← Chapters

ကြီးမြတ်သောလေဧကရာဇ် မုယွင်ဖေး။

Vol. 2 Ch. 26

ကြီးမြတ်သောလေဧကရာဇ် မုယွင်ဖေး။

Vol. 2 Ch. 26

“ဒင်! ယောင်ရီအင်ပါယာရဲ့ ရန်လိုမှုကိုအတည်ပြုပြီး ရန်သူတာဝန်ကို ပြီးပြည့်စုံစွာ ဖွင့်လှစ်လိုက်သည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်။ ပထမဆုံးရန်သူတာဝန်: ဂိုဏ်းတပည့်တွေကိုခေါ်‌ဆောင်ပြီး ယောင်ရီအင်ပါယာမှ ကျင်းပတဲ့ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံကိုတက်ရောက်ပါ။ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံမှာ ပထမနေရာကို အနိုင်ရယူပြီး ဂိုဏ်းတပည့်တွေဟာ နတ်ဆိုးချိပ်ပိတ်ခြင်းအဆင့်ရဲ့ ထိပ်တန်းနေရာတွေကို သိမ်းပိုက်‌ရပါမယ်”

“တာဝန်ပြီးမြောက်ရန် အထူးလိုအပ်ချက်များ: နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံမှာ ရှန်ရှန့်ကျုံဂိုဏ်းအတွက် ထင်ရှားပေါ်လွင်တဲ့စွမ်းရည်မသုံးဘဲ တခြားဂိုဏ်းရဲ့တပည့်တွေဆီက အမြတ်ထုတ်ရန်ကြိုးပမ်းပါ၊ သို့မဟုတ် သူတို့ရဲ့ကံကောင်းမှုကိုခိုးယူဖို့ သတ်ပါ။ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံမှာ ပထမနေရာအနိုင်ယူပြီးနောက် ယောင်ရီအင်ပါယာကို ရန်စခဲ့ပါမယ်”

“ဆုကြေး: ဂိုဏ်းထဲမှာ လေ့လာရေးခန်းမဖွင့်လှစ်ရန် ကျပန်းဆင့်ခေါ်ခွင့်၅ခု (ဂိုဏ်းတပည့်များအတွက် ရန်လိုအားများထွက်ပါ်‌စေမည့် လေ့လာရေးခန်းမ၊ ရန်သူတာဝန်ကို ပိုင်ရှင်မှရွေးချယ်နိုင်၊ တပည့်များရွေးချယ်ရန် လေ့လာရေးခန်းမတွင် ပြသထားနိုင်)”

“ပြီးတော့ ပါရမီရှင်တပည့်တစ်ဦးကို ဖော်ထုတ်နိုင်ခြင်းဖြစ်‌ေစ၊ ပါရမီရှင်တပည့်တစ်ဦးကို သတ်နိုင်ခဲ့သည်ဖြစ်စေ၊ အဲဒီ့တပည့်ရဲ့ကံကောင်းမှုကို ရယူနိုင်ခဲ့သည်ဖြစ်စေ၊ အဲဒီ့တပည့်ရဲ့အရည်အချင်းအလိုက် ဂိုဏ်းအမှတ်တွေ ရရှိမှာဖြစ်ပါတယ်”

ဝမ်ဖုန်း၏စကားဆုံးသည်နှင့် အေးစက်သည့်အသံသည် ဝမ်ဖုန်း၏စိတ်ထဲတွင် ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းမှာ လန့်သွားခဲ့လျက် မျက်လုံးမှ တောက်ပလင်းလက်သွား၏။

“ဒီသောက်ကျိုးနည်းစနစ်က ပြဿနာဖန်တီးရတာကို သဘောကျတာပဲဟ!”

