ကွေ့ဟွားပန်းနံ့
Vol. 49 Ch. 753
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ခုန်းရှန်းလုံ၏ အထီးကျန်မှုနှင့် လွမ်းဆွေးမှု၏ အကြောင်းအရင်းကို သူသိသည်။
အင်မော်တယ်တားမြစ်နယ်မြေထဲတွင် သူ့ဆရာ၏ သုံးသပ်မှုကို ကြားပြီးနောက် ရွှီချင်းသည်လည်း သူ့နှလုံးသားထဲမှာ ထိုသိုခံစားချက်မျိုး ရခဲ့သည်။ ရုံးတော်သခင်၊ ဒေသအကြီးအကဲနှင့် ဖုန်းဟိုင်ဒေသငယ်သည်ပင် အစီအစဉ်ကြီးတစ်ခု၏ စတေးခံနယ်ရုပ်များသာ ဖြစ်ကြသည်။
ရုံးတော်သခင်သည် စစ်မြေပြင်သို့ သွားရောက်ပြီး မသေဆုံးမီ ထိုအကြောင်းကို ရှင်းလင်းစွာ နားလည်ထားခဲ့သည်။
သို့သော် ရုံးတော်သခင်သည် သူ့ဘဝတစ်လျှောက်လုံး ဓားကိုကိုင်ဆွဲ၍ လူသားမျိုးနွယ်အပေါ် မယိမ်းယိုင်သော သူ၏ သစ္စာတရားဖြင့် အခက်အခဲများစွာ ရင်ဆိုင်ကျော်လွှားခဲ့သူ ဖြစ်သည်။ သို့ဖြစ်၍ လူသားမျိုးနွယ်၏ အကျိုးအတွက် သူ့အသက်အား စတေးရမည့်အပေါ် မည်သည့်နောင်တမှ မရခဲ့ခြင်းဖြစ်သည်။
သူစိုးရိမ်သော တစ်ခုတည်းသောအရာမှာ သူ၏ မွေးရပ်မြေ၊ သူ၏ မြေးလေးနှင့် သူ့လက်အောက်မှ ငယ်ရွယ်သော စစ်သည်တော်များ ဖြစ်သည်။ သို့ဖြစ်၍ အကြောင်းအားလုံးကို သူသိထားသည့်တိုင် ဖုန်းဟိုင်ဒေသငယ်ကို ကယ်တင်ရန်အတွက် အစီအစဉ်ကြီး၌ မည်သည့်အမှားအယွင်းမှ မရှိစေရန် သူ့အသက်ကို စတေးသွားခဲ့ခြင်း ဖြစ်သည်။
‘ ဖုန်းဟိုင်ဒေသငယ် တည်ရှိနေဦးမယ်ဆိုရင် ငါ့အသက်ကို စတေးရလို့ ဘယ်တော့မှ နောင်တမရဘူး ’
ရွှီချင်းသည် ထိုစာကြောင်းကို ကြိမ်ဖန်များစွာ ပြန်အမှတ်ရခဲ့သည်။ ယင်းထဲမှာ ရုံးတော်သခင် မသေဆုံးမီ သူ၏ စိတ်ဓာတ်ပြတ်သားမှု ပါရှိသည်။
ထို့အပြင် ဤသည်မှာ တကယ့်အမှန်တရားဖြစ်သည်။ ရုံးတော်သခင်သေဆုံးပြီးနောက် သတ္တမမင်းသား၏ စစ်တပ်က အချိန်မီရောက်ရှိလာပြီး အရာအားလုံးကို ဖြေရှင်းပေးခဲ့ကာ လူသားမျိုးနွယ်၏ သူရဲကောင်းများဖြစ်လာကြသည်။
ခုန်းရှန်းလုံသည် ဤအကြောင်းများကို နားလည်သွားပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။
သို့သော်လည်း အဆုံးမှာ သူ၏ ရွေးချယ်မှုသည် သူ့အဖိုးနှင့် အတူတူသာ ဖြစ်သည်။
ဤစစ်ပွဲမှာ လူသားမျိုးနွယ်အနိုင်ရရှိရေးအတွက် ဆုတောင်းပေးရန် သူရွေးချယ်ခဲ့သည်။
သို့မှသာလျှင် သူ့အဖိုး၏ သေဆုံးမှုက ပိုပြီးအဓိပ္ပာယ်ပြည့်ဝတော့ပေမည်။
ရွှီချင်းသည် ညင်သာစွာ သက်ပြင်းချလိုက်ပြီး ခေါင်းဆောင်နှင့်အတူ ဓားအိမ်ယာဆီသို့ တိတ်တဆိတ် လျှောက်သွားသည်။
