← Chapters

ဆန်းကြယ်အင်ပါယာအဆင့်ဖြင့် တစ်ဦးချင်းလမ်းညွှန်ပြသမှု။

Vol. 2 Ch. 28

ဆန်းကြယ်အင်ပါယာအဆင့်ဖြင့် တစ်ဦးချင်းလမ်းညွှန်ပြသမှု။

Vol. 2 Ch. 28

ချောမောခန့်ညားသည့်ပုံရိပ်၏ မျက်နှာထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမကြီးတစ်ခုလုံးမှာ ထိုပုံရိပ်၏အရိပ်အာဝါသ လွှမ်းမိုးခံလိုက်ရသည့်အလား ထင်မှတ်ရသည်။ နေရာရှိလူများတွင် ယောင်ယွဲ့တစ်ဦးသာ အနည်းငယ် အခြေအနေကောင်းမွန်နေ၏။

လှပသည့်မျက်ခုံးတစ်စုံနှင့်အတူ နက်ဆွေးကာ ရွှန်းလဲ့နေသည့်မျက်ဝန်းတစ်စုံမှာ ခံစားသက်ဝင်မှုရှိလှသည်။ ရှေ့တူရူသို့ အကြည့်တစ်ချက်ဖြင့် မည်သည့်အမျိုးသားကိုမဆို ချစ်မေတ္တာစိတ်များ ပေါ်ထွက်လာစေနိုင်သည်။ အပြစ်အနာအဆာကင်းမဲ့သည့် ကျောက်စိမ်းဖြူကဲ့သို့ နှစ်လိုစွဲမက်ဖွယ်သော အသားအရေသည် မုယွင်ဖေးအပါအဝင် တပည့်သားများအားလုံးကို အသည်းနှလုံးကြွေကျစေ၏။

မုယွင်ဖေးနှင့် အခြားသူများသည် ထပ်မံ၍ အချိန်ကြာကြာ မကြည့်ဝံ့တော့သဖြင့် အလျင်အမြန် ခေါင်းငုံ့လိုက်ကြသည်။ သူတို့နောက်တစ်ကြိမ် ကြည့်ရှုလိုက်မိပါလျှင် ထိုအမျိုးသမီးထံ၌ အလုံးစုံညှို့ငင်ဆွဲယူခံလိုက်ရမည်ဟု ခံစားနေရ၏။

နတ်ဆိုးကြီးတစ်ပါးဖြစ်သည့် မဟာနတ်ဆိုးရွှမ်ရှသည်ပင် စိတ်နှလုံးခုန်လှုပ်နေရသည်ကြောင့် ခေါင်းငုံ့ထားရပေသည်။

“ဧကရီယင် ဂိုဏ်းချုပ်ကိုဂါရဝပြုပါတယ်”

ဧကရီယင်၏နှုတ်ဖျားမှ နှစ်လိုဖွယ်သောနူးညံ့သည့်အသံ ထွက်ပေါ်လာ၏။ ထိုစကားသံနှင့်အတူ သူမ၏ပြိုင်ဘက်ကင်းထက်မြက်မှုကိုလည်း ထုတ်ဖော်ပြသနေခဲ့သည်။ ချီမိန်ချွှေရွှယ်နှင့် အခြားသူများသည် ဧကရီယင်၏အသံကိုကြားရသည်တွင် ရုတ်ချည်းငြိမ်သက်သွားကြသည်။

ခန်းမထဲတွင် ယောင်ယွဲ့တစ်ဦးသာလျှင် မျက်လုံးကို အနည်းငယ်မှေးကျဉ်းလျက် ဧကရီယင်ကို အေးစက်စွာကြည့်နေခဲ့သည်။

ဧကရီယင်၏ရုပ်ရည်သည် ယောင်ယွဲ့ထက် အနည်းငယ်နိမ့်ပါးနိုင်သော်ငြား စိတ်နေသဘောထားသည်တော့ သူမထက် အားမနည်းပါချေ။ သို့ဖြင့် အမြဲလိုလို အေးစက်မောက်မာဟန်ရှိသောယောင်ယွဲ့မှာ ရုတ်တရက် ဧကရီယင်နှင့် ပြိုင်ဆိုင်လိုခြင်းကဲ့သို့သော စိတ်များဝင်ရောက်လာရသည်။

