လီဟေး ရှန်ရှန့်ကျုံဂိုဏ်းသို့ဝင်ရောက်ခြင်း။
Vol. 2 Ch. 20
“ ပုရွက်ဆိတ်လိုကောင်က ဒီမြို့စားကို ဆန့်ကျင်ရဲတယ်ပေါ့လေ”
ခန္ဓာကိုယ်အပိုင်းပိုင်းဖြစ်သွားရသည့် ၏လင်းယွမ်ဂိုဏ်းချုပ်၏ရုပ်အလောင်းကိုကြည့်ရင်းဖြင့် ချန်လင်မြို့စားမှ နှာမှုတ်လျက်တီးတိုးပြော၏။ သားဖြစ်သူအတွက် လက်စားချေရန် စိတ်အားထက်သန်နေသည့် ချန်လင်မြို့စားသည် လင်းယွမ်ဂိုဏ်းချုပ်ကို သတ်ခဲ့သည့်လူသတ်သမားကို မိမိလက်ဖြင့်ကိုယ်တိုင် သတ်ပစ်ရန်လိုအပ်ပါကလည်း ဂရုမစိုက်ပါချေ။
သို့သော် ဤလူအိုကြီးသည် သူ၏ရိုးရှင်းလှသောဆန္ဒအလျောက် သူ၏အာဏာအင်အားကို အသုံးပြု၍ လင်းယွမ်ဂိုဏ်းကို ပြန်လည်တည်ထောင်လိုသေးသည်။
လင်းယွမ်ဂိုဏ်း၏အကြီးအကဲများနှင့် တပည့်များစွာတို့သည် ကြောက်ရွံ့ထိတ်လန့်စွာ တုန်လှုပ်နေကြပြီး ချန်လင်မြို့စားကို ဒေါသဖြစ်စေခဲ့သည့်အတွက် အသက်ပင် ရဲရဲမရှူရဲကြချေ။
ယခင် ယောင်ယွဲ့မှ လင်းယွမ်ဂိုဏ်းချုပ်ကို သတ်ခဲ့ခြင်းသည် သူတို့အတွက် ခြိမ်းခြောက်မှုကြီးတစ်ရပ်ဖြစ်ခဲ့သော်ငြား လက်ရှိအချိန်တွင် ချန်လင်မြို့စားကြောင့် ဖြစ်တည်လာရသည့် ကြောက်စိတ်ဖြင့်နှိုင်းစာလျှင် တော်ပါသေးသည်။
အဆုံးသတ်တွင်တော့ ချန်လင်မြို့စားသည် ယောင်ရီအင်ပါယာကြီးတစ်ခုလုံးတွင် အင်အားကြီးမားသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ၏ဂုဏ်သိက္ခာသည် လူတို့၏စိတ်နှလုံးတွင် နက်ရှိုင်းစွာ အမြစ်တွယ်ထားပြီးဖြစ်ပေသည်။
“မင်း.. အရင်ပြောထားတဲ့တိုင်းအတိုင်း အဲဒီ့လူကို ထွက်လာအောင်လုပ်”
ချန်လင်မြို့စားမှ လင်းယွမ်ဂိုဏ်းအကြီးအကဲတစ်ဦးကို လက်ညှိုးထိုးလျက် အရေးမထားဟန်ဖြင့်ပြော၏။
“ဟုတ်.. ဟုတ်ကဲ့ပါ မြို့စားအရှင်။ ကျွန်တော်မျိုး အဲဒီ့လူထွက်လာစေဖို့ အကောင်းဆုံးလုပ်ဆောင်ပါ့မယ်”
