ပြန်လည်ဝင်စားခဲ့သောလီဟေး။
Vol. 2 Ch. 16
“လီဟေး မင်းက ဟုတ်လှချည်လား။ ငါမင်းကို ဂိုဏ်းတူအစ်ကိုယဲ့ဆီ ဆေးလုံးသွားပေးခိုင်းလိုက်တာကို အတော်လေးနောက်ကျမှ သွားပေးခဲ့တယ်ပေါ့လေ။ ဂိုဏ်းတူအစ်ကိုယဲ့က ငါတို့လင်းယွမ်ဂိုဏ်း အပြင်တပည့်တွေရဲ့ နံပါတ်တစ်ကျင့်ကြံသူကွ။ မင်းကြောင့်နဲ့ ဂိုဏ်းတူအစ်ကိုယဲ့ရဲ့ အဆင့်ထိုးဖောက်ခြင်း နှောင့်နှေးသွားရင် မင်းတာဝန်ယူနိုင်လို့လား”
လူငယ်လေးသည် ခန္ဓာကိုယ်ကို ကွေးပိုက်ထားသည့် ပိန်ပါးပါးလူငယ်လေးအား ဒေါသတကြီးဖြင့် ရိုက်နှက်ပြောဆိုနေ၏။
“မင်းကြောင့်ငါ ဂိုဏ်းတူအစ်ကိုယဲ့ ဆူတာ ခံလိုက်ရတယ်ဆိုတာ သိရဲ့လား။ ငဖျင်းကောင်! တောက်တိုမည်ရတပည့်က တကယ့်ကို တောက်တိုမည်ရတပည့်ပဲ။ ဘယ်လိုတောင် အသုံးမကျလိုက်သလဲ”
လူငယ်သည် ပိန်ပါးပါးလူငယ်အား အားပိုထည့်လျက် ပို၍ရိုက်နှက်၏။ ပါးစပ်မှလည်း အော်ဟစ်ကြိမ်းမောင်းနေသေးသည်။ ပိန်ပါးပါးလူငယ်လေးမှာ သွေးများရွှဲနေပြီဖြစ်ရာ အပြင်ဘက်ရှိ ဝမ်ဖုန်းအား မျက်မှောင်ကြုတ်မိစေသည်။
အသေးဖွဲကိစ္စလေးတစ်ခုကို ထိုမျှထိ ရိုက်နှက်ရန် လိုအပ်သည်လား။ ထိုတောက်တိုမည်ရတပည့်သည်လည်း သက်ရှိလူသားတစ်ဦးပင် မဟုတ်ပါလော။
ဤသည်မှာ ဝမ်ဖုန်း၏ ပထမဆုံးအကြိမ်အဖြစ် ကျင့်ကြံရေးလောက၏ ရက်စက်ကြမ်းကြုတ်မှုကို မျက်မြင်တွေ့ရခြင်းဖြစ်သည်။ အင်အားကြီးသူသည် အားနည်းသူကို အနိုင်ကျင့်၏။ ၎င်းမှာ စကားသက်သက် မဟုတ်ပေ။
ဝမ်ဖုန်းသည် ထိုပိန်ပါးပါးလူငယ်လေးအတွက် စိတ်မကောင်းဖြစ်မိသော်ငြား အခြားသူများ၏ကိစ္စများတွင် ဝင်စွက်ဖက်ရန်ရည်ရွယ်ချက်မရှိပေ။ သူသည်လည်း လူကောင်းတစ်ယောက် မဟုတ်နေပါ။ လောက၌ သနားစဖွယ် လူများစွာရှိမြဲဖြစ်၏။ သနားစဖွယ်လူတစ်ယောက်ကိုမြင်သည်နှင့် ဝင်ရောက်စွက်ဖက်စီမံနေပါလျှင် သူ့အတွက် လွန်စွာအလုပ်များလိမ့်မည်မဟုတ်ပါလော။