ဝမ်ဖုန်းမှာ ဆူပုတ်သွားလျက် ကူကယ်ရာမဲ့စွာပြောခဲ့သည်။ ယောင်ရီအင်ပါယာကို ရန်စရမည်။ သာမန်လူတစ်ယောက်သာဖြစ်လျှင် အသက်မရှည်နိုင်မည်ကို စိုးရိမ်ရ၏။

“ဘာပဲဖြစ်ဖြစ် တူးဆွဖော်ထုတ်တာ အဲဒါကိုတော့ ဒီပိုင်ရှင်‌ သဘောတွေ့ပါတယ်”

ဝမ်ဖုန်း၏နှုတ်ခမ်းများ တွန့်‌ေကွးတက်သွားခဲ့သည်။ ဝမ်ဖုန်း စိတ်ထဲတွင်ပြုံးနေမိသော်ငြား တကယ်တမ်းတွင် အခြားဂိုဏ်းများကို တူးဆွဖော်ထုတ်ရန်မှာ မလွယ်ကူပါချေ။ ဂရုတစိုက်အစီအစဉ်ဆွဲရန် လိုအပ်၏။

“စနစ် ကံကောင်းမှုကို ဘယ်လိုယူရမလဲ”

ဝမ်ဖုန်းသည် ပထမဆုံးသော ရန်သူတာဝန်ကို ဂရုတစိုက် စူးစမ်းလေ့လာနေခဲ့သည်။

“ပိုင်ရှင်ဖြစ်ဖြစ် ဂိုဏ်းတပည့်ဖြစ်ဖြစ် ပါရမီရှင်တပည့်တစ်ယောက်ကို သတ်နိုင်ခဲ့ရင် စနစ်က အလိုအလျောက် ကံကောင်းမှုကို ယူဆောင်လိုက်မှာပါ။ ပိုင်ရှင် ဘာမှလုပ်ဖို့မလိုပါဘူး”

စိတ်ထဲမှထွက်ပါ်လာသော အေးစက်သည့်အသံသည် ဝမ်ဖုန်းကို စိတ်ကျေနပ်စွာ ခေါင်းငြိမ့်မိစေ၏။

ထို့နောက်တွင် ဝမ်ဖုန်းသည် မေးစေ့ကိုပွတ်သပ်လျက် ‌အချိန်ခဏမျှတွေးတာနေခဲ့သည်။ ယခုတွင် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံကျင်းပရန် ၁၂ရက်ခန့်သာ လိုတော့သည်။ ထိုအချိန်အတွင်း၌ ယောင်ရီအင်ပါယာမှ မိမိတို့ ချန်လင်မြို့စားကို သတ်ခဲ့သည့်အကြောင်းကို မသိရှိလောက်သေးပေ။ အဆုံးသတ်တွင်တော့ အင်ပါယာကြီး၏ဧကရာဇ်ကို သတ်ဖြတ်ခြင်းကဲ့သို့သော ရူးနှမ်းသည့်လုပ်ရပ်မျိုးကို လုပ်ဆောင်သည့် လူတစ်ယောက်၏အတွေးကို မည်သူမျှ သိမြင်နားလည်နိုင်လိမ့်မည်မဟုတ်ချေ။

သို့ဆိုပါလျှင် ဝမ်ဖုန်းအနေဖြင့် ဂိုဏ်းတပည့်များကို နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံသို့ ခေါ်ဆောင်သွားရန် အဆင်ပြေပေသည်။ သို့မဟုတ်ပါက ချန်လင်မြို့စားကို မိမိသတ်ခဲ့သည်ကို ယောင်ရီအင်ပါယာမှ သိရှိသွားပါလျှင် ချက်ချင်းပင် ရှန်ရှန့်ကျုံဂိုဏ်းကို ဝန်းရံတိုက်ခိုက်ရန် စစ်တပ်ကြီးတစ်ခု စေလွှတ်လိုက်မည်ကို စိုးရိမ်ရသည်။ ပါဝင်လိုသည့် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံသည် မလွယ်ကူချေ။