“အရမ်းယဉ်ကျေးနေဖို့မလိုပါဘူး”

ပြိုင်ဘက်ကင်းဧကရီယင်ကို ကြည့်လိုက်ချိန်တွင် ဝမ်ဖုန်း၏နှလုံးအိမ်သည်လည်း ခုန်လှုပ်သွားပါ၏။ သို့သော် သူ၏စိတ်နှလုံးခုန်လှုပ်နေမှုကို ဖိနှိပ်လျက် ညင်သာစွာပြောခဲ့သည်။

ထိုအခိုက်အတန့်တွင် ထိုနှစ်လိုဖွယ်သောလှပသည့်အမျိုးသမီးသည်လည်း ဤရှန်ရှန့်ကျုံဂိုဏ်းဝင်တစ်ဦးဖြစ်သည်ကို သိရှိလိုက်ရသည်တွင် ဂိုဏ်းတပည့်များမှာ အံ့အားသင့်သွားကြရသည်။ အထူးသဖြင့် ဂိုဏ်းသို့ဝင်ရောက်ခဲ့သည်မှာ မကြာမြင့်သေးသည့် မုယွင်ဖေးနှင့် လီဟေးတို့ဖြစ်သည်။

ဧကရီယင်မှ ပြသနေသည့် စိတ်နေသဘောထားနှင့် ခက်ခဲနက်နဲလှသော အရှိန်အဝါ‌ကြောင့် ဧကရီယင်သည်လည်း ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားမြင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ကို ခန့်မှန်းနိုင်ပေသည်။ ဤခန်းမအတွင်း၌ပင် ဆန်းကြယ်အင်ပါယာအဆင့် စွမ်းအားမြင့်ပုဂ္ဂိုလ် ငါးဦးရှိနေ၏။ မုယွင်ဖေးနှင့် လီဟေးတို့မှာ ရှန်ရှန့်ကျုံဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ်မှုကြောင့် အံ့အားသင့်နေရတော့သည်။

အင်ပါယာသုံးခု၏ ပိုင်နက်နယ်မြေထဲတွင် ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူ ငါးဦးရှိသည့်ဂိုဏ်းကို ရှာဖွေတွေ့ရှိရန်မှာ မလွယ်ကူပေ။

အင်ပါယာသုံးခုသည်လည်း ရှင်းယောင်တောင်တန်း၏နယ်ဖျားဒေသလေးတွင် ကြောက်မက်ထိတ်လန့်ဖွယ်သော ဂိုဏ်းတစ်ခု ပုန်းကွယ်နေလိမ့်မည်ဟု မမျှော်မှန်းထားကြလောက်ပေ။

မုယွင်ဖေးနှင့် အခြားဂိုဏ်းတပည့်များ အံ့အားသင့်နေကြသည့်အပြင် မဟာနတ်ဆိုးရွှမ်ရှသည်လည်း စိတ်နှလုံးတုန်ရီနေ၏။ မဟာနတ်ဆိုးရွှမ်ရှသည် ဤရှန်ရှန့်ကျုံဂိုဏ်းမှာ ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းဟု ဖြေးဖြေးချင်း ပို၍ယုံကြည်လာခဲ့လေပြီ။ သို့မဟုတ်ပါလျှင် အဘယ်သို့များ ဂိုဏ်းအတွင်း၌ ဤမျှများပြားသော ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူများ ရှိနိုင်လိမ့်မည်နည်း။ ကြည့်ရသည်မှာ ဤရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများ တစ်ဦးပြီးတစ်ဦး ‌ပြန်လည်နိုးထလာခြင်း ဖြစ်ပေမည်။

