ပွင့်လာသည့် ရန်လိုသောတာဝန်
Vol. 2 Ch. 25
ယောင်ယွဲ့၏ လှပသည့်မျက်နှာလေးက ချန်လင်မြို့စားနှင့် ချန်လင်စစ်တပ်၏ မျက်စိရှေ့တွင် ထွက်ပေါ်လာသည့်အခါ၌ ချန်လင်မြို့စားပင် ကျရှုံးသွားခဲ့ပြီး ချန်လင်စစ်တပ်က တစ်ရာရာခိုင်နှုန်း ကျရှုံးခဲ့လေသည်။ သူတို့၏ ခန္ဓာကိုယ်မှ ပေါက်ကွဲနေသည့် စွမ်းအားက တစ်ခဏမျှရပ်တန့်သွားခဲ့၏။
အထူးသဖြင့် ယောင်ယွဲ့၏ အလေးမထားဟန်နှင့် အထက်တန်းဆန်ကာ နူးညံ့သိမ်မွေ့သည့် စိတ်နေစိတ်ထားက သူတို့အား စွဲလမ်းစေခဲ့သည်။ ချန်လင်မြို့စားပင် သက်ပြင်းချခဲ့လေသည်။
ဒီကမ္ဘာ၌ ထိုကဲ့သို့လှပသည့် အမျိုးသမီးတစ်ဦး မည်သို့ရှိနိုင်ပါနည်း။
ယောင်ယွဲ့၏ လှပသည့် မျက်နှာနှင့် ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်က ချန်လင်မြို့စားနှင့် ချန်လင်စစ်တပ်အား ယောင်ယွဲ့၏ ကိုယ်ပေါ်ရှိ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်အား လျစ်လျူရှုစေခဲ့သည်။
ဝုန်း!
ချန်လင်မြို့စားနှင့် အခြားသူများ သတိလက်လွတ်ဖြစ်နေသည့် အခိုက်၌ ယောင်ယွဲ့၏ လှပသည့်မျက်ဝန်းတစ်စုံ၌ အေးစက်သည့်အရိပ်အယောင်တစ်ခုဖြတ်သန်းသွားခဲ့သည်။ ထို့နောက်တွင် သူမသည် သူမ၏ သွယ်လျလှပသည့် လက်အားဆန့်ထုတ်ကာ လျှို့ဝှက်နက်နဲသည့် ချီစွမ်းအင်အားစုစည်းပြီး ချက်ချင်းပင် ကောင်းကင်နှင့်နေမင်းအား ဖုံးအုပ်ထားသည့် ဧရာမ လက်ဖဝါးကြီးတစ်ခုအား ဖွဲ့စည်းခဲ့သည်။
ထိုဧရာမလက်ဖဝါးကြီးပေါ်ထွက်လာသည့်အခါ၌ ကောင်းကင်နှင့်မြေပြင်က ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်တစ်ခုလုံးက မှုန်မှိုင်းသွားခဲ့သည်။ ထိုကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို ကြံ့ကြံ့ခံရန်မဖြစ်နိုင်ချေ။ ၎င်းက ဖြည်းဖြည်းချင်း အက်ကွဲလာခဲ့၏!
ထိုပြင်းထန်သည့် စွမ်းအားသည် ချန်လင်မြို့စားနှင့် အခြားသူများအား သတိလည်လာစေခဲ့ပြီး သူတို့၏ မျက်နှာများက အပြင်းအထန် ပြောင်းလဲသွားခဲ့ပြီး ယောင်ယွဲ့၏ လက်ဖဝါးကြီးအား ခုခံရန် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ခွန်အားကို လျင်မြန်စွာအသုံးချခဲ့ကြသည်။
ထိုနူးညံ့သိမ်မွေ့သည့်ခန္ဓာကိုယ်လေးမှ ထိုကဲ့သို့ အံ့ဩထိတ်လန့်ဖွယ်ရာ စွမ်းအားမျိုး ပေါက်ကွဲထွက်လာနိုင်မည်ဟု ထင်မထားခဲ့ကြချေ။
သို့သော်လည်း ချန်လင်မြို့စားနှင့် အခြားသူများအား ထိတ်လန့်စေသည့်အရာမှာ သူတို့၏ အစွမ်းများအား စတင်သုံးစွဲသည့်အချိန်၌ ထိုကြောက်မက်ဖွယ်ဧရာမလက်ဖဝါးကြီးက ကျဆင်းကာ ခုတ်ပိုင်းလာခဲ့၏။
"မလုပ်နဲ့!"
