← Chapters

ဒီအချိန်ကစပြီး လင်းယွမ်ဂိုဏ်းရယ်လို့ မရှိတော့။

Vol. 2 Ch. 18

ဒီအချိန်ကစပြီး လင်းယွမ်ဂိုဏ်းရယ်လို့ မရှိတော့။

Vol. 2 Ch. 18

ချန်ဖုန်းထံမှ အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်ရှိ ပြင်းထန်လှစွာသောစွမ်းအားသည် လင်းယွမ်ဂိုဏ်းကြီးတစ်ခုလုံးကို လွှမ်းခြုံသွားလျက် တုန်လှုပ်သွားစေသည်။ လင်းယွမ်ဂိုဏ်းတပည့်များအားလုံးသည်လည်း ထိုကြောက်မက်ဖွယ်စွမ်းအားအတွင်းရှိ ကြောက်ခမန်းလိလိသော ဒေါသအဟုန်ကို ခံစားမိနေ‌ရ၏။

“ဘာဖြစ်တာလဲ။ ဘာလို့ ဂိုဏ်းချုပ်က အရမ်းဒေါသထွက်နေတာလဲ”

“မင်း အခုထိ မသိသေးဘူးလား။ ဒီလင်းယွမ်ဂိုဏ်းထဲမှာပဲ ဂိုဏ်းတူအစ်ကိုချန်းရှင်း အသတ်ခံလိုက်ရတယ်လေ”

“ဘာရယ်? အဲ့လိုကိစ္စမျိုးရှိခဲ့တာလား”

“ဘုရားရေ! ဘယ်သူက အဲ့လောက်ဘဝင်မြင့်ရဲတာလဲ။ ဂိုဏ်းချုပ်ရဲ့ခေါင်းပေါ် တက်စော်ကားရဲတာ!”

လင်းယွမ်ဂိုဏ်းတပည့်များအားလုံးသည် စကားများပြောဆိုနေကြလျက် အချို့မှာ ဒေါသထွက်နေကြ၏။ သူတို့၏လင်းယွမ်ဂိုဏ်းသည် ရှင်းယောင်တောင်တန်း၏အစွန်အ‌ဖျားရှိ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။ မည်သူကများ အနိုင်ကျင့်စော်ကားရဲမည်နည်း။

လင်းယွမ်ဂိုဏ်းတပည့်များ၌ ဂိုဏ်းတူအစ်ကိုချန်းရှင်းနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသူများစွာ ရှိကြသော်ငြား ယခုအခိုက်အတန့်တွင် ဂိုဏ်းတပည့်များအားလုံးမှာ လင်းယွမ်ဂိုဏ်းကိုစော်ကားပြုမူခြင်းအတွက် နာကျည်းမုန်းတီးမှုနှင့် အငြိုးအတေးခံစားချက်များကို တူညီစွာခံစားကြရပေသည်။

“သေစမ်း!”

လင်းယွမ်ဂိုဏ်းလမ်းမထက်တွင် ချန်းဖုန်းသည် ယောင်ယွဲ့အား မျက်‌ထောင့်နီကြီးများဖြင့် စိုက်ကြည့်နေခဲ့၏။ ယခုအချိန်တွင် ချန်းဖုန်း၏ရှေ့၌ ယောင်ယွဲ့၏အလှတရားသည် အရေးမပါတော့ချေ။ ချန်းဖုန်း၏မျက်လုံးထဲ၌ ယောင်ယွဲ့သည် ပြိုင်ဘက်ကင်းအလှလေး မဟုတ်နေပေ။ သတ်ပစ်ရမည့်ရန်သူဖြစ်သည်။

အသံနိမ့်ဟိန်းဟောက်မှုတစ်ချက်နှင့်အတူ ချန်းဖုန်းသည် ရုတ်တရက် လက်ကိုဆန့်ထုတ်လာခဲ့လျက် သူ၏လက်ဖဝါးထိပ်တွင် ခမ်းနားထည်ဝါသော ချီစွမ်းအင်များစုဝေးထား၏။ ကြောက်မက်ဖွယ်ချီစွမ်းအင်လှိုင်းသည် လေဟာပြင်ကိုပင် ပုံပျက်သွားစေခဲ့ပြီး သူ၏လက်ဖဝါးတစ်ခုလုံးမှာ တောက်ပစွာသောအလင်းတို့ဖြင့် ငွားငွားစွင့်စွင့်ရှိနေပေသည်။

ဘုန်း!

