ကြောက်မက်ဖွယ်ရာကောင်းသော
Vol. 33 Ch. 481
အခြေတည်အဆင့်တိုက်ပွဲကွင်းပြင်ရှိ တိုက်ပွဲက ရပ်တန့်သွားလေပြီ။
သွေးကျီးကန်းနန်းတော်နှင့် ဂိုဏ်းကြီးလေးဂိုဏ်းဘက်မှ အခြေတည်အဆင့်ကျင့်ကြံသူများသည် ဆူဇီမို၏ နည်းလမ်းများကြောင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်ကုန်ကြပြီး ရှေ့သို့ မတက်ရဲကြတော့ပေ။
ချွမ်.. ချွမ်..
ဆူဇီမိုသည် အခြေတည်အဆင့် တိုက်ပွဲကွင်းပြင်မှ ဓါးပျံ ၁၈လက်ကို ဆင့်ခေါ်လိုက်ပြီး သူ၏ ဦးခေါင်းထက်တွင် ကျယ်လောင်စွာ တဝီဝီ ရစ်ဝဲနေစေလိုက်၏။
“ဖယောင်းမီးဓါးဝင်္ကပါ စုဖွဲ့စမ်း”
ထို့နောက် ဓါးပျံ ၁၈လက်သည် အတူတကွ စုဝေးသွားကြပြီး သူတို့၏ ဓါးဦးချွန်များကို အပြင်ဘက်သို့ ညီညာစွာ ညွှန်၍ ဧရာမဓါးစက်ကြီးတစ်ခုအသွင် ပြောင်းလဲသွားလေသည်။ ဓါးချီ ၁၈ရောင်ခြည်ကို နေတစ်စင်းကဲ့သို့ ထုတ်လွှတ်၍ အလွန်တရာ စူးရှလင်းထိန်လာ၏။
“သတ်”
ဆူဇီမိုသည် ဘယ်ဘက်လက်နှင့် ချိတ်စည်းကိုမြှောက်၊ ညာဘက်လက်နှင့် ဆေဘာကိုကိုင်စွဲ၊ သူ့ဦးခေါင်းထက်မှာ ဖယောင်းမီးဓါးဝင်္ကပါနှင့်အတူ စိတ်ဝိညာဉ်တောင်ပံများကို တဖျပ်ဖျပ်ခတ်၍ ရှေ့သို့ ခုန်ဝင်သွားလေသည်။
ရွှစ်.. ရွှစ်.. ရွှစ်..
ဓါးပျံများက လေထုကို ဖြတ်သန်း၍ မိုးရေစက်များကဲ့သို့ တဖွဲ့ဖွဲ့ကျရောက်လာ၏။
စိတ်ဝိညာဉ်တိုက်ကွက်များကလည်း ပေါက်ကွဲထွက်၍ ကောင်းကင်တစ်ခွင် အပြည့် ရောက်ရှိလာ၏။
ဆူဇီမိုက တည်ငြိမ်ပြီး ဣန္ဒြေရနေသေး၏။
သူ၏ စိတ်ဝိညာဉ်တောင်ပံများနှင့် နတ်မြင်းလျှပ်တစ်ပြက်ပြေးထွက်ခြင်းကို ပေါင်းစပ်၍ အာရုံခံသတိစိတ်နှင့် ပဲ့ကိုင်လိုက်သောအခါ သူ၏ လှုပ်ရှားမှုက မည်သို့မျှ ကြိုတင်ခန့်မှန်း၍ မရအောင် ဖြစ်လာလေသည်။
အချိန်ကြာလာသည်နှင့်အမျှ သူက ငှက်မွေးတစ်တောင်ကဲ့သို့ ပေါ့ပါး၍ လျှပ်စီးကဲ့သို့ လျှင်မြန်ကာ မည်သူမှ သူ့ကို လုံးဝ မဖတ်နိုင်ကြတော့ပေ။
လေထဲမှာ ပေါ့ပါးစွာ ရွေ့လျားရင်း သူ့အရွတ်များနှင့် အရိုးများက ကျုံ့သွားလိုက် ပြန့်သွားလိုက်နှင့် သာမန်အားဖြင့် မဖြစ်နိုင်သော ရွေ့လျားမှုများကို ဖြစ်ပေါ်လာစေကာ လူတိုင်းကို တုန်လှုပ်သွားစေလေသည်။
အနာကွန်ဒါတစ်ကောင်လို၊ မြွေပြွေးတစ်ကောင်လို၊ မျောက်ဝံတစ်ကောင်လို၊ မြင်းတစ်ကောင်လို လှုပ်ရှားမှုများကို အမျိုးမျိုး ပြောင်းလဲ၍ ဆူဇီမိုသည် ရွှေအမြုတေများဆီသို့ ချဉ်းကပ်သွား၏။
“မင်း..”