ချန်လင်မြို့စားသည် အလိုမကျသည့် ကြိမ်းဝါးသံတစ်ခုအား အော်ဟစ်ရန်သာအချိန်ရခဲ့ပြီး သူနှင့် ချန်လင်စစ်တပ်သည် ကြောက်မက်ဖွယ်ဧရာမလက်ဖဝါးကြီး၏ ကြောက်ခမန်းလိလိအစွမ်းအောက်၌ နစ်မြှုပ်သွားခဲ့၏!
ဗုန်း!
ဤဧရာမလက်ဖဝါးကြီးကျလာသည့်အခါ၌ ကမ္ဘာကြီးတစ်ခုလုံးတုန်လှုပ်ကာ မြေပြင်က ပြင်းထန်စွာ အက်ကွဲသွားခဲ့ပြီး ကျောက်ခဲအပိုင်းအစများလွင့်စဉ်လာခဲ့ပြီး တောင်တန်းများနှင့်သစ်တောများကြား၌ ဧရာမလက်ဖဝါးသဏ္ဍာန်တွင်းကြီးတစ်တွင်းဖြစ်ပေါ်လာခဲ့သည်။
ခပ်လှမ်းလှမ်း၌ ပုန်းနေသည့် အကြီးအကဲ လင်းသည် ထို ကြောက်မက်ဖွယ်မြင်ကွင်းအား တွေ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ရီလာခဲ့သည်။ သူ၏ မျက်လုံးများက ထိတ်လန့်မှုဖြင့် ပြည့်လျှံနေပေ၏။ သူက အလျင်စလို တွားသွားပြီး ပြန်လှည့်ကာ သူ၏ စိတ်ဝိဉာဉ်အား တုန်လှုပ်စေသည့် ထိုနေရာမှ ထွက်ပြေးရန် ပြင်ဆင်နေခဲ့သည်။
သို့သော်လည်း သူက လှည့်လိုက်သည့်အခိုက်၌ အေးစက်သည့် အလင်းတစ်ခုက ဖြတ်သန်းသွားကာ သူ၏ခန္ဓာကိုယ်က ချက်ချင်းပင် ထက်ပိုင်းပြတ်သွားခဲ့ပြီး မြေပြင်တစ်ခုလုံးက သွေးချင်းချင်းနီရဲနေခဲ့သည်။
တစ်ချိန်တည်းမှာပင် အခိုးအငွေ့များနှင့် အမှုန်များ လွင့်စဉ်ပပျောက်သွားသည့် အချိန်၌ ဝမ်ဖုန်းသည် လက်ဝါးသဏ္ဌာန်တွင်းကြီးထဲရှိ ကြောက်မက်ဖွယ်မြင်ကွင်းအား တိုက်ရိုက်မကြည့်ဝံ့ခဲ့ပေ။
ထိုလက်ဖဝါးသဏ္ဌာန်တွင်းကြီးထဲ၌ အသားအပိုင်းအစများက နေရာအနှံ့ရှိနေပြီး အနီရောင်သွေးစီးကြောင်းတစ်ခုက တွင်းတစ်ခုလုံး၌ စီးဆင်းနေလျက် တောင်တစ်ခုလုံး၌ သွေးညှီနံ့များလှိုင်လှိုင်ထနေခဲ့သည်။
တောင်တစ်ခုလုံးက တစ်ခဏမျှတိတ်ဆိတ်သွားခဲ့ပြီး တွင်းထဲ၌ သွေးများစီးဆင်းကျနေသည့် အသံသာလျှင်ရှိပေသည်။
"အဟွတ် ၊ အဟွတ်!"