ချန်းဖုန်းမှ လက်ဖဝါးကိုလွှဲရမ်းလိုက်သည်နှင့် ကြောက်မက်ဖွယ်ချီစွမ်းအင်လှိုင်းသည် လှိုင်းလုံးကြီးကဲ့သို့ ယောင်ယွဲ့ဆီသို့ တစ်ဟုန်ထိုးလိမ့်စီးသွားခဲ့သည်။ အရှိန်အဟုန်နှင့်အတူ တွန်းတိုက်သွား၏။

ချန်းဖုန်းမှ‌ ကြောက်မက်ဖွယ်ချီစွမ်းအင်ဖြင့် တိုက်ခိုက်သည်တွင် နေရာရှိ လင်းယွမ်ဂိုဏ်းတပည့်များ၏မျက်နှာ၌ ဂုဏ်ယူဝံ့ကြွားခြင်းမည်သော အမူအရာများ ထင်ဟပ်လာခဲ့သည်။ သူတို့၏လင်းယွမ်ဂိုဏ်းချုပ်သည် ‌ရှင်းယောင်တောင်တန်းနယ်ဖျားဒေသ၏ ထိပ်တန်းစွမ်းအားကြီးပုဂ္ဂိုလ်အဖြစ် ကျော်ကြားသူဖြစ်သည်ပင်။

ဂုဏ်ယူဝံ့ကြွားခြင်းနှင့်အတူ ထိုဂိုဏ်းတပည့်များသည် ယောင်ယွဲ့အား သနားချင့်သောအကြည့်များဖြင့် ကြည့်နေခဲ့၏။ လောက၏ရှားပါးလှသောအလှလေးယောင်ယွဲ့သည် လင်းယွမ်ဂိုဏ်းကို စော်ကားပြုမူခြင်းကဲ့သို့သော မိုက်မဲသည့်ကိစ္စရပ်မျိုးကို ပြုလုပ်လိမ့်မည်ဟု သူတို့မမျှော်လင့်ထားပါချေ။

ယောင်ယွဲ့ကို ပထမဆုံးအကြိမ်တွေ့မြင်ရစဉ်၌ လင်းယွမ်ဂိုဏ်းတပည့်များအားလုံးသည် အံ့ဩမင်သက်သွားခဲ့လျက် အမျိုးသမီးတပည့်များသည်ပင် ယောင်ယွဲ့၏အလှတရားမှ လွှမ်းမိုးခြင်းကို ခံခဲ့ရသည်။ သို့သော် ထိုအလှလေးသည် ဂိုဏ်းချုပ်၏လက်တွင် သေဆုံးရပေတော့မည်။ ‘ဘယ်လိုတောင် နှမြောဖို့ကောင်းလိုက်သလဲ’

ယောင်ယွဲ့ကဲ့သို့သော အမျိုးသမီးသည် ရုတ်တရက် အချိန်တိုမျှသာ ပေါ်ထွက်လာခဲ့သူဖြစ်သော်ငြား သူတို့၏စိတ်နှလုံးအတွင်း၌ ထာဝရ ပုံရိပ်ရိုက်နှိပ်ထားခဲ့ပြီးဖြစ်သည်။ ယောင်ယွဲ့ သေဆုံးသွားခဲ့လျှင်သော်မှ ဤဘဝတွင်တော့ ယောင်ယွဲ့၏မျက်နှာလေးကို မေ့လျော့နိုင်တော့မည်မဟုတ်ပေ။

လက်ရှိတွင် ဝမ်ဖုန်း၊ မဟာနတ်ဆိုးရွှမ်ရှနှင့် လီဟေးတို့သာလျှင် တည်ငြိမ်အေးဆေးစွာရှိ‌ေန၏။ မဟာနတ်ဆိုးရွှမ်ရှနှင့်လီဟေးတို့မှာ မျက်နှာပင်ရှုံ့တွနေကြသေးသည်။ ‘သူတို့ရဲ့ကျင့်ကြံဆင့်လောက်နဲ့များ ငါတို့ကိုရင်ဆိုင်တိုက်ခိုက်ဝံ့သေးတယ်တဲ့။ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူတစ်ယောက်က တိုက်ကွက်တစ်ချက်လောက်ထုတ်လိုက်ရင်ကို သူတို့ရဲ့သေရေးရှင်ရေးက ‌မသေချာနိုင်တာ့ဘူး’