ချန်လင်မြို့စား၏ လက်ညှိုးညွှန်ခြင်းကို ခံယူလိုက်ရသည့်အကြီးအကဲသည် ကနဦးတွင် အချိန်ခဏမျှ ကြောင်အသွားခဲ့ပြီး ထို့နောက်တွင် ပျော်ရွှင်ဝမ်းမြောက်သွား၏။ ကံကောင်းမှုကြီးသည် သူ့ထံသို့ တန်းတန်းမတ်မတ်ရောက်လာမည်ဟု သူမမျှော်လင့်ထားခဲ့ပါ။ ထိုအကြီးအကဲသည် ချန်လင်မြို့စားကို အလျင်အမြန် အရိုအသေပေးလျက် တုန်ရီနေသည့်အသံဖြင့် ပြောခဲ့သည်။
ချန်လင်မြို့စားသည်တော့ ဘာမျှပြန်မပြောခဲ့။ ချန်လင်စစ်တပ်ကိုခေါ်ဆောင်၍ လင်းယွမ်ဂိုဏ်းခန်းမဆောင်ကို သိမ်းပိုက်သုံးစွဲခဲ့သည်။
ချန်လင်မြို့စား၏ ထိုအပြုအမူကို မြင်တွေ့နေရသော်ငြား လင်းယွမ်ဂိုဏ်းအကြီးအကဲများသည် ဒေါသထွက်ခြင်း အလျဉ်းမရှိကြချေ။ ထိုအစား ဝမ်းမြောက်ပျော်ရွှင်နေကြ၏။ ဤပုဂ္ဂိုလ်မှာ ချန်လင်မြို့စားဖြစ်၏။ သူတို့၏လင်းယွမ်ဂိုဏ်းသို့ လာရောက်ခဲ့သည့်အချက်သည်ပင် ဂုဏ်ယူဖွယ်ဖြစ်ရာ လင်းယွမ်ဂိုဏ်းခန်းမဆောင်တွင် ယာယီတည်းခိုခြင်းသည်ေတာ့ အကျယ်တဝင့် ပြောနေရန်ပင် မလိုအပ်တော့။
“အားလုံးပဲ ချန်လင်မြို့စားရဲ့အလိုဆန္ဒကို ကြားခဲ့ကြပြီလား”
ချန်လင်မြို့စား၏ တာဝန်ပေးအပ်ခြင်းခံရသည့် အကြီးအကဲမှ လင်းယွမ်ဂိုဏ်းတပည့်များနှင့် အကြီးအကဲများကို ဂုဏ်ယူဝံ့ကြွားနေသောအကြည့်တို့ဖြင့် ကြည့်လာခဲ့လျက် တည်ကြည်လေးနက်စွာဖြင့်ပြော၏။
“ဘာလုပ်ရမယ်ဆိုတာကို အကြီးအကဲလင်ကပဲ ချန်လင်မြို့စားရဲ့အလိုဆန္ဒကို လမ်းညွှန်ပြောပြပေးရင် ကျွန်တော်တို့အားလုံး လိုက်နာကြမှာပါ”
ထိုအကြီးအကဲ၏ မြေခွေးအိုကြီးကဲ့သို့သဘောထားကို နားမလည်ကြသော်ငြား နေရာရှိအကြီးအကဲများသည် လေးစားသမှုဖြင့် ပြောဆိုဆက်ဆံမြဲဖြစ်သည်။
လင်းယွမ်ဂိုဏ်းမှ ထွက်သွားရန် တွေဝေနေကြသည့် တပည့်များသည်လည်း တစ်ယောက်ပြီးတစ်ယောက် နေရစ်ခဲ့ကြကုန်သည်။ ချန်လင်မြို့စားဟူသောပုဂ္ဂိုလ်၏ ကာကွယ်မှုအောက်တွင် သူတို့၏လင်းယွမ်ဂိုဏ်းသည် ဖျက်ဆီးရန်မလွယ်ကူနိုင်တော့ပေ။ ထို့ပြင် အချိန်နှင့်အမျှ အင်အားကြီးလာမည်ဖြစ်သည်။
