လင်းယွမ်ဂိုဏ်းသို့ ရောက်ရှိလာခြင်း
Vol. 2 Ch. 15
"ဘာဖြစ်တာလဲ"
ချန်လင်မြို့စား လင်ထျန်းရှုံသည် အိမ်ေတာ်ထိန်းအိုကြီးအား မည်သည့်ခံစားချက်မှမရှိဘဲ စိမ်းစိမ်းဝါးဝါးကြည့်ကာ ပြင်းပြင်းထန်ထန်အော်သည်။
ထိုစိတ်ဝင်စားမှုမရှိ ရက်စက်ကြမ်းကြုတ်သည့် အသွင်အပြင်က အိမ်တော်ထိန်းအိုကြီးအား ထိန်းချုပ်၍မရနိုင်အောင် တုန်လှုပ်စေခဲ့၏။ သူသည် ချန်လင်မြို့စားအား ခစားခဲ့သည့် နှစ်ပေါင်းရာချီ၌ ချန်လင်မြို့စားအား ဤအနေအထားနှင့် မြင်ရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်လေသည်။ ဤသည်က ချန်လင်မြို့စား၏ ပကတိအခြေအနေဖြစ်မှန်း သူသိပေ၏။
"သခင်လေး ယွင်ရီက လင်းမိသားစုရဲ့ အကြီးဆုံးသခင်မလေးနောက်ကို လိုက်နေတုန်းမှာ ရှင်းယောင်တောင်တန်းရဲ့ အစွန်အဖျားမှာ အသတ်ခံခဲ့ရပါတယ်။ အဲ့ဒီနေရာမှာ သခင်လေး ယွင်ရီရဲ့ အရိုးတွေကိုပဲ ရှာတွေ့ခဲ့ပါတယ်!"
"ဘယ်သူလုပ်တာလဲ"
"ကျွန်တော်မျိုး မသိရသေးပါဘူး။ အဲ့ဒီနေရာမှာ သခင်လေးယွင်ရီရဲ့အလောင်းအပြင် သခင်လေးယွင်ရီနောက်ကို လိုက်သွားတဲ့ အစောင့်အကြပ် ခြောက်ယောက်ရဲ့အလောင်းတွေလည်း ရှိပါတယ်။ အဲ့ဒီကနေစပြီးတော့ လင်းမိသားစုရဲ့ အကြီးဆုံးသခင်မလေးကို ရှာမတွေ့တော့ပါဘူး!"
အိမ်တော်ထိန်းအိုကြီးက အတိအကျမပြောသော်ငြားလည်း လင်ထျန်းရှုံက အိမ်တော်ထိန်းအိုကြီး၏ စကားအဓိပ္ပါယ်အား မသိဘဲ ဘယ်နေလိမ့်မည်နည်း။ သူ၏ မျက်လုံးများက ကျဉ်းမြောင်းလာပြီး အေးစက်သည့် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။ ခရိုင်အတွင်းရှိ လင်းမိသားစု၏ ပျက်စီးခြင်းက သူ၏ တစ်ဦးတည်းသောသားလေး၏ သေဆုံးခြင်းသို့ ဦးတည်နေမည်ဟု ထင်မထားခဲ့ပေ။
"ချန်လင် စစ်တပ်ကို အမိန့်ပေးလိုက်။ ယွင်ရီရဲ့အလောင်းကိုကောက်ဖို့ ငါကိုယ်တိုင်သွားမယ်။ ပြီးတော့ ယွင်ရီကို သတ်တဲ့သူကို သူနဲ့အတူတူမြှုပ်နှံပေးမယ်!" လင်ထျန်းရှုံက အေးတိအေးစက်ဖြင့် အော်ဟစ်ခဲ့သည်။
လင်ထျန်းရှုံ၏ စကားများကို ကြားပြီး အိမ်တော်ထိန်းအိုကြီးက တုန်လှုပ်သွားကာ လင်ထျန်းရှုံအား အံ့ဩတကြီးကြည့်ရင်း အလျင်စလိုပြောခဲ့သည်။
"မြို့စားမင်း အရှင့်မင်းမြတ်ရဲ့ ဆန္ဒမပါဘဲ ချန်လင်စစ်တပ်က ပေါ့ပေါ့တန်တန် လှုပ်ရှားလို့မရပါဘူး!"