ထိုတိတ်ဆိတ်နေသည့်အခိုက်အတန့်၌ အားနည်းသည့် ချောင်းဆိုးသံတစ်ခုထွက်ပေါ်လာခဲ့သည်။ ထို့နောက် ဧရာမတွင်းကြီးထဲမှသွေးစွန်းနေသည့်လက်တစ်စုံထွက်လာပြီး သွေးစွန်းနေသည့် ခန္ဓာကိုယ်တစ်ခုက ခက်ခက်ခဲခဲတွာ်တက်လာခဲ့သည်။ ကြီးကျယ်မြင့်မြတ်သည့် ချန်လင်မြို့စားသည် မသေသေးသော်လည်း သေဆုံးဖို့ရာ မလိုတော့ချေ။
ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှ နှင့် ယောင်ယွဲ့အား ချန်လင်မြို့စားအရှေ့သို့ အေးအေးဆေးဆေးခေါ်ဆောင်လာကာ လျစ်လျူရှူသည့် မျက်လုံးများဖြင့် သူ့အား တင်စီးစွာ ငုံ့ကြည့်ခဲ့သည်။
ချန်လင်မြို့စားသည် ဝမ်ဖုန်းနှင့်အခြားသူများ၏ အကြည့်များကို သတိပြုမိသည့်အခါ၌ အပြုံးယဲ့ယဲ့ထွက်ပေါ်လာခဲ့သည်။ သူက သေဆုံးရတော့မည်ကို သိထားသော်လည်း သူကမကျေနပ်ပေ။ အသတ်ခံခဲ့ရသည့် သူ့အသားအတွက်ပင် လက်စားမချေရသေးဘဲ ထိုသူ့လက်ထဲ၌ သူကိုယ်တိုင်ပင်အသတ်ခံခဲ့ချေ၏။ မုန်းတီးလှပေသည်။
"အဟွတ်...ငါကို...သတ်လိုက် ၊ မင်းအသက်ရှင်မှာမဟုတ်ဘူး။ အရှင်မင်းမြတ်က ငါ့အတွက် မင်းကိုလက်စားချေလိမ့်မယ်!"
ချန်လင်မြို့စားသည် ဝမ်ဖုန်းအား အလေးမထားစွာမော့ကြည့်ပြီး စိတ်ပျက်စရာကောင်းသည့် အပြုံးဖြင့်ပြောခဲ့သည်။
ကံကောင်းချင်တော့ ချန်လင်မြို့စားသည် အရှင်မင်းမြတ်၏ အကျင့်စရိုက်ကိုသိထားလေသည်။ သူသေသွားသည်နှင့်တစ်ပြိုင်နက် သူ၏မျက်နှာအတွက်ဖြစ်စေ အင်ပါယာ၏ အဆင့်အတန်းမြင့်သည့် အရာရှိများအား နှစ်သိမ့်ရန်ဖြစ်စေ သူ့အားလက်စားချေပေလိမ့်မည်။ ဤသည်ကလည်း ချန်လင်မြို့စား၏ ရင်ထဲရှ်ိ အလိုမကျမှုအား အနည်းငယ် လျော့ကျစေခဲ့ပေသည်။
"နဂါးရဲ့အစွမ်းကို မင်းက ဘယ်လိုလုပ်သိနိုင်မှာလဲ။ တကယ်လို့ ဒီဂိုဏ်းက ကြောက်မယ်ဆိုရင် မင်းက ဒီလိုအဆုံးသတ်ရမှာမဟုတ်ဘူး!"
ချန်လင်မြို့စား၏ စကားများကို နားထောင်ပြီး ဝမ်ဖုန်းသည် မထီမဲ့မြင်ပြုံးပြခဲ့သည်။
"လင်းမိသားစုကို ဘာလို့ဖျက်ဆီးခဲ့တာလဲ ပြောစမ်း"
"လင်းဖေးဝူကို မင်းခေါ်သွားခဲ့တာလား"
ဝမ်ဖုန်း၏ မေးခွန်းအား ကြားသည်နှင့် ချန်လင်မြို့စားက ချက်ချင်းတုန့်ပြန်ကာ အံ့ဩတကြီးမေးခဲ့သည်။
"ဟုတ်တယ် ၊ ဖေးဝူက အခုငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်ပဲ! မင်းက မှန်မှန်ကန်ကန်ဖြေမယ်ဆိုရင် ဒီဂိုဏ်းက မင်းရဲ့ အလောင်းကို စုံစုံလင်လင်ထားပေးမယ်!"
ဝမ်ဖုန်းကခေါင်းညိမ့်ပြီး စိတ်မဝင်စားစွာ ပြောခဲ့သည်။
"ဟားဟားဟား ၊ မင်းကသေမှာ! မင်းက လင်းဖေးဝူကိုလက်ခံထားရဲတယ်ဆိုရင် မင်းနဲ့မင်းကဲ့ဂိုဏ်းတစ်ခုလုံးက သေချာပေါက်သေမှာပဲ။ အဲ့တစ်ယောက်က မင်းကို သတ်ဖို့ အစွမ်းကုန်ကြိုးစားလိမ့်မယ်!"