သို့ဖြစ်ရာ အဘယ်ကြောင့်များ ထွက်သွားရမည်နည်း။
“ကောင်းပြီ။ ဂိုဏ်းတပည့်တွေက ရှင်းယောင်တောင်တန်းမှာ ငါတို့လင်းယွမ်ဂိုဏ်းပြန်လည်တည်ထောင်တဲ့အကြောင်းကို တမင်သက်သက် လူသိများအောင်ကြေညာပြီး အဲဒီ့လူထွက်လာအောင်လုပ်ရမယ်”
အကြီးအကဲလင်မှ မျက်နှာထားတင်းမာစွာဖြင့် ပြော၏။
ချန်လင်မြို့စား၏နောက်ခံရှိသည်ဖြစ်ရာ ဝမ်ဖုန်းနှင့် အခြားသူများချန်ထားရစ်ခဲ့သည့် ကြောက်စိတ်သည် ချက်ချင်းပျောက်ကွယ်သွားတော့သည်။ ဝမ်ဖုန်းနှင့်အခြားသူများကို သတ်ဖြတ်လိုစိတ်များသည်သာ အဆုံးမရှိကြီးထွားလာ၏။
လင်းယွမ်ဂိုဏ်း၏အတွေးအမြင်မှာ အင်အားအာဏာကြီးမားသည့် ချန်လင်မြို့စား၏တည်ရှိမှုဖြင့်ဆိုပါက ဝမ်ဖုန်းနှင့်အခြားသူများ မည်မျှပင်စွမ်းအားကြီးမားသည်ဖြစ်စေ သေခြင်းတရားဟူသော အဆုံးသတ်သာရှိလိမ့်မည်ဟူ၍။ အင်ပါယာ၏အထက်စစ်တပ်ရှေ့မှောက်၌ မည်သည့်စွမ်းအားကြီးသူပင်ဖြစ်စေကာမူ ပုရွက်ဆိတ်တစ်ကာင်မျှသော ဖြစ်တည်မှုဖြစ်သည်။
“ဟုတ်ကဲ့ပါ”
အကြီးအကဲလင်၏စကားကို နားထောင်ပြီးနောက် နေရာရှိလင်းယွမ်ဂိုဏ်းတပည့်များသည် မင်တက်သွားခဲ့လျက် လေးစားစွာဖြင့်ပြန်လည်ဖြေကြား၏။
ထိုအခိုက်တွင် လင်းယွမ်ဂိုဏ်း၏အင်အားကြီးမားလှသည့်အနာဂတ်ကို မြင်တွေ့လိုက်ရသည့်အလား လင်းယွမ်ဂိုဏ်းတပည့်များအပြင် အကြီးအကဲများပါ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကြသည်။
…..
တစ်ချိန်တည်း၌
ဝမ်ဖုန်းသည် ယောင်ယွဲ့နှင့်အခြားသူများကို သက်ကယ်မိုးတဲသို့ပြန်ခေါ်လာခဲ့သည်။ သက်ကယ်မိုးတဲ၌ ခြေချပြီးသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်းသည် လီဟေးသို့လှည့်ကြည့်၍ ရယ်သွမ်းေသွးလျက်ပြော၏။
“ မင်းဘယ်လိုစဉ်းစားထားလဲ။ မင်းငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းထဲ ဝင်မှာလား”
“ရှန်ရှန့်ကျုံဂိုဏ်း?”
