ဖုန်းယွဲ့ရေကန်
Vol. 39 Ch. 576
အချိန် အနည်းငယ် ကြာသောအခါ ရှောင်ချင်နှင့် ရှောင်ဟွေတို့က အရှိန်ပြင်းပြင်းနှင့် ပြေးလာနေသည်ကို တွေ့လိုက်ရပြီး သူတို့၏ အောင်မြင်မှုအား ပြသရန် စိတ်အားထက်သန်နေပုံရသည်။ သူတို့သည် ရဲ့လင်းချန်အား ပတ်၍ စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေကြသည်။
သူတို့၏ အနောက်တွင် ကောင်းမွန်စွာ လေ့ကျင့်ထားပုံရသည့် ဝံပုလွေတစ်အုပ် ရှိနေပြီး ဤနေရာသို့ ရောက်သောအခါ သတိကြီးစွာ ထားနေပုံ ပေါ်သည်။ သူတို့ထဲမှ ဘယ်အကောင်မှ မအူရဲချေ။
ရှောင်ချင်နှင့် ရှောင်ဟွေတို့က သူတို့အား လူသားတို့ အနီး၌ ကျိုးနွံစွာ ပြုမူပြီး သူတို့၏ သားရဲ သဘာဝအား ထိန်းချုပ်ထားရန် ကောင်းကောင်း လေ့ကျင့်ပေးထားမှန်း သိသာလှသည်။ အထူးသဖြင့် သူတို့သည် ရဲ့လင်းချန်ကို မြင်သောအခါ သူတို့၏ စိတ်ထဲ၌ လေးစားမှု ဖြစ်ပေါ်လာသလို ခံစားနေရသည်။ ယင်းသည် ဝံပုလွေများဖြစ်သော သူတို့၏ အလိုအလျောက် တုံ့ပြန်မှုတစ်ခုပင်။
ထို့အပြင် ဤဝံပုလွေအုပ်သည် ရှောင်ချင်နှင့် ရှောင်ဟွေတို့ထံမှ နေ့စဉ် လေ့ကျင့်မှုများ ရရှိထားသဖြင့် ပြိုင်တူ ကြီးထွားလာကြသည်။
သူတို့သည် သူတို့၏ သားကောင်များကို မြေကြီးပေါ် ချလိုက်ပြီးနောက် နောက်ဆုတ်သွားကြသည်။
“ဝိုး … ဒါ သမင်ပဲ”
ဟောင်ယွင်က ချက်ချင်း ရှေ့သို့ ပြေးတက်လာသည်။
“သမင်လေးတွေက သိပ်ချစ်ဖို့ကောင်းတာ၊ သူတို့ကို ရှင် ဘယ်လိုလုပ် စားနိုင်တာလဲ”
“ဒီလိုဆိုရင် မင်း ဒါကို နေ့လယ်စာအတွက် မစားသင့်ဘူး”
ရဲ့လင်းချန်က အရေးမစိုက်ဟန်ဖြင့် အကြံပေးလိုက်သည်။
ဟောင်ယွင်၏ နှုတ်ခမ်းက စူလာပြီးနောက် စိတ်ညစ်ဟန်ဖြင့် အကြည့်လွှဲကာ လေသံပြောင်းသွားလေသည်။
“ကျွန်မ မစားရင် ဒီသမင်က အလကားသက်သက် သေသွားသလို ဖြစ်မသွားဘူးလား၊ ဒါက ကောင်းတဲ့ကိစ္စအတွက် သေသွားတာဆိုတော့ ကျွန်မ နည်းနည်း အဖိုးတန်အောင် လုပ်သင့်တာပေါ့”
“ရစ်ငှက်နှစ်ကောင်နဲ့ ဘဲတွေလဲ ရှိသေးတယ်၊ ပြီးတော့ ပင်လယ်ထဲက ငါးနည်းနည်းလဲ ရှိတယ်လေ”
တုန်းမြောင်မြောင်က ဘေးဘီကို ဝေ့ကြည့်နေပြီး နောက်ထပ် ငါးမန်းသေတစ်ကောင်ကို တွေ့ရလေမလားဟု စိုးထိတ်နေ၏။