လမ်းတစ်လျှောက်တွင် ခေါင်းဆောင်သည် မည်သည်စကားမှ မပြောပေ။ ဓားအိမ်ယာဆီသို့ သူတို့ပြန်ရောက်သွားသည့်အခါ ခေါင်းဆောင်သည် ရွှီချင်း၏ ပခုံးကို ပုတ်ပေးလိုက်သည်။
“ ချင်းလေး မင်း… ”
ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ သူ၏ မျက်လုံးထဲ၌ အနက်ရောင် အလင်းတစ်ခု ဖြတ်ပြေးသွားပြီးလျှင် ရုတ်တရက် ပြောသည်။
“ အဲ့ဒါ မမှန်သေးဘူး ”
ခေါင်းဆောင်၏ အကြည့်သည် အေးခဲသွားသည်။
“ ဆရာရဲ့သုံးသပ်မှုက မမှားဘူး… ဒါပေမဲ့ တကယ့်အမှန်တရားက အဲ့ထက် အများကြီးပိုလိမ့်မယ်… အဲ့ဒီကျောက်စိမ်းဖြူလက်ကို အရင်က ငါတစ်ခါမြင်ဖူးတယ် ”
ရွှီချင်းသည် အသေအချာ ပြန်တွေးကြည့်လိုက်ပြီး ဤကိစ္စအပေါ် ပိုပြီးသေချာလာသည်။
ခေါင်းဆောင်သည် မည်သည့်စကားမှ မပြောပေ။
အင်မော်တယ်တားမြစ်နယ်မြေထဲတွင် သူတို့နှစ်ယောက်သည် ကျောက်စိမ်းဖြူလက်နှစ်ခုကို မြင်တွေ့ခဲ့ကြသည်။ တစ်ခုက အလွန်ကြီးမားပြီး တစ်ခုက သေးငယ်သည်။ သေးငယ်သော ကျောက်စိမ်းဖြူလက်သည် နတ်ဘုရားနောက်လိုက်များကို သူတို့ဆရာလေ့လာပြီးနောက် ရရှိလာသောအရာဖြစ်သည်။ သို့ဖြစ်၍ ဧရာမကျောက်စိမ်းဖြူလက်၏ ပိုင်ရှင်သည် ပကတိရှင်းလင်းပြီးနေ၏။
သို့သော်လည်း ခေါင်းဆောင်သည် အစကတည်းက မည်သည့်စကားမှ မပြောခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ရွှီချင်း စိတ်လှုပ်ရှားသွားပြီး သွေးရူးသွေးတန်းဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ရွှီချင်းသည် ဆက်မပြောချေ။ သူက အမူအရာကင်းမဲ့သော မျက်နှာဖြင့် ထိုင်ချလိုက်သည်။
ခေါင်းဆောင်သည် သက်ပြင်းချလိုက်သည်။ ဆရာသည် သူ့အား ကိစ္စတချို့ကို ပြောပြထားဖူးသည်။ သို့ဖြစ်၍ ရွှီချင်း၏ နှလုံးသားထဲမှ လှိုင်းထနေမှုကို သူနားလည်ပေးနိုင်သည်။ သူက တိတ်ဆိတ်နေလျက်သာ အဖော်ပြုပေးလိုက်သည်။
အပြင်ဘက်ကောင်းကင်က တဖြည်းဖြည်း တောက်ပလာသည့်အခါ ရွှီချင်းသည် နှုတ်ဆိတ်လျက် ဆက်လက်ရှိနေသေးသည်ကို သူမြင်သွားသည်။ ခေါင်ဆောင်သည် ချောင်းဟန့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောသည်။
“ ဂျူနီယာညီလေး ဆရာဘာလို့ ပြန်မရောက်သေးတာလဲ မင်းသိလား ”
ရွှီချင်းသည် ခေါင်းခါလိုက်သည်။
“ ဂျူနီယာညီလေး အဖိုးကြီးအပေါ် ငါ့နားလည်မှုအရ အဖိုးကြီးက ငါတို့ဘေးနားမှာ ရှိနေလောက်တယ်လို့ ငါထင်တယ် ”
ခေါင်းဆောင်က ထိုသို့ပြောသည်နှင့် ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ သူ၏ မျက်လုံးထဲတွင် လှိုင်းအတတ်အကျတချို့ ရှိသည်။
