အဆူရာ
Vol. 33 Ch. 484
တာအိုသက်ရှိကျင့်မင်၏ သေဆုံးမှုက အခြားသော မူလနတ္ထိလေးယောက်ကို ထိတ်လန့်သွားစေပြီး သူတို့သည် ကြက်သီးမွေးညင်းများ ထလာကြ၏။
သွေးကျီးကန်းနန်းတော်သခင်၏ အမူအယာက အလွန်တရာ ဆိုးရွားသွားပြီး သူက အနက်ရောင်ဝတ်လူကို စိုက်ကြည့်လိုက်၏။ သူ့အကြည့်က ခပ်ဖျော့ဖျော့ အစိမ်းရောင်အလင်းနှင့်အတူ ညိုမည်းလာ၏။
မူလနတ္ထိအဆင့်သို့ ရောက်ရှိလာသောသူများကို သတ်ဖို့ကို အလွန်တရာ ခက်ခဲလေသည်။
နိုးထိဝိညာဉ်များသည် အမြုတေဝိညာဉ်ကို ရရှိအောင် ကျင့်ကြံနိုင်သော်လည်း သူတို့၏ အမြုတေဝိညာဉ်များက အညစ်အကြေးများရှိ၍ နောက်ကျိနေပြီး အလွန်တရာနုနယ်၏။
မည်သည့်အကာအကွယ်မှ မပါဘဲနှင့် သူတို့၏ ခန္ဓာကိုယ်ကနေ ထွက်ခွာမည်ဆိုလျှင် သူတို့၏ အမြုတေဝိညာဉ်က တောတောင်ထဲ ရောက်ရှိသွားသော ကလေးငယ်များနှင့်တူပြီး အချိန်မရွေး သေဆုံးသွားနိုင်လေသည်။
လေပြင်းပြင်းတစ်ချက်၊ ခြစ်ခြစ်တောက်ပူသော နေရောင်ခြည် သို့မဟုတ် လှုပ်ရှားမှုအနည်းငယ်ကပင် အမြုတေဝိညာဉ်ကို ထိခိုက်ဒဏ်ရာရစေနိုင်၏။
လူတစ်ယောက်၏ အမြုတေဝိညာဉ်သေဆုံးခြင်းက သူ၏ အသိစိတ်ပျောက်ဆုံးသွားခြင်းပင်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က အကောင်းပကတိ ရှိနေသေးလျှင်တောင် ဘာမှ သုံးစား၍ ရတော့မည် မဟုတ်ပေ။
သို့သော်လည်း မူလနတ္ထိအဆင့်မှာတော့ အဲ့ဒါက ခြားနားလေသည်။
မူလနတ္ထိအဆင့်၌ လူတစ်ယောက်၏ အမြုတေဝိညာဉ်က ကျင့်ကြံသူ၏ ပြင်ပကိုယ်ခန္ဓာနှင့် အတော်လေး ဆင်တူလေသည်။ သူတို့က ခန္ဓာကိုယ်ကနေ လွတ်လပ်စွာ ထွက်ခွာပြီး နေရာတိုင်းကို လွတ်လပ်စွာ လျှောက်သွားနိုင်လေသည်။
မူလနတ္ထိ တာအိုသက်ရှိများအတွက်.. သူတို့၏ ခန္ဓာကိုယ်က ဖျက်ဆီးခံရလျှင်တောင် သူတို့၏ တုံ့ပြန်မှုက မြန်ဆန်၍ သူတို့၏ အမြုတေဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ အချိန်မီထွက်နိုင်လျှင် သူတို့က အသက်ရှင်နိုင်သေးလေသည်။
သူတို့၏ ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရသော်လည်း သူတို့၏ အမြုတေဝိညာဉ်ရှိနေသေးခြင်းက သူတို့အသက်ရှင်နေသေးတာနှင့် တူလေသည်။
