အရမ်းကာရော သတ်ဖြတ်ခြင်း
Vol. 33 Ch. 485
“အဆူရာ.. မင်းလဲ ငါ့နောက်ခံကို သိတာပဲ.. ငါတို့ ခြေတစ်လှမ်းစီ နောက်ဆုတ်ကြရအောင်”
နန်းတော်သခင်က တည်တံ့စွာနှင့် ထပ်ပြောလိုက်၏။
“အဲ့ဒီအခြေတည်အဆင့်ကောင်လေးက လွဲရင် ငါဘာမှ မလိုချင်တော့ဘူး.. သူက မင်းနဲ့လဲ ဘာမှ ပတ်သတ်တာလဲ မဟုတ်ဘူး.. အဲ့လောက်ထိ ပြောတာတောင် မင်းဆက်ပြီး လွန်လာမယ်ဆိုရင်တော့..”
နန်းတော်သခင်က သူ့စကားကို ဆုံးအောင်တောင် မပြောရသေးခင်မှာပင်.. အနက်ရောင်ဝတ်လူက စိတ်မရှည်စွာနှင့် ကြားဖြတ်ပြောလိုက်၏။
“ငါက လွန်လာမယ်ဆိုရင်ရော.. မင်းက ဘာလုပ်နိုင်မှာမို့လဲ”
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
သူက အရမ်းကို ရက်စက်ကြမ်းကြုတ်လွန်းလေသည်။
တစ်ဖက်လူကို ထွက်ပေါက်တစ်ခုတောင်မှ လုံးဝ မပေးပေ။
“သူ့ရဲ့ဂုဏ်သတင်းက သူ့ထက်ကို ကျော်လွန်နေတာပဲ.. အရင်တုန်းက သူက အခြေတည်အဆင့်နဲ့ ရွှေအမြုတေအဆင့်ကြားမှာ ပြိုင်ဘက်ကင်းခဲ့တာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ.. သူက တစ်ကယ်ကို ရက်စက်ကြမ်းတမ်းလွန်းတယ်” ရွှမ်ယီက ရေရွတ်လိုက်၏။
ဖိုသီဖတ်သီအဖိုးက သက်ပြင်းချလိုက်၏။
“မဟာကျိုးတော်ဝင်မျိုးနွယ်တောင် ဝင်မပါရဲတဲ့ ကိစ္စမှာ.. သူက လုံးဝကို အကြောက်အလန့်ကင်းမဲ့သွားတာ ဖြစ်ရမယ်.. တစ်ကယ့်ကို အောချလောက်ပါပေရဲ့”
“သူက မိစ္ဆာတစ်ယောက်အဖြစ် ပြောင်းလဲသွားတာ နှမြောစရာပဲ။ မဟုတ်ရင်...” လျှိုဟွေ့က ဆက်မပြောတော့ပေ။
ထိုအချိန်တွင် ဖိုသီဖတ်သီအဖိုးအိုက မေးလိုက်၏။
“ဂိုဏ်းက အဲ့လူနဲ့ အဆက်သွယ်ပြတ်သွားတာ အတော်ကြာခဲ့ပြီပဲ.. သူ့ကို ဘယ်သူက သတင်းပို့လိုက်တာပါလိမ့်”
“ဟုတ်သားပဲ”
ရွှမ်ယီကလည်း အံ့သားတသင့် ဝင်ပြောလိုက်၏။
“ကျုပ်ကြားတာ အဆူရာဂိုဏ်းက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ အလယ်ပိုင်းတိုက်မှာ ရှိတာတဲ့.. ဆန်းကြယ်တောင်ထွတ်ကနေဆို မိုင်ပေါင်းသန်းချီဝေးလောက်တယ်.. မူလနတ္ထိပညာရှင်တစ်ယောက် အားကုန်သုံးပြီး ပြေးလာရင်တောင် ဒီကိုရောက်ဖို့ တစ်နှစ်နီးပါးလောက် ကြာလိမ့်မယ်.. သူက ဒီကို ဘယ်လိုလုပ်ပြီး အချိန်မီရောက်လာတာပါလိမ့်”
ဂိုဏ်းချုပ်လင်းယွမ်၏ ရင်ထဲမှာလည်း တူညီသောသံသယက ရှိနေ၏။