မည်သို့ပင်ဖြစ်‌ေစ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များ၏ကျင့်ကြံဆင့်သည် နတ်ဆိုးချိတ်ပိတ်ခြင်းအဆင့်၏ ထိပ်တန်းနေရာများကိုသိမ်းပိုက်ရန်အတွက် အနည်းငယ် အားစိုက်ထုတ်ရမည်ဟု ဆိုနိုင်ပေသည်။ အင်အားအကြီးဆုံးဂိုဏ်းတပည့်သည် အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်ရှိ ပြန်လည်ဝင်စားသူလီဟေးဖြစ်သည်။ အတော်လေးအင်အားကြီးမားပုံရသော်ငြား ယောင်ရီအင်ပါယာတစ်ခုလုံးတွင် ရှိနေနိုင်သည့် ထူးချွန်သာလွန်သည့်ပါရမီရှင်များကို မှန်းဆကြည့်လျှင် မိမိတို့၏အင်အားမှာ အခြေခံအဆင့်သာရှိနေမည်ကိုလည်း စိုးရိမ်မိ၏။

ဝမ်ဖုန်း စိတ်ထဲမှတွေးလိုက်သည်။

“ကြည့်ရတာ နောက်ပိုင်း ထီလက်မှတ်တွေထပ်ရှိလာရင် ကျင့်ကြံမှုအခြေခံတွေကို ဂိုဏ်းတပည့်တွေဆီ သူတို့ရဲ့ကျင့်ကြံမှုတိုးတက်အောင် ထည့်ပေးရမယ်ထင်တယ်”

ဝမ်ဖုန်း စဉ်းစားတွေးတောနေစဉ်တွင် မဟာနတ်ဆိုးရွှမ်ရှနှင့် ယောင်ယွဲ့တို့သည် ဝမ်ဖုန်းကို အနှောင့်အယှက်မပြုဝံ့ကြဘဲ ဘေးတွင်တိတ်တဆိတ်ရပ်နေခဲ့ကြသည်။

“ဆန်းကြယ်အင်ပါယာအဆင့် ဘယ်သူများ ဒီမှာရှိနေတာပါလဲ။ ညီငယ်မုယွင်ဖေးက လူကြီးမင်းတို့ရဲ့အရှိန်အဝါကို အာရုံခံစားမိလို့ လာရောက်ခဲ့ပါတယ်”

ထိုအခိုက်တွင် ခံ့ညားသည့်အသံတစ်ခု အဝေးတစ်နေရာမှ ပျံ့လွင့်လာခဲ့သည်။ ထိုအသံနှင့်အတူ တော်ဝင်မင်းသားအဆင့် အရှိန်အဝါသည်လည်း အတူဝင်ရောက်လာခဲ့၏။

အသံကြောင့် ဝမ်ဖုန်းမှာ အတွေးများထဲမှ နိုးထလာခဲ့သည်။ အသံလာရာသို့ကြည့်လိုက်ရာ အဝေးရှိအနက်ရောင်ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။ အချိန်ခဏအတွင်းတွင် ထိုအနက်ရောင်ပုံရိပ်သည် သူ‌တို့ရှေ့သို့ကျရောက်လာခဲ့၏။ ၎င်းပုံရိပ်မှာ ဗြောင်ဝတ်ရုံကိုဝတ်ဆင်ထားသည့် ချောမောသည့်လူငယ်လေးတစ်ဦးဖြစ်သည်။

လူငယ်လေးရောက်လာသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်းဘေးရှိ မဟာနတ်ဆိုးရွှမ်ရှနှင့် ယောင်ယွဲ့တို့သည် မျက်လုံးများမှေးကျဉ်းသွားကြကာ အေးစက်သည့်‌အငွေ့အသက်များ ထုတ်လွှတ်ကြလေရာ ကမ္ဘာလောကတစ်ခုလုံးမှာ စိတ်မချမ်းမြေ့ဖွယ်အရှိန်အဝါ၏ လွှမ်းခြုံခံလိုက်ရသည့်အလား ခံစားရ၏။ ထိုလူငယ်မုယွင်ဖေး မထိန်းချုပ်နိုင်စွာ တုန်လှုပ်သွားရသည်။

“ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူ သုံးယောက်တောင် ရှိနေမယ်လို့ မသိခဲ့လိုက်ဘူးဗျာ။ ဒီညီငယ်က နှောင့်ယှက်မိသွားပါပြီ”