အနက်ရောင်ဝတ်လူက မူလနတ္ထိအဆင့်တစ်ယောက်ကို အတွေးတစ်ချက်နှင့် သတ်ဖြတ်ပစ်ခဲ့ပြီး ထိုသူ၏ သူ၏ အမြုတေဝိညာဉ်ကိုတောင် ထွက်ပြေးဖို့ အခွင့်အရေး မရလိုက်ဘဲ နေရာမှာတင် တန်းပြီး အသက်ပျောက်သွားခဲ့၏။
ထိုလှုပ်ရှားမှုတစ်ချက်က သွေးကျီးကန်းနန်းတော်သခင်နှင့် အခြားသုံးယောက်ကို ရင်ထိတ်သွားစေ၏။
အနက်ရောင်ဝတ်လူက ဘေးဘက်ကို အနည်းငယ်လှည့်၍ ဆိုးဆိုးရွားရွား ဒဏ်ရာများနှင့် မတည်မငြိမ် ယိမ်းထိုးနေသော ကြိုးကြာအိုကြီးကို ကြည့်လိုက်၏။ ထို့နောက် သူ့လက်က သိုလှောင်အိတ်ကို ပွတ်သပ်လိုက်လေသည်။
ချက်ချင်းပင် တောကြက်မောက်သီးအရွယ်လောက်ရှိသည့် ဆေးတစ်လုံးက ပေါ်လာပြီး ၎င်း၏ မျက်နှာပြင်ပေါ်မှာ ဆေးကြိုးငါးကြိုးနှင့် ကြွယ်ဝသည့် ဆေးရနံ့က ဖြာထွက်နေ၏။
“ဒါက..” အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ တာအိုသက်ရှိလျောင်ယွမ်သည် အထိတ်တလန့် အမူအယာနှင့် သူ့မျက်လုံးကို မှေးကျဉ်းလိုက်၏။
“အသက်ဓါတ်ပြန်ခေါ်ခြင်းဆေးလုံး”
သွေးကျီးကန်းနန်းတော်သခင်က တစ်လုံးချင်း ပြောလိုက်၏။
ထိုစကားကို ကြားရချိန်တွင် အခြားသူများထံမှ တုံ့ပြန်မှုများစွာ မရှိသော်လည်း နိုးထဝိညာဉ်များနှင့် မူလနတ္ထိများအားလုံးသည် တုန်လှုပ်သွားကြ၏။
တာအိုသက်ရှိလျောင်ယွမ်က အနက်ရောင်ဝတ်လူ၏ လက်ထဲရှိ ဆေးလုံးကို အလွန်တရာ တောက်လောင်ပြင်းပျစွာနှင့် စိုက်ကြည့်ပြီး ဆွဲလုချင်စိတ် ပေါက်နေလေသည်။
အဆင့် ၅ ဆေးလုံး၊ အသက်ပြန်ခေါ်ခြင်းဆေးလုံးကို ရှေးဟောင်းခေတ်မှာ ဆေးဧကရာဇ်က ဖန်တီးခဲ့ခြင်းဖြစ်၏။
မူလနတ္ထိတစ်ယောက်က ဘယ်လောက်ပင် ဆိုးဆိုးရွားရွား ဒဏ်ရာရထားပါစေ.. သူက မသေသေးသရွေ့.. အသက်ဓါတ်ပြန်ခေါ်ခြင်းဆေးလုံးကို စားသုံးနိုင်သည်နှင့် သူ၏ ဒဏ်ရာများက အကုန်လုံး အပြည့်အဝ ပြန်လည်သက်သာပျောက်ကင်းသွားပေလိမ့်မည်။
အသက်ဓါတ်ပြန်ခေါ်ခြင်းဆေးလုံးက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ပျောက်ဆုံးသွားခဲ့သည်မှာ အတော်ကြာခဲ့လေပြီ။