နောက်ပိုင်း-ရွှေအမြုတေတစ်ယောက်သည် သူ့ထံသို့ ပြေးဝင်ချလာသော ဆူဇီမိုကို ကြည့်ရင်း သူ့မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွား၏။
အဲ့ဒါက ဘယ်လိုလုပ် လူသားတစ်ယောက် ဟုတ်ပါ့မလဲ..
လူတစ်ယောက်က သူ၏ ခန္ဓာကိုယ်ကို ဤမျှ အတိုင်းအတာထိ တွန့်လိမ်၍ တဖွဲ့ဖွဲ့ ကျရောက်လာသော တိုက်ခိုက်မှုများကို မည်သည့်ဒဏ်ရာမှ မရရှိအောင် ရှောင်လို့ရသည်ဆိုတာကို သူဘယ်လိုမှ စဉ်းစားကြည့်လို့ မရပေ။
သူသည် အဲ့ဒါနှင့်ပတ်သတ်ပြီး နောက်ထပ်စဉ်းစားဖို့ အခွင့်အရေး မရှိတော့ပေ။
ရွှစ်..
ဆူဇီမိုက သူ့ဆေဘာကို ချက်ချင်း ပင့်မြှောက်လိုက်၏။
တန်ပြန်စီးကြောင်းက ရုန်းထွက်လာ၏။
အန္တိမအခြေတည်အဆင့်သို့ ဝင်ရောက်လာပြီးနောက် ဆူဇီမို၏ စိတ်ဝိညာဉ်စွမ်းအင်က ပိုမိုသန့်စင်ကြွယ်ဝလာကာ သူသည် ဆေဘာအားကို ဆက်တိုက်ထုတ်ဖော်နိုင်လာလေသည်။
ထိုရွှေအမြုတေသည် တုန်လှုပ်သွားပြီး တလိပ်လိပ်တက်လာသော လှိုင်းလုံးကြီးက သူ့အပေါ် ပိကျလာသည့်အလား အသက်ရှူဖို့ပင် ခက်ခဲလာ၏။ သူ့နားထဲတွင် မိုးကြိုးသံက မြည်ဟည်းလာပြီး ဒီရေများက ချက်ချင်း ရောက်ရှိလာလေသည်။
“သွား”
ထိုလူက ဘာပဲပြောပြော နောက်ပိုင်း-ရွှေအမြုတေတစ်ယောက် ဖြစ်သည့်အတွက် သူ့ကိုယ်သူ လျှင်မြန်စွာ တည်ငြိမ်စေလိုက်၏။ သူ့ဦးခေါင်းထက်ရှိ သူ့ဓါးပျံကို လျှင်မြန်စွာ ထိန်းချုပ်၍ သူ၏ ရွှေအမြုတေကို လှည့်ပတ်လိုက်သောအခါ စိတ်ဝိညာဉ်စွမ်းအင်များက ရုန်းကန်ထွက်လာ၏။
မည်သို့ပင်ဆိုစေ.. နောက်ပိုင်း-ရွှေအမြုတေတစ်ယောက်၏ ခွန်အားက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ကိုင်တွယ်နိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။
ဆူဇီမို၏ မျက်လုံးထဲမှာ လှောင်ပြောင်လိုရိပ်က ရှိနေပြီး သူက ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
သူ့အတွက်တော့ ရွှေအမြုတေ၏ ပြောင်းလဲလိုက်သော ဗျူဟာက ဟာကွက်များနှင့် ပြည့်နေ၏။
အရှိန်အဟုန်ဖြင့် ကျရောက်လာသော ဆူဇီမို၏ ဆေဘာက ထိုလူ့ဓါးပျံနှင့် တစ်လက်မလောက်အကွာတွင် ရုတ်တရက် ရပ်တန့်၍ လမ်းကြောင်းပြောင်းသွား၏။
ရွှစ်..