ဝမ်ဖုန်း၏စကားကြောင့် လီဟေး၏မျက်လုံး၌ တစ်ချက်လင်းလက်သွားလျက် အံ့အားသင့်သွားခဲ့သည်။ သူ၏အရင်ဘဝ၌ ထိုဂိုဏ်းအမည်ကို မကြားခဲ့ဖူးပါချေ။
သို့သော် လီဟေး၏စိတ်ထဲတွင် ပြက်ရယ်ပြုလိုခြင်းလည်း အနည်းငယ်ရှိနေ၏။ သူ၏အရင်ဘဝတွင် ဆန်းကြယ်အင်ပါယာအဆင့်၏အထွတ်အထိပ်တွင်ဖြစ်သော်ငြား သူတည်ထောင်ခဲ့သည့်ဂိုဏ်းကိုပင် ရှန်ရှန့်ကျုံဂိုဏ်းဟု မခေါ်တွင်ဝံ့ခဲ့ပေ။ ဤကဲ့သို့ နယ်စွန်နယ်ဖျားရှိ ဂိုဏ်းငယ်လေးတစ်ဂိုဏ်းသည် ထိုကဲ့သို့သောအမည်ကို အဘယ်သို့များ သုံးဝံ့ရသနည်း။
လီဟေး၏ ဝမ်ဖုန်းနှင့်ရှန်ရှန့်ကျုံဂိုဏ်းအပေါ် အတွေးအမြင်မှာ ရုတ်ချည်း အနုတ်သဘောဆောင်သွားတော့သည်။
“ဟုတ်တယ်။ ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကိုဝင်လိုက်ပါ။ ဒီဂိုဏ်းချုပ်က မင်းကို မင်းရဲ့အရင်ဘဝထက်သာလွန်အောင် လုပ်ပေးနိုင်တယ်”
ဝမ်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် တည်ကြည်လေးနက်စွာဖြင့်ပြော၏။ သူ၏စကားလုံးများ၌ မိမိကိုယ်ကိုယုံကြည်မှုများ ကိန်းအောင်းနေပေသည်။
“ဟေး! ငါက မင်းမှာ ဘာရည်ရွယ်ချက်ရှိနေလဲဆိုတာ ဘယ်လိုသိနိုင်မှာလဲ”
လီဟေးသည် နှာမှုတ်လျက် သူ၏မျက်နှာမှာ စိတ်ပျက်မှုများဖြင့်ပြည့်နှက်နေသည်။
“ကောင်လေး ဒီနတ်ဆိုးက မင်းကို ဂိုဏ်းချုပ်နဲ့ စကားကောင်းကောင်းပြောဖို့ တိုက်တွန်းချင်တယ်။ မဟုတ်ရင် ဒီနတ်ဆိုးက သေခြင်းထက်ဆိုးတဲ့ဘဝကို မြင်တွေ့ခွင့်ရအောင် လုပ်ပေးလိုက်မယ်!”
လီဟေး၏သဘောထားကို မြင်တွေ့ရသည်တွင် ဝမ်ဖုန်း၏နောက်ရှိ မဟာနတ်ဆိုးရွှမ်ရှသည် လီဟေးကိုစိုက်ကြည့်လျက် အသံနက်ဖြင့်ပြောလာခဲ့သည်။
သို့သော် မဟာနတ်ဆိုးရွှမ်ရှမှာ ထိတ်လန့်သွားခဲ့ရသည်။ ရွှမ်ရှစကားဆုံးသည်နှင့်တစ်ပြိုင်နက် လီဟေး၏မျက်လုံးများမှ သူ့အား ကြောက်မက်ဖွယ်အကြည့်စူးစူးကို ခံစားလိုက်ရသည်။ တစ်ကိုယ်လုံးတုန်သွားရလျက် နဂိုခက်ထန်သည့်ပုံစံမှာ ရုတ်တရက် နောက်တွန့်သွားခဲ့ရပြီး ခေါင်းငုံ့လျက် အသံတိတ်သွားစေခဲ့သည်။