လင်ထျန်းရှုံ၏အနောက်၌ နှစ်ပေါင်းရာချီခစားခဲ့သည့် အိမ်တော်ထိန်းအိုကြီး ဖြစ်သည့်အတွက် ဝမ်လောင်သည် ချန်လင်စစ်တပ်က အမည်ခံအားဖြင့် ချန်လင်မြို့စား၏ ဩဇာသက်ရောက်မှုအောက်၌ ရှိသော်ငြားလည်း ချန်လင်စစ်တပ်၏ ပိုင်ရှင်အစစ်အမှန်က အရှင်မင်းမြတ်ဖြစ်သည်ကို သိထားလေသည်။ ချန်လင်မြို့စားတစ်ယောက်တည်း၏အေထာက်အပံ့ဖြင့် ချန်လင်စစ်တပ်အား ထိုကဲ့သို့ ထိတ်လန့်ဖွယ်ရာ အဆင့်အတန်းတစ်ခုသို့ မည်သို့တိုးတက်အောင်လုပ်နိုင်ပါမည်နည်း။
ချန်လင်စစ်တပ်သည် ယောင်ရီအင်ပါယာတစ်ခုလုံးရှိ ထိပ်တန်းစစ်တပ်များကြား၌ အဆင့်အတန်းမြင့်သည်ဟု မဆိုဝံ့သော်လည်း ကျော်ကြားသည့် မြို့တစ်မြို့၏ စစ်တပ်တစ်ခုလည်းဖြစ်ပေသည်။ ချန်လင်စစ်တပ်တစ်ခုလုံး၌ စုစုပေါင်း လူငါးရာရှိလေသည်။ ချန်လင်စစ်တပ်၏ တပ်မှူးက ယောင်ရီအင်ပါယာရှိ အလယ်အလတ်အဆင့်ဂိုဏ်းအချို့နှင့် ယှဉ်နိုင်သည့် ခွန်အားရှိ၏။
"ငါ့ရဲ့ တစ်ဦးတည်းသော အလေးထားရမယ့်သူကမရှိတော့ဘူး။ ဒီမင်းသားက တခြား ဘာကိုဂရုစိုက်နေရဦးမှာလဲ"
အိမ်တော်ထိန်းအိုကြီး၏ စကားကိုကြားပြီးေနာက် လင်ထျန်းရှုံသည် အိမ်တော်ထိန်းအိုကြီးအား စိမ်းစိမ်းဝါးဝါးကြည့်ကာ အေးစက်စွာအော်ပြောခဲ့သည်။ သူ၏မျက်လုံးများက အနှိုင်းမဲ့သည့် အေးစက်မှုဖြင့် တောက်လောင်နေလျက် အိမ်တော်ထိန်းအိုကြီး၏ ခန္ဓာကိုယ်အား အေးစက်မှုဖြင့် လွှမ်းခြုံသွားစေခဲ့သည်။ အိမ်တော်ထိန်းအိုကြီးက ဆတ်ခနဲလှုပ်ရှားလိုက်ပြီး သူက မပေါ့ဆဝံ့ဘဲ ချန်လင်စစ်တပ်အား စုစည်းပြင်ဆင်ရန် ချက်ချင်းထွက်သွားခဲ့လေသည်။
တစ်ခဏမျှကြာပြီးသည့်နောက်တွင် အိမ်တော်ထိန်းအိုကြီးနှင့် အနီရောင်သံချပ်ကာအားဝတ်ဆင်ထားသည့် တပ်ကြပ်များအဖွဲ့သည် ချန်လင်မြို့စား၏ စံအိမ်၌ ထွက်ပေါ်လာခဲ့သည်။ ထိုအနီရောင်သံချပ်ကာနှင့် တပ်ကြပ်များထွက်ပေါ်လာသည့်အခါ၌ ချန်လင်မြို့စားအိမ်တော်တစ်ခုလုံးသည် ပြင်းထန်သည့် သတ်ဖြတ်လိုသည့် လေထုဖြင့် ပြည့်နှက်သွားခဲ့သည်။
"မြို့စားမင်းကိုကြည့်လိုက်!"