ချန်းဖုန်း၏ကြောက်မက်ဖွယ်လက်ဝါးရိုက်ချက်သည် ယောင်ယွဲ့၏စွဲမက်ဖွယ်ခန္ဓာပေါ်သို့ ကျရောက်တော့မည်တွင် ယောင်ယွဲ့၏မျက်လုံးများမှာ ရုတ်ချည်းအေးစက်သွား၏။ စွမ်းအားကြီးမားလှသော ချီစွမ်းအင်များ သူမ၏ခန္ဓာကိုယ်မှ ဖြာထွက်လာခဲ့လျက် ဝန်းကျင်တစ်ခွင်ကို တုန်လှုပ်သွားစေခဲ့သည်။

ထက်ရှကြောက်မက်ဖွယ်သောချီစွမ်းအင်သည် ထိုအခိုက်တွင် ပြိုင်းဘက်ကင်းလောက်အောင် ထက်ရှသည့်ဓားရှည်အဖြစ်သို့ ကူးပြောင်းသွားခဲ့သည့်အလား ချန်းဖုန်း၏လက်ဝါးရိုက်ချက်ကို ခုတ်ပိုင်းလိုက်လေသည်။

ဘုန်း!

အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်ကျင့်ကြံသူများကို တုန်လှုပ်စေရန်လုံလောက်သည့် လက်ဝါးရိုက်ချက်သည် ယောင်ယွဲ့၏ချီစွမ်းအင်မျှင်တန်းနှင့် ထိခတ်လိုက်သည်နှင့်တစ်ပြိုင်နက် စက္ကူစလေးကဲ့သို့ ရုတ်ချည်းပျက်စီးပြိုလဲလွယ်သွားခဲ့ကာ ခမ်းနားလှသောချီစွမ်းအင်သည်လည်း ကောင်းကင်နှင့်ကမ္ဘာမြေပြင်ကြားတွင် လွင့်ပါးပျောက်ကွယ်သွားသည့် ကြယ်စင်အလင်းစလေးတစ်ခုအလား ပြောင်းလဲသွားခဲ့ပေသည်။

လွန်ခဲ့သည့်တစ်ခဏ‌တွင် တုန်လှုပ်နေခဲ့သည့် ဝန်းကျင်တစ်ခွင်သည်လည်း ယခုတွင် ပြန်လည်တည်ငြိမ်သွားခဲ့၏။

“ဘယ်… ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”

ထိုမြင်ကွင်းကြောင့် ချန်းဖုန်းမှာ မျက်လုံးများပြူးကျယ်သွားရသည်။ မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့လျက် အာမေဍိတ်သံပင် ထွက်အံကျလာခဲ့ရသည်။

လမ်းယွမ်ဂိုဏ်း၏တပည့်များနှင့် အကြီးအကဲများသည်လည်း လွန်စွာအံ့အားသင့်လွန်းသည်ကြောင့် မျက်လုံးများကိုပွတ်သပ်လျက် သူတို့မှာ ပုံရိပ်‌ယောင် မှားယွင်းမြင်တွေ့နေခြင်းမဟုတ်ကြောင်း အတည်ပြုနေကြသည်။

ကျစ်!

ထို့နောက်တွင် လင်းယွမ်ဂိုဏ်းတပည့်များနှင့် အကြီးအကဲများထံမှ တောင့်ခဲနေသည့် သက်ပြင်းချသံများ ထွက်ပေါ်လာခဲ့သည်။ လွန်ခဲ့သည့်စက္ကန့်အနည်းငယ်ကပင် ပြိုင်ဘက်‌ကင်းအလှလေး၏ သေဆုံးခြင်းအတွက် ပူဆွေးမြည်းတမ်းနေခဲ့သေး၏။ ဘုရားသခင်သည် သူတို့အား နောက်ပြောင်ကျီစယ်ခြင်း ဖြစ်ပေမည်။

အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်ကျင့်ကြံသူ၊ ဒေါသအဟုန်ပြင်းထန်သူ၊ ရှင်းယောင်တောင်တန်းနယ်ဖျားဒေသ၏ စွမ်းအားမြင့်တည်ရှိမှုဖြစ်သည့် လင်းယွမ်ဂိုဏ်းချုပ်သည် ဤစွဲမက်ဖွယ်လှပသည့်အမျိုးသမီးထံတွင် အလွယ်တကူ ဖြိုလှဲခံလိုက်ရသည်။ ထိုအမျိုးသမီးသည် တိုက်ကွက်မထုတ်ဘဲ ချီစွမ်းအင်မျှင်တန်းလေးတစ်ခုဖြင့် လင်းယွမ်ဂိုဏ်းချုပ်၏ဒေါသအဟုန်ကို ဖျက်ဆီးပစ်ခဲ့သည်။ ‘ဘယ်လိုတောင် ကြောက်ဖို့ကောင်းသလဲ’

“မင်းရဲ့သခင် ဘယ်သူလဲ”

တုန်လှုပ်နေရင်းဖြင့်ပင် ချန်းဖုန်းသည် သူ၏ဒေါသအဟုန်ကို အတင်းအကြပ်ဖိနှိပ်၍ ယောင်ယွဲ့အား စူးရဲစွာစိုက်ကြည့်လျက် အော်မေးခဲ့သည်။

ယောင်ယွဲ့၏ထိတ်လန့်ဖွယ်စွမ်းအားသည် ချန်းဖုန်းကို လက်လွတ်စပယ် မလှုပ်ရှားဝံ့ဖြစ်စေခဲ့သည်။ မိမိ၏ထိုလက်ဝါးချက်တွင် စိုးစဉ်းမျှ သက်ညှာပေးခဲ့ခြင်းမရှိသည်ကို ချန်ဖုန်း မိမိကိုယ်ကိုကောင်းစွာသိပါ၏။ သို့သော် ယောင်ယွဲ့သည် ချီစွမ်းအင်မျှင်တန်းလေးတစ်ချက်ဖြင့် သူ၏တိုက်ကွက်ကို ဖျက်ဆီးနိုင်ခဲ့သည်။ သူသည် ‌ယောင်ယွဲ့၏ပြိုင်ဘက် ဟုတ်မနေပေ။

သားဖြစ်သူကိုဆုံးရှုံးရသည့်နာကျင်မှုဖြင့် ချန်းဖုန်းမှာ ရူးသွပ်မတတ် ခံစားနေရရာ ယောင်ယွဲ့၏ထိတ်လန့်ဖွယ်စွမ်းအားသည် သူ့အား အသိစိတ်ကပ်သွားစေ၏။

ယောင်ယွဲ့သည်တော့ ချန်းဖုန်းကို အာရုံစိုက်မနေပါချေ။ ဝမ်ဖုန်း၏ဘေးတွင် မလှုပ်မယှက် ရပ်နေဆဲဖြစ်သည်။ မျက်နှာထက်တွင်‌တော့ အေးစက်မောက်မာသည့်အမူအရာများ အတိုင်းသားပေါ်လွင်နေ၏။

တကယ်တမ်းတွင် ယောင်ယွဲ့သည် ဝမ်ဖုန်း၏အမိန့်ကို စောင့်ဆိုင်းနေခြင်းဖြစ်၏။ ဝမ်ဖုန်းမှ ချန်းဖုန်းအား အတိအလင်း သတ်ပစ်လိုခြင်းမရှိပါလျှင် ယောင်ယွဲ့သည်လည်း ဝမ်ဖုန်း၏အမိန့်မရဘဲ မသတ်ဝံ့ပေ။

ယောင်ယွဲ့သည် အေးစက်မောက်မာတတ်သူဖြစ်သော်ငြား ဝမ်ဖုန်း၏ဆင့်ခေါ်ခြင်းကို ခံယူခဲ့ရပြီးနောက်တွင် ဝမ်ဖုန်းသည် သူမ၏အသက်ကြိုးကို ကိုင်ဆောင်ထားသည့် အာဏာကြီးမြင့်သောတည်ရှိမှုဖြစ်သည်ကို ရှင်းလင်းစွာသိထား၏။

အတိတ်ကာလတွင် ယောင်ယွဲ့၌ ကြောက်ရွံ့ရသူဟူ၍ မရှိခဲ့။ သို့သော် လက်ရှိအချိန်ကာလတွင် ဝမ်ဖုန်းသည် သူမ,ကြောက်ရွံ့ရသည့် တစ်ခုတည်းသောတည်ရှိမှု ဖြစ်လာခဲ့သည်။

“မင်းက တကယ်ကြီး အဲ့လောက်စွမ်းအားကြီးမယ်လို့ ငါမယုံဘူး”

ယောင်ယွဲ့၏အေးစက်မောက်မာသည့် အပြုအမူသည် ချန်းဖုန်းကို အလွန်စိတ်အနှောင့်အယှက်ဖြစ်စေသည်။ ယောင်ယွဲ့သည် အမှန်တကယ် ထိုမျှစွမ်းအားမကြီးမားဟုပင် တွေးထင်လျက် ခုနက တိုက်ခိုက်မှုမှာ ဟန်ဆောင်ခြင်းသာဖြစ်သည်ဟု တွေးထင်ခဲ့သည်။

ဘုန်း!