“ ငါ့ကိုယုံကြည်လိုက် ချင်းလေး… ဆရာက ချောင်းကြည့်ရတာကို သိပ်သဘောကျတာ… ဂိုဏ်းထဲမှာ မင်းမရှိတုန်းက အဲ့ဒါကို ငါ့ကိုယ်တွေ့ ကြုံဖူးတယ်… ဆရာက ငါတို့ကို ဓားအိမ်ယာထဲမှာ ကြိုစောင့်နေတာ ဖြစ်နိုင်တယ်… ဒါမှမဟုတ် သူက ငါတို့တည်ရှိမှုကို အာရုံခံဖို့ နည်းလမ်းတချို့ကို အသုံးပြုနေတာလည်း ဖြစ်နိုင်တယ် ”
ပထမတော့ ခေါင်းဆောင်သည် ရွှီချင်းစိတ်ပြောင်းအောင် တမင်အကြောင်းရှာခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် စကားပြောနေရင်း သူ၏ မျက်လုံးသည် ပြူးကျယ်လာသည်။ သူ့စကားက အဓိပ္ပာယ်ရှိသည်ဟု ခံစားမိလာသည်။ သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်ကာ ဘေးဘီသို့ စစ်ဆေးကြည့်လိုက်သည်။
“ ဆရာ ဆရာ အပြင်ထွက်လာပါတော့… ကျွန်တော် ဆရာ့ကို မြင်နေရတယ် ”
ခေါင်းဆောင်သည် ထောင့်တစ်နေရာသို့ စိတ်လှုပ်ရှားစွာ ဦးညွတ်လိုက်သည်။
ရွှီချင်းသည် ဇဝေဇဝါဖြစ်သွားသည်။ စောစောက နောက်ကျိနေသော သူ၏ စိတ်ခံစားမှုသည် ခေါင်းဆောင်၏ စကားနှင့် လုပ်ရပ်ကြောင့် အနည်းငယ် လျော့နည်းသွားသည်။ သူက ထောင့်ဆီသို့ ကြည့်လိုက်သည်။
သို့သော်လည်း ခေါင်းဆောင်က မည်သို့ဦးညွတ်ပါစေ ဘာမှမပြောင်းလဲသွားချေ။
ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူက တစ်ခြားထောင့်တစ်နေရာသို့ လှည့်လိုက်ပြီး ဆက်လက်ဦးညွတ်သည်။
“ ဟား ဟား ဆရာ… တကယ်တော့ ကျွန်တော် ဆရာ့ကို မမြင်ပါဘူး… ဆရာ့ရဲ့ အရှိန်အဝါက အဲ့နားလေးမှာရှိတယ်လို့ ကျွန်တော်ခံစားမိလို့ပါ… ကျွန်တော်က အရမ်းနိုးကြားတဲ့လူဆိုတာ ဆရာသိတယ်မလား ”
ခေါင်းဆောင်ဦးညွတ်နေသော ဦးတည်ရာသည်လည်း ယခင်အတိုင်း တိတ်ဆိတ်နေ၏။
ရွှီချင်း၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာဖြစ်ပေါ်လာသည်။ ခေါင်းဆောင်သည် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူသည် တစ်ခဏတွေးတောပြီးနောက် ရုတ်တရက် ရွှီချင်းကို ကြည့်လိုက်သည်။
“ ဂျူနီယာညီလေး မင်းမှာ ဆရာပေးထားတဲ့ မျက်နှာဖုံးရှိသေးတယ်မလား ”
ရွှီချင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မှန်းဆလိုက်သည်။ သူက ဖုံးကွယ်အင်မော်တယ်အတတ်ပညာပါရှိသော လူ့အရေပြားမျက်နှာဖုံးကို ထုတ်လိုက်ပြီး ဘေးတွင် ရိုရိုသေသေ ချလိုက်သည်။ ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး ဦးညွတ်လိုက်သည်။
ခေါင်းဆောင်သည်လည်း တည်ကြည်လေးနက်သော အမူအရာဖြင့် လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။