ဝမ်ဖုန်း ဤနေရာသို့လာရောက်ခဲ့ရခြင်းမှာ အဖြစ်အပျက်များကို သိရှိရန်သာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သည့်မြင်ကွင်းကို မြင်တွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။ အပြင်တပည့်များသည်ပင် ထိုမျှ မောက်မာကြလေရာ လင်းယွမ်ဂိုဏ်းသည် ကောင်းမွန်သည့်အရာ မဟုတ်သည်ကို သိမြင်နိုင်ပါ၏။
“ဒင် ပြိုင်ဘက်ကင်းပါရမီရှင်ကို ရှာဖွေတွေ့ခဲ့ခြင်းအတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်”
ဝမ်ဖုန်းသည် ခေါင်းခါယမ်းလျက် ရွှမ်ရှ၊ ယောင်ယွဲ့တို့နှင့်အတူ ပြန်ထွက်သွားတော့မည်အပြုတွင် အေးစက်သည့်အသံသည် သူ၏စိတ်တွင်း၌ ထွက်ပေါ်လာခဲ့လေသည်။ ဝမ်ဖုန်းမှာ တုန်ရီသွားရလျက် မျက်နှာထက်တွင် သံသယအရိပ်အယောင်များဖြတ်ပြေးသွား၏။
“စနစ် ပြိုင်ဘက်ကင်းပါရမီရှင်က ဘယ်မှာလဲ”
ဝမ်ဖုန်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ ခြံဝင်းထဲရှိလူနှစ်ယောက်မှလွဲ၍ သူတို့သုံးဦးသာရှိ၏။ ခြံဝင်းထဲရှိနှစ်ယောက်ထဲတွင် ပြိုင်ဘက်ကင်းပါရမီရှင် ရှိနေခြင်းပေလော။
“ဒင် ပြိုင်ဘက်ကင်းပါရမီရှင်က လင်းယွမ်ဂိုဏ်းရဲ့
အပယ်ခံတပည့် လီဟေးဖြစ်ပါတယ်”
ထွက်ပေါ်လာသည့်အေးစက်စက်အသံသည် ဝမ်ဖုန်း၏မျက်လုံးများအား တောက်ပသွားစေ၏။ ဝမ်ဖုန်းသည် ရိုက်နှက်ခံနေရသည့်လီဟေးကို အံ့အားသင့်စွာဖြင့် ရပ်ကြည့်နေခဲ့သည်။
‘သူက ပြိုင်ဘက်ကင်းပါရမီရှင်တဲ့လား’
ဝမ်ဖုန်း မည်မျှကြည့်ရှုပါစေ လီဟေး၌ ထူးခြားသာလွန်သည့် မည်သည့်အရာကိုမျှ မတွေ့ရချေ။
'ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်က ဘာမဟုတ်တဲ့ လင်းယွမ်ဂိုဏ်းရဲ့ အပြင်တပည့်တစ်ယောက် အနိုင်ကျင့်တာကို ခံရတယ်တဲ့လား’
“စနစ် လီဟေးကို ဘာလို့ ပြိုင်ဘက်ကင်းပါရမီရှင်လို့ ပြောရတာလဲ”
ဝမ်ဖုန်း မယုံကြည်စွာဖြင့် မေးလိုက်သည်။
“ဒင် လီဟေး၏ဇစ်မြစ်ကို စုံစမ်းစစ်ဆေးဖို့အတွက် ဂိုဏ်းအမှတ်တစ်ထောင်ကျသင့်ပါမယ်”
သူ၏စိတ်တွင်းမှ အေးစက်သည့်အသံကိုကြားသည်တွင် ဝမ်ဖုန်း နှုတ်ခမ်းများတွန့်ကွေးသွားရ၏။ စနစ်သည် ပို၍ ပို၍ အကျင့်ယုတ်လာသည်ပင်…။
“စစ်ဆေးမယ်”
ဝမ်ဖုန်းသည် အံကြိတ်လျက် ပြောလိုက်သည်။
