← Chapters

အနက်ရောင်ဝတ်ရုံနှင့်လူ

Vol. 33 Ch. 483

အနက်ရောင်ဝတ်ရုံနှင့်လူ

Vol. 33 Ch. 483

“ဘယ်သက်ရှိမှ မကျန်ရဘူး ဟုတ်စ”

ရုတ်တရက် တိမ်လွှာများကြားမှ နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံက နက်ရှိုင်း၍ အနည်းငယ် အက်တက်တက်နိုင်နေ၏။ ထိုအသံက မကျယ်သော်လည်း လူတိုင်း၏ နားထဲမှာ ပဲ့တင်ထပ် မြည်ဟည်းသွားလေသည်။

ဤကဲ့သို့သော အခြေအနေမှာ ဘယ်လိုလူကများ ပေါ်လာရဲသေးတာလဲ..

ကျင့်ကြံသူများအားလုံးသည် အလိုလို မော့ကြည့်လိုက်ကြ၏။

ခပ်လှမ်းလှမ်းတွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် အေးဆေးသက်သာစွာနှင့် လျှောက်လှမ်းလာနေ၏။

အစတုန်းက သူ့ပုံစံက ခပ်ဝါးဝါးသာ ဖြစ်သော်လည်း နောက်ခဏတွင်း သူက ရောက်ရှိလာလေသည်။

တိုက်ပွဲကွင်းပြင်မှလူတိုင်း အံ့အားသင့်သွားကြ၏။

ထိုလူ လျှောက်လှမ်းလာပုံက အတော်ကို နှေးကွေး၍ စိတ်အေးလက်အေး အပျင်းပြေလမ်းလျှောက်နေပုံနှင့် တူလေသည်။ သို့သော်လည်း ခဏအတွင်းမှာပင် သူက ပုံရိပ်ယောင်ဆန်ဆန် ရောက်ရှိလာ၏။

ယခု သူက နီးကပ်လာပြီဖြစ်တာကြောင့် လူတိုင်းသည် ရှင်းလင်းစွာ မြင်လိုက်ကြရ၏။

သူ၏ ဆံပင်များက ပုခုံးထိအောင်ရှည်၍ ရေတံခွန်တစ်ခုကဲ့သို့ လွတ်လပ်စွာ ကျဆင်းနေ၏။ သူ့မျက်နှာက အလွန်တရာ ထက်ရှ၍ ထောင့်ကျပြီး အေးစက်စက်အော်ရာက ဖြာထွက်နေလေသည်။

ဘာကြောင့်ရယ်မသိ အနက်ရောင်ဝတ်လူ ပေါ်လာပြီးနောက် မူလနတ္ထိငါးယောက်အပါအဝင် သွေးကျီးကန်းနန်းတော်ဘက်မှလူတိုင်းသည် ရင်ထဲမှာ တလျှပ်လျှပ် ခံစားလာကြရ၏။

ထိုနောက်ကွယ်မှာ အကြောင်းပြချက် မရှိပေ။

ထိုလူကို ကြည့်နေရုံမျှနှင့် သူတို့သည် ရင်ထဲမှာ တလျှပ်လျှပ်နှင့် စိုးထိတ်မှုကို ခံစားလာရ၏။

ရွှေအမြုတေဖြစ်စေ၊ နိုးထဝိညာဉ်ဖြစ်စေ၊ မူလနတ္ထိပညာရှင်ဖြစ်စေ.. ကျင့်ကြံသူများအားလုံးသည် သူတို့ လက်ရှိပြုမူနေသမျှကို ရပ်တန့်၍ ထိုသူကို အလိုလို လှမ်းမျှော်ကြည့်လိုက်ကြ၏။

“မင်း.. ရောက်လာပြီပေါ့လေ”

အင်မော်တယ်ကြိုးကြာသူက ရောက်ရှိလာသူကို မြင်သောအခါ ရှုပ်ထွေးသော အမူအယာများနှင့် ညင်သာစွာ သက်ပြင်းချလိုက်၏။

အင်မော်တယ်ကြိုးကြာအိုကြီးနှင့် ထိုလူက တစ်ယောက်ကိုတစ်ယောက် သိရှိကြသည်မှာ သိသာလေသည်။

ဂိုဏ်းချုပ်လင်းယွမ် အပါအဝင် ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် ဇဝေဇဝါ ဖြစ်နေကြ၏။

“အဲ့ဒါ သူပဲ”