ဝမ်ဖုန်းတို့သုံးယောက်ကို မြင်လိုက်ရသည်တွင် မုယွင်ဖေး၏မျက်နှာအမူအရာမှာ တောင့်ခဲသွားရပြီး အလျင်အမြန် အရိုအသေပြုလျက် ပြောခဲ့သည်။ ဝမ်ဖုန်းတို့သုံးယောက်ထံမှ နားလည်ရန်ခက်ခဲသည့်နက်နဲသောခံစားချက်တစ်မျိုး ရရှိနေသည်ဖြစ်ရာ မုယွင်ဖေးမှာ မထီမဲ့မြင် မပြုရဲချေ။

ဝမ်ဖုန်းတို့သုံးဦးကို ကြည့်လိုက်ချိန်တွင် ယောင်ယွဲ့၏လှပသည့်မျက်နှာကိုလည်း မြင်လိုက်ရသောကြောင့် အသိစိတ်ကင်းလွတ်သွားခဲ့ပါသေးသည်။ သို့သော် အချိန်ခဏကြာပြီးနောက်တွင် သူ၏မျက်လုံးများသည် ပြန်လည်တည်ငြိမ်သွားခဲ့ပြီး ခေါင်းငုံ့သွားခဲ့ကာ ယောင်ယွဲ့ကို နောက်တစ်ကြိမ် မကြည့်ဝံ့တော့ပေ။

မုယွင်ဖေး၏အပြုအမူကြောင့် ဝမ်ဖုန်း၏မျက်နှာ၌ အံ့အားသင့်မှုအချို့ ထင်ဟပ်သွား၏။ ဤသည်မှာ အပြင်လူတစ်ဦးမှ ယောင်ယွဲ့၏ပြိုင်ဘက်ကင်းလှပသည့်မျက်နှာကို မြင်တွေ့ပြီးချိန်တွင် စိတ်တည်ငြိမ်မှုကို ထိုမျှအမြန်ပြန်ရရှိသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ပါ၏။

“ငါတို့က ဆန်းကြယ်အင်ပါယာအဆင့်ဆိုတာကို မင်းဘယ်လိုသိတာလဲ”

ဝမ်ဖုန်းသည် ပြုံးတုံ့တုံ့မျက်နှာထားဖြင့် မုယွင်ဖေးကိုကြည့်လျက် ပြောခဲ့သည်။

မုယွင်ဖေးသည် အတော်လေးစိတ်ဝင်စားဖို့ကောင်းသည်ဟု ဝမ်ဖုန်း တွေးမိသည်။ ဆန်းကြယ်အင်ပါယာအဆင့်ပုဂ္ဂိုလ်များ ရှိနေသည်ကို သိနေလျက်ဖြင့် အဘယ်ကြောင့်များ ဝင်လာဝံ့ရဲသနည်း။

“ခုနက ဒီနေရာမှာ ဆန်းကြယ်အင်ပါယာအဆင့် အရှိန်အဝါတွေ ထွက်နေတာကြောင့် ဒီညီငယ်က ‌ကြုံတွေ့ဖူးကြည့်ချင်လို့ ရောက်လာခဲ့တာပါ။ အရှိန်အဝါကို အာရုံခံမိတာနဲ့ မထိန်းနိုင်အောင် လာကြည့်ချင်ခဲ့တာကြောင့်ပါ”

ဝမ်ဖုန်း၏စကားအဆုံးတွင် မုယွင်ဖေးမှ အလျင်အမြန် ဖြေကြားခဲ့သည်။

သူ၏ရှေ့တွင် လေးစားမှုရှိသော်ငြား နှိမ့်ချမှုမရှိသည့် မုယွင်ဖေးကိုကြည့်လျက် ဝမ်ဖုန်း မသိမသာ ခေါင်းငြိမ့်လိုက်သည်။ ထိုမုယွင်ဖေးအား ပို၍စိတ်ဝင်စားလာမိ၏။

“မင်းက ဒီအသက်အရွယ်နဲ့ တော်ဝင်မင်းသားအဆင့်ကိုရောက်နိုင်ခဲ့တယ်။ ဆိုတော့ မင်းမှာ ထူးခြားတဲ့နောက်ခံတစ်ခုခုရှိရမယ် ဟုတ်တယ်မလား”