ပြိုင်ဘက်ကင်းပါရမီရှင်အဖြစ် စနစ်၏သတ်မှတ်ခြင်းကိုခံရသည်ဖြစ်ရာ သေချာပေါက် ထူးကဲသာလွန်သူဖြစ်ပေမည်။ ဂိုဏ်းအမှတ်တစ်ထောင်ကုန်ကျလျှင်သော်မှ ထိုလူငယ်အား ဂိုဏ်းထဲသို့ခေါ်ယူနိုင်ပါလျှင် အရာအားလုံး ပြန်လည်ရရှိနိုင်မည်ပင်။
လင်းဖေးဝူသည်ပင် စနစ်၏ ပြိုင်ဘက်ကင်းပါရမီရှင်အဖြစ် အသိအမှတ်ပြုခြင်းကို မခံခဲ့ရပေ။ စနစ်မှ အသိအမှတ်ပြုထားသည့် ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ရန်မှာ မည်မျှခက်ခဲသည်ကို စိတ်ကူးကြည့်နိုင်ပါ၏။ ထိုပြိုင်ဘက်ကင်းပါရမီရှင်ထက် သာလွန်သူဟူ၍ မရှိနိုင်တော့ပေ။
သို့သော် လီဟေး၏ ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ရသည့်အကြောင်းရင်းကို ဝမ်ဖုန်း ရှင်းလင်းစွာနားလည်ထားရန်လိုအပ်၏။ ဝမ်ဖုန်းမှာ လီဟေး၏ထူးခြားသာလွန်သည့်အချက်ကို တကယ်ကြီး မရှာတွေ့နိုင်ပါချေ။ ထို့ပြင် လီဟေးသည် ထိုမျှအနိုင်ကျင့်ခံနေရသည်ကို ပြန်လည်တုံ့ပြန်ခြင်းမရှိသည်ဖြစ်ရာ သူ၏စရိုက်လက္ခဏာမှာ ထင်ရှားပေါ်လွင်နေ၏။
စရိုက်လက္ခဏာ မပြည့်စုံမကောင်းမွန်ပါက အထုံပါရမီ မည်မျှပင် ကောင်းမွန်နေစေကာမူ ဝမ်ဖုန်း လက်ခံလိမ့်မည်မဟုတ်ပေ။
သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို အသိတရားကင်းမဲ့သော သို့တည်းမဟုတ် ဆိုးညစ်သောဂိုဏ်းဟု အခြားသူများမှ အထင်လွဲမှားခြင်းများ မဖြစ်စေလိုပါ။
“ဒင် လီဟေးရဲ့မူလနာမည်က လီချန်ကုန်းဖြစ်ပါတယ်။ သူက ဆန်းကြယ်အင်ပါယာရဲ့အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပါပြီ။ မတော်တဆ သေဆုံးမှုဖြစ်ရပ်အပြီးမှာ ဝိဉာဉ်အကြွင်းအကျန်တစ်မျှင်က ရတနာတစ်ခုနဲ့ပေါင်းစည်းသွားခဲ့ပြီး ဒီနေ့ရဲ့လီဟေးအဖြစ် ပြန်လည်ဝင်စားလာခဲ့ပါတယ်”
“အနိုင်ကျင့်ခံရတာကို ပြန်မတိုက်ခိုက်တဲ့အကြောင်းရင်းက ပြန်လည်မွေးဖွားတဲ့အကြောင်းကို လျှို့ဝှက်ထားလိုတာကြောင့်ပါ။ ပေါက်ကြားသွားတဲ့အခါ လူတွေရဲ့အာရုံစိုက်ခံရပြီး လျှို့ဝှက်ချက်ကို စွမ်းအားကြီးပုဂ္ဂိုလ်တွေ သိသွားမှာကို မလိုလားတာကြောင့်ပါ”