“မင်းရဲ့အရင်ဘဝမှာ ဆန်းကြယ်အင်ပါယာအဆင့်ရဲ့အထွတ်အထိပ်ဖြစ်ခဲ့ရင်တောင်မှ အခုဘဝမှာတော့ မင်းက အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ထက် မပိုဘူး။ ဒီဂိုဏ်းချုပ်သာ မင်းကိုတကယ်သတ်ချင်ရင် မင်းဘက်က နောက်ဆက်တွဲတွေကို အလုံးစုံလျစ်လျူမရှုပစ်သ၍ လုံးဝလွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒီဂိုဏ်းချုပ်က မင်းရဲ့ရတနာအကြောင်းကိုလည်းသိထားတယ်။ ဒီဂိုဏ်းချုပ်မှာ မင်းအပေါ်တခြားရည်ရွယ်ချက်သာရှိနေရင် ဘာမှလုပ်နေဖို့မလိုဘူး။ မင်းရဲ့ကိုယ်ပေါ်က ရတနာအကြောင်း သတင်းပြန့်သွားရင် သေချာပေါက် မြှုပ်နှံဖို့နေရာတောင်မရှိဘဲ သေသွားရမှာပဲ”
လီဟေး၏ထေ့ငေါ့သည့်စကားများကို ဝမ်ဖုန်း စိတ်မဆိုးပါ။ သို့သော် လီဟေးကို အပြုံးမမည်သောအပြုံးဖြင့် ကြည့်နေခဲ့သည်။
ဝမ်ဖုန်း၏စကားလုံးများသည် လီဟေးကို ထိတ်လန့်သွားစေရုံမျှမက မဟာနတ်ဆိုးရွှမ်ရှနှင့် ယောင်ယွဲ့သည်လည်း တုန်လှုပ်သွားရသည်။ ယောင်ယွဲ့၏ခန္ဓာကိုယ်မှာ သတိအနေအထားဖြစ်သွား၏။ ဝမ်ဖုန်း၏ဘေးပတ်လည်တွင် အေးစက်သည့်လေထုတစ်လွှာ ဖုံးလွှမ်းနေခဲ့သည်။
“ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးရဲ့ ပြန်လည်ဝင်စားခြင်း??”
မဟာနတ်ဆိုးရွှမ်ရှသည် လီဟေးကို ငေးစိုက်ကြည့်လျက် အံ့အားသင့်နေခဲ့သည်။ သာမန်လူပုံစံဖြင့်လီဟေး၌ ကြောက်မက်ဖွယ်သရုပ်မှန်ရှိနေလိမ့်မည်ဟု ရွှမ်ရှ မမျှော်လင့်ထားခဲ့ပေ။ ခုနက အကြည့်သည် သူ့ကိုတုန်လှုပ်သွားစေခဲ့သည်မှာ မထူးဆန်းပါချေ။
ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ဖြင့် ရင်ဆိုင်ပါလျှင် ရွှမ်ရှ၏စွမ်းအားအမြင့်ဆုံးအခြေအနေတွင်ရှိနေလျှင်သော်မှ ရွှမ်ရှမှာ ပုရွက်ဆိတ်လေးတစ်ကောင်မျှသာဖြစ်ပြီး ခုခံနိုင်စွမ်း အလျဉ်းမရှိပါချေ။
လက်ရှိတွင် လီဟေး၌ ထိုမျှကျင့်ကြံမှုအဆင့်ရှိမနေသော်ငြား မဟာနတ်ဆိုးရွှမ်ရှမှာ ကြောက်ရွံ့မြဲဖြစ်၏။ ပြန်လည်ဝင်စားခြင်းမတိုင်မီ၌ လီဟေးသည် သူ့ကိုယ်သူအတွက် မည်သည့်ဝှက်ဖဲမျိုး ပြင်ဆင်ထားခဲ့မည်ကို မည်သူမျှမသိနိုင်ပါ။ အမှတ်တကယ် ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူသည်ပင် သူနှင့် မယှဉ်ပြိုင်ဝံ့ပေ။
“မင်း တကယ်ပဲ ဘယ်သူလဲ”