ထို့နောက် သူတို့သည် အချိန်အတော်ကြာ စောင့်ဆိုင်းသည်။ သို့သော် မျက်နှာဖုံးနှင့်ပတ်သက်ပြီး မည်သည့်အပြောင်းအလဲမှ မရှိပေ။ သို့ကြောင့် သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ စီနီယာအကိုကြီး မင်းရဲ့အတွေးက အရမ်းလွန်ကျူးသွားတဲ့ပုံပဲ ”
“ ငါ့ကိုယုံစမ်းပါ… ဆရာ့အကြောင်း ဘယ်သူမှ ငါ့လောက်မသိပါဘူး ”
ခေါင်းဆောင်သည် လုံးဝယုံကြည်မှုရှိသော အမူအရာဖြင့် ပြောသည်။ သို့သော်လည်း အချိန်သည် ကုန်လွန်သွားပြီး မနက်မှ နေ့လယ်၊ နေ့လယ်မှ ညနေသို့ ပြောင်းလဲသွားသော်လည်း မျက်နှာဖုံးသည် မည်သည့်အပြောင်းအလဲမှ မဖြစ်ပေါ်လာခဲ့ပေ။ သူတို့ဆရာထံမှ မည်သည့်အမှားစကားသံကိုမှ သူတို့မရရှိခဲ့ပေ။
ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်သည် မျက်နှာဖုံးကိုကြည့်လိုက်ပြီး အံတင်းတင်းကြိတ်လိုက်သည်။
“ ဂျူနီယာညီလေး… ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး… ငါ့ဝှက်ဖဲကဒ်ကို ထုတ်သုံးမှပဲဖြစ်တော့မယ် ”
ထိုသို့ပြောပြီးနောက် ရွှီချင်း၏ စိတ်ဝင်စားမှုအောက်မှာ ခေါင်းဆောင်သည် ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ဂျူနီယာညီလေး ငါမင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်… ငါဘာကြောင့် အမျိုးသမီးကျင့်ကြံသူတွေ လက်ဆောင်တွေအများကြီးရတဲ့ ပြဿနာအပေါ် စိတ်အားထက်သန်စွာနဲ့ ကူညီပေးနေရသလဲ မင်းသိလား… အဲ့ဒါဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကပေါ့ မင်းရောငါရောသိတဲ့ အဖိုးကြီးတစ်ယောက် ရှိတယ်… သူဘယ်သူလဲ မင်းသိနေမှတော့ ငါမပြောပြတော့ဘူး… အတိုချုပ်ပြောရရင် အဲ့အဖိုးကြီးက အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို လက်ဆောင်ပေးပို့ချင်တယ်… သူက လက်ဆောင်ပေးပြီးတာနဲ့ ညဉ့်နက်သန်းခေါင်မှာ လက်ဆောင်ပြန်ယူဖို့ ငါ့ကို တကယ်ကြီး ခေါ်သွားခဲ့တယ်… ”
“ ပါးစပ်ပိတ်ထား ”
ခေါင်းဆောင်၏ စကားမဆုံးခင် ဒေါသနှင့် ရှက်ရွံ့မှုရောနှောနေသော အသံတစ်သံသည် ဖုံးကွယ်မျက်နှာဖုံးထဲမှ ပျံ့လွင့်ထွက်လာသည်။
ရွှီချင်းသည် ဆွံ့အသွားသည်။ ခေါင်းဆောင်သည် ဘဝင်မြင့်သော အကြည့်ဖြင့် ရွှီချင်းထံသို့ အမြန်ကြည့်လိုက်သည်။ ထို့နောက် သူသည် သနားစရာမျက်နှာငယ်လေးဖြင့် မျက်နှာဖုံး၏ အရှေ့မှာ ဒူးထောက်လိုက်သည်။
