှာ လူသားမျိုးနွယ်၏ ဒေသစစ်လက်နက်က မကြာမီ ပြန်ထွက်ပေါ်လာတော့မည် ဖြစ်သည်။
‘ မကြာခင် အားလုံးရှင်းသွားလောက်တယ် ’
ခေါင်းဆောင်သည် အသံပို့လွှတ်သည်။
ရွှီချင်းက နက်နက်နဲနဲ တွေးတောတော့မည့်အချိန် ခုန်းရှန်းလုံသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။
“ ရွှီချင်း… ဒီကိစ္စမှာ ငါအဖြေမရှာနိုင်တဲ့အရာတွေ အများကြီးရှိတယ်လို့ ခံစားမိတယ်… တကယ်လို့ မင်းတစ်ခုခုကို ခန့်မှန်းမိတာရှိရင် ငါ့ကိုပြောပြဖို့ သတိရပါ ”
ထိုသို့ပြောပြီးနောက် ခုန်းရှန်းလုံသည် ဆေးပုလင်းနှစ်လုံးကို ထုတ်လိုက်ပြီး ရွှီချင်းနှင့် ခေါင်းဆောင်ဆီသို့ ကမ်းပေးလိုက်သည်။
“ အဲ့ဒါတွေက ဓာတ်ပြယ်ဆေးလုံးတွေ… အင်မော်တယ်တားမြစ်နယ်မြေရဲ့ ဝင်ပေါက်ကို စည်းချအစီအရင်တွေနဲ့ အထပ်ထပ်ပိတ်ဆို့ထားပေမဲ့ ဒြပ်နှောတွေက စိမ့်ထွက်လာနေသေးတယ်… ပြီးတော့ ပြန်ရောက်လာကြတဲ့ လူအများစုက အရမ်းများပြားတဲ့ ဒြပ်နှောတွေရဲ့ လွှမ်းခြုံခံခဲ့ရတယ်… ဒါကြောင့် ဓာတ်ပြယ်ဆေးလုံးတွေက ရောင်းကုန်သွားပြီ… အခု အဲ့ဒါကို သွားဝယ်ဖို့ဆိုတာ တော်တော်မလွယ်ဘူး ”
“ အဲ့ဒါတွေက အရင်က ငါသိမ်းဆည်းထားတဲ့ဟာတွေ ”
ခေါင်းဆောင်သည် တဟားဟား အော်ရယ်လိုက်ပြီး ခုန်းရှန်းလုံထံမှ လှမ်းယူလိုက်သည်။ သူက ပုလင်းအဖုံးကို ဖွင့်လိုက်ပြီးနောက် အထဲမှ ဓာတ်ပြယ်ဆေးလုံးနှစ်လုံးကို မျိုချလိုက်သည်။
ဆေးရနံ့သည် ပုလင်းထဲမှ ပျံ့နှံ့ထွက်လာပြီး ဘေးပတ်ဝန်းကျင်မှ လေထုထဲသို့ စိမ့်ဝင်သွားလေရာ ဤနေရာမှ ဒြပ်နှောများကို အနည်းငယ် လွင့်ပြယ်သွားစေသည်။
ဘေးမှ အနံ့ခံမိသော ရွှီချင်းသည် ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်တစ်ခုကို ခံစားမိသွားသည်။ ထိုဆေးရနံ့ထဲတွင် သိမ်မွေ့သော တစ်စုံတစ်ခု ရောနှောပါဝင်နေသည့်အလားပင်။ မသဲမကွဲသော ရင်းနှီးမှုကို ခံစားမိသောကြောင့် သူသည် အနားတိုးကပ်သွားပြီး ရှူရှိုက်လိုက်သည်။
ဓာတ်ပြယ်ဆေးလုံးသည် ဆေးလုံးဖြူပေါ်မှာ လက်ထောက်ဒေသအကြီးအကဲ၏ တိုးတတ်မှုရလဒ်ဖြစ်သည်။ ယင်း၏ အကျိုးသက်ရောက်မှုသည် ဆေးလုံးဖြူထက် နှစ်ဆပိုအစွမ်းထက်သည်။ ယင်းက လူသားမျိုးနွယ်အတွက် အကျိုးဖြစ်ထွန်းစေခဲ့သည်။ ထို့နည်းတူ ယင်းသည် ဖုန်းဟိုင်ဒေသငယ်၏ ကြီးမြတ်သော အကျိုးဆောင်မှု ဖြစ်သည်။