အဲ့ဒါက ကျင့်ကြံသူတစ်ယောက်၏ ဒုတိယအသက်တစ်ခုနှင့် တူလေသည်။
အနက်ရောင်ဝတ်ကျင့်ကြံသူသည် အသက်ဓါတ်ပြန်ခေါ်ခြင်းဆေးလုံးကို အင်မော်တယ်ကြိုးကြာအိုကြီးအား ရှောရှောရှူရှူပင် ထုတ်ပေးလိုက်၏။
တာအိုသက်ရှိလျောင်ယွမ်နှင့် အခြားသူများသည် မနာလိုစိတ်များ တဖွားဖွား ပေါ်လာကြ၏။
အဖိုးအနဂ္ဃထိုက်တန်သည့် ဆေးလုံးတစ်လုံးကို ဒီတိုင်းပဲ ပေးပစ်လိုက်ရသလား။
အင်မော်တယ်ကြိုးကြာအိုကြီးက တွေဝေနေပြီး အဲ့ဒါကို ချက်ချင်း မယူလိုက်ပေ။
သွေးကျီးကန်းနန်းတော်သခင်က လှောင်ရယ်လိုက်၏။
“အဲ့ဒီတောကောင်အိုကြီးက မီးစာကုန်ဆီခမ်း ဖြစ်နေပြီ.. သူ့ဒဏ်ရာတွေ အကုန်ပျောက်သွားရင်တောင် သူက သိပ်ကြာကြာနေရတော့မှာမှ မဟုတ်တာ”
အသက်ဓါတ်ပြန်ခေါ်ခြင်းဆေးလုံးက တစ်ဦးတစ်ယောက်၏ ဒဏ်ရာများကို ချက်ချင်းနီးပါး သက်သာပျောက်ကင်းစေနိုင်သော်လည်း ဘဝသက်တမ်းကိုတော့ တိုးမြှင့်မပေးနိုင်ပေ။
အသက်ဓါတ်ပြန်ခေါ်ခြင်းဆေးလုံးက အလွန်တရာ အဖိုးတန်ပြီး သူမသာ အသုံးပြုလိုက်မည်ဆိုလျှင် အဲ့ဒါက ဖြုန်းတီးလိုက်သလိုပင်။
“အဲ့ဒါကို ငါလက်မခံသင့်ဘူးထင်တယ်”
အနက်ရောင်ဝတ်လူက ထူးမခြာနားစွာနှင့် ပြောလိုက်၏။
“ခင်ဗျား ဘာမှ မလုံမလဲ ဖြစ်နေစရာ မလိုပါဘူး.. ဒီဆေးလုံး ခင်ဗျားကို ပေးတယ်ဆိုတာ ခင်ဗျားနဲ့ ကျုပ်နဲ့ကြားက ကံကြွေးကို ဖြတ်တောက်ဖို့အတွက်ပဲ”
“ဒါပေမယ့်...”
အင်မော်တယ်ကြိုးကြာအိုကြီးက ညင်သာစွာ သက်ပြင်းချလိုက်၏။
“အသက်ဓါတ်ပြန်ခေါ်ဆေးလုံးက အရမ်းအဖိုးတန်ပြီး ရှားပါးလွန်းတယ်.. မူလနတ္ထိတစ်ယောက်အနေနဲ့ မင်းလဲ အဲ့ဒါကို လိုမှာပဲလေ”
“ကျုပ် မလိုပါဘူး.. ဘာလို့ဆို ကျုပ်ကို ဘယ်သူမှ ဒဏ်ရာရအောင် မလုပ်နိုင်လို့ပဲ”
အနက်ရောင်ဝတ်လူ၏ လေသံက သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုကို ပြောပြနေသလို တည်ငြိမ်နေ၏။
ချက်ချင်းပင် နေရာတစ်ခုလုံးက ငြိမ်သက်သွားကြ၏။
အနက်ရောင်ဝတ်လူ၏ စကားမှ ခန့်ညားထည်ဝါမှုကြောင့် လူတိုင်း မှင်တက်သွားကြ၏။
အင်မော်တယ်ကြိုးကြာအိုကြီးကိုကြည့်ပြီး အနက်ရောင်ဝတ်လူက ဆက်ပြောလိုက်၏။