“ဒုတိယတစ်ချက်၊ ပိုင်ရှင် တကယ်ပဲ လီဟေးက လုံးဝပြန်မတိုက်ခိုက်ဘူးလို့ ထင်ပါသလား။ ဆန်းကြယ်အင်ပါယာအဆင့်တစ်ယောက်ရဲ့ ပြန်လည်ဝင်စားခြင်းပါ။ ဘယ်လောက်ပဲ လျှို့ဝှက်ထားလိုပါစေ ဒီတိုင်း အနိုင်ကျင့်ခံမနေပါဘူး။ လီဟေးကို အနိုင်ကျင့်သမျှလူတိုင်းဟာ နောက်တစ်နေ့မှာ အကြောင်းရင်းမသိရဘဲ ထူးထူးခြားခြား ပျောက်ကွယ်သွားကြပါလိမ့်မယ်။ အဲဒါကို လင်းယွမ်ဂိုဏ်းတစ်ခုလုံးက သတိမထားမိပါဘူး”
ရှင်းပြသည့်အသံသည် ဝမ်ဖုန်း၏စိတ်တွင်းထဲတွင် ပေါ်ထွက်နေခဲ့ရာ ဝမ်ဖုန်းမှာ တစ်ကိုယ်လုံးတုန်ရီသွားရသည်။ သူ လီဟေးကို လေးနက်စွာကြည့်လိုက်၏။ ထိုမျှအနိုင်ကျင့်ခံရသည်ကို ပြန်လည်မတိုက်ခိုက်ဘဲ အားနည်းချည့်နဲ့နေပုံဖြစ်ရာ ထိုသို့သော လီဟေး၏နောက်ကွယ်မှ အကြင်နာကင်းမဲ့စွာ ရက်စက်တတ်မှုကို ဝမ်ဖုန်း မမြင်တွေ့နိုင်ခဲ့ပေ။
ဝမ်ဖုန်းသည် အမှန်တကယ် အံ့အားသင့်သွားခဲ့ရပါ၏။ သူ့ရှေ့ရှိ လီဟေးသည် ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးမှ ပြန်လည်ဝင်စားခြင်းဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပါ။ အင်အားကြီးမားသူများရှေ့မှောက်တွင် အားနည်းသူသည် ပုရွက်ဆိတ်လေးကဲ့သို့ အလွယ်တကူ ဖျက်ဆီးခံရနိုင်သည်။
ထို့ပြင် စနစ်၏ရှင်းပြမှုအပြီးတွင် လီဟေး၏စိတ်နေသဘောထားသည် ဝမ်ဖုန်း၏စရိုက်နှင့် ထပ်တူကျ၏။ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက် ဆန်းကြယ်အင်ပါယာအဆင့်ဖြစ်ခဲ့သော လီဟေးသည် အပြင်တပည့်များ၏ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဆက်ဆံခြင်းကို ခံနေခဲ့သည်။ အနိုင်ကျင့်ခြင်းကို ပြန်လည်မတိုက်ခိုက်ဘဲ လွှတ်ထားပေးပြီး အချိန်ကိုစောင့်ဆိုင်းကာ လျှို့ဝှက်ချက်ကိုထိန်းသိမ်းရင်းဖြင့် ပြန်လည်ဖျက်ဆီးပစ်သည်။
သတ်ဖြတ်လိုသည့်ဆန္ဒကို လွတ်ထွက်မသွားစေခဲ့သည့် ထိုကဲ့သို့သော သည်းခံနိုင်စွမ်းသည် ဝမ်ဖုန်းအား များစွာ သဘောကျစေသည်။