လွန်ခဲ့သည့်တစ်နှစ်လောက်ကတည်းက တစ်စုံတစ်ယောက်က အနက်ရောင်ဝတ်လူ၏ တည်နေရာကို ထောက်လှမ်းသိရှိပြီး ဆန်းကြယ်တောင်ထွတ်က ကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ရဖို့ရှိကြောင်း သူ့ကို သတင်းပေးခဲ့သည် မဟုတ်ပါလား။
ဆန်းကြယ်တောင်ထွတ်တွင် အင်မော်တယ်ကြိုးကြာကြီးအပါအဝင် မည်သူကမှ အနက်ရောင်ဝတ်လူနှင့် ဆက်သွယ်ခဲ့ခြင်း မရှိကြောင်း လင်းယွမ်သေချာသိလေသည်။
တောင်ထွတ်သခင်များ၏ ဆွေးနွေးပြောကြားနေကြသံကို ကြားသောအခါ ဆူဇီမိုသည်လည်း သိချင်စိတ် ပေါ်ပေါက်လာ၏။
ထိုအချိန်တွင် အကြည့်တစ်ချက်က သူ့အပေါ်ကို ခဏမျှ ကြန့်ကြာကျရောက်လာ၏။
ဆူဇီမိုသည် အာရုံခံမိသွားပြီး လေထဲသို့ လှမ်းကြည့်လိုက်၏။
လေထဲတွင် အပေါ်ပိုင်းကို ဇာပိတ်စဖြင့် ခြုံထားသော အမျိုးသမီးတစ်ယောက်က ဘယ်အချိန်ကရယ်မသိ ရောက်ရှိနေ၏။ သူမက ဆန်းကြယ်တောင်ထွတ်က ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ အရမ်းကို သာမန်ဆန်လေသည်။ သို့သော်လည်း သူမ၏ ပုံစံက ကောက်ကြောင်းအသွယ်သွယ်နှင့် အကြည့်တစ်ချက်ကပင် လူတိုင်းကို ညှို့ယူဖမ်းစားဖို့ လုံလောက်လေသည်။
ဆူဇီမိုသည် ထိုအမျိုးသမီးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
သို့သော် ဘာကြောင့်ရယ်မသိ သူ့စိတ်ထဲ ရင်းနှီးနေသလို ခံစားနေရ၏။
သူသည် အလေးအနက် တွေးတောလိုက်၏။
တိမ်လွှာများထက်တွင် အနက်ရောင်ဝတ်လူက အထက်စီးဆန်စွာ လွှမ်းမိုးခြယ်လှယ်နေပြီး နန်းတော်သခင်၏ မျက်နှာအမူအယာက သုန်မှုန်၍ ပျက်စီးလာ၏။
အခုအချိန်မှာ သူသည် အကြပ်တွေ့နေလေသည်။
နန်းတော်သခင်က အေးစက်စွာ ပြောလိုက်၏။
“အဆူရာ.. မင်းက မိစ္ဆာဂိုဏ်းတွေရဲ့ မည်ကာမတ္တအရိုက်အရာဆက်ခံသူ ဆိုပေမယ့်လဲ.. ငါတို့အားလုံးက မူလနတ္ထိအဆင့်တွေချည်းပဲ.. ငါဆိုလဲ စုန်းမျိုးနွယ်က တစ်ယောက်ပဲ.. ငါတို့က မင်းကို ကြောက်နေမှာ မဟုတ်ဘူးနော်”
“ဟုတ်တယ်”
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ တာအိုသက်ရှိလျောင်ယွမ်ကလည်း လေးနက်စွာ ပြောလိုက်၏။
“ငါတို့ဘက်မှာ မူလနတ္ထိအဆင့်လေးယောက်တောင် ရှိတယ်.. သိပ်ပြီးတော့ အတင့်မရဲပါနဲ့ တာအိုရောင်းရင်း”