ချန်လင်မြို့စားအိမ်တော်တစ်ခုလုံးအား လှုပ်ခါခဲ့သည့် အရှိန်အဟုန်က အိမ်တော်အထက်တွင် အချည်းနှီးပေါက်ကွဲသွားခဲ့သည်။
"ပန်ဟို(ဒီအရှင်)နဲ့ အတူသွားမယ်!"
"ဟုတ်ကဲ့ပါ!"
ချန်လင်ကျွင်းသည် ပေါက်ကရမပြောခဲ့ဘဲ လင်ထျန်းရှုံနောက်သို့ ချက်ချင်းလိုက်သွားပြီး လေထဲသို့ တက်သွားခဲ့သည်။
အိမ်တော်ထိန်းအိုကြီးသည် ဤမြင်ကွင်းအားကြည့်ပြီး ညင်သာစွာသက်ပြင်းချခဲ့သည်။
"မြို့စားမင်း ဒီတစ်ခေါက် မြို့စားမင်းက အရှင်မင်းမြတ်ကို အတိုက်အခံလုပ်မိမှာကို စိုးရိမ်မိတယ်။ ဒီလုပ်ရပ်အတွက် အကြောင်းပြချက်ရှိတယ်ဆိုရင်တောင်မှ ပြန်ရောက်လာပြီးတဲ့နောက်မှာ ရာဇဝတ်မှုကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူး!"
အိမ်တော်ထိန်းအိုကြီးက သက်ပြင်းချလိုက်သည့်အချိန်၌ ချန်လင်မြို့စားစံအိမ်အနီးရှိ ယောင်ရီအင်ပါယာ၏ ရာထူးဂိုဏ်ရှိန်ကြီးမားသူများသည်လည်း ချန်လင်မြို့စား၏ ပုံမှန်မဟုတ်သည့် အပြုအမူအား သတိထားမိခဲ့ကြသည်။
"ဘာဖြစ်တာလဲ။ ချန်လင်မြို့စား က ဘယ်လိုလုပ်ပြီး ချန်လင်စစ်တပ်ကို သိုသိုသိပ်သိပ် စုစည်းဝံ့တာလဲ"
"ချန်လင်မြို့စားကို ဒီလောက်ကြီးမားတဲ့ ရာဇဝတ်မှုကို ကျူးလွန်အောင်လုပ်နိုင်တဲ့ ကိစ္စကြီးက ဘာများလဲ!"
"ဒီတစ်ခေါက်ပြီးရင် ချန်လင်မြို့စားက အပြစ်ကနေ လွတ်နိုင်မှာမဟုတ်ဘူး!"
.............
ယောင်ရီမြို့တော်ဂိတ်တံခါး၌ တော်ဝင်မြို့တော်အစောင့်အကြပ်များ၏ စစ်သေနာပတိချုပ် ၊ တော်ဝင်မင်းသားအဆင့် လီချင်းချန်သည် ယခင်အတိုင်း မြို့တံခါးတစ်လျောက်လုံး ကင်းလှည့်နေခဲ့သည်။ သူသည် မြို့ဂိတ်တံခါးအထက်၌ ရပ်နေရင်း စည်ပင်ဝပြောကာ အင်အားကြီးမားသည့် ယောင်ရီအင်ပါယာအား ကြည့်ကာ သူ၏စိတ်ထဲ၌ လေးစားအံ့သြမှုများ ပေါက်ဖွားလာခဲ့သည်။ ကြီးမြတ်သည့် အရှင်၏ ဦးဆောင်မှုအောက်၌ နှစ်ပေါင်းကြာလာသည်နှင့်အမျှ ယောင်ရီအင်ပါယာသည် ပို၍ အင်အားကြီးသထက် ကြီးမားလာခဲ့ပေသည်။
သို့သော်လည်း ဤအခိုက်အတန့်၌ ရုတ်တရက်ထွက်လာသည့်အသံတစ်ခုက လီချင်းချန်၏ အတွေးအား အနှောင့်အယှက်ပေးခဲ့ေလသည်။ သူက အသံထွက်လာသည့်နေရာအား စူးစိုက်ကြည့်ကာ ထိတ်လန့်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားကာ လေထုထဲ၌ လွင့်မျောနေရင်း အသံအောအောဖြင့် အော်ပြောခဲ့သည်။
"ချန်လင်မြို့စား ခင်ဗျားက ချန်လင်စစ်တပ်ကို တိတ်တဆိတ် စည်းရုံးတယ်။ ဒါက ခွင့်လွှတ်လို့မရတဲ့ ရာဇဝတ်မှုပဲ။ ဒါကို တော်ဝင်မြို့တော်ကနေ ထွက်ခွာဝံ့သလား။ ဘာအမှားမှမလုပ်ဘဲ အမြန်ပြန်ဆုတ်ပါ!"