မဟာနတ်‌ဆိုးရွှမ်ရှသည် ဤရှန်ရှန့်ကျုံဂိုဏ်းမှ သူ၏အင်အားအပြည့်အစုံကို အမှန်တကယ် ပြသချိန်တွင် မည်မျှကြောက်မက်ထိတ်လန့်ဖွယ်ရှိမည်ကို မျှော်လင့်နေမိ၏။ သူ၏စိတ်ထဲမှ ရှန်ရှန့်ကျုံဂိုဏ်း၏သရုပ်မှန်ကို စူးစမ်းဖော်ထုတ်ရာတွင် သူ၏အာရုံသိမြင်မှုသည် ပို၍ပို၍ အားကောင်းလာနေသည်ဟု ခံစားရ၏။ တစ်နှစ်တာသဘောတူညီချက်ကိုတော့ ဖြေးဖြေးချင်း မှေးမှိန်မေ့လျော့စ ပြုလာခဲ့သည်။

“ဒါက ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ငါးယောက်မြောက်အကြီးအကဲ ဧကရီယင်၊ ကျူးယုယန်ပဲ”

ဝမ်ဖုန်းသည် လီချင်းနှင့် အခြားသူများကို ဝေ့ဝဲကြည့်လျက် ဧကရီယင်ကို ညွှန်ပြလျက် တည်ကြည်လေးနက်စွာပြောခဲ့သည်။

“တပည့်တို့ အကြီးအကဲကျူးကို ဂါရဝပြုပါတယ်”

လီချင်းနှင့် တပည့်များသည်လည်း လျစ်လျူမရှုဝံ့ကြဘဲ ကျူးယုယန်ကို အလျင်အမြန် အရိုအသေပေးခဲ့ကြသည်။

လီချင်းနှင့် တပည့်များ၏ လေးစားမှုရှိသော အပြုအမူကိုမြင်သောအခါ ဧကရီယင်သည် ချိုမြသည့်အပြုံး‌ေလးဖြင့်ခေါင်းငြိမ့်ခဲ့သည်။ ထိုအပြုံးသည် လူကိုဖြူဖျော့သွားစေလျက် လီချင်းနှင့် တပည့်များကို ရုတ်ချည်း အသိစိတ်ကင်းလွတ်သွားရန် လုံလောက်ပေသည်။

“ဟမ့်!”

အေးစက်သည့်နှာမှုတ်သံတစ်ခု ထွက်ပေါ်လာခဲ့ရာ လီချင်းနှင့်အခြားသူများကို အသိစိတ်ကင်းလွတ်နေခြင်းမှ ပြန်လည်ကောင်းမွန်သွားစေခဲ့သည်။ အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်တွင် ထိုသူမှာ သူတို့၏နှလုံးခုန်စည်းချက်ကို ပျက်ပြားစေနိုင်စွမ်းသည့် ယောင်ယွဲ့ဖြစ်နေသောကြောင့် တပည့်များမှာ စကားမဟရဲကြတော့ချေ။ တောင့်ခဲစွာ ရပ်နေကြ၏။

ထို့ပြင် ယောင်ယွဲ့၏ထိုအသံသည် ဧကရီယင်၏အာရုံစိုက်မှုကိုလည်း ရယူသွားခဲ့သည်။ သူမသည် ယောင်ယွဲ့၏မျက်နှာနှင့်အတူ ယောင်ယွဲ့၏စိတ်သ‌ေဘာထားကိုလည်း ကြည့်ရှုခဲ့ရာ ခဏမျှ မင်သက်သွားလျက် လှပသောမျက်ဝန်းအစုံမှာ တင်းမာသွားခဲ့သည်။

ဧကရီယင်၏ အကြည့်နှင့်ရင်ဆိုင်နေရသည်ဖြစ်ရာ ယောင်ယွဲ့သည် အားနည်းဟန် မပြဝံ့ချေ။ ဧကရီယင်ကို ပြန်လည်စိုက်ကြည့်ခဲ့၏။ လေဟာပြင်တွင် မီးမှုန်မီးစများလွင့်ပျံနေသည်ကဲ့သို့ဖြင့် ကျောချမ်းဖွယ်လေထုသည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွား၏။ လီချင်းနှင့်တပည့်များမှာ ကြက်သီးမွေးညင်းများ ထလာရသည်။

“အဟမ်း!”