ဝမ်ဖုန်း၏ စကားများကို ကြားပြီး ချန်လင်မြို့စားသည် ရုတ်တရက် အရူးတစ်ယောက်ကဲ့သို့ ကျယ်လောင်စွာ အော်ရယ်ခဲ့သည်။ သူ၏ သွေးများပေကျံနေသည့် မျက်နှာထက်တွင် ဝမ်ဖုန်းက အလွန်စိတ်ပျက်စရာကောင်းစွာ သေဆုံးသွားသကဲ့သို့ ပျော်ရွှင်သည့် အရိပ်အယောင်တစ်ခုရှိနေခဲ့သည်။
ချန်လင်မြို့စား၏ စကားများကြောင့် ဝမ်ဖုန်းသည် အနည်းငယ်မျက်မှောင်ကြုတ်ကာ လင်းမိသားစုအား ဖျက်ဆီးရန်မှာ မရိုးရှင်းဟု တွေးခဲ့သည်။
ချန်လင်မြို့စား၏ အပြုအမူအား ကြည့်ရုံဖြင့် သူသည် လင်းမိသားစု၏ ပျက်သုဉ်းခြင်းလျှို့ဝှက်ချက်အား သူ့အားပြောပြချင်နေပြီး မဖြစ်နိုင်မည်အား စိုးရိမ်နေပေသည်။ ဤသည်အားတွေးရင်းဖြင့် ဝမ်ဖုန်းသည် လက်ဖျောက်တစ်ချက်တီးလိုက်ပြီး အေးစက်သည့် အလင်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာကာ ချန်လင်မြို့စား၏ မျက်ခုံးထက်၌ အပေါက်တစ်ခုဖြစ်လာခဲ့ပြီး သူ၏အသိစိတ်က အမှောင်ထုထဲသို့ ရောက်သွားခဲ့သည်။
"ယောင်ယွဲ့ ၊ မင်းဖြေရှင်းလိုက်!" ဝမ်ဖုန်းသည် သူ့ရှေ့၌ရှိသည့် သွေးတွင်းကြီးနှင့် ချန်လင်မြို့စား၏ အလောင်းအားကြည့်ပြီး မျက်မှောင်ကြုတ်ကာပြောခဲ့သည်။
ဤကဲ့သို့ အားပြင်းသည့်သွေးညှီနံ့အား မဖြေရှင်းခဲ့ပါက ၎င်းသည် အာရုံစိုက်ခံရရုံသာမက မကောင်းဆိုးဝါးများကိုလည်း ဆွဲဆောင်ပေလိမ့်မည်။ ဝမ်ဖုန်းသည် ၎င်းအားမကြောက်သော်လည်း ပြသနာဖြစ်မည်ကို ကြောက်ရွံ့ပေသည်။
ထိုစကားကို ကြားသည့်အခါ၌ ယောင်ယွဲ့သည် ခေါင်းညိမ့်ပြီး လက်ကိုဆန့်ထုတ်ကာ ၎င်းအား ဖမ်းဆုပ်ခဲ့သည်။ ခမ်းလှမ်းလှမ်းရှိ တောင်ကုန်းတစ်ခုသည် ယောင်ယွဲ့ထံမှ ဆွဲယူခံခဲ့ရပြီး သူမသည် ၎င်းတောင်ကုန်းအား ဧရာမတွင်းကြီးပေါ်၌ ဖိချခဲ့သည်။ မြေပြင်တစ်ခုလုံးက ရုတ်တရက်ဖုံးကွယ်ခံခဲ့ရပြီး မည်သည့်အနံ့မှမရှိတော့ပေ။ သွေးညှီနံ့များပင် အတော်များများ ပျောက်ကွယ်သွားခဲ့သည်။
"ဂိုဏ်းချုပ် ၊ ဂိုဏ်းချုပ်ပြောတဲ့လင်းမိသားစုက ယောင်ဖုန်းမြို့ကလား"
ယောင်ယွဲ့က ဖြေရှင်းလိုက်သည့်အခါ၌ မဟာနတ်ဆိုးရွှမ်ရှသည် ဝမ်ဖုန်းအားမေးခဲ့သည်။
ဤသည်ကိုကြားပြီး ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှအား အံ့အားသင့်စွာဖြင့် တစ်ချက်ကြည့်ခဲ့သည်။
ဟုတ်သားပဲ။ မဟာနတ်ဆိုးရွှမ်ရှ က လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ယောင်ရီအင်ပါယာမှာ အကျော်ကြားဆုံးပုဂ္ဂိုလ်တစ်ယောက်ပဲ။ သူက လျှို့ဝှက်ချက်တစ်ချို့ကို သိထားတာဖြစ်ရမယ်!