“ကျွန်မတို့ ဒီလိုပဲစားနေမယ်ဆိုရင် တောထဲက တိရစ္ဆာန်တွေ မျိုးသုဉ်းသွားမှာကို စိုးရိမ်မိတယ်”
ရှောင်ချင်နှင့် ရှောင်ဟွေတို့ ရောက်ရှိလာခြင်းက ဤနေရာ၏ ညီမျှနေသော ဂေဟစနစ်အား ဖျက်ဆီးလိုက်သလို ဖြစ်သွားသည်။ ထို့အတူ ရဲ့လင်းချန်နှင့် အခြားသူများပါ ရောက်ရှိလာခြင်းက လိုအပ်သော အစားအသောက် ပမာဏအား တိုးမြင့်သွားစေခဲ့သည်။ ယင်းက တိရစ္ဆာန်များအတွက် ဝန်ထုပ်ဝန်ပိုးကြီးပင်တည်း။
“စိတ်မပူပါနဲ့၊ ငါ ဒါအတွက် အဖြေရှာမှာပါ”
ရဲ့လင်းချန် ပြုံးနေသည်။ စစ်သည်တော်ဌာနအား ထိုအကြောင်း သူ ပြောပြလိုက်သည်နှင့် တောရိုင်းတိရစ္ဆာန်အချို့ ဝယ်၍ ဤနေရာ၌ လွှတ်ပေးလိုက်ခြင်းက လွယ်ကူလှသည်။
“စိတ်ပူစရာ မလိုပါဘူး၊ ဒီမှာ ကြီးမားတဲ့ ပင်လယ်ပြင်ကြီး ရှိသေးတာကို ငါတို့က ဘယ်လိုလုပ် အစာ ပြတ်လပ်မှာလဲ”
ဟောင်ယွင်က မမှုစွာ ပြောလိုက်သည်။
ထို့နောက် လူတိုင်းက ရဲ့လင်းချန်ကို မျှော်လင့်ချက် အပြည့်နှင့် ကြည့်လာသည်။ လူသားများသာမက ဝံပုလွေအုပ်ကပါ ရဲ့လင်းချန်ကို ကြည့်နေကြသည်။
ရှောင်ချင်နှင့် ရှောင်ဟွေသည် ပို၍ ဉာဏ်ကောင်းကြသဖြင့် ထင်းစိုက်ရန်အတွက် တုတ်ချောင်းများ သယ်ရန် ထွက်ခွာသွားပြီးနေသည်။
ဤသို့နှင့် ဝံပုလွေအုပ်က အစီအစဉ်တကျ အဖွဲ့ခွဲသွားပြီး မီးပုံလုပ်ရန် ထင်းများ စုဆောင်းနိုင်ခဲ့သည်။ ထို့နောက် သူတို့သည် မြေကြီးပေါ် လှဲပြီး ရဲ့လင်းချန်အား လိမ္မာသော ကလေးများကဲ့သို့ ကြည့်လာသည်။
ရှောင်ချင်နှင့် ရှောင်ဟွေတို့က ရဲ့လင်းချန်ကို ခေါင်းနှင့်တိုက်၍ အာရုံစိုက်လာရန် တောင်းဆိုနေကြသည်။
“ဟ … အားလုံး ဒီရောက်နေတဲ့ပုံပဲ”
ဆရာဟောင်၏ အသံ ထွက်ပေါ်လာပြီး ရယ်၍ လမ်းလျှောက်လာလေသည်။
“တိုက်ဆိုင်လိုက်တာ၊ ငါ့ကို နေ့လယ်စာအတွက် ပေါင်းထည့်လိုက်တော့”
“ဘိုးဘိုး ဒီကို ထမင်း အလကား စားချင်လို့ ရောက်လာတယ်ဆိုတာကို ဝန်ခံလိုက်ပါ၊ ဘိုးဘိုးက အမြဲတမ်း တိုက်ဆိုင်တာလို့ ပြောနေတာပဲ၊ သမီးတောင် ဘိုးဘိုးအစား ရှက်လာပြီ”
ဟောင်ယွင်က နှုတ်ခမ်းစူ၍ ပြန်ပြောလိုက်သည်။