“ ဆရာက ကျွန်တော့်ကို သေလောက်အောင် ခြောက်လှန့်တာပဲ… ကျွန်တော်က ဆရာ့ရဲ့ ဘေးကင်းလုံခြုံရေးကို စိုးရိမ်နေတာ… ကျွန်တော့်မှာ တခြားရွေးချယ်စရာမရှိလို့ အခုလိုလုပ်လိုက်ရတာပါ… အခု ဆရာအဆင်ပြေနေတာကို ကြားသိရတော့ ကျွန်တော် စိတ်အေးသွားပါပြီ ”
“ မင်းပါးစပ်ပိတ်ထား… အခု ငါက အသက်လုပြေးနေရတာ ”
သတ္တမသခင်ကြီး၏ အော်ငေါက်သံသည် မျက်နှာဖုံးထဲမှ မြည်ဟိန်းထွက်လာသည်။
ရွှီချင်း၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ ခေါင်းဆောင်သည်လည်း ချက်ချင်း နှုတ်ဆိတ်သွားသည်။ စိုးရိမ်စိတ်သည် သူတို့နှစ်ယောက်လုံး၏ နှလုံးသားထဲမှာ အလိုအလျောက် ထွက်ပေါ်လာသည်။ သူတို့သည် မည်သည့်စကားမှ မပြောတော့ဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
ဤစောင့်ဆိုင်းမှုသည် ညှင်းပန်းနှိပ်စက်ခြင်းတစ်မျိုးပင်။ ရွှီချင်းသည် သူ့ဆရာကို အလွန်စိုးရိမ်သည်။ သူ၏ ဘေးမှ ခေါင်းဆောင်သည်လည်း တည်ကြည်လေးနက်စွာ ရှိနေပြီး သူ၏ မျက်နှာထားက အနည်းငယ် ခက်ထန်နေသည်။
ထိုသို့ဖြင့် တစ်ညတာ ကုန်လွန်သွားသည်။ နောက်တစ်နေ့မနက်သို့ ရောက်သောအခါ မျက်နှာဖုံးသည် အနည်းငယ် လှုပ်ရှားသွားပြီး မြေကြီးပေါ်မှ အပေါ်သို့ မြှောက်တတ်သွားသည်။ ရွှီချင်းနှင့် ခေါင်းဆောင်၏ စိုးရိမ်ပူပန်သော အကြည့်အောက်မှာ သတ္တမသခင်ကြီး၏ အက်ရှရှအသံသည် လွင့်မျောနေသော မျက်နှာဖုံးထံမှ ပျံ့လွင့်ထွက်လာသည်။
“ ဟူး… ငါနောက်ဆုံးတော့ လွတ်မြောက်သွားပြီ… အဲ့ဒါက ဆူးချွန်လေးတစ်ချောင်းပဲ မဟုတ်ဘူးလား… ဒီလောက်ထိ သည်းကြီးမည်းကြီး လိုက်ရှာဖို့ လိုလို့လား ”
သတ္တမသခင်ကြီး၏ စကားကိုကြားသောအခါ ရွှီချင်းနှင့် ခေါင်းဆောင်သည် နောက်ဆုံးမှာတော့ စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားကြသည်။
“ မင်းတို့နှစ်ယောက် အနာဂတ်မှာ အခွင့်အရေးတစ်ခုရှာပြီး ချီယွဲ့ထုံဂိုဏ်းဆီ ပြန်လာခဲ့ကြပါ… ငါဒီတစ်ကြိမ် အတော်လေး အကျိုးအမြတ်ရခဲ့တယ်… အဲ့ဆူးချွန်ကို ငါသန့်စင်ပြီးသွားရင် မင်းတို့တစ်ယောက်စီကို ရတနာကြီးတစ်ခု ငါပေးနိုင်လိမ့်မယ်… အဲ့ဒါက နတ်ဘုရားဆူးချွန် အစစ်အမှန်နတ်ဘုရားရတနာပဲ… ပြီးတော့ အဲ့ဒါက အထူးခန္ဓာကိုယ်ကနေ ရလာတာ ”
“ ခဏနေဦး… မင်းတို့တွေ အရမ်းအစောကြီး ပြန်မလာကြနဲ့ဦး… မဟုတ်ရင် ငါတို့အကြောင်းတွေ ပေါ်ကုန်လိမ့်မယ်… တစ်လကြာပြီးတော့မှ ပြန်လာခဲ့ကြပါ… အဲ့ဒီအချိန်လောက်ဆို ငါသန့်စင်တာလည်း ပြီးလုနီးပါးဖြစ်လောက်ပြီ ”