ချန်းဖုန်းသည် နောက်တစ်ကြိမ် ပြင်းထန်လှသောစွမ်းအင်များ စုစည်းလာပြန်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအင်များကို လက်ဖဝါး၌စုစည်းလျက် လက်ဖဝါးထက်တွင် တောက်ပသည့်အလင်းစုတစ်ခု ဖြစ်တည်စေခဲ့သည်။ လျှပ်တပြက်အချိန်အတွင်းတွင် လက်ဖဝါးတိုက်ကွက်ကို စုစည်းဖန်တီးလျက် ယောင်ယွဲ့သို့ ဦးတည်ပစ်လွှတ်ပြန်သည်။

“သတ်လိုက်တော့!”

ချန်းဖုန်းမှ နောက်တစ်ကြိမ်လှုပ်ရှားလာသည်‌ကို မြင်သောအခါ ဝမ်ဖုန်းသည် လက်ဝှေ့ယမ်းလိုက်ပြီး အရေးမထားဟန်ဖြင့် ပြောခဲ့၏။ ဝမ်ဖုန်းသည် ကနဦး၌ ချန်းဖုန်းကို အသက်ရှင်လျက် ချန်ထားရစ်လိုခဲ့သည်။ ရှင်းယောင်တောင်တန်းနှင့်အတူ အင်ပါယာကြီးတစ်ခုလုံးနှင့်ပါ နားလည်မှုရယူလိုခဲ့သည်။ သို့သော် ချန်းဖုန်းသည် လက်ရှိအရေးကိစ္စနှင့်ပတ်သက်၍ မိုက်မဲစွာပြုမူနေသည်ဖြစ်ရာ အဘယ်ကြောင့်များ အသက်ရှင်လျက် ချန်ထားနိုင်မည်နည်း။ သူ့အတွက် အသုံးဝင်လိမ့်မှာမှ မဟုတ်ဘဲလေ။

ဝမ်ဖုန်း၏စကားကြောင့် ယောင်ယွဲ့၏စွဲမက်ဖွယ်လှပသည့်ခန္ဓာကိုယ်မှာ ကြက်သီးမွေးညင်းများ ထသွားရ၏။ ထိတ်လန့်ကြောက်ရွံ့ဖွယ်သော အေးစက်မှုနှင့်အတူ လေဟာပြင်၌ သ‌လင်းကျောက်များ အေးခဲဖြစ်တည်လာခဲ့သည်။ တစ်ဆက်တည်း၌ပင် နှလုံးအိမ်အား ဖိညှစ်လိုက်သည်ကဲ့သို့ ခံစားရပေသည်။

ချက်ချင်းပင် ယောင်ယွဲ့သည် သူမ၏သေးသွယ်သည့်ကျောက်စိမ်းလက်လေးကို ဆန့်ထုတ်လျက် အသာအယာ ပုတ်လိုက်ရာ အေးခဲသလင်းကျောက်များ ရုတ်ချည်းဖြာထွက်လာ၏။ လေဟာပြင်တွင် အနားသတ်ချွန်ထက်သည့် သလင်းကျောက်ကွဲအက်စများ လွင့်ပျံထွက်လာခဲ့သည်။

ဘုန်း!

လူများစွာ၏အကြည့်များ‌ရှေ့မှောက်၌ ထိုသလင်းကျောက်စများသည် ချန်းဖုန်း၏လက်ဖဝါးသို့ အရှိန်ပြင်းစွာဦးတည်သွား၏။ ထိတ်လန့်ကြောက်ရွံ့ဖွယ် သလင်းကျောက်စများသည် ချန်းဖုန်း၏လက်ဖဝါးသိုင်းကွက်ကို တိုက်ရိုက်ဖြိုခွင်းသွားလျက် ချန်းဖုန်းထံသို့ ပစ်ဝင်သွားကြသည်။ ဝေးကွာလှသောအကွာအဝေးဖြစ်သော်ငြား ချန်းဖုန်း၏အရေပြားကို စူးနစ်သွားဆဲပင်။