“ခင်ဗျားက မျှော်လင့်ချက်ပါးပါးလေးတော့ ရှိပါသေးတယ်”
အနက်ရောင်ဝတ်လူ ဆိုလိုသည့် အဓိပ္ပါယ်ကို အင်မော်တယ်ကြိုးကြာအိုကြီး နားလည်သဘောပေါက်သွား၏။
သူမ၏ မျှော်လင့်ချက်ပါးပါးလေး ဆိုသည်မှာ အသက်ပြန်ခေါ်ခြင်းဆေးလုံးဖြင့် သူမ၏ ဒဏ်ရာများကို ပျောက်ကင်းစေပြီး ဤတိုက်ပွဲမှ အတွေ့အကြုံများကို အသုံးချကာ သူမ၏ ကျင့်ကြံမှုကို အဆင့်မြှင့်တင်ဖို့ပင်။
သူမသည် ခြေတစ်လှမ်း ရှေ့တိုးနိုင်သည်နှင့် သူမ၏ ဘဝသက်တမ်းကလည်း သိသာထင်ရှားစွာ တိုးပွားလာမည် ဖြစ်လေသည်။
ဆန်းကြယ်တောင်ထွတ်အတွက်လည်း အဲ့ဒါက ကောင်းချီးပေးခံရခြင်းဖြစ်ပြီး ဓမ္မဝိသေသအဆင့် မူလသွေးမျိုးဆက်ကြမ်းကြုတ်ငှက်တစ်ကောင်၏ စောင့်ရှောက်ကာကွယ်ပေးမှုကို ရရှိလိမ့်မည် ဖြစ်လေသည်။
ကြိုးကြာလေးက စိုးရိမ်တကြီး အမူအယာနှင့် ညင်သာစွာ တကျီကျီ အော်မြည်၍ ထပ်တလဲလဲ တိုက်တွန်းလှုံ့ဆော်နေ၏။
ဂိုဏ်းချုပ်လင်းယွမ်၊ ဆူဇီမိုနှင့် လူတိုင်းကလည်း အင်မော်တယ်ကြိုးကြာအိုကြီးကို ကြည့်နေပြီး သူမအနေနှင့် ဤအခွင့်အရေးကို အမိအရ အသုံးချ၍ ပြန်လည်မွေးဖွားလာဖို့ မျှော်လင့်နေကြ၏။
အင်မော်တယ်ကြိုးကြာအိုကြီးက အသက်ပြင်းပြင်းတစ်ချက် ရှိုက်ပြီးနောက် ခေါင်းညိတ်၍ အသက်ဓါတ်ပြန်ခေါ်ဆေးလုံးကို လှမ်းယူကာ မျိုချလိုက်၏။
ဆေးလုံးက သူမပါးစပ်ထဲသို့ ဝင်ရောက်သွားသည့် အခိုက်တွင်.. မြောက်များလှစွာသော အသက်ဓါတ်စွမ်းအင်များက သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသို့ တလိပ်လိပ်နှင့် တိုးဝင်လာ၏။
ကြိုးကြာအိုကြီးပေါ်ရှိ ဒဏ်ရာများသည် သာမန်မျက်စိနှင့် မြင်နိုင်သောနှုန်းဖြင့် သက်သာပျောက်ကင်းလာနေ၏။
ထိုသည်ကိုကြည့်ပြီး ဆူဇီမိုနှင့် အခြားသူများသည် ရွှင်ပျသွားကြ၏။
အင်မော်တယ်ကြိုးကြာအိုကြီးသို့ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းနိုင်သည်မှာ အဲ့ဒါက ကပ်ဘေးထဲမှ ကောင်းချီးပေးခံရခြင်း ဖြစ်လာပေမည်။
အနက်ရောင်ဝတ်လူ၏ အကြည့်က နန်းတော်သခင်နှင့် အခြားသူများဆီသို့ ရွေ့လျားသွား၏။
“မင်းဘယ်သူလဲ ငါသိတယ်”