"ဂိုဏ်းချုပ်ပြောတဲ့လင်းမိသားစုက ယောင်ဖုန်းမြို့က လင်းမိသားစုဆိုရင် ဒီတပည့်က နည်းနည်းသိထားပါတယ်!"
"ပြောပါ!"
ဝမ်ဖုန်း၏ စကားအား ကြားသည့်အခါ၌ မဟာနတ်ဆိုးရွှမ်ရှက အလျင်စလိုပြောခဲ့သည် : "ယောင်ဖုန်းမြို့မှာရှိတဲ့ လင်းမိသားစုက ယောင်ရီအင်ပါယာမှာ ထိပ်တန်းမိသားစုတစ်ခုလို့ မယူဆနိုင်ပါဘူး။ ဒါပေမယ့် အနည်းဆုံး နှစ်ငါးထောင်လောက် ရှည်ကြာတဲ့ အမွေအနှစ်တွေနဲ့ မိသားစုတစ်ခုပါ။ ဒီယောင်ရီအင်ပါယာရဲ့ သမိုင်းမှာ အတော်ရှေးကျတဲ့ မိသားစုတစ်စုပါပဲ!"
"ကောလဟာလတွေအရ လင်းမိသားစုက အမှန်တကယ်မတိုးတက်နိုင်တာက သူတို့အမွေဆက်ခံထားရတဲ့ ရတနာတစ်ခုကြောင့်တဲ့။ လင်းမိသားစုက ကလေးတွေရဲ့ စစ်မှန်တဲ့သွေးနဲ့သာ လင်းမိသားစုရဲ့ ရတနာကို အသက်သွင်းနိုင်မယ်။ ရတနာကိုအသက်သွင်းပြီးတာနဲ့ တစ်ပြိုင်နက် လင်းမိသားစုက အပေါ်နဲ့ အောက် လုံးဝပြောင်းလဲသွားပြီး အလွယ်တကူနဲ့ပဲ ကမ္ဘာကြီးရဲ့ ထိပ်တန်းမိသားစုတစ်ခုဖြစ်လာလိမ့်မယ်!"
"တကယ်တော့ ဒါက ကောလဟာလတစ်ခုပဲဆိုပေမယ့် ဒီတပည့်ကတော့ လင်းမိသားစုက ရှင်းမပြတတ်အောင်ဖျက်ဆီးခံခဲ့ရတယ်လို့ ထင်တယ်။ ဖြစ်နိုင်တာကတော့ အဲ့ဒီ ကောလဟာလနဲ့ အများကြီး ဆက်စပ်နေလောက်တယ်!"