ရုတ်တရက်.. ဆန်းကြယ်တောင်ထွတ်ဘက်ရှိ ကျန်ရှိနေသေးသော နိုးထဝိညာဉ်များဘက်မှ ဘဝနေဝင်ခါနီးအရွယ် အဖိုးအိုတစ်ယောက်က သူ၏ မှုန်ရီနေသော မျက်လုံးများနှင့် အနက်ရောင်ဝတ်လူကိုကြည့်ရင်း အံ့အားတသင့် ရေရွတ်လိုက်၏။

“သူ ပြန်လာတာပဲ”

နိုးထဝိညာဉ်အဖိုးကြီးက တုန်ရီနေသော အသံဖြင့် ပြောလိုက်၏။

“ယီလေး.. မင်းဘဝသက်တမ်းက သုံးနှစ်ပဲ ကျန်တော့တာပါလားကွ”

ယီလေး..တဲ့လား။

ဆူဇီမိုနှင့် အခြားနောက်ပိုင်းမျိုးဆက်များသည် ဇဝေဇဝါ ဖြစ်ကုန်ကြ၏။

သို့သော်လည်း ဂိုဏ်းချုပ်လင်းယွမ်၊ ရွှမ်ယီနှင့် အခြားသူများသည် တုန်လှုပ်ချောက်ချားသွားကြ၏။

ထိုနိုးထဝိညာဉ်၏ နာမည်က နင်ယီဖြစ်ပြီး အင်မော်တယ်ကြိုးကြာကြီးကလွဲလျှင် ဂိုဏ်းတွင်းမှာ သူက အသက်အကြီးဆုံး ဘိုးဘေးအကြီးအကဲဖြစ်ကာ သူ့အသက်က နှစ်တစ်ထောင်ကို ကျော်လာခဲ့လေပြီ။

ရွှေအမြုတေများ၏ ဘဝသက်တမ်းက နှစ် ၅၀၀ ဖြစ်၏။

နိုးထဝိညာဉ်များ၏ ဘဝသက်တမ်းက နှစ် ၁၀၀၀ ဖြစ်၏။

မူလနတ္ထိပညာရှင်များ၏ ဘဝသက်တမ်းက နှစ် ၅၀၀၀ ဖြစ်၏။

ထိုနိုးထဝိညာဉ်အဖိုးအိုနှင့် မျိုးဆက်တူ ကျင့်ကြံသူများ အားလုံးနီးပါးမှာ ကွယ်လွန်ကုန်ကြပြီဖြစ်ပြီး သူတစ်ယောက်သာလျှင် ကျန်ရှိလေတော့သည်။

အနက်ရောင်ဝတ်လူက ဘိုးဘေးအကြီးအကဲနင်ယီကို ယီလေးဟု ခေါ်လိုက်သည်ဆိုတော့ သူက ထိုဘိုးဘေးအကြီးအကဲထက် အသက်ပိုကြီးသည်ဟု ဆိုလိုတာ မဟုတ်ပါလား။

အနက်ရောင်ဝတ်လူက လွန်ခဲ့သည့်နှစ်တစ်ထောင်အလွန်က လူတစ်ယောက်ဆိုလျှင် လင်းယွမ်တို့မျိုးဆက်က သူ့ကို ဘာလို့ မမှတ်မိရတာလဲ။

အင်မော်တယ်ကြိုးကြာအိုကြီးနှင့် ဘိုးဘေးအကြီးအကဲနင်ယီတို့၏ တုံ့ပြန်မှုအမူအယာကိုကြည့်ပြီး လင်းယွမ်၏ ရင်က ဒိတ်ကနဲဖြစ်သွားကာ တစ်စုံတစ်ရာကို အမှတ်ရသွား၏။

“အဲ့ဒါ သူများ ဖြစ်နေမလား”

ရွှမ်ယီနှင့် အခြားသော ရွှေအမြုတေများသည်လည်း ပင့်သက်ကိုရှိုက်၍ အကြည့်ချင်းဖလှယ်ကာ အဲ့ဒါကို ခန့်မှန်းမိသွားကြ၏။

ဆန်းကြယ်တောင်ထွတ်၏ အပြင်ဘက်တွင်..