သလင်းကျောက်စများ လွင့်ပျံထွက်လာသည်ကို မြင်တွေ့လိုက်ရချိန်တွင် ချန်းဖုန်း၏မျက်နှာမှာ အကြီးအကျယ်ပြောင်းလဲသွား၏။ မျက်လုံးများမှာ ထိတ်လန့်ရိပ်များ ပြည့်နှက်သွားလျက် ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအင်များကို ဆက်လက်အသုံးပြု၍ မိမိကိုယ်ကို ဖုံးလွှမ်းကာကွယ်လိုက်၏။ ချန်းဖုန်းမှာ နောက်သို့ ဆက်တိုက်‌ ပြန်လည်ဆုတ်ခွာနေခဲ့ပြီး ထိုသလင်းကျောက်များထံမှ လွတ်မြောက်လိုခဲ့သည်။

သို့သော်ငြား ချန်းဖုန်း၏ရုန်းကန်မှုမှာ အချည်းနှီးသာဖြစ်ခဲ့ရသည်။ ချန်းဖုန်း၏ချီစွမ်းအင်အကာအကွယ်သည် ထိုသ‌လင်းကျောက်စများကို တစ်စက္ကန့်မျှပင် မတားဆီးနိုင်ခဲ့ဘဲ အလင်းအလျင်ဖြင့် သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက် စူးဝင်ထိုးဖောက်သွား၏။

အ့!

ချန်းဖုန်း၏မျက်လုံးအိမ်များ ပြူးကျယ်သွားခဲ့ပြီး ပါးစပ်မှလည်း သွေးတစ်ပွက် အန်ထွက်သွားခဲ့သည်။ ချန်းဖုန်းသည် သူ၏ရင်အုံမှ သွေးစွန်းနေသည့်အပေါက်ရာများကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် လက်ကိုဆန့်တန်းလျက် ယောင်ယွဲ့ကိုလက်ညှိုးထိုးနေခဲ့ပြီး တစ်စုံတစ်ရာ ထုတ်ပြောချင်နေပုံရသော်ငြား စကားလုံးများ ထွက်မလာခဲ့ချေ။ အသံ၊ အသိစိတ် အားလုံးတို့သည် အမှောင်ထုထဲသို့ ကျရောက်သွားခဲ့ခြင်းနှင့်အတူ ခန္ဓာကိုယ်သည်လည်း လဲပြိုကျသွားတော့သည်။

ဘုန်း!

ကျယ်လောင်သည့်ပေါက်ကွဲမှုကြီး ဖြစ်သွားခဲ့၏။ ချန်းဖုန်း လဲကျသွားသည့်နေရာရှိ မြေကြီးများသည်လည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေလျက် ကျောက်စရစ်ခဲများ လွင့်စင်လာကာ လေဟာပြင်တွင် သလင်းကျောက်စများ လွင့်မျောနေသည်မှာ ရှင်းယောင်တောင်တန်း၏ ထိပ်တန်းစွမ်းအားမြင့်ပုဂ္ဂိုလ်ကြီး လင်းယွမ်ဂိုဏ်းချုပ်ကို တမလွန်သို့ပို့ဆောင်ပေးနေသည့်အလား ထင်မှတ်ရသည်။

“ဂိုဏ်း… ဂိုဏ်းချုပ်သေသွားပြီ!”

“ငါ… ငါတို့ဘယ်လိုလုပ်ကြမလဲ”

သူတို့၏စိတ်နှလုံးအိမ်မဏ္ဍိုင်ဖြစ်သူသည် လူသေအလောင်းအဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်ဖြစ်ရာ လင်းယွမ်ဂိုဏ်းတပည့်များနှင့် အကြီးအကဲများသည် ထိတ်လန့်‌ေကြာက်ရွံ့ကုန်ကြလျက် တစ်ကိုယ်လုံး တုန်ရီကြကုန်သည်။

သူတို့၏နှလုံးအိမ်မှ ကြောက်ရွံ့နေမှုကို ဖြေလျှော့ရန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ကြ၏။ ယခုတွင် ယောင်ယွဲ့၏အလှတရားသည် ကြောက်ရွံ့စိတ်ကိုသာ ပေးစွမ်းနေတော့သည်။ ယခင်အချိန်များကဲ့သို့ နှစ်လိုစွဲမက်ဖွယ်ဖြစ်မနေတော့ပါ။