တောင်ပိုင်းတောင်တန်းဂိုဏ်း၏ တာအိုသက်ရှိ လောင်ယန်နှင့် အဇူရာနှင်းမြူလွှာဂိုဏ်း၏ တာအိုသက်ရှိ ဟန်မင်းတို့ကလည်း အနက်ရောင်ဝတ်လူကို အေးစက်စွာ စိုက်ကြည့်လိုက်ကြ၏။ သူတို့၏ မျက်နှာက တင်းမာခက်ထန်၍ အချိန်မရွေး တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားလိုက်ကြ၏။
“မင်းတို့က အခုထိ ထွက်မသွားကြသေးဘူးလား”
စောစောက အနက်ရောင်ဝတ်လူသည် သူ့မျက်လုံးများကို မှိတ်ထား၏။ သို့သော် ထိုမျက်လုံးက ရုတ်တရက် ပွင့်လာပြီး သူက စကားပြောလိုက်၏။
သူ့စကားက ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ရယ်စရာကောင်းနေ၏။ သို့သော်လည်း နန်းတော်သခင်နှင့် အခြားသုံးယောက်သည် ကျောရိုးတစ်လျှောက် ချမ်းတုန်၍ သူတို့၏ သူငယ်အိမ်များက တဆတ်ဆတ်လှုပ်သွားကြ၏။
အနက်ရောင်ဝတ်လူက ခေါင်းမော့၍ မှင်သေသေကြည့်ကာ ပြောလိုက်၏။
“အေးအေး ကောင်းတယ်.. မင်းတို့ ထွက်မသွားကြဘူးဆိုလဲ ဒီမှာပဲ နေကြပေါ့”
သူ့စကား မဆုံးသေးခင်မှာပင် သူ့နဖူးက တောက်ပသွားပြီး နောက်ထပ်သတ်ဖြတ်ကွက်တစ်ခုကို ထုတ်ဖော်လိုက်၏။
အဆူရာများက သူတို့၏ မျက်လုံးကို မဖွင့်ကြ.. ဖွင့်လျှင်တော့ သတ်ဖြတ်မှုက စတင်ပေတော့မည်။
ချက်ချင်းပင် ကမ္ဘာက ပြောင်းလဲသွား၏။
အနက်ရောင်ဝတ်လူက တခြားဘာမှ မလုပ်ဘဲ သူ၏ နဖူးကသာ သွေးနီရောင်အလင်းနှင့် တောက်ပလာပြီး သွေးပင်လယ်တစ်ခုက လေထုထဲမှာ ပေါ်လာကာ ညှီစို့စို့အနံ့ကို ထုတ်ဖော်၍ သွေးကျီးကန်းနန်းတော်နှင့် အခြားလူများဆီသို့ တလိပ်လိပ်တက်လာလေသည်။
ထိုနည်းလမ်းများက ဆူဇီမိုနှင့် အခြားရွှေအမြုတေများ၏ အသိဉာဏ်ထက် ကျော်လွန်သွားလေပြီ။
အဲ့ဒါက အမြုတေဝိညာဉ်များအကြားက တိုက်ပွဲဖြစ်၏။
နန်းတော်သခင်၏ နဖူးမှ အစိမ်းဖျော့ဖျော့အလင်းက တောက်ပလာပြီး ကြီးမား၍ ကြောက်စရာကောင်းသည့် အရိုးခေါင်းကြီးက လေထဲမှာ ဖြစ်ပေါ်လာ၏။
အရိုးခေါင်းကြီးက ၎င်း၏ သွေးသံရဲရဲ ပါးစပ်ကြီးကို ဟ၍ သွေးပင်လယ်ကို အရှိန်အဟုန် ပြင်းထန်စွာနှင့် စုပ်ယူဝါးမျိုလေတော့သည်။
တစ်ချိန်တည်းမှာပင်..
တာအိုသက်ရှိဟန်မင်း၊ တာအိုသက်ရှိလောင်ယန်နှင့် တာအိုသက်ရှိလျောင်ယွမ်တို့၏ နဖူးများမှာလည်း တောက်ပစွာ လင်းလက်လာပြီး သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်လွှတ်ကာ များစွာသော နယ်မြေများကို ထုတ်ဖော်လိုက်ကြ၏။
ရွှစ်..