“ဒင် လီဟေးရဲ့ပြန်လည်ဝင်စားမှုအပြီးမှာ ဝိဉာဉ်ပေါင်းစည်းမှုကြောင့် သူ့ရဲ့စွမ်းရည်ဟာ အလျင်အမြန်တိုးတက်သွားပြီး သူ့ရဲ့ယခင်စွမ်းရည်ထက်ကို သာလွန်သွားခဲ့ပါတယ်။ လီဟေးရဲ့ဝိဉာဉ် နိုးထလာခဲ့ပြီး ပေါင်းစည်းပြီးနောက် တစ်နှစ်ပဲရှိသေးပေမယ့် သူက တခြားအဆင့်တစ်ခုကို ထိုးဖောက်ဝင်ရောက်နေခဲ့ပါပြီ”
အေးစက်သည့်အသံသည် တစ်ဖန်ထွက်ပေါ်လာပြန်သည်။ ဝမ်ဖုန်း၏မျက်လုံးများသည်လည်း တစ်ဖန်လင်းလက်သွားခဲ့ပြန်၏။ သူသည် ဆန်းကြယ်အင်ပါယာအဆင့်သို့ ရောက်ရှိပြီးဖြစ်သော်ငြား လီဟေး၏ကျင့်ကြံဆင့်အမှန်ကို သတိမထားမိခဲ့ချေ။ စနစ်၏စုံစမ်းစစ်ဆေးမှုကြောင့်သာ မဟုတ်ပါက လီဟေးသည် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ သာမန်ကျင့်ကြံသူတစ်ဦးဟုသာ တွေးထင်ပေရော့မည်။
သူ၏ကျင့်ကြံဆင့်ဖြင့်ထိုစွမ်းအားသည် လင်းယွမ်ဂိုဏ်း၏ စွမ်းအားအကြီးမားဆုံးသူထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်း၏။ လီဟေးသည် သည်းခံနိုင်စွမ်းလည်း ကောင်းမွန်လွန်း၏။ ထိုသို့သောလူမျိုးသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ လီဟေးသည် အမှန်တကယ်ပင် ဆန်းကြယ်အင်ပါယာ၏အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်ပါ၏။
လီဟေးသည် ဆန်းကြယ်အင်ပါယာ၏အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်ခဲ့သည်။ သို့သော် သူ၏စွမ်းရည်သည် ထပ်မံတိုးတက်သွားခဲ့သောကြောင့် ဝမ်ဖုန်းအနေဖြင့် သူ၏အနာဂတ်ကို မှန်းဆရန်မဖြစ်နိုင်မည်ကို စိုးရွံ့မိပါ၏။ စနစ်၏ ပြိုင်ဘက်ကင်းပါရမီရှင်ဟု သတ်မှတ်ခံရခြင်းမှာ ထိုက်တန်လှပေသည်။
ဝမ်ဖုန်းသည် လီဟေးကို သူ၏ဂိုဏ်းသို့ ခေါ်ဆောင်သွားရန် စိတ်ဆုံးဖြတ်ပြီးဖြစ်သည်။ သူ၏ရှန်ရှန့်ကျုံဂိုဏ်းသာလျှင် ပုန်းကွယ်နေသည့်နဂါးဖြစ်သူ လီဟေးကို လိုက်လျောဆောင်ကြဉ်းနိုင်ပေမည်။
ထိုသို့တွေးတောပြီးသည်တွင် ဝမ်ဖုန်းသည် တုံ့ဆိုင်းမနေတော့ပေ။ မဟာနတ်ဆိုးရွှမ်ရှ၊ ယောင်ယွဲ့တို့နှင့်အတူ ခြံဝင်းထဲသို့ ဦးတည်လျှောက်သွားခဲ့သည်။
“မင်းဘယ်သူ့ကိုစောင့်နေတာလဲ”