“ ပြီးတော့ အဲ့ဒီအတောအတွင်း ငါအာရုံပျံ့လွင့်လို့မဖြစ်ဘူး… ဒါကြောင့် မင်းတို့တွေ ဘာပြဿနာမှ လျှောက်မရှာကြနဲ့… ပြီးတော့ တပည့်ကြီး ဒီမျက်နှာဖုံးကို မင်းဝါးမျိုလိုက်ပြီး အဲ့ဒီအရှိန်အဝါကို ဖုံးကွယ်ထားပါ ”
“ အဲ့ဒါကို အခုချက်ချင်းလုပ်ပါ… ငါအခု တံခါးပိတ်ကျင့်ကြံဖို့ နေရာသွားရှာတော့မယ်… ချီယွဲ့ထုံဂိုဏ်းကို မင်းတို့ပြန်ရောက်တော့မှ အဲ့ဒီအကြောင်းကို ဆက်ပြောကြမယ် ”
သတ္တမသခင်ကြီး၏ စကားဆုံးသွားသည့်အခါ မျက်နှာဖုံးသည် မြေကြီးပေါ်သို့ ဖြည်းဖြည်းချင်း ပြန်ပြုတ်ကျသွားပြီး လှုပ်ရှားမှုကင်းမဲ့စွာ ရပ်တန့်သွားသည်။
“ စီနီယာအကိုကြီး ဆရာက… ”
ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။
ခေါင်းဆောင်သည် ပြုံးလိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်းတိုးကာ မျက်နှာဖုံးကို ကောက်ယူလိုက်သည်။ ထို့နောက် ယင်းကို သူ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ သူ၏ လည်မျိုက လူးလွန့်သွားသည်နှင့် မျက်နှာဖုံးကို အတင်းအကျပ် မျိုချပစ်လိုက်သည်။ ထို့နောက် သူက လေချဉ်တတ်လိုက်ပြီး ရွှီချင်းကို မျက်စပစ်ပြလိုက်သည်။
“ အဖိုးကြီးက အခုလို စကားပြောနေနိုင်သေးတာကိုပဲကြည့်… သူက အကောင်းကြီးရှိနေသေးတယ် ”
“ ဘာမှစိတ်ပူမနေနဲ့… ဆရာက ကိစ္စကြီးတွေလုပ်တဲ့နေရာမှာ ငါ့လောက်မတော်ပေမဲ့ ထွက်ပြေးတဲ့အပိုင်းကျရင်တော့… ဆရာ့ထက် ပိုတော်တဲ့လူကို ငါတစ်ခါမှမမြင်ဖူးဘူး… ပြီးတော့ ငါတို့ဆရာက အချိန်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့ နတ်ဘုရားနောက်လိုက်တစ်ယောက်ကို စစ်ဆေးလေ့လာပြီး ဖုံးကွယ်စွမ်းအားကို နားလည်နိုင်ခဲ့တဲ့သူမဟုတ်လား ”
ခေါင်းဆောင်သည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ သူသည် ရွှီချင်းကို မလိမ်ညာပေ။ သူတို့ဆရာ ဘေးကင်းလုံခြုံသည်ဟု အမှန်တကယ် သူယုံကြည်သည်။
ထို့သို့ပြောပြီးနောက် သူက အပြင်ဘက်မှ ကောင်းကင်ကို ကြည့်လိုက်သည်။ သူက စကားပြောတော့မည့်အချိန် သူ၏ အသံပို့လွှတ်ကျောက်စိမ်းပြားသည် တုန်ခါလာသည်။
ရွှီချင်းသည် ချက်ချင်း လှမ်းကြည့်လိုက်သည်။ ခေါင်းဆောင်သည် ကျောက်စိမ်းပြားကို ထုတ်လိုက်ပြီးနောက် မျက်လုံးအရောင်လက်သွားသည်။ သူက နှုတ်ခမ်းသပ်လိုက်ပြီး ရွှီချင်းကိုကြည့်ကာ ရယ်မောလိုက်သည်။