နန်းတော်သခင်က အေးစက်စက် နှာမှုတ်လိုက်၏။
“မူလနတ္ထိအဆင့် ကျင့်ကြံသူတွေထဲမှာ မင်းလိုမျိုး ခွန်အားနဲ့သူက သိပ်အများကြီး မရှိဘူး.. မင်းက အဆူရာဂိုဏ်းရဲ့ မည်ကာမတ္တတပည့်.. ဒီဘက်မျိုးဆက်ရဲ့ အဆူရာပဲ ဖြစ်ရမယ်”
အနက်ရောင်ဝတ်လူက မှင်သေသေနှင့်သာ ရှိနေ၏။
“သတ်တဲ့ဖြတ်တဲ့နေရာမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အဆူရာက အားအားယားယား မြောက်ပိုင်းဒေသကိုတောင် ရောက်လာတယ်ဆိုတော့.. ဟဟား” နန်းတော်သခင်က လှောင်ရယ်လိုက်၏။
အနက်ရောင်ဝတ်လူက တိတ်ဆိတ်နေဆဲဖြစ်ပြီး သူ့အမူအယာက ပြောင်းလဲသွားခြင်း မရှိပေ။
နန်းတော်သခင်က သူ့လက်သီးကိုဆုပ်၍ သူ့ရင်ထဲမှ သတ်ဖြတ်လိုစိတ်ကို ဖော်ပြကာ လေးနက်စွာနှင့် ပြောလိုက်၏။
“အဆူရာ.. ဒီကိစ္စမှာ မင်းပါလာတဲ့အတွက် ငါခြေတစ်လှမ်း နောက်ဆုတ်ပေးလိုက်မယ်.. ဒါပေမယ့် သူ့ကိုတော့ ငါခေါ်သွားရလိမ့်မယ်”
သူက ဆန်းကြယ်တောင်ခြေရှိ ဆူဇီမိုကို လက်ညိုးထိုးပြလိုက်၏။
ချက်ချင်းပင် ဆန်းကြယ်တောင်ထွတ်မှလူတိုင်းသည် ရင်ထဲ တလျှပ်လျှပ် ဖြစ်သွားကြ၏။
အနက်ရောင်ဝတ်လူက ဆန်းကြယ်တောင်ထွတ်ကို ကာကွယ်ပေးလာမည်ဆိုတာကိုပင် သူတို့မျှော်လင့်မထားခဲ့ကြပေ။ သို့သော်လည်း သူက ဆူဇီမိုနှင့် ဘာဆက်ဆံရေးမှ မရှိပေ။ ထို့ကြောင့် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်အတွက်နှင့် သူက ဘယ်လိုလုပ်ပြီး စုန်းမျိုးနွယ်နှင့် အတိုက်အခံ ဖြစ်ခံပါ့မလဲ။
အနက်ရောင်ဝတ်လူ၏ အကြည့်က ဆူဇီမိုဆီသို့ ရွေ့လျားသွား၏။
ဘာကြောင့်ရယ်မသိ.. ဆူဇီမိုသည် သူ့နှလုံးသားထဲမှာ လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ရနေ၏။
ခဏမျှ ရပ်တန့်ပြီးနောက် အနက်ရောင်ဝတ်လူက နောက်ဆုံးစကားတစ်ခွန်းကိုသာ ပြောလိုက်၏။
“မရဘူး”
လူတိုင်း တုန်လှုပ်သွားကြ၏။
သူသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်အတွက်နှင့် စုန်းမျိုးနွယ်ကို ဆန့်ကျင်လိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။
ဒါ့အပြင် သူက အလွန်ပြတ်သားစွာနှင့် ငြင်းပယ်လိုက်ခြင်းဖြစ်၏။