ကျိယောင်ရွှယ်က အသစ်ဝင်ရောက်လာသူကို ကြည့်၍ ဇဝေဇဝါဖြစ်သွားပြီး လှည့်မေးလိုက်၏။

“အဖေ.. အဲ့ဒါ ဘယ်သူလဲ.. သူ့ကြည့်ရတာ ဆန်းကြယ်တောင်ထွတ်နဲ့ အတော်လေး လေးနက်တဲ့ ဆက်ဆံရေး ရှိပုံပဲနော်.. သူ့ပုံစံကလဲ အတော်လေး အထင်ကြီးစရာပဲ”

“ငါ သူ့ကို မမှတ်မိဘူး”

ဧကရာဇ်က ခေါင်းခါလိုက်၏။

ရုတ်တရက် သူသည် တစ်စုံတစ်ယောက်ကို တွေးမိသွားပြီး ရင်ထဲ ထိတ်ကနဲ ဖြစ်သွား၏။

ထိုတစ်စုံတစ်ယောက်ကို သူ မမြင်ဖူးပေ.. သို့သော်လည်း ဒဏ္ဍာရီထဲမှာ ကြားဖူး၏။

ဧကရာဇ်က တီးတိုးရေရွတ်လိုက်၏။

“အဲ့ဒါက သူသာဆိုရင်တော့ သူက စုန်းမျိုးနွယ်တွေ ဘာတွေ ဘာမှ ဂရုစိုက်နေမှာ မဟုတ်လောက်ဘူး”

အခြားတစ်ဖက်တွင်..

အနက်ရောင်ဝတ်လူ ပေါ်လာသည်ကို မြင်သောအခါ ဂူရှီနှင့် နတ်ဆိုးမကျိတို့က စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြ၏။

နတ်ဆိုးမကျိက လက်ခုပ်တီးပြီး ရယ်မောလိုက်၏။

“ဟီးဟီး.. အဲ့ဒီစီနီယာက နောက်ဆုံးတော့လဲ ပေါ်လာသေးသားပဲ”

ဂူရှီက ပြောလိုက်၏။

“သူနဲ့သာဆိုရင်.. မူလနတ္ထိတိုက်ပွဲကွင်းပြင်က ဘာမှစိုးရိမ်စရာ မရှိတော့ဘူး.. နိုးထဝိညာဉ်တိုက်ပွဲကွင်းပြင်ကိုသာ ငါဝင်ထိန်းပေးလိုက်ရင် ဒီကပ်ဘေးကို ပြောင်းပြန်လှန်လို့ ရပြီ”

“ဟိုဘက်ခြမ်းမှာ အဖေလာပြီး စောင့်ကြည့်နေတဲ့အတွက် ကျမကတော့ ဝင်ပါလို့ မရတော့ဘူး” နတ်ဆိုးမကျိက မျက်စိမှိတ်ပြလိုက်၏။

ဂူရှီက ခေါင်းညိတ်၍ သူမ၏ သိုလှောင်အိတ်ထဲကနေ မျက်နှာဖုံးတစ်ခုကိုထုတ်ကာ ကောက်တပ်လိုက်၏။ သူမက အခြားလူတစ်ယောက်လို ပြောင်းလဲသွားကာ တိုက်ပွဲကွင်းပြင်ဆီသို့ ဦးတည်သွားလေသည်။

“ဟမ့်”

မဟာကျိုးမြို့တော်၏ အတွင်းပိုင်းထဲမှ အဖိုးအိုတစ်ယောက်က တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး သူ့မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်၏။ သူ့နဖူးမှ အလင်းရောင်တစ်ခုက တောက်ပလာပြီး လက်ဖဝါးလောက် သေးငယ်သော လူလေးတစ်ယောက်က ထွက်လာ၏။

အဲ့ဒါက သူ၏ အမြုတေဝိညာဉ်ပင် ဖြစ်လေသည်။

တောက်ပရွှန်းစိုနေသော လူလေးထဲမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းများက ဖြာထွက်လာ၏။

သူ၏ ဝိညာဉ်အသိစိတ်ကို ဖြန့်ထုတ်လိုက်ခြင်း ဖြစ်လေသည်။

နောက်ခဏနေပြီးနောက် တောက်ပရွှန်းစိုနေသော လူလေးက အဖိုးအို၏ နဖူးထဲသို့ ပြန်ဝင်ရောက်ပြီး ပျောက်ကွယ်သွားလေသည်။

သက်ပြင်းရှည်ကြီး မှုတ်ထုတ်ပြီးနောက် အဖိုးအိုက တီးတိုးရေရွတ်လိုက်၏။

“သူတောင် ပြန်လာခဲ့ပြီပဲ.. သူက အရင်တုန်းက မဟာကျိုးရဲ့ နံပါတ်တစ်ပြိုင်စံရှားဖြစ်ခဲ့တာ မထူးဆန်းတော့ဘူးပဲ.. သူ့ကို မတွေ့ရတာဖြင့် နှစ်တစ်ထောင်လောက်ပဲ ရှိသေးတယ် သူက ဒီအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီပဲ”

. . .

ဆန်းကြယ်တောင်ထွတ်၏ အထက်ကောင်းကင်တွင်..