သူ့လက်ကောက်ဝတ်ကို လှုပ်ခါလိုက်သောအခါ သူ့ခုတ်ချက်၏ ထောင့်ချိုးက ပြောင်းလဲသွား၏။
ရုတ်တရက် သွေးသောက်သူ၏ ကြီးမားသည့် ဓါးသွားကြီးက အလွန်တရာ ပျော့ပျောင်းသွားပြီး ရေမျက်နှာပြင်ပေါ်က ဝဲဂယက်များကဲ့သို့ ဖြစ်လာ၏။ အဲ့ဒါက ဓါးပျံကို ရစ်ပတ်၍ လျှောတိုက်သွားပြီး ထိုလူ၏ လည်ပင်းပေါ်သို့ ညင်သာစွာ လှီးဖြတ်သွားလေသည်။
အဲ့ဒါက ရူးသွပ်စွာ မာကြောပြီးနောက် အလွန်တရာ ပျော့ပြောင်းသွားပြန်လေသည်။.
ဖြစ်စဉ်တစ်ခုလုံးက ရေကဲ့သို့ ချောမွတ်နေ၏။
ထိုလူ၏ မျက်လုံးက မှိန်ကျသွားပြီး သူ့လည်ပင်းတွင် ဟက်တက်ကွဲရာကြီးက ပေါ်လာ၏။
နောက်ခဏ၌ သူ့ဦးခေါင်းကြီးက လေထဲသို့ ပြုတ်ကျသွားပြီး သွေးများက ရေပန်းကဲ့သို့ ကြောက်စရာကောင်းလောက်အောင် ပန်းထွက်လာ၏။
အနီးကပ်တိုက်ခိုက်ခြင်းက အလွန်တရာ အန္တရာယ်များပြီး ခြေတစ်လှမ်းမှားသွားသည်နှင့် အသက်ပါသွားနိုင်လေသည်။
ဆူဇီမိုသည် သူ၏ ကျင့်ကြံရေးခရီးစဉ်တွင် တိုက်ပွဲပေါင်း မရေမတွက်နိုင်အောင် ဆင်နွှဲခဲ့ရပြီး အတွေ့အကြုံ အလွန်တရာ ကြွယ်ဝနေပြီးဖြစ်၏။
နောက်ပိုင်းနှင့် ပကတိအဆင့် ရွှေအမြုတေများ၏ ခွန်အားက သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိသော်လည်း သူတို့၏ ရုပ်ပိုင်းဆိုင်ရာကိုယ်ကာယက သူ့ကို မယှဉ်နိုင်ပေ။
ထိုအချက်က ခွန်အားကွာဟခြင်း၏ အားနည်းချက်ကို ဖာထေးဖို့ တစ်ခုတည်းသော ဖြေရှင်းချက် ဖြစ်လေသည်။
သူသည် သူတို့အနားရောက်အောင် ကပ်နိုင်သည်နှင့် ပကတိရွှေအမြုတေများတောင်မှ သေခြင်းတရားကနေ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
သားရဲကျင့်ကြံသူများက အဆင့်ကျော် သတ်ဖြတ်ရာတွင် အကောင်းဆုံးဟု တျဲယွဲ့က ဆူဇီမိုကို ပြောဖူးလေသည်။
တစ်ယောက်ယောက်ကို သတ်ဖြတ်ပြီးနောက် ဆူဇီမိုသည် လုံးဝ ရပ်တန့်ခြင်း မရှိဘဲ ဖယောင်းမီးဓါးဝင်္ကပါနှင့် ရစ်ခွေနဂါးချိတ်စည်းကို သုံး၍ အစောပိုင်းနှင့် အလယ်အလတ်အဆင့် ရွှေအမြုတေများထံမှ ရောက်ရှိလာသော ဓါးပျံများနှင့် စိတ်ဝိညာဉ်တိုက်ကွက်များကို ထိပ်တိုက်ရင်ဆိုင် ခုခံလိုက်၏။
တစ်ချိန်တည်းမှာပင် သူသည် နောက်ပိုင်းနှင့် ပကတိအဆင့် ရွှေအမြုတေများထံမှ ဝင်ရောက်လာသော တိုက်ခိုက်မှုများကိုတော့ ရှောင်တိမ်းထွက်ပြေး၍ တစ်ဖက်လူတစ်ယောက်အနားသို့ ချဉ်းနင်းဝင်ရောက်ကာ သတ်ဖြတ်ပြီးနောက် လှစ်ကနဲ ပြေးထွက်သွားပြန်လေသည်။