ရောက်လာကြသည့် သူများမှာ သူသားအတွက် လက်စားချေရန် စိတ်အားထက်သန်နေသည့် ချန်လင်မြို့စားနှင့် ချန်လင်စစ်တပ်ဖြစ်သည်။
"စစ်သေနာပတိချုပ် လီ ၊ ဒီ မြို့စားမင်းမှာ အရေးတကြီးလုပ်စရာရှိတယ်။ မင်း ဘေးထွက်နေပါ။ ဒီမြို့စားက မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်မိမှာပါ!"
လင်ထျန်းရှုံသည် တစ်ဟုန်ထိုးတက်နေသည့် သတ်ဖြတ်လိုစိတ်အား အောင့်အီးသည်းခံကာ လီချင်းချန်အား ညင်ညင်သာသာပြောခဲ့သည်။
"အရင်တုန်းကဆိုရင် ဒီတပ်မှူးက ချန်လင်မြို့စားဆီကနေ မျက်နှာသာရဖို့ အရမ်းကို ပျော်ရွှင်မိမှာ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ ဒီတပ်မှူးက လက်မခံနိုင်ပါဘူး!"
လီချင်းချန်သည် အသံအောအောဖြင့် အော်ပြောခဲ့ပြီး ချန်လင်မြို့စားက ဘာလုပ်ချင်နေသလဲဆိုသည်ကို မသိပေ။ သူက ချန်လင်စစ်တပ်အား သိုသိုသိပ်သိပ်စုရုံးပြင်ဆင်ဝံ့ပေသည်။ တော်ဝင်မြို့တော်မှထွက်သွားရန်သတ္တိရှိပေ၏!
ယောင်ရီအင်ပါယာ၏မင်းသားများသည် တော်ဝင်မြို့တော်မှ ဆန္ဒရှိသလို ဝင်ထွက်နိုင်ပေသည်။ သို့သော်လည်း စစ်တပ်နှင့်အတူဆိုပါက အရှင်မင်းမြတ်၏ အမိန့်ရှိရန်လိုအပ်ပေသည်။ ထိုသို့မဟုတ်ပါက ပူးပေါင်းကြံစည်မှုတစ်ခု ကျူးလွန်ရန် ဖြစ်ပေလိမ့်မည်။
"ဒီအရှင်ရဲ့ သားက သေသွားပြီ။ ငါကသူ့ကို ပြန်ခေါ်မလာနိုင်ဘူးဆိုရင် ဘယ်လိုလုပ်အဖေဖြစ်နိုင်မှာလဲ။ သူ့ကို သတ်သွားခဲ့တဲ့သူရဲ့ အလောင်းကို ခုတ်ပိုင်းပြီးတော့ သူ့အတွက် လက်စားမချေနိုင်ဘူးဆိုရင် ဘယ်လိုလုပ်အဖေဖြစ်နိုင်မှာလဲ"
"လီချင်းချန် ၊ မင်းလည်း အဖေတစ်ယောက်ပဲဆိုတော့ ငါ့ရဲ့စိတ်အခြေအနေကို နားလည်သင့်ပါတယ်။ တကယ်လို့ မင်းရဲ့သားက သေသွားခဲ့မယ်ဆိုရင် မင်းလည်း ဒီနေရာမှာ အေးအေးဆေးဆေးရပ်နေပြီးတော့ ငါ့နဲ့ စကားပြောနေနိုင်မှာလား"
"ဒါက အရှင်မင်းမြတ်ရဲ့ ယုံကြည်မှုအတွက် အရှက်ရစရာဆိုတာ ဒီမြို့စား သိပါတယ်။ ဒါပေမယ့် ဒီမြို့စားရဲ့ တစ်ဦးတည်းသောသားလေးက သေသွားခဲ့ပြီ။ ဒီမြို့စားရဲ့ ဘဝက သေတာလောက်တောင်မကောင်းတော့ဘူး။ ငါက ယွင်ရီကိုပြန်ခေါ်လာပြီး သူ့အတွက် လက်စားချေပြီးတဲ့အခါကျရင် အရှင်မင်းမြတ်ရှေ့မှာ ဒူးထောက်ပြီး ခွင့်လွှတ်မှုကို တောင်းခံပါ့မယ်!"