လီဟေးသည် ဝမ်ဖုန်းအား နက်ရှိုင်းသည့်အကြည့်များဖြင့် စိုက်ကြည့်နေ၏။ ပိန်ပါးသည့်ခန္ဓာကိုယ်ထက်တွင် ကြောက်မက်ထိတ်လန့်ဖွယ်သော အရှိန်အဝါရှိသည်။ တောင်ကြားတွင် လေသည် ရုတ်ချည်းတိုက်ခတ်လာ၏။ ယောင်ယွဲ့နှင့် မဟာနတ်ဆိုးရွှမ်ရှတို့နှစ်ဦးလုံးမှာ စိတ်လှုပ်ရှားနေရသည်။
“ဒီဂိုဏ်းချုပ်.. ဒီရှန်ရှန့်ကျုံဂိုဏ်းချုပ်ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းက အခုချိန်မှာ ဂုဏ်သတင်းမကြီးလှပေမယ့် အချိန်ကျရင် ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းက သေချာပေါက် ကောင်းကင်ကို၉ရက်တိုင် တုန်လှုပ်နိုင်ပါလိမ့်မယ်”
ဝမ်ဖုန်း၏မျက်နှာထက်တွင် ဂုဏ်ယူဝံ့ကြွားသည့်အမူအရာများ ဖြစ်တည်နေလျက် ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ငွားငွားစွင့်စွင့်ဖြင့် ပြောခဲ့၏။ ထိုအခိုက်တွင် ဝမ်ဖုန်းမှာ လူ၏နှလုံးအိမ်ကိုကိုင်လှုပ်နိုင်သည့် အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
ဝမ်ဖုန်းသည် လီဟေးကိုစိုက်ကြည့်နေမြဲဖြင့် လေးနက်စွာပြောခဲ့သည်။
“ဒီဂိုဏ်းချုပ်မှာ မင်းအပေါ် ရည်ရွယ်ချက်တစ်ခုပဲရှိတယ်။ အဲဒါက ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်စေချင်တာပဲ။ မင်းခန္ဓာကိုယ်က ရတနာကိုတော့ ဒီဂိုဏ်းချုပ် စိတ်မဝင်စားဘူး”
လီဟေး၏ကိုယ်ရှိ ရတနာသည် အခြားသူများအတွက် အသက်ရင်း၍ တိုက်ခိုက်လုယူရန် လုံလောက်သောအကြောင်းရင်း ဖြစ်နိုင်ပါ၏။ သို့သော် ဝမ်ဖုန်းအတွက်မူ ထိုရတနာမှာ ဘာမျှမဟုတ်ချေ။ သူ၏လက်ထဲရှိ စနစ်သည်သာလျှင် ဤကမ္ဘာလောကတွင် တန်ဖိုးအရှိဆုံးရတနာဖြစ်၏။
“ငါ ဂိုဏ်းထဲ မဝင်ခဲ့ရင်ရော?”
လီဟေးသည် မျက်လုံးများကိုမှေးကျဉ်းလျက် လေးနက်စွာဖြင့်ပြော၏။
ထိုအခိုက်တွင် လီဟေးမှာ ဝမ်ဖုန်း၏အသေးစိတ်ပုံစံကို မသေချာဖြစ်သွားရသည်။ ဝမ်ဖုန်းသည် လူပြက်ကဲ့သို့ နောက်ပြောင်ပေါ့ပါးတတ်သော မျက်နှာထားရှိသော်ငြား ဝမ်ဖုန်းသည် သူ၏ဇစ်မြစ်ကိုသိနေခဲ့၏။ သူ၏ခန္ဓာကိုယ်တွင်ရှိနေသည့် ရတနာသည် လူပြက်တစ်ယောက်မှ သိရှိနေနိုင်သည့်အရာမျိုး မဟုတ်ချေ။