အချိန်မီ မတုံ့ပြန်လိုက်နိုင်သော ရွှေအမြုတေတစ်ယောက်သည် ဆူဇီမိုအနားကပ်လာခြင်းကို ခံလိုက်ရပြီးနောက် ရစ်ခွေနဂါးချိတ်စည်းကြီးက သူ့ခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်လာလေသည်။
“ဘုန်း”
ထိုသူ၏ ဦးခေါင်းက ကြေမွသွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း အသားစများထွက်၍ စုတ်ပြတ်သတ်ကာ တစ်ခါတည်း အသက်ထွက်သွားလေတော့သည်။
လူအုပ်ကြီးထဲမှာ ရုတ်တရက် ထိုးကွေ့၍ လျှောက်ပြေးနေပြီး ဆူဇီမိုသည် နောက်ပိုင်းနှင့် ပကတိအဆင့် ရွှေအမြုတေများကို အတင်းဖျစ်ညှစ်၍ တိုက်ခိုက်မနေပေ။ သူ့တိုက်ခိုက်မှုတစ်ချက်က လွဲချော်သွားသည်နှင့် ထိုနေရာမှာ ခဏလေးတောင် ကြန့်ကြာမနေဘဲ ချက်ချက် လှည့်ထွက်ပြေးသွားမည် ဖြစ်၏။
ရွှေအမြုတေများစွာက တစ်ချိန်တည်းမှာ တိုက်ခိုက်နေကြသော်လည်း သူတို့သည် ဆူဇီမိုကို တစ်နေရာတည်းမှာ မပိတ်ဆို့ထားနိုင်ကြပေ။
ခဏနေပြီးနောက် ဆူဇီမို၏ ကိုယ်ပေါ်တွင် အပေါ်ယံဒဏ်ရာများက ပြည့်နှက်လာပြီး သိပ်မကြာခင်မှာ ပြန်လည်သက်သာပျောက်ကင်းလာ၏။
သို့သော်လည်း တစ်ဖက်မှာတော့ ရွှေအမြုတေဆယ်ယောက်ကျော်က သေဆုံးသွားကြလေပြီ။
လူတိုင်းသည် တဖြည်းဖြည်းနှင့် ထိတ်လန့်လာကြ၏။
ဤလူက တစ်ကယ့်ကို ကြောက်စရာကောင်းလွန်းလှလေသည်။
သူက သူ၏ အမြုတေကို မဖွဲ့တည်နိုင်ခင်မှာတောင် ရွှေအမြုတေများကို သတ်ဖြတ်နိုင်သည့်စွမ်းအားကို ပိုင်ဆိုင်နေလေပြီ။
ဒါ့အပြင် သူက ရွှေအမြုတေများစွာနှင့် တိုက်ခိုက်နေရသော်လည်း အရေးနိမ့်ခြင်း မရှိဘဲ တဖြည်းဖြည်းနှင့် သူက တိုက်ပွဲအခြေအနေကိုပင် ထိန်းချုပ်လာနေ၏။
ဤလူက အသက်နှစ်ဆယ်ကျော်လောက်သာ ရှိပေလိမ့်ဦးမည်။ ဒီလောက်ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရည်စွမ်းပကားကို သူဘယ်လိုမျိုး ပိုင်ဆိုင်လာပါလိမ့်။
“သတ်”
အခွင့်အရေးကို ဖမ်းဆုပ်၍ ဆူဇီမိုသည် ခြေလှမ်းကျဲ အနည်းငယ်လှမ်းကာ စီမာကျီရှေ့သို့ ရောက်ရှိသွား၏။ သူ၏ ရစ်ခွေနဂါးချိတ်စည်းကို မြှောက်၍ ထိုသူ၏ ဦးခေါင်းပေါ်သို့ ပစ်ချလိုက်၏။
ရစ်ခွေနဂါးချိတ်စည်းက ရွှေရောင်တလက်လက်နှင့် တောက်ပလာ၍ ဆင်းသက်ကာ ကျယ်လောင်စွာ မြည်ဟည်းလာ၏။
ဝုန်း..