လင်ထျန်းရှုံသည် သူ၏မျက်နှာပေါ်ရှိ ဝမ်းနည်းပူဆွေးမှုအရိပ်အယောင်အားဖော်ပြကာ လီချင်းချန်အား ဒေါသတကြီးအော်ပြောခဲ့သည်။ သူ၏ အော်ဟစ်သံက မြို့တော်ဂိတ်တံခါး၌ ထွက်ပေါ်လာခဲ့ပြီး ရှိနေသည့် သူတိုင်းအား တုန်လှုပ်သွားစေခဲ့သည်။
"ဟေး တစ်ယောက်ယောက်က ချန်လင်မြို့စားရဲ့ သားကို သတ်ရဲတာလား"
"ချန်လင်မြို့စားက ဒီလောက်အရူးအမူးဖြစ်နေတာ အံ့ဩစရာမရှိပါဘူး!"
"ဟုတ်တယ်။ လင်ယွင်ရီက ချန်လင်မြို့စားရဲ့ တစ်ဦးတည်းသော ရင်နှစ်သည်းချာလေးဆိုတာကို ဘယ်သူကမသိတာလဲ!"
"ဘယ်သူလုပ်တာလဲမသိဘူး။ မင်းဆိုရင်ရောလုပ်ရဲလား"
"ဟေး ၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကိုငါမသိဘူး။ လင်ယွင်ရီကို ဓားစာခံအဖြစ်ထားပြီး ချန်လင်မြို့စားကို သိက္ခာစောင့်ထိန်းစေနိုင်ပေမယ့် လင်ယွင်ရီကို သတ်လိုက်တာက ချန်လင်မြို့စားကို အရူးပဲဖြစ်သွားစေနိုင်မယ်!"
ချန်လင်မြို့စား၏ ကြိမ်းဝါးသံကို နားထောင်ပြီးသည့်နောက်တွင် မြို့တော်ဂိတ်တံခါး၌ရှိသည့် စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်များအားလုံးသည် ထိတ်လန့်သွားကြပြီး တီးတိုးပြောကြလေသည်။
တော်ဝင်အစောင့်အကြပ်၏ စစ်သေနာပတိချုပ်ဖြစ်သည့် လီချင်းချန်သည် ချန်လင်မြို့စား၏ ဝမ်းနည်းကြေကွဲဖွယ်ကြိမ်းဝါးသံကို ကြားသည့်အခါ၌ တုန်လှုပ်သွားခဲ့သည်။ ချန်လင်မြို့စားက ထိုမျှ ရူးသွပ်နေသည်မှာ လင်ယွင်ရီ၏ သေဆုံးမှုကြောင့်ဟု ထင်မထားခဲ့ချေ။
သူက တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ လင်ထျန်းရှုံပြောသကဲ့သို့ သူသည်လည်း ဖခင်တစ်ယောက်ဖြစ်ကာ လင်ထျန်းရှုံ၏ရူးသွပ်နီးနီး စိတ်အခြေအနေအား နားလည်နိုင်ပေသည်။ အကယ်၍ တစ်ယောက်ယောက်က သူ့သားအား သတ်ဝံ့ခဲ့ပါက သူသည်လည်း လင်ထျန်းရှုံကဲ့သို့ ရူးသွပ်သွားပေလိမ့်မည်။
ဤကျင့်ကြံရေးလောက၌ မိသားစုချစ်ခြင်းမေတ္တာသည် လေးလံပြီး ပေါ့ပါးကြလေ၏! တစ်ချို့လူများသည် သူတို့၏ ဆွေမျိုးများအား အကြေးခွံများကဲ့သို့ သဘောထားကြလေသည်။ အကယ်၍ သူတို့က လှုပ်ရှားခဲ့ပါက ရူးသွားကြပေလိမ့်မည်။ အခြားသူများက သူတို့၏ ဆွေမျိုးများအား ဘာမှမဟုတ်ဟု သဘောထားကာ သူတို့၏ လက်များဖြင့်ပင် နာကျင်အောင်လုပ်ကြလေသည်။
ဥပမာအားဖြင့် သူနှင့် ချန်လင်မြို့စားက ပထမအမျိုးအစားဖြစ်လေသည်။
"မင်းကို တစ်ခုခုလုပ်ဖို့ ဒီမြို့စားကို တွန်းအားမပေးပါနဲ့!"