သူတို့၏ဂိုဏ်းချုပ်သည် အပြောင်းအလဲသို့ဝင်ရောက်ခြင်း၏အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်သည်။ သို့သော် ထိုအလှလေး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်မှာ ပြန်လည်ခုခံနိုင်စွမ်းပင် မရှိခဲ့ပေ။ ထိုအလှလေးသည် မည်မျှထိ စွမ်းအားကြီးမားသနည်း။

သူတို့ ပို၍စိုးရိမ်ပူပန်မိသည်မှာ ယောင်ယွဲ့သည် ဂိုဏ်းချုပ်ချန်းဖုန်းကို သတ်ဖြတ်ပြီးနောက် သူတို့ကို ဒုက္ခပေးလာမည်ကိုဖြစ်သည်။ ဂိုဏ်းချုပ်သည်ပင် ခုခံဟန့်တားနိုင်စွမ်း မရှိခဲ့ရာ သူတို့က မည်သို့များ ခုခံဟန့်တားနိုင်ပါမည်နည်း။

“ဂိုဏ်းချုပ်!”

“မင်းက ငါတို့လင်းယွမ်ဂိုဏ်းချုပ်ကို ငါတို့လင်းယွမ်ဂိုဏ်းသားထောင်ချီရဲ့ရှေ့မှာ သတ်ပစ်ခဲ့တယ်။ ငါတို့မင်းကို လုံးဝ အလွတ်မပေးနိုင်ဘူး”

ထိုသို့သော သေရေး‌ရှင်ရေးအခြေအနေတွင် လင်းယွမ်ဂိုဏ်း၏အကြီးအကဲတစ်ဦးသည် ချန်းဖုန်း၏ရုပ်အလောင်းကို ထူမတ်ဖက်တွယ်ရင်းဖြင့် အော်ဟစ်ပြောဆိုခဲ့သည်။ ထိုသူ၏မျက်လုံးများမှာ ယောင်ယွဲ့ကို အသက်ရှင်လျက်မြိုချတော့မည့်အလား အံ့အားသင့်ဖွယ်သော အမုန်းတရားများရှိနေခဲ့သည်။

“သတ်လိုက်”

ဝမ်ဖုန်းသည် ထိုအကြီးအကဲအား တစ်ချက်ကြည့်ပြီးနောက် အရေးမထားဟန် ပြောခဲ့ပြန်သည်။

ယောင်ယွဲ့သည် သူမ၏လက်ကိုဆန့်ထုတ်လိုက်ရာ အေးစက်သည့်အလင်းတစ်ခု ရုတ်ချည်းပေါ်ထွက်လာ၏။ ထို့နောက်တွင် ထိုအကြီးအကဲ၏ မျက်ခုံးနှစ်ခုကြား၌ အပေါက်တစ်ပေါက် ဖြစ်တည်သွားခဲ့သည်။ ‌ဦးခေါင်းတစ်ခုလုံးမှ သွေးများ တတောက်တောက် စီးကျနေလျက် ခန္ဓာကိုယ်သည် ချန်းဖုန်း၏ရုပ်အလောင်းပေါ်သို့ တန်းတန်းမတ်မတ် လဲကျသွားခဲ့သည်။

“ဒီနေရာမှာပဲ လင်းယွမ်ဂိုဏ်းဟာ ပြိုကွဲသွားခဲ့ပြီ။ ယောင်ရီအင်ပါယာမှာ လင်းယွမ်ဂိုဏ်းဆိုတာ မရှိတော့ဘူး။ မင်းတို့ ဒီဂိုဏ်းချုပ်ကိုလက်စားချေချင်ရင်လည်း ဒီဂိုဏ်းချုပ်က အချိန်မရွေးကြိုဆိုနေပါတယ်!”

ဝမ်ဖုန်းသည် ပတ်ပတ်လည်ရှိ လင်းယွမ်ဂိုဏ်းတပည့်များနှင့် အကြီးအကဲများကို ဝေ့ဝဲကြည့်လျက် အရေးမထားဟန်ဖြင့် ပြောခဲ့၏။ ခံစားချက်ကင်းမဲ့သည့်စကားလုံးများသည် လင်းယွမ်ဂိုဏ်းတပည့်များကို တုန်လှုပ်သွားစေခဲ့သည်။

All Chapters