ဝမ်ဖုန်းသည် မုယွင်ဖေးကိုကြည့်လျက် ရယ်မောလျက်ပြော၏။

မုယွင်ဖေးသည် အသက်နှစ်ဆယ်အစောပိုင်းအရွယ်ဖြစ်ပြီး တော်ဝင်မင်းသားအဆင့်ကို တက်လှမ်းခဲ့ပြီးဖြစ်၏။ ထိုမျှသောကျင့်ကြံဆင့်သည် အထုံပါရမီကောင်းမွန်လျှင်သော်မှ ရရှိရန်လွယ်ကူသည်မဟုတ်ပါ။ နောက်ခံကောင်းရှိသည့် ပါရမီရှင်သာလျှင် ထိုအသက်အရွယ်ဖြင့် ထိုကျင့်ကြံဆင့်ကို ရောက်ရှိနိုင်၏။

“ဒီညီငယ်က ကြီးမြတ်သောလေအင်ပါယာကပါ”

ဝမ်ဖုန်း၏မေးခွန်းကို မုယွင်ဖေးသည် နှိမ့်ချခြင်းမရှိ၊ မောက်မာခြင်းလည်းမရှိဘဲ ဖြေဆိုခဲ့သည်။ ဝမ်ဖုန်း မသိခဲ့သည်မှာ မုယွင်ဖေးသည်လည်း ဝမ်ဖုန်းကို များစွာစိတ်ဝင်စားနေခြင်းကို ဖြစ်သည်။

မုယွင်ဖေးအနေဖြင့် ဝမ်ဖုန်းနှင့်အခြားသူများ၏ကျင့်ကြံမှုကို အတိအကျ မှန်းဆ၍မရနိုင်သော်ငြား မဟာနတ်ဆိုးရွှမ်ရှနှင့် ယောင်ယွဲ့တို့၏ ကြောက်မက်ဖွယ်စွမ်းအင်ကိုလည်း ခံစားမိပါ၏။ သို့သော် ထိုနှစ်ဦးကို ဝမ်ဖုန်းမှ ဦးဆောင်နေသည်မှာ သိသာလှပေသည်။

ပုံမှန်မဟုတ်ဆုံးသောအချက်မှာ ဝမ်ဖုန်းသည် ကျင့်ကြံမှုအရှိန်အဝါ အနည်းငယ်သော်မှ ထုတ်ဖော်ပြသမှု မရှိခြင်းဖြစ်သည်။ စွမ်းအင်လှိုင်း အနည်းငယ်သော်မျှ ထုတ်လွှတ်ခြင်းမရှိချေ။ ထိုအချက်သည် မု‌ယွင်‌ေဖးကို မဟာနတ်ဆိုးရွှမ်ရှနှင့် ယောင်ယွဲ့တို့ထက် ကြောက်ရွံ့မှုနည်းပါးစေ၏။ ထို့ပြင် သူနှင့်သက်တူရွယ်တူဖြစ်ပုံရသည့် ထိုအမျိုးသားသည် မလွယ်ကူကြောင်းကို စိတ်ကူးကြည့်၍ရနိုင်ပေသည်။

မုယွင်ဖေး၏စကားကြောင့် ဝမ်ဖုန်း၏နက်ရှိုင်းသည့်မျက်လုံးများ၌ လင်းလက်မှုတချို့ ဖြတ်ပြေးသွား၏။ ယခုတွင် သူသည် ဤလောကသို့ရောက်လာပြီးစ အဖြူထည်လေး မဟုတ်တော့ပေ။ ယောင်ရီအင်ပါယာ၏ဝန်းကျင်အခြေအနေများကို နားလည်နေပြီဖြစ်၏။