ဧရာမမီးလုံးကြီးက ခြစ်ခြစ်တောက်ပူနေသော နေတစ်စင်းလို သွေးပင်လယ်ဆီသို့ ပစ်ဝင်သွားလေသည်။
ဝုန်း..
တောင်တန်းတစ်ခုက စုဖွဲ့၍ သွေးပင်လယ်၏ ဒေါသတကြီး စီးဆင်းနေသော ဒီရေများကို ဖိနှိမ်ချင်သည့်အလား ဆင်းသက်လာ၏။
ဝေါ..
နှင်းပွင့်များက နေရာတစ်ခုလုံးကို ကျဆင်း၍ အရာရာတိုင်းက အေးခဲသွားကြ၏။
သွေးပင်လယ်၏ မျက်နှာပြင်ပေါ်တွင် နှင်းခဲလွှာများက ပေါ်လာ၏။
အဲ့ဒါက စိတ်ဝိညာဉ်အသိစိတ်များ၏ တိုက်ခိုက်မှုဖြစ်၏။
အဲ့ဒါတွေက မူလနတ္ထိအဆင့်သို့ ရောက်ရှိပြီးမှ အသုံးပြုနိုင်သော သတ်ဖြတ်ကွက်များ ဖြစ်လေသည်။
သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် နယ်မြေများကို ဆင့်ခေါ်ပြီး အဲ့ဒါတွေက အစစ်အမှန်အဖြစ် စုဖွဲ့လာသော ပုံရိပ်ယောင်များဖြစ်ကာ တစ်ဖက်လူ၏ အမြုတေဝိညာဉ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်လေသည်။
ခုခံမည့်ကျင့်ကြံသူကလည်း သူတို့၏ ကိုယ်ပိုင်စိတ်ဝိညာဉ်အသိစိတ်ဖြင့်သာ ပိတ်ဆို့တားဆီးနိုင်လေသည်။
အမြုတေဝိညာဉ်များအကြား တိုက်ခိုက်ခြင်းက အလွန်တရာ အန္တရာယ်များပြီး တစ်ချက်ချွတ်ချော်သွားသည်နှင့် သေခြင်းတရားဆီသို့ ဦးတည်သွားနိုင်လေသည်။
“သတ်”
အခုချိန်တွင် အနက်ရောင်ဝတ်လူက လေးယောက်-တစ်ယောက် ရင်ဆိုင်နေရသော်လည်း အကြောက်အလန့် မရှိပေ။ အော်ဟစ်လိုက်ရင်း သူ့မျက်လုံးများက ဒေါသတကြီး တောက်ပလာပြီး သူ့ထံမှ တုန်လှုပ်ချောက်ချားဖွယ်ရာ သတ်ဖြတ်လိုစိတ်က ဖြာထွက်လာလေသည်။
လေထဲတွင် သွေးပင်လယ်ကို ဝါးမျိုနေသော ဧရာမအရိုးခေါင်းကြီးက အရှိန်လျော့ကျသွားပြီး တုန်ရီလာ၏။
ဖျောက်.. ဖျောက်.. ဖျောက်..
အရိုးခေါင်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခုက ပေါ်လာ၏။
နန်းတော်သခင်၏ မျက်နှာအမူအယာက ပြောင်းလဲသွား၏။
တစ်ချိန်တည်းမှာပင် သွေးပင်လယ်၏ အနက်ပိုင်းထဲမှာ မကောင်းဆိုးဝါးဆန်သည့် ဟိန်းဟောက်သံကြီးက ထွက်ပေါ်လာလေသည်။
ဝုန်း.. ဝုန်း.. ဝုန်း..