ချန်လင်မြို့စားသည် လီချင်းချန်က တိတ်ဆိတ်နေဆဲဖြစ်သည်ကိုတွေ့ပြီး ဂရုမစိုက်စွာအော်ပြောခဲ့သည်။ သူ့သားအား ပြန်ခေါ်လာခြင်းမှ သူ့အား မည်သူမှမတားဆီးနိုင်ပေ။
"သွားခိုင်းလိုက်ပါ။ သူ့သားရဲ့ သေဆုံးမှုက သူ့ကို ရူးသွပ်သွားစေတာ။ ဒါက ရာဇဝတ်မှုဆိုပေမယ့်လည်း ခွင့်လွှတ်နိုင်ပါတယ်! သူပြန်ရောက်တဲ့အခါကျရင် ငါ့ကို လာရှာခိုင်းလိုက်!"
လီချင်းချန်က တုံ့ဆိုင်းပြီး ရှုပ်ထွေးနေသည့်အခိုက်၌ ဂုဏ်သရေရှိပြီး ခမ်းနားသည့် အသံတစ်သံက လီချင်းချန်၏ နားထဲ၌ ထွက်ပေါ်လာကာ လီချင်းချန်အား တုန်လှုပ်သွားစေခဲ့သည်။ ထို့နောက် သူက ယောင်ရီနန်းတော်ရှိရာသို့ လှည့်ကာ လေးလေးစားစားအရိုအသေပေးခဲ့သည်။
လီချင်းချန်၏ အနေအထားအားမြင်ပြီး ချန်လင်မြို့စားသည်လည်း ထိတ်လန့်သွားခဲ့သည်။ ထို့နောက် သူ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားသည့် အရိပ်အယောင်တစ်ခုရှိလာခဲ့သည်။ လီချင်းချန်အား ထိုသို့ဖြစ်စေသည့်သူမှာ ထိုသူကလွဲ၍ တခြားမရှိချေ။
" မြို့စားမင်းသွားပါ။ ပြန်ရောက်လာပြီးရင် ကိုယ်တိုင်အပြစ်ခံယူဖို့ အရှင်မင်းမြတ်ဆီကိုသွားပါ!"