ဤလောကတွင် ယောင်ရီအင်ပါယာအပြင် နောက်ထပ်အင်ပါယာနှစ်ခုရှိသေးသည်။ ကြီးမြတ်သောလေအင်ပါယာနှင့် ချင်းယွင်အင်ပါယာတို့ဖြစ်သည်။ ထိုအင်ပါယာနှစ်ခုသည်လည်း ယောင်ရီအင်ပါယာကဲ့သို့ အင်အားကြီးမား၏။ ထိုအင်ပါယာသုံးခု၏တည်ရှိမှုသည် ရန်သူကဲ့သို့တည်ရှိမှုဖြစ်ပြီး အချင်းချင်း၏ကန့်သတ်ထိန်းချုပ်မှုများ၌ စည်းလုံးမှုရှိကြသည်။

ဝမ်ဖုန်းသည် ကြီးမြတ်သောလေအင်ပါယာမှ မုယွင်ဖေးသည် ကျင့်ကြံမှုအတွက် ယောင်ရီအင်ပါယာသို့ လာရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ရဲရင့်လှပေသည်။ ထို့ပြင် မုယွင်ဖေးသည် ထိုမျှသောအသက်အရွယ်ဖြင့် ထိုမျှသောကျင့်ကြံဆင့်သို့ရောက်ရှိပြီး၏။ မုယွင်ဖေးသည် သူ၏အင်ပါယာအတွင်းတွင် အဆင့်အတန်း မနိမ့်လောက်ပေ။

“မင်းက ယောင်ရီအင်ပါယာထဲကိုလာပြီး ကျင့်ကြံရဲတယ်ပေါ့လေ။ ယောင်ရီအင်ပါယာရဲ့ စွမ်းအားမြင့်ကျင့်ကြံသူတွေ သတ်တာခံရမှာ မကြောက်ဘူးလား”

ဝမ်ဖုန်းသည် မုယွင်ဖေးအား ပြုံးလျက်ဖြင့် နောက်ပြောင်ပြောဆိုခဲ့သည်။

“အတွေ့အကြုံယူတယ်ဆိုမှတော့ စွန့်စားရမှာပေါ့။ ကြောက်ရွံ့နေမယ်ဆိုရင် ဘာလို့များ ကျင့်ကြံနေတော့မှာလဲ”

ဝမ်ဖုန်း၏စကားများကို နားထောင်ပြီးနောက်တွင် ဝမ်ဖုန်းသည် မုယွင်ဖေးကို စေ့စေ့စပ်စပ် အကဲခတ်ကြည့်၏။ အထုံပါရမီကို မဆိုထားနှင့် မုယွင်ဖေး၏စိတ်နေသဘောထားသည်လည်း ဤမျှအသက်အရွယ်ဖြင့် တော်ဝင်မင်းသားအဆင့်ကို ရောက်ရှိခြင်းငှာ ကျိုးကြောင်းသင့်လျော်ပေသည်။

“အကြီးအကဲတို့က ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားတွေများလား”

ဝမ်ဖုန်း‌၏နောက်ဘက် မဝေးလှသည့်နေရာရှိ ကဗ္ဗည်းကျောက်တိုင်ကို မြင်တွေ့လိုက်ရသည်ကြောင့် မုယွင်ဖေး အံ့အားသင့်သွားခဲ့၏။

မုယွင်ဖေးသည် ရှင်းယောင်တောင်တန်း၏ နယ်‌ဖျားဒေသလေးတွင် သူ,မသိသည့် ဂိုဏ်းတစ်ခုရှိနေခဲ့ပြီး ၎င်းဂိုဏ်းသည် ဆန်းကြယ်အင်ပါယာအဆင့်ရှိ စွမ်းအားမြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားမည်ဟု မမျှော်လင့်ထားခဲ့ပါ။

မိမိမှာ ယောင်ရီအင်ပါယာ၏လူ မဟုတ်သည့်အလျောက် မုယွင်ဖေးသည် ကျင့်ကြံ‌ရန်အတွက် ထွက်လာခဲ့ချိန်တွင် ပြင်ဆင်မှုမရှိ ထွက်လာခဲ့ခြင်းမဟုတ်ပါ။ ရှင်းယောင်တာင်တန်း‌သို့ ထွက်မလာမီတွင် ယောင်ရီအင်ပါယာ၏ သတင်းအချက်အလက်များကို စုံစမ်းစစ်ဆေးခဲ့သည်။