ထိပ်တိုက်ရင်ဆိုင်တွေ့နေကြသည့် အလှလေးနှစ်ဦးကို ကြည့်ရှုရင်းဖြင့် ဝမ်ဖုန်း၏မျက်နှာမှာ ခါးသက်မှုအချို့ထင်ဟပ်လာရကာ ချောင်းတစ်ချက်ဟန့်လိုက်၏။ မိမိမှာ အလှလေးနှစ်ဦးသာ ဆင့်ခေါ်ရသေးသော်ငြား ရှုပ်ထွေးမှု အစပြုနေလေပြီ။ နောက်တစ်ကြိမ်တွင် ပြိုင်ဘက်ကင်းအလှလေးတစ်ယောက်ကို ထပ်မံဆင့်ခေါ်မိပါလျှင် သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် မလည်ပတ်နိုင်လောက်တော့ပေ။

ရှန်ရှန့်ကျုံဂိုဏ်း၏ အာဏာအရှိဆုံးသူတစ်ဦးအနေဖြင့် ဝမ်ဖုန်း တာဝန်ယူရပေမည်။

ဝမ်ဖုန်း၏ချောင်းဟန့်သံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယောင်ယွဲ့နှင့် ဧကရီယင်တို့သည် ရုတ်ချည်း အကြည့်လွှဲလိုက်ကြ၏။ အလှလေးနှစ်ဦးသည် မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့သည်ကဲ့သို့ မျက်နှာချင်းဆိုင်တွင် ရှိနေကြ၏။ ဝမ်ဖုန်း မင်တက်သွားရသည်။

“လီချင်း၊ လီဟေး၊ မုယွင်ဖေး မင်းတို့သုံးယောက် မတ်တပ်ရပ်ကြ”

ထို့‌နောက်တွင် ဝမ်ဖုန်းသည် တပည့်များဘက်သို့ကြည့်၍ ကျယ်လောင်စွာပြောခဲ့၏။

ဝမ်ဖုန်း၏ခေါ်သံကိုကြားရသည်တွင် လီချင်းတို့သုံးဦးမှာ လျစ်လျူမရှုရဲပါချေ။ လျင်မြန်စွာ မတ်တပ်ထရပ်ခဲ့သည်။ မောက်မာတတ်သည့် ပြန်လည်ဝင်စားသူလီဟေးသည်ပင် ထိုအခိုက်အတန့်၌ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူငါးဦး၏ အရှိန်အဝါကြောင့် မလွန်ဆန်ဝံ့ချေ။

“အကြီးအကဲတို့ ဒီသုံးယောက်က လက်ရှိ ဂိုဏ်းရဲ့အပြင်တပည့်တွေပါ။ ကြိုက်နှစ်သက်ရာ တစ်ယောက်ရွေးချယ်နိုင်ပါတယ်”

လီချင်းတို့သုံးဦး မတ်တပ်ရပ်ပြီးသည်နှင့် ဝမ်ဖုန်းသည် အကြီးအကဲငါးဦးဘက်သို့လှည့်၍ ပြောခဲ့သည်။ ဝမ်ဖုန်းသည် အခြားသူမှ မိမိအား မေးခွန်းပြန်ထုတ်နိုင်စွမ်း မရှိစေသော မျက်နှာအမူအရာ၊ အသံအနေအထားဖြင့် ပြောခဲ့ခြင်းဖြစ်လေသည်။

ဂိုဏ်းချုပ်သည် ဂိုဏ်းချုပ်အာဏာကို ပြသခြင်းမရှိဘဲနှင့် ထိုမောက်မာသည့်အကြီးအကဲငါးဦးကို တပည့်လက်ခံရန်မျှော်လင့်နေပါလျှင် မြင်းလ၊ မျောက်နှစ်အထိ စောင့်ဆိုင်းနေရမည်ကို စိုးရိမ်မိပါ၏။