သွေးပင်လယ်၏ မျက်နှာပြင်ပေါ်ရှိ ရေခဲလွှာများက ရုတ်တရက် တစ်ခုပြီးတစ်ခု အက်ကွဲသွား၏။ ကြောက်စရာကောင်းသည့်အော်ရာနှင့် အလောင်းကောင်များက သွေးပင်လယ်ထဲကနေ ပေါ်လာပြီး သူတို့၏ လက်သီးများကို ဝေ့ရမ်း၍ နှင်းခဲလွှာများကို ဖျက်ဆီးပစ်နေ၏။ ပင်လယ်ထဲကနေ ခုန်တက်၍ သူတို့၏ ဝမ်းခေါင်းသံနှင့် အော်ဟစ်ပြီး သွေးပင်လယ်ထဲမှာ ပေါလောပေါ်မျောလာကြ၏။
အဲ့ဒါက အလောင်းတောင်နှင့် သွေးပင်လယ် ဖြစ်လာလေသည်။
ဆန်းကြယ်တောင်ထွတ်အနားတစ်ဝိုက်မှာ ရှိကြသောလူတိုင်း ကျောချမ်းတုန်လှုပ်၍ ကြက်သီးမွေးညင်းများ ထလာကြ၏။
သွေးပင်လယ်က တအုန်းအုန်းထ၍ ကြီးမားသည့် လှိုင်းလုံးကြီးများကို တလိပ်လိပ်တက်လာစေပြီး ကမ္ဘာတစ်ခုလုံးကိုပင် ဝါးမျိုတော့မည့်အလား ခြိမ်းခြောက်လာ၏။
တာအိုသက်ရှိဟန်မင်း ပင့်သက်ကို ရှိုက်လိုက်ရ၏။
ရှီး..
လေထဲရှိ မီးလုံးကြီးက သွေးပင်လယ်ထဲသို့ နစ်မြုပ်သွားပြီး မီးတောက်များက ငြိမ်းသေသွားလေသည်။
တာအိုသက်ရှိလျောင်ယွမ်သည် တသိမ့်သိမ့် တုန်ရီ၍ သူ့မျက်နှာက သွေးဆုတ်သွား၏။
တာအိုသက်ရှိလျောင်ယွမ်၏ နဖူးထဲမှ စိတ်ဝိညာဉ်အသိစိတ်ထဲတွင် သူ၏ ရုပ်ရည်နှင့် အတိအကျ တူညီသော အမြုတေဝိညာဉ်တစ်ခု ရှိနေပြီး အဲ့ဒါက မီးတောက်များနှင့် တောက်ပနေ၏။ တဖြည်းဖြည်းနှင့် အဲ့ဒါက မှိန်ကျလာပြီး သူ၏ ကိုယ်ပေါ်ရှိ မီးတောက်များကလည်း ငြိမ်းသေသွားလေသည်။
တာအိုသက်ရှိလျောင်ယွမ်၏ အသက်ဓါတ်က ပြတ်တောက်သွားပြီး သူသည် လေထဲကနေ ပြုတ်ကျလာလေသည်။
သူက သေလေပြီ။
လေးယောက်-တစ်ယောက် တိုက်ခိုက်နေရသော်လည်း အနက်ရောင်ဝတ်လူက မူလနတ္ထိတစ်ယောက်ကို ပြန်လှန်သတ်ဖြတ်နိုင်ခဲ့လေသည်။
ဝုန်း..
သွေးပင်လယ်အလယ်ရှိ ငွားငွားစွင့်စွင့် ရပ်တည်နေသော တောင်တန်းကြီးပေါ်သို့ အလောင်းကောင်များက တွယ်တက်သွားပြီး ထပ်တလဲလဲ တိုက်ခိုက်လိုက်ကြသောကြောင့် လွန်စွာ ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာ၏။
သိပ်မကြာမီ တောင်တန်းကြီးက တစ်စစီပဲ့ကြွေ၍ သွေးပင်လယ်၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။
တစ်ချိန်တည်းမှာပင် သူ၏ စိတ်ဝိညာဉ်အသိစိတ်ထဲရှိ တာအိုသက်ရှိလောင်ယန်၏ အမြုတေဝိညာဉ်က ပေါက်ကွဲထွက်သွား၏။
သူသည် သွေးပင်လယ်၏ ဝါးမျိုခြင်းကို ခံရပြီး သွေးပင်လယ်ထဲရှိ အလောင်းပေါင်းများစွားထဲမှ တစ်ခု ဖြစ်သွားလေသည်။
နောက်ထပ် မူလနတ္ထိတစ်ယောက်က ကျဆုံးသွားပြန်လေပြီ။