“ ချင်းလေး ငါအခုသွားမှဖြစ်တော့မယ်… ထောင်ထောင်က ငါ့ကို လာရှာနေတယ် ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် ပြည်ထဲရေးရုံးတော်ဆီသို့ အလျှင်အမြန် ထွက်ခွာသွားသည်။ လမ်းတွင် သူသည် မက်မွန်သီးတစ်လုံးကိုပင် ဝယ်ယူသွားခဲ့သည်။ သူက မက်မွန်သီးကို တစ်ကိုက်ဝါးစားလိုက်ပြီးနောက် သူ၏ လက်ကို မြှောက်တင်လိုက်ပြီး လက်ဖဝါးပေါ်မှ ကြီးထွားလာနေသော မျက်လုံးကို ကြည့်လိုက်သည်။
သူက မျက်လုံးကို ကြေးမုံအသွင် အသုံးပြုလိုက်ပြီး သူ၏ အသွင်အပြင်ကို စစ်ဆေးကြည့်ရှုလိုက်သည်။ သူက ယခင်အတိုင်း ချောမောကြည့်ကောင်းနေဆဲဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ၏ မျက်လုံးသည် အရောင်တောက်ပသွားပြီး အရှိန်တင်လိုက်သည်။
ခေါင်းဆောင်၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်နေရင်း ကောင်းချီးအငွေ့အသက်သည် ရွှီချင်း၏ မျက်လုံးထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် သူက အကြည့်ရုပ်သိမ်းလိုက်ပြီး ဟာလာဟင်းလင်းဖြစ်နေသော ဓားအိမ်ယာကို ကြည့်လိုက်သည်။ အလင်းရောင်ပေးခြင်း၏ ကိစ္စကြောင့် ဖြစ်ပေါ်လာသော စိတ်နောက်ကျိမှုသည် ယခု အနည်ကျသွားပြီး ကြည်လင်သွားသည်။
“ တစ်လကြာပြီးနောက် ချီယွဲ့ထုံဂိုဏ်းကို ငါပြန်တဲ့အခါ နတ်မိမယ်ကျစ်ရွှမ်းနဲ့ စကားပြောရမယ် ”
အချိန်ပုလင်းကို ရွှီချင်း၏ နတ်နန်းတော်ထဲသို့ ပေါင်းစပ်ပြီးနောက် သက်ပြင်းချသံတစ်သံသည် သူ၏ စိတ်ထဲမှာ မကြာခဏ ပဲ့တင်ထပ်နေသည်။ အချိန်အတော်ကြာပြီးနောက် သူသည် မျက်လုံးပိတ်လိုက်ပြီး စတင်ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း မကြာမီ သူက မျက်လုံးပြန်ဖွင့်လိုက်ပြီး ခုန်းရှန်းလုံပေးခဲ့သော ဓာတ်ပြယ်ဆေးပုလင်းကို ထုတ်ယူကြည့်လိုက်သည်။
အစောနက တွင်းပေါက်၏ အပြင်ဘက်တွင် ခေါင်းဆောင်က ဆေးလုံးကို ဝါးမျိုလိုက်စဉ် ပျံ့လွင့်လာသော ဆေးရနံ့ထဲမှာ တခြားအနံ့တချို့ ရောနှောပါဝင်နေသည်။
ထိုအချိန်တုန်းက ရွှီချင်းသည် အနည်းငယ် ရင်းနှီးကျွမ်းဝင်သည်ဟု ခံစားမိခဲ့သည်။ သူက ထိုအနံ့ကို ယခင်က တစ်နေရာရာမှာ ခံစားခဲ့ဖူးသည့်အလားပင်။
သို့သော်လည်း အသေးစိတ်ကို သူမသိရသေးသဖြင့် ထိုအကြောင်းကို ခုန်းရှန်းလုံအား မပြောပြခဲ့ပေ။
ယခုတော့ သူစိတ်အေးသွားပြီဖြစ်၍ ထိုကိစ္စကို ပြန်အမှတ်ရသွားသည်။ ထိုအကြောင်းကို အများကြီး ထည့်မစဉ်းစားသော်လည်း သူ၏ သတိကြီးစွာထားတတ်သော အကျင့်စရိုက်ကြောင့် ရွှီချင်းသည် ဆေးပုလင်းအဖုံးကို ဖွင့်လိုက်ပြီး သူ၏ နှာခေါင်းဝအရှေ့တွင် တည့်ထားကာ အနံ့ရှူကြည့်လိုက်သည်။ ထိုဆေးပင်က မည်သည်ဖြစ်ကြောင်း သူက အတည်ပြုချင်နေခြင်း ဖြစ်သည်။