ထို့နောက် လီချင်းချန်သည် ချန်လင်မြို့စားအားကြည့်ကာ တစ်ဖက်သို့လှည့်လိုက်ပြီး လမ်းမှဖယ်ပေးကာ အလေးအနက်ပြောခဲ့သည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းမြတ် ထျန်းရှုံက အပြစ်ရှိပါတယ်။ ကျွန်တော်မျိုးရဲ့ သားကို ပြန်ခေါ်လာပြီးတဲ့အခါကျရင် အရှင်မင်းမြတ်ရှေ့မှာ အပြစ်ခံယူပါ့မယ်။ ဘာအပြစ်ဒဏ်ပဲဖြစ်ပါစေ ထျန်းရှုံခံယူဖို့ ဆန္ဒရှိပါတယ်!" လီချင်းချန်၏ စကားကို ကြားပြီးသည့်နောက်တွင် လင်ထျန်းရှုံသည် စိတ်သက်သာရာရကာ သက်ပြင်းချပြီးနောက် ယောင်ရီနန်းတော်ရှိရာသို့ လေးလေးစားစားကြည့်ကာ တီးတိုးပြောဆိုခဲ့သည်။
"ကျွန်တော်က အဲ့ဒီကလေး ယွင်ရီနဲ့ အများကြီးမတွေ့ဖူးပေမယ့် သူကြီးပြင်းလာတာကို မြင်ခဲ့ရပါတယ်။ သူ့ကို ကောင်းကောင်းမွန်မွန်ဝတ်စားပြီး ခေါ်လာခဲ့ပါ။ သူ့ကို အရှက်မရပါစေနဲ့!"
လီချင်းချန်သည် လင်ထျန်းရှုံ၏ သဘောထားကို မြင်ရလေသည်။ သူက ညင်ညင်သာသာသက်ပြင်းချကာ ပြောခဲ့သည်။
"ကျေးဇူးတင်ပါတယ်!"
လင်ထျန်းရှုံက ခေါင်းညိမ့်ပြီး ချန်လင်စစ်တပ်ကိုခေါ်ဆောင်လျက် တော်ဝင်မြို့တော်မှထွက်ကာ ရှင်းယောင်တောင်တန်းဆီသို့ အားမန်အပြည့်ဖြင့် တစ်ရှိန်ထိုးထွက်လာခဲ့သည်။
"မုန်တိုင်းတစ်ခုတော့ မုချဖြစ်တော့မှာပဲ"
လီချင်းချန်သည် ချန်လင်မြို့စားနှင့် အခြားသူများ ထွက်သွားသည့်ဘက်သို့ ကြည့်ပြီး ခေါင်းခါကာ သက်ပြင်းချခဲ့သည်။
................
လင်းယွမ်ဂိုဏ်းသို့ ထွက်လာခဲ့သည့် ဝမ်ဖုန်းသည် ချန်လင်မြို့စား က ရှင်းယောင်တောင်တန်းသို့ လူသတ်ချင်နေသည့် အငွေ့အသက်ဖြင့် တစ်ဟုန်ထိုးချီတက်လာနေသည်ကို မသိချေ။ အကယ်၍ သိခဲ့လျှင်ပင် ဝမ်ဖုန်းက ကြောက်လန့်မည်မဟုတ်ပေ။
သူက မြင့်မားသည့် လင်းယွမ်ဂိုဏ်းအား ကြည့်ကာ သူ၏ မျက်လုံးထဲ၌ အလင်းတန်းတစ်ခုရှိနေခဲ့သည်။ ဤလင်းယွမ်ဂိုဏ်းသည် ခမ်းနားထည်ဝါလှသော်လည်း သူ၏ ရှန်ရှန့်ကျုံဂိုဏ်းနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။
ဝမ်ဖုန်းသည် ရောက်ရောက်ချင်း လင်းယွမ်ဂိုဏ်းသို့မသွားခဲ့သော်လည်း သူတို့အားရန်စရန် လာနေသည့်အကြောင်းအား လင်းယွမ်ဂိုဏ်းတစ်ခုလုံး သိစေရန် အလို့ငှာ အရူးတစ်ယောက်ကဲ့သို့ ကြိမ်းဝါးခဲ့လေသည်။ သူ ၊ မဟာနတ်ဆိုးရွှမ်ရှ နှင့် ယောင်ယွဲ့ တို့သည် သူတို့၏အသက်ရှူသံကို ထိန်းချုပ်ကာ လင်းယွမ်တောင်ထိပ်ပေါ်သို့ ခြေချပြီးနောက် ဖြည်းညှင်းစွာ လျောက်လှမ်းလာခဲ့ကြသည်။
ဤသည်မှာ ဝမ်ဖုန်းက ဤကမ္ဘာသို့ရောက်လာကတည်းက ဤကမ္ဘာရှိဂိုဏ်းတစ်ခုအား ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။ ဝမ်ဖုန်းက အလွန်စပ်စပ်စုစုနိုင်ပေသည်။ ထို့အပြင် သူ့၌ သူဖန်တီးထားသည့် ရှန်ရှန့်ကျုံဂိုဏ်းရှိကာ စနစ်တကျဖြစ်လာခဲ့ပြီး တခြားသူများက ဂိုဏ်းအား မည်သို့စီမံခန့်ခွဲသည်ကို ကြည့်ရုံသာဖြစ်သည်။
ရွှမ်း!