လီဟေးကိုရိုက်နှက်နေသည့်လူငယ်သည် ဝမ်ဖုန်းတို့သုံးဦးကိုမြင်သောအခါ မျက်ခုံးများ ရုတ်ချည်းတွန့်ချိုးသွား၏။ ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လေသည်။ သို့သော် ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် ထိုလူငယ်မှာ အံ့အားသင့်သွား၏။ သူ၏မျက်လုံးများမှာ အလင်းတန်းများဖြာထွက်လာခဲ့လျက် လူမှာ ရူးနှမ်းသွားပုံရလေသည်။
ပြိုင်ဘက်ကင်းလှပသည့်ပုံရိပ်သည် လင်းယွမ်ဂိုဏ်းအပြင်တပည့်၏ နှလုံးသားကိုလွှမ်းမိုးသွား၏။ ထိုလူငယ်မှာ ကမ္ဘာလောကတစ်ခုလုံး၏ အလှပဆုံးသောတည်ရှိမှုကို မြင်တွေ့လိုက်ရသည့်အလား အတွင်းစိတ်ဝိဉာဉ်အထိ အံ့အားသင့်နေလေသည်။
ဝမ်ဖုန်းသည် ထိုလင်းယွမ်ဂိုဏ်းအပြင်တပည့်ကို အပြစ်ဖော်ဆုံးမရန် လျစ်လျူရှုလိုက်ပြီး လီဟေးသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်။ ခန္ဓာကိုယ်ကို ကွေးပိုက်ထားသည့်လီဟေးကို ငုံ့ကြည့်လျက် ပေါ့ပါးစွာပြောလိုက်၏။
“ဒီဂိုဏ်းချုပ်နဲ့ အတူသွားရအောင်”
မှိန်ဖျော့ဖျော့စကားလုံးများသည် လီဟေး၏နားတွင်မြည်ဟီးသွား၏။ လီဟေးမှာ အံ့အားသင့်သွားသောကြောင့် ရုတ်ချည်းခေါင်းထောင်ကြည့်လာခဲ့သည်။
'ဒီလူက ဘယ်သူလဲ။ သူ့ရဲ့စွမ်းရည်နဲ့ ငါ့ရဲ့သတင်းအချက်အလက်ကို စစ်ဆေးကြည့်ဖို့မဖြစ်နိုင်လောက်ဘူး မဟုတ်လား”
ထိုအတွေးဖြင့် လီဟေးသည် ဝမ်ဖုန်းကို ပြန်မဖြေခဲ့ချေ။ ဝမ်ဖုန်းကို ငေးစိုက်ကြည့်နေခဲ့ပြီးနောက် လျင်မြန်စွာ ခေါင်းပြန်ငုံ့သွား၏။ ခန္ဓာကိုယ်ကို ပြန်လည်ကွေးပိုက်ထားလျက် မျက်နှာအမူအရာမှာ အနှိုင်းမဲ့ကြောက်ရွံ့ခြင်းကို ဖော်ပြနေေလသည်။
“ဟန်ဆောင်မနေနဲ့တော့။ ဒီဂိုဏ်းချုပ်က မင်းရဲ့ဇစ်မြစ်ကိုသိပြီးပြီ။ ဒီဂိုဏ်းချုပ်နဲ့လိုက်ခဲ့.. မင်းကို လုံခြုံစေရမယ်”
ထပ်မံပေါ်ထွက်လာသည့် အလေးမထားဟန်အသံသည် လီဟေးကို တစ်ဖန် အံ့အားသင့်စေပြန်သည်။ လီဟေးသည် ရုတ်ချည်းခေါင်းမော့လျက် ဝမ်ဖုန်းကိုငေးစိုက်ကြည့်နေခဲ့ပြီး မျက်လုံးများမှာ ခက်ထန်စွာတောက်လောင်နေ၏။ ၎င်းမျက်လုံးများမှာ ရုတ်တရက်နိုးထလာခဲ့သည့် ပြိုင်ဘက်ကင်းသားရဲတစ်ကောင်၏ မဖော်ပြနိုင်လောက်အောင် ထူးကဲသည့်အရှိန်အဝါမျိုးဖြစ်သည်။