သို့သော် ကံမကောင်းသည်မှာ ကုန်းကြမ်းပစ္စည်းများက အလွန့်အလွန် ရှားပါးပြီး ဆေးလုံးသန့်စင်ရန် ခက်ခဲသောကြောင့် ဓာတ်ပြယ်ဆေးလုံးများကို ဒေသငယ်တစ်ခုလုံးသို့ မဖြန့်ဖြူးနိုင်ခဲ့ပေ။ ဒေသငယ်မြို့တော်အတွင်းကိုသာ ဦးစားပေး ဖြန့်ဖြူးခဲ့သည်။
သို့သော်လည်း ဤနှစ်များတွင် ယင်းက လူအများအပြားကို အကျိုးဖြစ်ထွန်းစေခဲ့သည်။ အထူးသဖြင့် ဈေးနှုန်းတွင် ဓာတ်ပြယ်ဆေးလုံးက ဆေးလုံးဖြူများထက် အများကြီး နိမ့်ကျသောကြောင့် သာမန်လူများပင် ယင်းကို သုံးစွဲနိုင်ကြသည်။
သူသည် ဓာတ်ပြယ်ဆေးလုံးကို မလိုအပ်သော်လည်း သူ့ကိုယ်ပိုင် လျှို့ဝှက်ချက်တချို့ကြောင့် ဆေးလုံးကို လက်ခံယူလိုက်သည်။ ထို့နောက် ရွှီချင်းသည် ခုန်းရှန်းလုံကို ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ပြီး သူတို့ဆရာ၏ ထင်မြင်ချက်ကိုလည်း ပြောပြလိုက်သည်။
ယခင်က အပြောင်းအလဲများစွာ ဖြစ်ပေါ်လာနိုင်သောကြောင့် ကိစ္စအတော်များများကို မပြောပြနိုင်ခဲ့ပေ။ ယခု အရာအားလုံးက ပြီးဆုံးသွားပြီဖြစ်၍ ခုန်းရှန်းလုံသည် အမှန်တရားကို သိရှိထားရန် အရည်အချင်းပြည့်မီသည်။
ရွှီချင်း၏ စကားကိုကြားသောအခါ ခုန်းရှန်းလုံ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရအောင် တုန်ခါလာသည်။ သူ၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာပြီး မျက်လုံးသည် နီမြန်းလာသည်။ သူက လက်သီးဆုပ်ခြင်း ဖြေလျှော့ခြင်းကို အကြိမ်ရေအနည်းငယ် ပြုလုပ်လိုက်သည်။
သူက ရုံးတော်သခင်၏ သေဆုံးမှုကို ပြန်သတိရသွားပြီး တစ်စုံတစ်ရာကို ပြောချင်နေသည်မှာ ရှင်းလင်း၏။ သို့သော်လည်း အဆုံးထိ သူက နှုတ်ဆိတ်နေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် သူက လက်သီးဆုပ်ထားခြင်းကို ဖြေလျှော့လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။
“ ငါတို့လူသားမျိုးနွယ် ဒီစစ်ပွဲမှာ အနိုင်ရမယ်လို့ မျှော်လင့်ပါတယ် ”
ခုန်းရှန်းလုံ၏ အမူအရာသည် လွမ်းဆွေးသောပုံစံသို့ ပြောင်းလဲသွားသည်။ ထို့နောက် သူက ရွှီချင်းကို လက်ဝှေ့ယမ်းပြလိုက်ပြီး အဝေးသို့ လျှောက်သွားသည်။ သူ၏ ထွက်ခွာသွားသော ပုံရိပ်သည် အထီးကျန်နေဟန် ရသည်။ သူသည် အသက်ငယ်ငယ်သာ ရှိသေးသော်လည်း သူ၏ ဘေးနားတစ်ဝိုက်မှ လေထုထဲတွင် အထီးကျန်မှုနှင့် ဝမ်းနည်းပူဆွေးမှုက ပျံ့လွင့်နေလေသည်။
“ ခုန်းရှန်းလုံက စိတ်ဝင်စားဖို့ကောင်းတယ် ”
ခေါင်းဆောင်သည် ခုန်းရှန်းလုံ၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေလျက် နူးညံ့စွာ ပြောသည်။