ဝမ်ဖုန်း၏စကားကြောင့် မုယွင်ဖေး၊ လီဟေးနှင့် လီချင်းတို့ စိတ်လှုပ်ရှားသွားခဲ့ကြ၏။ ဂိုဏ်းချုပ်သည် သူတို့ကို မလိမ်ညာခဲ့ပေ။ ဆန်းကြယ်အင်ပါယာအဆင့်ဖြင့် တစ်ဦးချင်းလမ်းညွှန်ပြသပေးမည်ဟူသော စကားသည် အမှန်ပြောခဲ့ခြင်းဖြစ်၏။

“ငါသူ့ကိုရွေးတယ်”

သို့သော်ငြား ဝမ်ဖုန်းသည် သူ၏စကားဆုံးသည်နှင့် ချီမိန်ချွှေရွှယ်မှ မုယွင်ဖေးကို ညွှန်ပြလာခဲ့မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ယွင်ဖေး မင်းအခုကစပြီး အကြီးအကဲချီမိန်နောက်ကို လိုက်ရမယ်”

ဝမ်ဖုန်းသည် အံ့အားသင့်သွားခဲ့သော်ငြား ခေါင်းငြိမ့်လျက် မုယွင်ဖေးအား ပြောခဲ့သည်။

“ဟုတ်ကဲ့”

မုယွင်ဖေးသည်လည်း အလျင်အမြန် ခေါင်းငြိမ့်လျက် အကြီးအကဲ‌ချီမိန်သို့ စိတ်လှုပ်ရှားစွာဖြင့် လျှောက်သွားခဲ့သည်။

မုယွင်ဖေးကို တပည့်လက်ခံပြီးနောက်တွင် ချီမိန်ချွှေရွှယ်သည် ဓားကိုပိုက်ထား၍ မျက်လုံးမှိတ်လျက် စကားပြောမလာတော့ချေ။

“ငါသူ့ကိုရွေးတယ်”

ယောင်ယွဲ့မှ လီချင်းကိုညွှန်ပြလျက် အေးစက်စွာဖြင့်ပြော၏။

ယောင်ယွဲ့မှ မိမိအား ညွှန်ပြလာသည်ကိုမြင်သောအခါ လီချင်းမှာ တစ်ကိုယ်လုံးတုန်ယင်လျက် ကြောက်ရွံ့မှုကြောင့် သေးထွက်ကျမတတ်ပင် ဖြစ်သွားရသည်။ အကြီးအကဲငါးဦးအနက် လီချင်း အကြောက်ဆုံးမှာ လူကိုတိုက်ရိုက် မကြည့်ဝံ့နိုင်စွမ်းသည့် လှပသောမျက်နှာပိုင်ရှင် ယောင်ယွဲ့ဖြစ်သည်။ အဓိကအချက်မှာ ယောင်ယွဲ့၏ထူးကဲ၍ မောက်မာသည့်စိတ်သဘောထားပုံစံသည် လီချင်းကို အလွန်အမင်း ထိန်းချုပ်ဟန့်တားမှုဖြစ်စေသည်။

ကနဦးတွင် လီချင်းမှာ မျှော်လင့်ချက်မရှိသူဖြစ်သည်။ အခြားတပည့်များနှင့် နှိုင်းယှဉ်ကြည့်ပါလျှင် လီချင်းမှာ ကျင့်ကြံဆင့်မရှိသော သေမျိုးတစ်ဦးသာဖြစ်၏။ သို့သော် လီချင်း အကြောက်ရဆုံးသော အကြီးအကဲသည် သူ့အား တပည့်အဖြစ် ရွေးချယ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ကောင်းပြီ။ လီချင်း မင်းက အကြီးအကဲယောင်ယွဲ့ နောက်ကိုလိုက်မယ်”

ဝမ်ဖုန်းသည် ခေါင်းငြိမ့်လျက် တည်ကြည်လေးနက်စွာဖြင့်ပြောခဲ့၏။

ဝမ်ဖုန်း၏စကားကြောင့် လီချင်းမှာ မျက်ရည်များစီးကျသည်အထိ ငိုယိုပစ်ချင်ပါသော်ငြား ငြင်းဆိုရန် မဝံ့ရဲသောကြောင့် ယောင်ယွဲ့နောက်သို့ တိတ်ဆိတ်စွာ သွားရပ်ခဲ့သည်။