ခက်ထန်သည့်လေထုအခြေအနေကြောင့် ဝမ်ဖုန်းဘေးတွင်ရပ်နေသည့် ရွှမ်ရှနှင့် ယောင်ယွဲ့တို့သည်လည်း တင်းမာသွားခဲ့သည်။ နှစ်ဦးလုံးသည် စူးရှစွာသောအကြည့်တို့ဖြင့် လီဟေးကို စိုက်ကြည့်နေကြ၏။
သို့သော် လီဟေး၏ထိုအရှိန်အဝါသည် ခဏအတွင်း ပျောက်ကွယ်သွားခဲ့ပြီး ဝမ်ဖုန်းကို ကြည့်လာခဲ့သည်။ ထိုမျက်လုံးများမှာ အဆုံးမဲ့နက်ရှိုင်းသည့်တွင်းပေါက်ကြီးများကဲ့သို့ အံ့ဩထိတ်လန့်ဖွယ်ကောင်းလှသည်။
“မင်းမှာ ဘာအရည်အချင်းရှိလို့လဲ”
လီဟေးထံမှ အသံထွက်လာခဲ့သည်။ ယခုအချိန်တွင် လီဟေးသည် သွေးများရွှဲနေလျက် အရှက်ရဖွယ်အခြေအနေ ဖြစ်နေသော်ငြား သူ၏သာလွန်ထူးကဲသော အရှိန်အဝါသည် လူ၏စိတ်ကိုကိုင်လှုပ်နိုင်ဆဲဖြစ်သည်။
“ဒီဂိုဏ်းချုပ်က မင်းရဲ့ဇစ်မြစ်ကိုသိနေပြီဆိုမှတော့ ဒီဂိုဏ်းချုပ်ကိုပဲ မှီခိုလိုက်ပါ လီချန်ကုန်း”
လီဟေး၏စကားအဆုံးတွင် ဝမ်ဖုန်းသည် အပြုံးမမည်သော အပြုံးဖြင့် ပြောခဲ့သည်။
ဘုန်း!
ဝမ်ဖုန်း၏စကားသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပြိုင်ဘက်ကင်းစွာသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါသည် လီဟေးထံမှ ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။ ထိုကြောက်မက်ဖွယ်အရှိန်အဝါသည် ရှုပ်ထွေးအုံကြွနေဟန်ဖြစ်သော်ငြား ကမ္ဘာလောကတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မည့်အလား ထင်ရသည်။ သို့သော် တကယ်တမ်းတွင် ထိုအရှိန်အဝါသည် ဝမ်ဖုန်းတစ်ဦးတည်းကိုသာ ရည်ရွယ်ဦးတည်ထားခဲ့ခြင်းဖြစ်ပြီး အခြားသူများသည်တော့ ထိုကြောက်မက်ဖွယ်အရှိန်အဝါကို မခံစားမိကြချေ။
သို့သော် အချိန်ခဏလေးအတွင်းတွင် လီဟေး၏မျက်လုံးအိမ်များ ကျုံ့သွား၏။ ဝမ်ဖုန်းသည် သူ၏စွမ်းအင်ကို တစ်ချက်မျှ မလှုပ်ရှားဘဲနှင့် အေးဆေးတည်ငြိမ်စွာ သည်းခံရင်ဆိုင်နိုင်ခဲ့သည်။
“ကောင်းပြီ”