“ ဒီထဲမှာပါတဲ့ ဆေးပင်တွေက အများကြီးပဲ… ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူနှင့်ရင်းနှီးကျွမ်းဝင်ဟန်ရသော ထိုအနံ့ကို ရှာဖွေရန်အတွက် သူက အကြိမ်ရေအနည်းငယ် နောက်ထပ်ရှူကြည့်လိုက်ပြီး သေချာအမျိုးအစားခွဲလိုက်သည်။
မကြာမီ ရွှီချင်းသည် အနံ့ပေါင်းများစွာထဲမှ သူနှင့်ရင်းနှီးကျွမ်းဝင်သော အနံ့တစ်မျိုးကို အာရုံစိုက်နိုင်သွားသည်။
ထိုအနံ့သည် အလွန်အမင်း ပေါ့ပါးသည်။ နတ်ဘုရားခန္ဓာကိုယ်ကို မပိုင်ဆိုင်ခင်က ရွှီချင်းသာဆိုလျှင် ယင်းကို အာရုံခံမိလိမ့်မည်မဟုတ်ပေ။ သူ၏ လက်ရှိခန္ဓာကိုယ်ဖြင့်သာ ယင်းကို ဝေဝေဝါးဝါး အာရုံခံမိသည်။
“ အဲ့ဒါက… ကွေ့ဟွားပန်းနံ့ပဲ ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ သို့သော် နောက်အခိုက်အတန့်မှာ သူ၏ သူငယ်အိမ်သည် ကျုံ့ဝင်သွားပြီး အောက်သို့ ရုတ်ချည်း ခေါင်းငုံ့လိုက်သည်။ သူ၏ အကြည့်က လက်ဖဝါးပေါ်မှ ဆေးလုံးပေါ်သို့ တည့်တည့်ကျရောက်သွားသည်။ မယုံကြည်နိုင်မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာပြီး သူ၏ အသက်ရှူသံသည် တစ်ခါမှမဖြစ်စဖူး မြန်ဆန်လာသည်။
“ ကွေ့ဟွားပန်းနံ့ ”
မိုးထစ်ချုန်းသံက ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားဟန် ရသည်။ သူက အထင်မမှားကြောင်း သေချာအတည်ပြုရန် ဓာတ်ပြယ်ဆေးလုံးကို ခြေမွပစ်လိုက်ပြီး ဆေးမှုန့်ကို သူ၏ နှာခေါင်းဝအရှေ့မှာထား၍ ဂရုတစိုက် အနံ့ခံလိုက်သည်။
ထိုအခါ ကွေ့ဟွားပန်းနံ့သည် ပိုပြီးရှင်းလင်းလာသည်။
ရွှီချင်းသည် တစ်ခဏကြာ ဆွံ့အသွားသည်။ သူ၏ လက်ဖဝါးပေါ်မှ ဆေးမှုန့်သည် လေနှင့်အတူ အောက်သို့ ပြန့်ကျဲသွားသည်။
“ အဲ့ဒါက ဗလာဆန္ဒသေတ္တာထဲက အနံ့နဲ့ အတူတူပဲ… ”
ရွှီချင်း၏ စိတ်ခံစားမှုသည် ပြင်းထန်စွာ မတည်မငြိမ်ဖြစ်လာသည်။ ရင်းနှီးကျွမ်းဝင်သော ခံစားမှု၏ ဇစ်မြစ်ကို သူရှာတွေ့သွားသည်။ အတိတ်တုန်းက သူနှင့် ခုန်းရှန်းလုံသည် တာဝန်တစ်ခုထမ်းဆောင်နေစဉ် ဗလာဆန္ဒသေတ္တာကို သူကိုင်ဆောင်ခဲ့ဖူးသည်။
ထိုအချိန်တုန်းက သေတ္တာထဲမှ ထွက်ပေါ်နေသော ရနံ့သည် ကွေ့ဟွားပန်းနံ့ဖြစ်သည်။ ယင်းက ဓာတ်ပြယ်ဆေးလုံးထဲမှ ထွက်ပေါ်နေသော ရနံ့နှင့် အတူတူသာ ဖြစ်သည်။
ဤနှစ်များတွင် ဓာတ်ပြယ်ဆေးလုံးများသည် ဒေသငယ်မြို့တော်တစ်ခုလုံးမှ ကျင့်ကြံသူများနှင့် သေမျိုးများအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်လာသည်။
လူသန်းပေါင်းမြောက်များစွာသည် ယင်းကို စားသုံးခဲ့ကြသည်။