မုယွင်ဖေးသည် မိမိမှာ ရှင်းယောင်တောင်တန်းတစ်ခုလုံး၏ အချက်အလက်များအားလုံးကို သိရှိထားခဲ့ပြီဟု တွေးထင်ထားခဲ့၏။ သို့ရာတွင် လျှို့ဝှက်ဆန်းကြယ်လှစွာသော အင်အားကြီးမားသည့်ဂိုဏ်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ အဘယ်သို့များ မအံ့အားသင့်ဘဲ ရှိနိုင်မည်နည်း။

“ဟုတ်တယ်။ ဒီဂိုဏ်းချုပ်က ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဂိုဏ်းချုပ်ပါပဲ။ ဒီဂိုဏ်း‌ချုပ်‌ရဲ့နောက်က နှစ်ယောက်က တစ်ယာက်ကတော့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့အကြီးအကဲဖြစ်ပြီး တစ်ယောက်ကတော့ ဂိုဏ်းတပည့်ပါ”

မုယွင်ဖေး၏မေးမြန်းမှုကို ဝမ်ဖုန်းသည် ဖုံးကွယ်မနေဘဲ ပွင့်လင်းစွာပြောပြခဲ့သည်။

ဤအချိန်ကာလမျိုး၌ပင် ဝမ်ဖုန်း၏စိတ်အစဉ်မှာ တက်ကြွလှုပ်ရှားနေ၏။ မုယွင်ဖေးသည် ဤအသက်အရွယ်ဖြင့် တော်ဝင်မင်းသားအဆင့်ကို ရောက်ရှိနိုင်ပါလျှင် သူ၏အထုံပါရမီသည် မလွဲဧကန် ထူးကဲသာလွန်ပေလိမ့်မည်။ မုယွင်ဖေးအား သူ၏ရှန်ရှန့်ကျုံဂိုဏ်းသို့ ခေါ်ယူနိုင်ပါလျှင် အံ့ချီးဖွယ်ဖြစ်ပေရော့မည်။

ဝမ်ဖုန်း၏စကားကိုကြားလိုက်ရသည်တွင် မုယွင်ဖေးမှာ တစ်ကိုယ်လုံးတုန်လှုပ်သွားရလျက် စိတ်နှလုံး၌ လှိုင်းတံပိုးများရိုက်ခတ်သွား၏။ မု‌ယွင်ဖေး ဝမ်ဖုန်း၏ဘေးရှိ မဟာနတ်ဆိုးရွှမ်ရှကို ကြည့်လိုက်သည်။

မုယွင်ဖေးသည် တော်ဝင်မင်းသား၏အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်ဖြစ်ရာ မဟာနတ်ဆိုးရွှမ်ရှ၏ ကျင့်ကြံဆင့်အစစ်အမှန်ကို အတိအကျ မသိနိုင်ပေ။ ထို့ပြင် မဟာနတ်‌ဆိုးရွှမ်ရှထံမှ ရရှိသည့်ခံစားချက်သည် ဆန်းကြယ်အင်ပါယာအဆင့်၏ ကြောက်မက်ဖွယ်အရှိန်အဝါကဲ့သို့ ခံစားရခြင်းဖြစ်၏။ ထို့ကြောင့် ထိုမဟာနတ်ဆိုးရွှမ်ရှမှာ တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်ကျင့်ကြံသူ ဟုတ်သည်၊ မဟုတ်သည်ကို မုယွင်ဖေး မသေချာပါချေ။

မည်သို့ပင်ဖြစ်စေ မဟာနတ်ဆိုးရွှမ်ရှသည် ကျင့်ကြံရေးလောကတွင် စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးတစ်ဦးအဖြစ် သတ်မှတ်ခံရသူဖြစ်သည်။ ကန့်သတ်စောင့်ထိန်းမှုမရှိ စွမ်းအားကုန်ထုတ်သုံးမည်ဆိုပါက မဟာနတ်ဆိုးရွှမ်ရှ၏ တိုက်ခိုက်ချေမှုန်းနိုင်စွမ်းသည် ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူနှင့် ယှဉ်နိုင်လောက်ပေမည်။