ပြန်လည်ဝင်စားပြီးချိန်တွင် လီဟေးသည် မိမိကိုယ်ကို ကောင်းစွာဖုံးကွယ်ထားနိုင်ခဲ့သည်ဟု တွေးထင်ခဲ့သည်။ အရင်ဘဝတွင် သူနှင့်ရင်းနှီးခဲ့သူများသည်ပင် မိမိမှာ ပျက်စီးသွားခဲ့ပြီဟုသာထင်နေခဲ့သည်။ ပြန်လည်ဝင်စားခဲ့သည်ဟု မည်သူမျှ မရိပ်မိကြ။
ထို့ပြင် ဝမ်ဖုန်းနှင့် လီဟေးသည် သူစိမ်းများဖြစ်ကြ၏။ သို့သော် ဝမ်ဖုန်းသည် သူ့အား ကောင်းစွာသိမြင်နားလည်နေသည်မှာ လီဟေးမှ စိတ်ဆိုးဒေါသထွက်လိုလျှင်သော်မှ ထုတ်မပြနိုင်သည်အထိဖြစ်သည်။
ဝမ်ဖုန်းပြောသည့်အတိုင်းပင် လီဟေးအနေဖြင့် အရင်ဘဝ၏ဝှက်ဖဲကို အသက်သွင်းပြီး နောက်ဆက်တွဲများကို အလုံးစုံလျစ်လျူမရှုနိုင်သ၍ ဝမ်ဖုန်းနှင့်အခြားသူများကို အနိုင်ရနိုင်မည်မဟုတ်ပေ။ ဆန်းကြယ်အင်ပါယာအဆင့်ကို ရောက်ရှိနိုင်ရန်အတွက် အချိန်တစ်ခုလိုအပ်၏။ သို့ရာတွင် ကျိုးကြောင်းမစဉ်းစားဘဲ ဝှက်ဖဲကိုအသုံးပြုလိုက်ခြင်း သို့မဟုတ် ဝမ်ဖုန်းကိုရှုံးနိမ့်ခဲ့ပါလျှင် တန်ကြေးသည် သူတတ်နိုင်မည့်ပမာဏ မဟုတ်ပေ။
“အဲ့လိုဆိုလည်း ဒီဂိုဏ်းချုပ်က မင်းကို မထိပါဘူး။ ဒါပေမဲ့ မင်းရဲ့အကြောင်းကိုတော့ ဆက်ပြီးထိန်းသိမ်းထားနိုင်မယ်လို့ ဒီဂိုဏ်းချုပ် အာမ,မခံနိုင်ဘူး”
ဝမ်ဖုန်းသည် နှုတ်ခမ်းထာင့်များတွန့်ကွေးလျက် ပြော၏။
ဝမ်ဖုန်း၏အသံအနေအထားမှာ ခြိမ်းခြောက်ဟန်မရှိသော်ငြား စကားလုံးများသည်တော့ လီဟေးအတွက် ကြီးမားသောခြိမ်းခြောက်မှုကြီးဖြစ်ပေသည်။
လီဟေး၏မျက်နှာမှာ မှုန်မှိုင်းသွားခဲ့ပြီး မျက်လုံးများသည်တော့ ဝမ်ဖုန်းထံမှ အကြည့်မလွှဲပေ။ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်နေ၏။ ဝမ်ဖုန်းသည်ပင် ထိုကြောက်မက်ဖွယ်သောအကြည့်ကို ခံစားမိနေရသည်။ ထိုခံစားချက်မှာ သေခြင်းတရားမှ သူ့အား လက်ဝှေ့ယမ်းပြနေသည့်အလားဖြစ်၏။
သို့သော်ငြား လီဟေး၏ထိုအကြည့်အောက်တွင် ဝမ်ဖုန်း၏မျက်နှာအမူအရာမှာ အနည်းငယ်မျှသော ပြောင်းလဲခြင်းပင်မရှိပါဘဲ ဂရုမစိုက်ဟန်သော အမူအရာရှိနေမြဲဖြစ်သည်။
“ငါမင်းရဲ့ရှန်ရှန့်ကျုံဂိုဏ်းကို ၁၀နှစ်ပဲဝင်မယ်။ ၁၀နှစ်ပြည့်ရင် ငါထွက်သွားမယ်။ ငါ့ရဲ့လျှို့ဝှက်ချက်ကို ဘယ်တော့မှ ထုတ်မပြောရဘူး။ ကတိမတည်ရင် သေရမယ်”
လီဟေးသည် ဝမ်ဖုန်းကို စိုက်ကြည့်နေမြဲဖြစ်ပြီး တည်ကြည်လေးနက်စွာဖြင့်ပြော၏။