အနက်ရောင်ဝတ်လူက ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။ နေရာတစ်ဝှမ်း ပြန့်ကျဲနေသော အလောင်းများကို မြင်ပြီးနောက် သူ့အမူအယာက ပြောင်းလဲသွားခြင်း မရှိဘဲ ထူးမခြားနားပုံစံနှင့်သာ ရေရွတ်လိုက်၏။

“ဆန်းကြယ်တောင်ထွတ်မှာ ဒီလောက် လူမစည်ကားတာတောင် အတော်ကြာခဲ့ပြီပဲ”

ထိုစကားသံကို ကြားသောအခါ ဤလူ၏ သရုပ်မှန်နှင့် ပတ်သတ်၍ ရွှမ်ယီနှင့် အခြားသူများသည် ပိုလို့ပင် သေချာသွားကြ၏။

ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။

ဤအနက်ရောင်ဝတ်လူသည် အတိတ်ကာလက ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့ပုံရပြီး ဆန်းကြယ်တောင်ထွတ်နှင့် အတော်လေး လေးနက်သည့် ဆက်ဆံရေးရှိခဲ့ပုံပင်။

သို့သော်လည်း ထိုလူထံမှ မည်သည့်စိတ်ခံစားချက်ကိုမှ ဆူဇီမို အာရုံမခံမိပေ။

ဆန်းကြယ်တောင်ထွတ်မှ ကျင့်ကြံသူများသည် နေရာအနှံ့ သေဆုံး၍ အလောင်းများက တောင်လိုပုံထပ်နေတာကို မြင်ပြီးတာတောင် သူထံမှ မည်သည့်တုံ့ပြန်မှုမှ မရှိပေ။

ထူးမခြားနား.. သွေးအေးရက်စက်.. နှလုံးသားမဲ့ခြင်း။

အဲ့ဒါက အနက်ရောင်ဝတ်လူအပေါ် ဆူဇီမို၏ ပထမဆုံး ထင်မြင်ချက်ပင်။

လွန်ခဲ့သည့် နှစ်တစ်ထောင်..

ရုတ်တရက် သူ့စိတ်ထဲသို့ အတွေးတစ်ခုက ဝင်ရောက်လာပြီး လူတစ်ယောက်ကို ပြန်လည်အမှတ်ရလာ၏။

ထိုလူအကြောင်းကို ဖိုသီဖတ်သီအဖိုးအိုထံမှ ပထမဆုံး သူကြားဖူးခဲ့လေသည်။

ထို့နောက် မိုးကြိုးထစ်ချုန်းတောင်ကြားမှာတုန်းက စီနီယာကြိုးကြာထံမှ သူ့အကြောင်းကို အနည်းငယ်ထပ်ပြီး ကြားသိခဲ့ရ၏။

သူက ဆန်းကြယ်ရွှေပိုးချပ်ဝတ်၏ ပိုင်ရှင် ဖြစ်လေသည်။

အတိတ်ကာလတုန်းက ထျန်ဟွမ်မြောက်ပိုင်းဒေသမှာ အခြေတည်အဆင့်နှင့် ရွှေအမြုတေအဆင့်များအကြားမှာ ပြိုင်ဘက်ကင်းခဲ့သော တစ်စုံတစ်ယောက် ဖြစ်လေသည်။

ဤလူသည် ဆန်းကြယ်တောင်ထွတ်ကို ဝင်ရောက်လာတုန်းက အဟန့်အတားရှစ်ခုဝင်္ကပါအစီအရင်ကို ဖြတ်ကျော်ခဲ့သည့် သူ၏ နည်းလမ်းမှာ လူတိုင်းကို သတ်ဖြတ်ခြင်းပင် ဖြစ်လေသည်။

သူက အေးစက်၊ နှလုံးသားမဲ့၍ သူ၏ နည်းလမ်းများက အစွန်းရောက်နေသောကြောင့် သူက မိစ္ဆာတစ်ယောက်အဖြစ် ပြောင်းလဲတော့မည့် လက္ခဏာပြလာသောအခါ သူ့ကို မိုးကြိုးထစ်ချုန်းတောင်ကြားမှာ ပိတ်လှောင်၍ သတိသံဝေဂ ရစေခဲ့၏။

သူက ရှေးဟောင်းတိုက်ပွဲမြေမှာ ဗလာနယ်မိုးကြိုးကျမ်းကို ရှာတွေ့ခဲ့ပြီး ရေစက်ပါသည့်သူတစ်ယောက်ကို ရစေဖို့အတွက် အဲ့ဒါကို ဆန်းကြယ်ရွှေပိုးချပ်ဝတ်ထဲမှာ ထည့်ထားခဲ့လေသည်။