“ဒီဂိုဏ်းချုပ်အထင်တော့ မင်းက ကျင့်ကြံဖို့လာခဲ့တာမဟုတ်ဘဲ အကြောင်းကိစ္စတစ်ခုခုကြောင့် ထွက်ပြေးလာတယ်လို့ထင်မိတယ်”

ဝမ်ဖုန်း၏မျက်လုံးမှာ အလင်းတစ်ခုဖြတ်ပြေးသွားလျက် သေချာမှုရှိနေသော အသံအနေအထားဖြင့် ညင်သာနူးညံ့စွာပြောခဲ့သည်။

မုယွင်ဖေးမှာ ထိုမျှသောကျင့်ကြံမှုရှိနေရာ နောက်ခံသည် ‌ေသချာပေါက် မရိုးရှင်းနိုင်ပေ။ မုယွင်ဖေး ပြောသည့်အတိုင်းဆိုပါလျှင် မုယွင်ဖေးသည် ရှင်းယောင်တောင်တန်းနယ်မြေကို အတွေ့အကြုံရှာဖွေရန် လာရောက်ခဲ့ခြင်းဖြစ်ပြီး သူ၏နောက်ရှိအင်အားစုသည် သူ့အား တစ်ဦးတည်းသွားလာရန် စိတ်ချမထားလောက်ပေ။ ရှင်းယောင်‌တောင်တန်း၌ အတွေ့အကြုံရယူလိုသည်ဆိုသော်ငြား အဆုံးသတ်တွင်တော့ မုယွင်ဖေးသည် ကြီးမြတ်သောလေအင်ပါယာမှ လူတစ်ဦးသာဖြစ်သည်။

အပြင်ပန်းတွင် အင်ပါယာသုံးခုသည် ငြိမ်းချမ်းမှုရှိပုံပေါ်၏။ သို့သော် နောက်ကွယ်တွင် အချင်းချင်း ဖျက်ဆီးပစ်ရန် ဆန္ဒရှိနေကြသည်။ မုယွင်ဖေးကဲ့သို့ ပါရမီရှင်၏အကြောင်းမှာ ယောင်ရီအင်ပါယာ၏ ထိပ်တန်းကျင့်ကြံသူများသို့ ပေါက်ကြားသွားခဲ့ပါလျှင် သေချာပေါက် ဒီတိုင်းလွှတ်ထားခံရမည် မဟုတ်ပေ။ သတ်ဖြတ်ခြင်းဖြစ်စေ သို့မဟုတ် အပေးအယူလုပ်ရန် လက်မှတ်တံဆိပ်ပြားတစ်ခုအဖြစ်ဖြစ်စေ ယောင်ရီအင်ပါယာအတွက် အကျိုးဖြစ်ထွန်းစေရန် အသုံးချခံရမည်ဖြစ်၏။

ထို့ကြောင့် မုယွင်ဖေး၏နောက်ကွယ်ရှိ အင်အားစုသည် မုယွင်ဖေးကိုကာကွယ်ရန် သေချာပေါက် စွမ်းအားမြင့်ကျင့်ကြံသူများ စေလွှတ်ထားပေမည်။ သို့သော် ဝမ်ဖုန်းသည် အနီးဝန်းကျင်တစ်ဝိုက်ကို အာရုံခံပြီးဖြစ်သော်ငြား မည်သည့်စွမ်းအားမြင့်ကျင့်ကြံသူကိုမျှ အာရုံမခံမိခဲ့ချေ။ ဝမ်ဖုန်းသည် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်။ ဆန်းကြယ်အင်ပါယာအဆင့်အောက်ရှိ မည်သည့်တည်ရှိမှုဖြစ်စေ၊ ကျင့်ကြံဆင့်တူညီသည့် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ရှိ တည်ရှိမှုဖြစ်စေ သူ၏အာရုံခံသိမြင်နိုင်စွမ်းမှ မလွတ်မြောက်နိုင်ပေ။

All Chapters