ရွှမ်း!
ထိုအချိန်၌ ဝမ်ဖုန်းသည် စူးရှစွာမျက်မှောင်ကြုတ်ခဲ့သည်။ သူက ကြာပွတ်သံကြားခဲ့ရသည့်ဘက်သို့ ကြည့်ခဲ့သည်။ မြင်းကျောင်းနေတာများလား။ ဤအကြောင်းအားတွေးပြီးသည့်နောက်တွင် ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှနှင့်ယောင်ယွဲ့တို့အား ထိုဦးတည်ရာသို့ ခေါ်ဆောင်လာခဲ့ပေသည်။
ဝမ်ဖုန်းက သူတစ်ပါး၏ အကြောင်းကိစ္စအားနှောင့်ယှက်လို၍မဟုတ်ဘဲ ဤလင်းယွမ်ဂိုဏ်းက တကယ်ပဲ ဗိုလ်ကျခြယ်လှယ်သလားဆိုသည်ကို နက်နက်ရှုင်းရှိုင်းသိချင်၍ဖြစ်သည်!
သူသည် ကျူပင်ခုတ်ကျူငုတ်မချန်သုတ်သင်ရှင်းလင်းခြင်း၏ အမှန်တရားကို နားလည်ထားသော်လည်း နောက်ဆုံးတော့ ဂိုဏ်းတစ်ဂိုဏ်း၌ လူပေါင်းများစွာရှိလေသည်။ ကမ္ဘာမြေမှကူးပြောင်းလာသူတစ်ယောက်ဖြစ်သည့်အတွက် သူ၏ စိတ်သန္တာန်၌ ကြင်နာမှုအရိပ်အယောင်တစ်ခု အမြဲရှိနေကာ ထိုသို့ လူအများကြီးအား မည်သို့သတ်နိုင်ပါမည်နည်း။
ဝမ်ဖုန်းတို့သုံးယောက်သည် အသံလာရာအားရှာဖွေရန်အလို့ငှာ အိမ်အတွင်းသို့ ဝင်လာခဲ့ကြသည်။ အိမ်တံခါးက ပွင့်နေသည့်အတွက် ဝမ်ဖုန်းတို့သုံးယောက်သည် ထိုအချိန်၌ ခြံဝင်းအတွင်းဖြစ်ပျက်နေသည်များအား ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။ အခြေခံကျင့်ကြံခြင်းကိုလည်း ရှင်းရှင်းလင်းလင်း လေ့လာနိုင်ပေသည်။
ထိုခြံဝင်းထဲတွင် ရိုးရှင်းသည့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က ဘောလုံးတစ်လုံးကဲ့သို့ မြေကြီးပေါ်တွင် လုံးကာ လှဲနေသည့် ပိန်ပိန်ပါးပါးလူတစ်ယောက်အား အထက်စီးဆန်စွာရိုက်နှက်နေခဲ့သည်။ ထိုအကြင်နာတရားမဲ့သည့်အသွင်အပြင်ကြောင့် ဝမ်ဖုန်းက မျက်မှောင်ကြုံ့ခဲ့သည်။
ထိုလူငယ်၏ ကျင့်ကြံခြင်းအခြေခံက သိမ်မွေ့သွေးကြောအဆင့်သို့ ရောက်ရှိနေပြီး အရိုက်ခံနေရသည့် ပိန်ပိန်ပါးပါးလူက အခြေခံတည်ဆောက်ခြင်းအဆင့်သာရှိလေသည်။ ထိုသို့ဆိုလျှင် အဆုံး၌ ထိုပိန်ပိန်ပါးပါးလူက သေလူတစ်ယောက်ဖြစ်လာမည်လား??