ချိတ်စည်းကြီးက ကြောက်မက်ဖွယ်ရာအော်ရာနှင့်အတူ ဆင်းသက်လာ၏။
စီမာကျီ၏ မျက်လုံးထဲတွင် ရက်စက်ကောက်ကျစ်သည့်အလင်းက ရုတ်တရက် တောက်ပလာပြီး အေးစက်စွာ ပြောလိုက်၏။
“ဒီအချိန်ကို ငါစောင့်နေခဲ့တာ အတော်ကြာပြီကွ”
စီမာကျီက သူ့ရွှေအမြုတေကို အကန့်အသတ်ထိ လှည့်ပတ်လိုက်သောအခါ သူ့နောက်တွင် နယ်မြေတစ်ခုက ရုတ်တရက် ပေါ်လာ၏။
ပေတစ်ရာမြင့်သော တဝုန်းဝုန်းလောင်မြိုက်နေသည့် မီးတောက်ကြီးများမှ ခြစ်ခြစ်တောက်ပူပြင်းသည့် အပူရှိန်က ထွက်ပေါ်လာ၏။ အဲ့ဒါက လျှင်မြန်စွာ ဟုန်းကနဲ ထတောက်ကာ ဆူဇီမိုကို လွှမ်းခြုံသွား၏။
အဲ့ဒါက ရွှေအမြုတေနယ်မြေတစ်ခုပင်။
စီမာကျီသည် ဤအခြေအနေထိ အောင့်အည်းနေခဲ့ရသည့် အကြောင်းရင်းမှာ သူက သူ၏ ရွှေအမြုတေနယ်မြေဖြင့် ဆူဇီမိုကို သတ်ဖြတ်ချင်သောကြောင့် ဖြစ်လေသည်။
သို့သော်လည်း ဆူဇီမို၏ မျိုးဆက်သွေးက အရူးအမူး စီးဆင်းလာပြီး သူက အဲ့ဒါကို ရှောင်တိမ်းခြင်း မရှိပေ။ သူက သူ၏ ရစ်ခွေနဂါးချိတ်စည်းကြီးနှင့် အဲ့ဒါကို ပြင်းထန်စွာ ဖိတွန်းချလိုက်၏။
“မင်းကတော့ သေချင်နေတာပဲ”
စီမာကျီက ဟိန်းဟောက်၍ သူ၏ ရွှေအမြုတေနယ်မြေကို သိပ်သည်းစုဖွဲ့လိုက်၏။
ဝုန်း..