ဝမ်ဖုန်း၏ဂရုမစိုက်ဟန်သော အမူအရာသည် လီဟေးကို လက်လွတ်စပယ် မလှုပ်ရှားဝံ့ဖြစ်စေသည်။ လီဟေးသည် ဆန်းကြယ်အင်ပါယာအဆင့် ဖိအားတချို့ကိုထုတ်သုံးခဲ့သည်။ အနည်းငယ်မျှသော ချီစွမ်းအင်ဖိအားဖြစ်သော်ငြား ၎င်းသည် သာမန်လူများ ခံနိုင်ရည်ရှိနိုင်မည့်ချီစွမ်းအင်ဖိအား မဟုတ်ပါချေ။ သို့သော် ဝမ်ဖုန်းသည် တည်ငြိမ်အေးဆေးနေဆဲဖြစ်၏။ ၎င်းအချက်သည် တစ်မျိုးတစ်ဖုံ ညှိနှိုင်းရန်လုံလောက်သော အကြောင်းရင်းဖြစ်၏။
ထို့အပြင် လင်းယွမ်ဂိုဏ်းပျက်စီးသွားခဲ့သောကြောင့် သူ့အတွက် တိတ်ဆိတ်စွာ ပြန်လည်ကုစားနိုင်မည့်နေရာတစ်ခု လိုအပ်သည်။ ၁၀နှစ်သည် ပြန်လည်ကုစားရန် လုံလောက်သောအချိန်ကာလဖြစ်သည်။
“ကောင်းပြီ။ ဒီဂိုဏ်းချုပ် မင်းကို ကတိပေးတယ်”
လီဟေး၏စကားကိုနားထောင်အပြီးတွင် ဝမ်ဖုန်းလည်း ခေါင်းငြိမ့်ကတိပေးခဲ့သည်။
လီဟေး၏အတွေးကို ဝမ်ဖုန်း မသိပါ။ သိခဲ့လျှင်သော်မှ စိတ်ထဲထားနေမည်မဟုတ်ပေ။ ၁၀နှစ်ဟူသောအချိန်အတွင်း၌ သူ၏ရှန်ရှန့်ကျုံဂိုဏ်းမှာ မည်မျှထိ တိုးတက်နေလိမ့်မည်ကို မသိနိုင်ပါ။ ဖြစ်နိုင်သည်မှာ ထိုအချိန်ရောက်သည့်အခါ ဆန်းကြယ်အကြီးအကဲအဆင့်ကျင့်ကြံသူများသည် သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ရောက်ရန် အရည်အချင်းပြည့်မီတော့မည် မဟုတ်လောက်ချေ။
“ဒင်! ပြိုင်ဘက်ကင်းပါရမီရှင်ကို ဂိုဏ်းဝင်စေနိုင်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ဆုလာဘ်: ဂိုဏ်းအမှတ်သုံးသောင်း၊ ကျပန်းဆင့်ခေါ်ရန် အခွင့်အရေးတစ်ကြိမ်”
ဝမ်ဖုန်း၏စကားဆုံးသည်နှင့် သူ၏စိတ်တွင်းမှ အေးစက်သည့်အသံထွက်ပေါ်လာရာ ဝမ်ဖုန်း လန့်သွားရ၏။ ထို့နောက် စိတ်ကျေနပ်သည့်အပြုံးတစ်ခု မျက်နှာထက်တွင် ပေါ်ထွက်လာခဲ့သည်။ ဤတစ်ကြိမ်ဆုလာဘ်သည် သူရရှိခဲ့သမျှဆုလာဘ်များအတွင်း အကြီးမားဆုံးဆုလာဘ်ဖြစ်၏။
ကြည့်ရသည်မှာ ရှန်ရှန့်ကျုံဂိုဏ်းအတွက် တပည့်ခေါ်ယူရာတွင် ပြိုင်ဘက်ကင်းပါရမီရှင်များကို တတ်နိုင်သမျှ များများခေါ်ယူရပေမည်။ သို့မှသာ ဆုလာဘ်လည်း များစွာရရှိပြီး သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည်လည်း ပိုမိုတိုးတက်လာပေမည်။