လီချင်းကို တပည့်လက်ခံအပြီးတွင် ယောင်ယွဲ့သည် မျက်ခုံးပင့်လျက် ဘုရင်မယင်အား ဂုဏ်ယူဝံ့ကြွားသည့်အကြည့်ဖြင့် ကြည့်လိုက်၏။ သူမ၏မျက်လုံးအကြည့်များ၌ စိတ်ကိုလှုံ့ဆော်သည့်အဓိပ္ပာယ်များ ပါဝင်နေသည်။

“ဒါဆို ငါသူ့ကိုရွေးတယ်”

ယောင်ယွဲ့၏အကြည့်ကို သတိထားမိသောကြောင့် ဘုရင်မယင်သည် တစ်ချက်ပြုံးလိုက်ကာ အပြစ်အနာအဆာကင်းမဲ့သည့် သူမ၏ ကျောက်စိမ်းဖြူလက်သွယ်သွယ်ကို ဆန့်ထုတ်လျက် လီဟေးကို ညွှန်ပြခဲ့သည်။

“ကောင်းပြီ။ လီဟေး မင်းအခုကစပြီး အကြီးအကဲကျူး နောက်ကိုလိုက်မယ်”

ဝမ်ဖုန်း ခေါင်းငြိမ့်လိုက်သည်။

လီဟေးသည် စကားမဆိုဘဲ ‌ဧကရီယင်၏နောက်သို့ တိတ်ဆိတ်စွာ လျှောက်သွားခဲ့သည်။ လီဟေးသည် ဤရလဒ်ကို အတော်လေး စိတ်ကျေနပ်ပါ၏။ ခြုံငုံလိုက်ပါလျှင် ဧကရီယင်၏ မျက်နှာလှလှလေးသည် ကြည့်ရှုရန် သက်သောင့်သက်သာဖြစ်လှသည် မဟုတ်ပါလော။ ထို့အပြင် သူမသည် ဆန်းကြယ်အင်ပါယာအဆင့်ရှိ ဂုဏ်သရေရှိဘုရင်မတစ်ပါးဖြစ်သည်။ ဆန်းကြယ်အင်ပါယာအဆင့်မှ ပြန်လည်ဝင်စားသူ မိမိသည် အဘယ်ကြောင့်များ ဆန်းကြယ်အင်ပါယာကျင့်ကြံသူတစ်ဦး၏ လမ်းညွှန်ပြသမှုကို လိုအပ်လိမ့်မည်နည်း။

သို့သော် ရှန်ရှန့်ကျုံဂိုဏ်း၏တပည့်တစ်ဦးဖြစ်နေသည့် လက်ရှိအခြေအနေအရ လီဟေးမှာ ငြင်းဆန်နိုင်စွမ်းမရှိချေ။ သို့ဖြစ်ရာ ယောက်ျားကြီးတစ်ဦးထက် အလှလေးတစ်ဦးမှ သင်ကြားပေးခြင်းမှာ ပို၍ကောင်းမွန်သည် မဟုတ်ပေလော။

“‌ေနာက်၁၀ရက်ကြာပြီးရင် ဒီဂိုဏ်းချုပ်က မင်းတို့ကို နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံကို ခေါ်သွားမယ်။ ဒီ၁၀ရက်အတွင်းမှာ မင်းတို့အားလုံး ကိုယ့်ဆရာရဲ့လမ်းညွှန်ပြသမှုကိုနာခံပြီး အသီးသီးလေ့ကျင့်ကြရမယ်”

ထို့နောက်တွင် ဝမ်ဖုန်းသည် လီချင်းနှင့်တပည့်များကိုကြည့်၍ လေးနက်စွာပြော၏။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်! တပည့်တို့ ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး”

ဝမ်ဖုန်း၏စကားအဆုံးတွင် လီချင်းနှင့် တပည့်များမှ အလျင်အမြန် ပြန်ပြောခဲ့သည်။

“ဒါဆိုလည်း မင်းတို့သွားလို့ရပြီ။ ရွှမ်ရှ မင်း သူတို့ကို အခန်းရွေးဖို့ခေါ်သွားလိုက်ပါ”