လီဟေးသည် ဝမ်ဖုန်းကို လေးနက်စွာကြည့်ပြီးနောက် ခေါင်းငြိမ့်၍ပြောခဲ့သည်။ ဝမ်ဖုန်းမှာ မည်သူဖြစ်သည်ကို သူ မသိပါချေ။ သို့သော် ဆန်းကြယ်အင်ပါယာအဆင့်စွမ်းအင်ကို ဆန့်ကျင်နိုင်သောစွမ်းရည်ရှိပြီး သူ၏ဇစ်မြစ်ကို သိရှိနိုင်ခြင်းသည် ဝမ်ဖုန်းနောက်သို့ လိုက်ပါရန် သိမ်းသွင်းစည်းရုံးခြင်းအတွက် လုံလောက်ပေသည်။
ဝမ်ဖုန်း၏ရည်ရွယ်ချက်ကို သူ မသိထားသော်မှ စားသောက်အိပ်စက်ရန်အတွက် ပူပန်ရန် လိုအပ်တော့မည်မဟုတ်ပေ။
“မင်းကိုယ်တိုင် ဖြေရှင်းချင်လား ဒါမှမဟုတ် ဒီဂိုဏ်းချုပ်က ကူညီပေးရမလား”
ဝမ်ဖုန်းမှ ယောင်ယွဲ့ကိုငေးကြည့်နေသည့် လင်းယွမ်ဂိုဏ်းအပြင်တပည့်ကို ကြည့်လျက် လီဟေးအား ပြောလိုက်ခြင်းဖြစ်သည်။
ဝမ်ဖုန်း၏စကားကို ကြားသော်ငြား လီဟေးသည် ပြန်ဖြေမလာခဲ့ပေ။ လှုပ်ရှားမှုတစ်ချက်ဖြင့် ထိုလင်းယွမ်ဂိုဏ်းအပြင်တပည့်ရှေ့သို့ ရုတ်ချည်းရောက်သွားခဲ့ပြီး လက်တစ်ဖက်တည်းဖြင့် ထိုလူငယ်ကို ပင့်မြှောက်လိုက်သည်။
“လီ……လီဟေး. မင်း….. အ အရမ်းတွေ….. သတ္တိရှိနေတယ်ပေါ့လေ”
လီဟေး၏ကိုင်မြှောက်ခြင်းကို ခံလိုက်ရသည့်အပြင်တပည့်သည် ရုတ်ချည်း မျက်နှာနီရဲသွား၏။ ထိတ်ထိတ်ပျာပျာဖြင့် ရုန်းကန်နေခဲ့သော်ငြား ကံဆိုးလှစွာဖြင့် မည်မျှရုန်းကန်သည်ဖြစ်စေ တင်းကြပ်စွာဆုပ်ကိုင်ထားသည် လီဟေး၏လက်မှ မလွတ်မြောက်နိုင်ချေ။
ဂျွတ်!
လီဟေး၏မျက်လုံးများတွင် ခက်ထန်ကြမ်းကြုတ်မှုအချို့ ဖြတ်ပြေးသွားလျက် သူ၏နောက်လက်တစ်ဖက်ကို အသုံးပြုလိုက်သည်တွင် တစ်စုံတစ်ခုကျိုးပဲ့သွားသည့်အသံမှာ ခြံဝန်းထဲတွင် ထွက်ပေါ်လာခဲ့၏။ လင်းယွမ်ဂိုဏ်းအပြင်တပည့်၏ဦးခေါင်းသည် ခန္ဓာနှင့်တွဲဆက်မနေနိုင်တော့ဘဲ မြေပြင်သို့ပြုတ်ကျသွားခဲ့သည်။
ဝမ်ဖုန်းသည် လီဟေးကို လေးနက်စွာကြည့်နေခဲ့သော်ငြား ဘာမျှ မပြောခဲ့ပါချေ။ မဟာနတ်ဆိုးရွှမ်ရှ၊ ယောင်ယွဲ့တို့နှင့်အတူ လှည့်ထွက်သွားခဲ့သည်။ သူ၏စိတ်တွင်းမှ စနစ်၏အသံကို မကြားရလေရာ လီဟေးသည် သူ၏ရှန်ရှန့်ကျုံဂိုဏ်းသို့ အမှန်တကယ် ဝင်ရောက်ခြင်းမရှိဟု ဆိုလို၏။ ‘ဒီပြန်လည်ဝင်စားတဲ့လူကို ဂိုဏ်းထဲခေါ်ဖို့က တန်ဖိုးတချို့လိုအပ်သေးတာလား’