“ဟားဟားဟား လက်တွေ့ဘဝက တိုက်ဆိုင်တာတွေနဲ့ ပြည့်နေတာပဲလေ၊ ဟူး … ဒါ ငါ တတ်နိုင်တာမှ မဟုတ်ပဲ”
ဆရာဟောင်က လေသံ နည်းနည်းလေးမှ မပြောင်းသွားဘဲ ဆင်ခြေပေးလေသည်။ များပြားလှသော အတွေ့အကြုံ များကြောင့် သူသည် အလွန် အရေထူနေပြီ ဖြစ်သည်။
ထို့နောက်တွင်မူ သူတို့အားလုံးက ရဲ့လင်းချန်ကို စိုက်ကြည့်လာ၏။
ရဲ့လင်းချန်၏ အချက်အပြုတ်က အလွန် ကောင်းလွန်းလှပြီး ပထမဆုံးအကြိမ် စားကြည့်ပြီးသည်နှင့် မမေ့နိုင် တော့ချေ။ သူ၏ ဟင်းလျာက သူတို့၏ စိတ်ထဲမှ နှစ်နှစ်ကာကာ ပျော်ရွှင်မှုကို ဖြစ်ပေါ်လာစေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပါ။ ယင်းက မယုံနိုင်လောက်အောင် မှော်ဆန်လွန်းလှသည်။
သူတို့သည် ရဲ့လင်းချန်၏ ချက်ပြုတ်နည်း တစ်ခုလုံးကို စောင့်ကြည့်ခဲ့သည်။ ယင်းက မရှုပ်ထွေးသော်လည်း အရသာက အံ့ဩဖွယ်ကောင်းလောက်အောင် ကောင်းလွန်းလှသည်။ သူတို့သည် ရဲ့လင်းချန်၏ ချက်ပြုတ်နည်းကို ကြိုးစား၍ လိုက်ချက်ခဲ့ဖူးသည်။ အရသာက တိုးတက်သွားသော်ညလ်း ရဲ့လင်းချန်၏ ချက်ပြုတ်ပုံနှင့် မတူသေးချေ။
တူညီသော အသားကင်နည်း ဖြစ်သော်လည်း အဘယ်ကြောင့် ခြားနားမှုက ကြီးမားနေရသနည်း။
သူတို့ ဆွံအသွားခဲ့ကြသည်။ သို့သော် ယင်းက သူတို့အား စားကောင်းသောက်ဖွယ်အား တမ်းတခြင်းမှ မတားနိုင်ပေ။ ရဲ့လင်းချန် ချက်လိုက်သည့်အခါတိုင်း သူတို့ ဝင်စားနိုင်ရန် အမြဲတမ်း အကောင်းဆုံး ကြိုးစားလေ့ ရှိသည်။
ဝံပုလွေများသည်လည်း ထိုနည်းတူပင်။ အသားတစ်တုံး သို့မဟုတ် စွပ်ပြုတ်တစ်ဇွန်းစာ ဖြစ်လျင်တောင်မှ ယင်းက သူတို့အတွက် အဖိုးတန်သော ခရီးပင်တည်း။
အစားအသောက်သည် လူတို့၏ အဓိက ဦးစားပေး ဖြစ်သည်။ ဘယ်သူမဆို စားကောင်းသောက်ဖွယ်၏ ဆွဲဆောင်မှုကို မငြင်းနိုင်ချေ။ ရဲ့လင်းချန်သည် အကယ်၍ သူ အရသာရှိသော ဟင်းတစ်ပွဲ ချက်ပြုတ်၍ ယင်းအား မိန်းကလေး တစ်ယောက်ကို ပိုးပန်းရာ၌ အသုံးချပါက အောင်မြင်နိုင်ချေ ရှိသည်ဟု ခံစားမိနေ၏။
သူ၏ ချောမောသော ရုပ်ရည်ကိုပါ ပေါင်းလိုကလျင် အောင်မြင်လိမ့်မည်ဟု အာမခံနိုင်ပေသည်။