ရစ်ခွေနဂါးချိတ်စည်းနှင့် ရွှေအမြုတေစွမ်းအားတို့က ပစ်တိုက်သွားပြီး ကျယ်လောင်သည့် မြည်ဟည်းသံကြီးက ထွက်ပေါ်လာကာ သူတို့၏ စွမ်းအားများက ထကြွသောင်းကျန်းလာလေသည်။
ထိတွေ့သွားသည့် ချက်ချင်းမှာပင် ရစ်ခွေနဂါးချိတ်စည်းက မီးတောက်များကို အမှန်တစ်ကယ်ပင် ဖိနှိမ်လိုက်၏။
မီးတောက်ပင်လယ်နှင့် အလွန်တရာ နီးကပ်နေပြီဖြစ်တာကြောင့် ဆူဇီမိုသည် အံကိုတင်းတင်းကြိတ်၍ ဝင်ရောက်လာသော ခြစ်ခြစ်တောက်အပူစွမ်းအားကို တောင့်ခံလိုက်၏။ သူ၏ မျိုးဆက်သွေးကို လှည့်ပတ်၍ စိတ်ဝိညာဉ်စွမ်းအင်များကို ပို့လွှတ်ကာ ထပ်ကာထပ်ကာ တိုက်ခိုက်လိုက်၏။
နှစ်ဖက်စလုံးက သူတို့၏ ခွန်အားကုန်ကို ထုတ်သုံးနေကြ၏။
ရစ်ခွေနဂါးချိတ်စည်းက စီမာကျီ၏ ဦးခေါင်းနှင့် တစ်လက်မလောက်သာ ကွာတော့လေသည်။ သို့သော်လည်း အဲ့ဒါက ရွှေအမြုတေနယ်မြေ၏ နှောင့်ယှက်ဟန့်တားမှုကြောင့် ရှေ့သို့ ဆက်တက်နိုင်ခြင်း မရှိတော့ပေ။
နောက်ခဏ၌ ဧရာမမီးတောက်ကြီးက ပြင်းထန်စွာ လောင်ကျွမ်း၍ ဆူဇီမို၏ လက်တစ်ဖက်အပေါ်ကို တွယ်တက်လာလေသည်။
မီးများက ဖျိုုးဖျိုးဖျစ်ဖျစ် မြည်လာ၏။
နောက်ခဏ၌ ဆူဇီမို၏ လက်က မည်းတူးလာပြီး သူ့အသားများက ကြောက်စရာကောင်းသည့်ပုံစံနှင့် စုတ်ပြဲလာ၏။
ဆူဇီမိုက သက်ပြင်းကြိတ်ချပြီး သူ့ခွန်အားကို ရုတ်သိမ်းကာ နောက်သို့ ခုန်ဆုတ်လိုက်၏။
ရွှေအမြုတေများကြားတွင် ရွှေအမြုတေနယ်မြေများက ကြောက်စရာအကောင်းဆုံး နည်းစနစ်ဖြစ်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
လျှင်မြန်စွာပင် ဆူဇီမိုသည် များစွာသော ရွှေအမြုတေများ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်း၍ ထွက်ပြေးလွတ်မြောက်သွား၏။
သူ့လက်က မီးများဖြင့် လောင်ကျွမ်းနေဆဲဖြစ်ပြီး သူ့အသားက သွေးများဖြင့် ညစ်ပေရေနေပြီ ဖြစ်လေသည်။
ရွှေအမြုတေနယ်မြေစွမ်းအားကို တော်တန်ရုံနှင့် ဖယ်ထုတ်ပစ်နိုင်စရာ အကြောင်းမရှိပေ။
“ဟဟဟား”
စီမာကျီက ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ဆူဇီမို.. မင်းလက်တစ်ဖက်ကတော့ သွားပြီကွ.. သုံးစားမရတော့ဘူး”
“မလိုပါဘူး”
ဆူဇီမိုက အေးစက်စက် ငေါက်ငမ်း၍ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ သူ့ဒါန်ထျန်ထဲရှိ စိတ်ဝိညာဉ်ပင်လယ်က တကြုတ်ကြုတ်အော်မြည်၍ သူ့မျိုးဆက်သွေးက ရုန်းကြွလာပြီး ဒဏ်ရာရနေသော သူ့လက်ထဲသို့ စီးဝင်လာ၏။
ရှဲ.. ရှဲ..
မီးတောက်များက ငြိမ်းသေသွားပြီး မီးခိုးများက အူထွက်လာ၏။
“ဟမ့်”
ကျင့်ကြံသူများက မျက်လုံးပြူးမျက်ဆံပြူးနှင့် ဝိုင်းကြည့်လိုက်ကြ၏။
နောက်ခဏ၌ ဖြစ်ပျက်လာသောအရာက သူတို့ကို ပိုလို့တောင် ထိတ်လန့်ကြောက်ရွံ့သွားစေလသည်။
ဆူဇီမို၏ လက်ပေါ်ရှိ မည်းနက်နေသော အသားများက အလွှာလိုက် ကွာကျလာပြီး ၎င်းအောက်တွင် နူးညံ့လတ်ဆတ်သော အသားလွှာက တလက်လက်တောက်ပ၍ ဖြည်းဖြည်းချင်း ကြီးထွားလာလေသည်။
အကုန်လုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။