နောက်ပိုင်းမှာ ဤလူက မိစ္ဆာတာအိုမှာ ဆင်းသက်သွားပြီး ဂိုဏ်းကို သစ္စာဖောက်ခဲ့သည်ဟု ဆို၏။

သူသည် လွန်ခဲ့သည့် နှစ်တစ်ထောင်က ကြောက်စရာကောင်းသည့် ပညာရှင်တစ်ယောက်ပင် ဖြစ်လေသည်။

ယခု သူက ပြန်ရောက်လာလေပြီ။

တိမ်လွှာများအထက်တွင် သွေးကျီးကန်းနန်းတော်သခင် အပါအဝင် မူလနတ္ထိပညာရှင်ငါးယောက်သည် သုန်မှုန်နေသော အမူအယာနှင့် အနက်ရောင်ဝတ်လူကို တစ်ချိန်လုံး ချိန်ဆအကဲဖြတ် ကြည့်နေကြ၏။

ထိုလူထံမှ ဖြာထွက်နေသော အန္တရယ်အငွေ့အသက်ကို သူတို့ ခံစားမိနေကြ၏။

နောက်ခဏ၌ ရောင်ဝါလင်းလက်တိမ်နန်းတော်မှ တာအိုသက်ရှိ ကျင့်မင်က လက်သီးဆုပ်လေးစားဟန်ပြပြီး မေးလိုက်၏။

“ဒီက တာအိုရောင်းရင်းကို ကျုပ်မေးပါရစေ.. ခင်ဗျားနာမည်က ဘယ်သူလဲ ဘယ်ဂိုဏ်းကလဲဗျ.. နောက်ပြီး ဒီကိစ္စမှာ ဘာလို့ဝင်ပါလာရတာလဲ မသိဘူး”

အနက်ရောင်ဝတ်လူ၏ အကြည့်က တာအိုသက်ရှိကျင့်မင်ပေါ်သို့ ရွေ့လျားသွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းလိုကောင်မျိုးက ငါ့နာမည်ကို သိရဖို့ ထိုက်တန်တယ် ထင်လို့လား”

သူ့စကား မဆုံးသေးခင်မှာပင် အနက်ရောင်ဝတ်လူ၏ နဖူးက တောက်ပစွာ လင်းလက်သွားပြီး သွေးနီရောင်အလင်းတစ်ခုက ရှေ့သို့ ပစ်လွင့်ထွက်လာ၏။

ကြောက်စရာကောင်းသည့် အော်ရာက ပေါက်ကွဲထွက်ပေါ်လာလေသည်။

သွေးကျီးကန်းနန်းတော်သခင်နှင့် အခြားလူများသည် တုန်လှုပ်၍ သုတ်သီးသုတ်ပျာနှင့် နောက်ဆုတ်လိုက်ကြ၏။

ဖောင်း..

ထို့နောက် ချက်ချင်းပင်.. လူတိုင်း၏ ရှေ့မှောက်မှာတင်.. တာအိုသက်ရှိကျင့်မင်၏ ဦးခေါင်းက ဖရဲသီးတစ်လုံးအလား ပေါက်ကွဲထွက်သွား၏။ သူ၏ အမြုတေဝိညာဉ်တောင်မှ ထွက်ပြေးဖို့ အခွင့်မရလိုက်ဘဲ သူက နေရာမှာတင် တန်းသေသွားလေတော့သည်။

သူက သေလေပြီ။

မူလနတ္ထိပညာရှင်တစ်ယောက်က ထိုကဲ့သို့ပင် သေဆုံးသွားရ၏။

ဆန်းကြယ်တောင်ထွတ်အောက်မှာရော၊ အပေါ်မှာရော.. လေထုက သေလောက်အောင်ကို တိတ်ဆိတ်ငြိမ်သက်သွား၏။

အဲ့ဒါက တစ်ကယ့်ကိုပင် ရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်ရာမှာ ပြတ်သားသည့် လူတစ်ယောက်ပင်။

မူလနတ္ထိအဆင့်တစ်ယောက်ကို သတ်ဖြတ်ပြီးနောက် အနက်ရောင်ဝတ်ကျင့်ကြံသူ၏ မျက်နှာပေါ်မှာ မည်သည့်ခံစားချက်မှ ပေါ်မလာဘဲ.. သူက အခြားလေးယောက်ကို ရေခဲတမျှ အေးစက်စွာနှင့် လှည့်ကြည့်လိုက်၏။

All Chapters