စားသောက်ပြီးနောက် လူတိုင်းသည် ကျေနပ်အားရစွာ ကိုယ့်ဗိုက်ကိုယ် ပြန်ပွတ်နေကြသည်။ စားပြီးသောအခါ သူတို့သည် အေးမြသော လေညင်းကို ခံစား၍ လှပသော ရှုခင်းအား ခံစားနေကြလေသည်။ ဤပျော်ရွှင်မှုသည် အခြားသူများအား သူတို့ ရှင်းမပြတတ်သော အတွေ့အကြုံတစ်ခုပင်။
ဝံပုလွေအုပ်သည် အစားအသောက် များများ မရလိုက်သော်လည်း သူတို့ အပြည့်အဝ ကျေနပ်ဆဲဖြစ်ကာ အစာရှာရန် တောထဲသို့ ပြန်ဝင်သွားကြသည်။
“ဘိုးဘိုး ဆောက်လုပ်ရေးက ဘယ်တော့ ပြီးမှာလဲ၊ ဘိုးဘိုး မြန်မြန်လုပ်နော်၊ ဘိုးဘိုးရဲ့မြေးက ဒီမှာ အိပ်ရာတောင် မရှိဘဲ တစ်နေ့လုံး နေလောင်ခံနေရတာ၊ သမီးကို ကြည့်ဦး၊ နေရောင်ကြောင့် အသားမည်းကုန်ပြီ”
ဟောင်ယွင်က စောဒကတက်ပြီး မြက်ခင်းပေါ်၌ သက်တောင့်သက်တောင့် လှဲကာ မျက်လုံး မှိတ်ထားသည်။
“လင်းချန်၊ ကျွန်မတို့ ဒီမှာ အိမ်တစ်လုံး ဒီဇိုင်းဆွဲရင် မကောင်းဘူးလား၊ ကျွန်မ ဆေးစိုက်ခင်းနားမှ နေလို့ရတယ်၊ ဒီလိုဆိုရင် ကျွန်မ ဒီဆေးပင်တွေကို ဂရုစိုက်နိုင်ပြီ”
တုန်းမြောင်မြောင်က ရဲ့လင်းချန်အား တောက်ပသော မျက်လုံးများဖြင့် ကြည့်ပြီး စိတ်အားထက်သန်စွာ မေးလေသည်။
သူမသည် ဆေးပင်များအား သူမ၏ ကလေးများသဖွယ် သဘောထားပြီး ၎င်းတို့အား တစ်ချိန်လုံး စောင့်ကြည့်ရန် လိုအပ်သည်ဟု ခံစားနေရသည်။ ထို့အပြင် ဆေးပင်များသည် အလွန် ဂရုစိုက်ရန် လိုအပ်သဖြင့် သူမ သတိ မလွတ်ရဲချေ။ ဆေးပင်များ အံ့ဩဖွယ်ကောင်းလောက်အောင် ကြီးထွားလာသဖြင့် သူမရင်ထဲ၌ ပျော်ရွှင်မှုတို့နှင့် ပြည့်နှက်လာသည်။
ရဲ့လင်းချန်သည် တစ်ခဏမျှ စဉ်းစားနေပြီးနောက် ခေါင်းညိတ်လိုက်သည်။
“ကောင်းသားပဲ၊ ဒါဆို ငါ ရှောင်ချင်နဲ့ ရှောင်ဟွေရဲ့ လှောင်အိမ်ကိုပါ ဒီမှာ ထားလိုက်မယ်”
“ကျွန်မ ပင်လယ်ကို ကြည့်လို့ရတဲ့ အိမ်မျိုးမှာ နေချင်တယ်”
ဟောင်ယွင်က ရုတ်တရက် စိတ်အားထက်သန်စွာ အကြံပြုလာသည်။
“ရဲ့နတ်ဘုရား၊ ရှင် ကျွန်မအကြံကို ဘယ်လို သဘောရလဲ၊ ပင်လယ်ကို မျက်နှာမူထားတဲ့ ပင်လယ်ရှုူခင်းကို ခံစားလို့ရတဲ့ အိမ်တစ်လုံး ဆောက်လိုက်လေ၊ ပတ်ဝန်းကျင်က အံ့ဩဖို့ကောင်းမှာပဲ၊ ဒါက လုံးဝ ပြီးပြည့်စုံတယ်”
ရဲ့လင်းချန်က သူမကို အရေးမစိုက်ချေ။