ဝမ်ဖုန်းမှ ဆက်ပြောသည်။

“ဟုတ်ကဲ့ ဂိုဏ်းချုပ်”

မဟာနတ်ဆိုးရွှမ်ရှနှင့် တပည့်များသည် အလျင်အမြန် ဖြေကြားပြီးနောက် ရွှမ်ရှသည် တပည့်များကို ခန်းမဆောင်မှ ‌ခေါ်ထုတ်သွားခဲ့သည်။

“ယောင်ယွဲ့ လီချင်းက ရွှမ်လင်းလိပ်ရုပ်ခန္ဓာနဲ့ ဆန်းကြယ်တဲ့မသေမျိုးပဲ။ သူ့ရဲ့ရုပ်ခန္ဓာက ဒီလောကမှာ အရမ်းကိုသန်မာအားကောင်းတဲ့ ရုပ်ခန္ဓာတစ်မျိုးပဲ။ ဒါပေမဲ့ နိုးထမလာသေးဘူး။ သူ့ရဲ့ရုပ်ခန္ဓာနိုးထသက်ဝင်ဖို့အတွက် သူ့ရဲ့ကိုယ်တွင်းသွေးတွေဆူပွက်အောင် အပြင်ဘက်က ရိုက်ချက်တွေနဲ့ လှုံ့ဆော်ပေးဖို့လိုတယ်။ ဒီဂိုဏ်းချုပ်က မင်းအနေနဲ့ ဒီဆယ်ရက်အတွင်းမှာ လီချင်းရဲ့ ရွှမ်လင်းလိပ်ရုပ်ခန္ဓာတစ်စိတ်တစ်ပိုင်းကို နိုး‌ထ‌အောင် လုပ်ပေးနိုင်ဖို့မျှော်လင့်တယ်”

မဟာနတ်ဆိုးရွှမ်ရှနှင့် တပည့်များ ထွက်ခွာသွားကြသည်ကို ကြည့်ရင်းဖြင့် ဝမ်ဖုန်းသည် ယောင်ယွဲ့သို့ အကြည့်လွှဲလိုက်ကာ မျက်လုံး၌လည်း အလင်းစအချို့ ဖြတ်ပြေးသွား၏။

အကြီးအကဲများမှာ ကိုယ်ပိုင်တပည့်များ လက်ခံပြီးသွားပြီဖြစ်ရာ ဝမ်ဖုန်းသည်လည်း ထိုတပည့်များ၏အခြေအနေကို ပြောပြလိုသည်။ သို့မှသာ သင်ကြားမှုတွင် ပိုမိုကောင်းမွန်နိုင်မည်ဖြစ်၏။

“ဟုတ်ကဲ့ ဂိုဏ်းချုပ်”

ဝမ်ဖုန်း၏စကားကြောင့် ယောင်ယွဲ့သည်လည်း မျက်လုံးများတောက်ပသွားခဲ့ပြီး နူးညံ့သိမ်မွေ့စွာ ပြောခဲ့သည်။ သူမ၏ကျပန်းညွှန်ပြရွေးချယ်လိုက်မှုသည် ထူးကဲသည့်ပါရမီရှင်ကို ရွေးချယ်မိခဲ့မည်ဟု သူမ, မမျှော်လင့်ထားခဲ့မိပါ။

ဝမ်ဖုန်းသည် ဧကရီယင်ကို ကြည့်လျက် ‌ဆက်ပြော၏။

“ဧကရီယင် မင်းလက်ခံခဲ့တဲ့ တပည့်လီဟေးက ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူ ပြန်လည်ဝင်စားတဲ့သူပဲ။ မင်းအနေနဲ့ သေချာအာရုံစိုက်ဖို့လိုလိမ့်မယ်။ လိုအပ်ရင် အံ့ဩဖွယ်ရာတွေလည်း လုပ်လို့ရတယ်”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်”