ဤအကြောင်းအားနားထောင်ပြီး ဝမ်ဖုန်းသည် မျက်မှောင်ကြုတ်ခဲ့သည်။ လူအများ၏ စိတ်နှလုံးအားလှုပ်ရှားစေသည့် ရတနာနှင့် မဟာနတ်ဆိုးရွှမ်ရှ၏ ခွဲခြမ်းစိတ်ဖြာမှုက အတော်လေးဖြစ်နိုင်ပေသည်။ ဤခွဲခြမ်းစိတ်ဖြာမှုက သေချာသလောက်နီးပါးဖြစ်သော်လည်း သေချာစုံစမ်းရန်လိုအပ်နေဆဲပင်။
ယခုတွင် လင်းဖေးဝူအားတပည့်အဖြစ်လက်ခံထားပြီး ဝမ်ဖုန်းသည် သဘာဝကျစွာပင် သူ့တပည့်များ၏ ဆရာဖြစ်ရပေမည်။ ချန်လင်မြို့စားနှင့် တခြားသူများက အစသာဖြစ်ပြီး လင်းမိသားစု၏ ဖျက်ဆီးခြင်းမှ မည်သူမျှမလွတ်မြောက်နိုင်ပေ။
"ဒီအကြောင်းကို လင်းဖေးဝူကိုမပြောနဲ့! သူမကို ကောင်းကောင်းလေ့ကျင့်ခိုင်းပြီး သူမရဲ့ လေ့ကျင့်မှု အောင်မြင်တဲ့အခါကျမှ ဒီဂိုဏ်းချုပ်ကိုယ်တိုင် သူမကိုပြောခိုင်းရမယ်!" ထို့နောက် ဝမ်ဖုန်းသည် မဟာနတ်ဆိုးရွှမ်ရှအားကြည့်ပြီး သံသယကင်းစွာပြောခဲ့သည်။
"ဟုတ်ကဲ့ပါ ၊ ဂိုဏ်းချုပ်!" မဟာနတ်ဆိုးရွှမ်ရှက လျင်မြန်စွာပြန်ဖြေခဲ့သည်။
"ဂိုဏ်းချုပ် ၊ လင်းယွမ်ဂိုဏ်းက လက်စားချေဝံ့တယ်ဆိုတော့ တပည့်တွေကို ချေမှုန်းစေချင်ပါသလား"
ထို့နောက် မဟာနတ်ဆိုးရွှမ်က ထပ်၍မေးခဲ့သည်။ လင်းယွမ်ဂိုဏ်း၏ အရှက်မဲ့မှုအတွက် မဟာနတ်ဆိုးရွှမ်ရှသည် သူတို့အား သတ်ပစ်ချင်ပေ၏!
"လောလောဆယ်တော့ မလိုသေးဘူး။ တစ်ခါတစ်လေမှာ အသက်ရှင်နေရတာက အကြီးမားဆုံး နှိပ်စက်ခြင်းပဲ! ပြီးတော့ သူတို့မရှိရင် ဘယ်လိုလုပ် ဒီဂိုဏ်းချုပ် နဲ့ ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လိုလုပ် နာမည်ကြီးလာမှာလဲ"
ဝမ်ဖုန်းသည် လက်အားဝှေ့ယမ်းကာ ညင်သာစွာရေရွတ်ခဲ့သည်။
ဝမ်ဖုန်း၏ စကားများသည် မဟာနတ်ဆိုးရွှမ်ရှအား မရည်ရွယ်ဘဲ ဖိတ်ဖိတ်တုန်စေခဲ့သည်။ ဝမ်ဖုန်း၏ စကားများ၌ အသေးငယ်ဆုံးသော အေးစက်မှုမပါဝင်သော်လည်း လျစ်လျူရှုသည့် အမူအရာက အရိုးခိုက်အောက်အေးစက်ပေ၏!
"ဒင် ၊ ချန်လင်မြို့စားနဲ့ ချန်လင်စစ်တပ်ကို သတ်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒါက ပိုင်ရှင်အတွက် အစွမ်းထက်တဲ့ ဘုရင်တစ်ယောက်နဲ့ စစ်တပ်တစ်ခုလုံးကို သတ်တာ ပထမဆုံးအကြိမ်ပါ။ ဒါကြောင့် ကျပန်းဆင့်ခေါ်ခွင့်တစ်ကြိမ် နဲ့ ဂိုဏ်းရမှတ် 30,000 ရရှိပါမယ်!"