*တုံးလိုက်တာ၊ ပင်လယ်ကို မျက်နှာမူရမယ် ဟုတ်လား၊ ပင်လယ်ရှုခင်းအိမ်မှာ နေတာက လူကို သေမတတ် စိုးရိမ်စေလောက်တယ်၊ ပင်လယ်လေက အရမ်း ပြင်းတာ*
“ပင်လယ်ရှုခင်းဆိုတာကို မေ့လိုက်တော့၊ ကျွန်းအလယ်မှာ မြစ်ကြီးတစ်ခု ရှိတယ်၊ ရှောင်ရဲ့လေးက အဲ့ဒီမှာ ရေကန်ရှုခင်းကြည့်တဲ့ အိမ်ကြီးတစ်လုံး ဆောက်ဖို့ စီစဉ်ထားတာ”
ဆရာဟောင်က ရယ်၍ ပြောလိုက်သည်။
“ဖုန်းယွဲ့ရေကန်နားလား”
ဟောင်ယွင်၏ စိတ်အားထက်သန်မှုတို့ နိုးကြားလာသည်။
ဖုန်းယွဲ့ရေကန်သည် ကျွန်း၏ အလယ်၌ တည်ရှိသည်။ ထိုနာမည်က ရဲ့လင်းချန်က လနှင့် ပုံသဏ္ဌာန် ဆင်တူသဖြင့် ပေးထားခြင်း ဖြစ်သည်။ ရဲ့လင်းချန်က ၎င်းကို သင့်တော်စွာ တိုးတက်အောင် ပြုလုပ်ပြီး တကယ့် လခြမ်းပုံစံအဖြစ် ပြောင်းလဲပြီး ရေကန်၏ ဘေးပတ်လည်၌ မေပယ်ပင်များ တန်းစီစိုက်ရန် စိတ်ထူးထားသည်။ ထို့ကြောင့်ပင် ဖုန်းယွဲ့ရေကန် (Maple Moon Lake) ဟု အမည် ပေးထားခြင်း ဖြစ်သည်။
ဟောင်ယွင် ထိုနေရာကို မြင်ဖူးပါသည်။ ၎င်းက မဖွံ့ဖြိုးသေးသော်လည်း ရေကန်၏ ရေက ကြည်လင်ပြီး ရှင်းလင်းသော ကောင်းကင်ပြာက ရောင်ပြန်ဟပ်နေသော မှန်တစ်ချပ်လိုပင်။ ကြီးမားသော ရေကန် မျက်နှာပြင်က နေရောင်အောက်၌ ဝင်းပနေပြီး မှင်တက်ဖွယ် ကောင်းလှသည်။
ထိုနေရာသည် လိပ်အိုကြီးနေသော နေရာ ဖြစ်သည်။ အကယ်၍ သူမ ထိုနေရာ၌ နေခွင့်ရပါက အံ့ဩစရာ ကောင်းမှာ အသေအချာပင်။
ဆရာဟောင် ခေါင်းညိတ်လိုက်သည်ကို မြင်ပြီး ဟောင်ယွင်၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲလာသည်။
“အား … ကျွန်မ အဲ့ဒီမှာ နေချင်တယ်”
“တစ်ဘီလီယံ”
ရဲ့လင်းချန်က ဈေးအား တည်ငြိမ်စွာ ပြောလိုက်သည်။
ဟောင်ယွင် ငြိမ်ကျသွားပြီး နှုတ်ခမ်းစူ၍ ရဲ့လင်းချန်အား မကျေမနပ်ဖြင့် လှည့်ကြည့်လေသည်။ သို့သော် သူမပုံစံက ကြောက်စရာ မကောင်းသည့်အပြင် အနည်းငယ် ချစ်စရာကောင်းနေသည်။ ယင်းက အလွန် လှပနေခြင်း၏ ဒုက္ခပင်။
“ကလင် ကလင် ကလင်”
ဖုန်းမြည်လာသဖြင့် ဖုန်းခေါ်သူကို ကြည့်လိုက်မိပြီးနောက် ရဲ့လင်းချန် ပြုံးကာ ဖုန်းကိုင်လိုက်သည်။
“ရှောင်ယန်၊ မင်း ငါ့ကို ပြောပြစရာ သတင်းကောင်း ရှိလို့လား”
…