ဝမ်ဖုန်း၏စကားတွင် ဧကရီယင်သည် အံ့အားသင့်သွားခြင်းကြောင့် လက်နှစ်ဖက်ကိုပင် ပူးကပ်အုပ်မိုးလိုက်မိ၏။ သူမ လက်ခံလိုက်သည့်တပည့်သည် ဆန်းကြယ်အင်ပါယာအဆင့် ပြန်လည်ဝင်စားသူဖြစ်လိမ့်မည်ဟု သူမ,ထင်မထားခဲ့ပါ။ ထို့ကြောင့် သင်ကြားမှုတွင် အခက်အခဲရှိနိုင်၏။

သို့သော် ဧကရီယင်သည် သင်ကြားမှုအတွက် များစွာတွေးတော‌မနေခဲ့ပါ။ အရင်ဘဝ၏လီဟေးသည် မည်မျှကျင့်ကြံဆင့်ရှိခဲ့သည်ဖြစ်စေ လက်ရှိတွင် ‌အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်သာ ရှိ၏။ သူမ၏ရှေ့မှောက်တွင် လီဟေးသည် ရိုကျိုးရပေမည်။

“ဒါဆိုရင် အကြီးအကဲတို့လည်း သွားနိုင်ပါပြီ။ သေချာသင်ကြားပေးဖို့ သတိရကြနော်။ ဒီဂိုဏ်းချုပ်ကို စိတ်မပျက်စေနဲ့”

ဝမ်ဖုန်းသည် ခေါင်းငြိမ့်လိုက်ပြီးနောက် ယောင်ယွဲ့နှင့် အခြားအကြီးအကဲများကို ဝေ့ဝဲကြည့်လျက် စကားအနည်းငယ် ထပ်မံပြောခဲ့လိုက်သည်။

“ဟုတ်ကဲ့ ဂိုဏ်းချုပ်”

ဝမ်ဖုန်း၏စကားအဆုံးတွင် အကြီးအကဲများသည် လက်အမူအရာဖြင့် အရိုအသေပေးပြီးနောက် ခန်းမဆောင်ထဲမှ ပျောက်ကွယ်သွားကြတော့သည်။ အကြီးအကဲများသည် မောက်မာကြသော်ငြား ဝမ်ဖုန်းမှ တည်ကြည်လေးနက်သည့်အခါတွင် နာခံမှုမရှိ မပြုဝံ့ကြချေ။

အကြီးအကဲများ ထွက်ခွာသွားသည့်ပုံရိပ်ကို ကြည့်ရင်းဖြင့် ဝမ်ဖုန်း၏မျက်နှာထက်၌ ကူကယ်ရာမဲ့မှုများ ထင်ဟပ်သွားရ၏။ သူ့တွင် အာဏာရှိခြင်းကြောင့်သာ မဟုတ်ပါလျှင် ထိုမောက်မာသည့်အကြီးအကဲများကို တပည့်လက်‌ခံစေရန်မှာ စိုးစဉ်းမျှ လွယ်ကူ‌လိမ့်မည်မဟုတ်ချေ။

“စနစ် ဂိုဏ်းအမှတ်တစ်သောင်းကို ထီလက်မှတ်အတွက် လဲမယ်”

ဂိုဏ်းချုပ်ပလ္လင်ထက်တွင် ထိုင်နေရင်းဖြင့် ဝမ်ဖုန်းစိတ်ထဲမှ ပြောလိုက်သည်။

ယနေ့တွင် ဝမ်ဖုန်းသည် ဂိုဏ်းအမှတ်တစ်သိန်းပမာဏ စုဆောင်းမိထားခဲ့ရာ သေချာပေါက် ထီလက်မှတ်ဖြင့် လဲလှယ်သုံးစွဲရပေမည်။

“ဒင်! ဧကရီ၏ဆန်းကြယ်နည်းစနစ်၊ ကောင်းကင်နတ်ဆိုးကျင့်စဥ်ကို ရရှိခြင်းအတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်”

“ဒင်! ဧကရီယင်၏ကျင့်ကြံမှု ဆယ်ပုံတစ်ပုံကိုရရှိခြင်းအတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ်”

“ဒင်…..!”

All Chapters