"ပိုင်ရှင်က ချန်လင်မြို့စားကို သတ်လိုက်တဲ့ အချိန်မှာပဲ ယောင်ရီအင်ပါယာရဲ့ မဟာဧကရာဇ်က ပိုင်ရှင်ကို မုန်းတီးခဲ့ပြီး ရန်လိုသောတာဝန်က အသက်ဝင်သွားပါပြီ။ ရန်လိုသောတာဝန်ကို အပြည့်အဝဖွင့်ဖို့အတွက် ဂိုဏ်းရမှတ် 10,000သုံးမလား"
သူ၏စိတ်ထဲ၌ထွက်ပေါ်လာသည့်အေးတိအေးစက်အသံကြောင့် ဝမ်ဖုန်းက ထိတ်လန့်သွားခဲ့သည်။ ချန်လင်မြို့စားနှင့် ချန်လင်စစ်တပ်အားသတ်လိုက်ခြင်းက အနှိုင်းမဲ့ဆုလာဒ်နှင့်ညီမျှသည့် အလွန်များပြားသည့်ဆုလာဒ်များအား ရရှိမည်ဟု ထင်မထားခဲ့ချေ။ အသက်ဝင်လာတဲ့ ရန်လိုသောတာဝန်ဆိုတာ ဘယ်လိုမျိုးကြီးလဲ။
"စနစ်။ ရန်လိုသောတာဝန်က ဘာအတွက်လဲ" ဝမ်ဖုန်းက စိတ်ထဲ၌မေးခဲ့သည်။
"ဒင် ၊ ရန်လိုသောတာဝန်ကို အသက်သွင်းလိုက်တဲ့အခါမှာ ယောင်ရီအင်ပါယာရဲ့ ဧကရာဇ်ကို ရန်လိုသော စွမ်းအားအဖြစ် အလိုအလျောက်သတ်မှတ်ပါမယ်။ ရန်လိုသောတာဝန်ရှိနေတဲ့တစ်လျောက်လုံးမှာ ပိုင်ရှင် ဖြစ်စေ ၊ ဂိုဏ်းရဲ့တပည့်တွေကဖြစ်စေ ရန်လိုသောတာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်ပြီးတော့ ဆူလာဒ်တွေရရှိနိုင်ပါမယ်! တာဝန်ကို ပိုင်ရှင်က ပြီးမြောက်အောင်လုပ်ဆောင်နိုင်မယ်ဆိုရင် ဆုလာဒ်က ပိုင်ရှင်အတွက်ဖြစ်ပြီး တပည့်တွေက တာဝန်ကိုပြီးမြောက်အောင်လုပ်ဆောင်ခဲ့တယ်ဆိုရင် ဆုလာဒ်က ပြီးမြောက်ခဲ့တဲ့ တပည့်အတွက်ပဲဖြစ်ပါတယ်!"
သူ၏စိတ်ထဲရှိ အေးတိအေးသက်အသံအားနားထောင်ပြီး ဝမ်ဖုန်းသည် အနည်းငယ်မျက်မှောင်ကြုံ့ခဲ့သည်။ သူသည် ဤရန်လိုသောတာဝန်ကစားနည်းအား နားလည်လုနီးပါးဖြစ်သည်။ စဉ်းစားပြီးသည့်နောက်တွင် ဝမ်ဖုန်းက တစ်ခါတည်းပြောခဲ့သည် : "ရန်လိုသောမစ်ရှင်ကို အပြီးတိုင်ဖွင့်ဖို့ ရမှတ် 10,000 သုံးမယ်!"
သူက ရန်လိုသောတာဝန်အား မစတင်ခဲ့လျှင်ပင် ယောင်ယီအင်ပါယာ၏ ဧကရာဇ်က သူ၏ ရန်သူဖြစ်ရန် ကြံရွယ်ထားလေသည်။ တကယ်တော့ သူက ချန်လင်မြို့စားနှင့် ယောင်ရီအင်ပါယာ၏ ချန်လင်စစ်တပ်ကို သတ်ခဲ့လေသည်။ သူ့အားသတ်ရန် လာပေမည်!
ရန်လိုသောတာဝန်အား ချက်ချင်းစတင်ခဲ့ခြင်းက ပိုကောင်းပေသည်။ ဤနည်းဖြင့် ဂိုဏ်း၏တပည့်များသည်လည်း ရန်လိုသောတာဝန်အား ကျော်လွှားကာသူတို့ကိုယ်တိုင်အတွေ့အကြုံရပြီး တစ်ချိန်တည်းမှာပင် စနစ်၏ ဆုလာဒ်များလည်း ရရှိပေမည်။ ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ခြင်းပေ။ အရေးအကြီးဆုံးကိစ္စတစ်ခုမှာ စနစ်က ရန်လိုသောတာဝန်ပြီးမြောက်မှုမရှိဟု ဆုံးဖြတ်နေသရွေ့ သူတို့က မအောင်မြင်နိုင်ချေ။ ထိုတာဝန်အားလက်ခံခြင်းဖြင့် တပည့်များအား ဂိုဏ်းအတွင်း၌ အချိန်တစ်ခုအထိ ကာကွယ်ပေးနိုင်ပြီး သူတို့အား မောက်မာထောင်လွှားခြင်းမှ တားဆီးနိုင်ပေသည်။