စုန်းမျိုး ကပြား
Vol. 33 Ch. 487
ချွမ်း..
ဆေဘာက ဓါးပျံကို ထက်ဝက် ပိုင်းဖြတ်လိုက်၏။
တာအိုသက်ရှိဟန်မင်းသည် ညည်းတွား၍ သွေးများကို အန်ထုတ်လိုက်ရ၏။
ထိုဓါးပျံက သူ၏ အသက်ဓါတ် ဓမ္မလက်နက်ဖြစ်ပြီး သူ၏ အမြုတေဝိညာဉ်နှင့် ချိတ်ဆက်ထား၏။
သူ၏ အသက်ဓါတ်ဓမ္မလက်နက်က ကျိုးပြတ်သွားသောအခါ တာအိုသက်ရှိဟန်မင်း၏ အမြုတေဝိညာဉ်ကလည်း ဒဏ်ရာပြင်းထန်စွာ ရရှိသွားလေသည်။
အနက်ရောင်ဝတ်လူ၏ ဆေဘာနည်းစနစ်က ထက်ရှဆဲဖြစ်ပြီး သူ၏ အဟုန်က ရပ်တန့်သွားခြင်း မရှိဘဲ လေထဲရှိ ဒိုင်းကာပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာပြီး ကျယ်လောင်သည့်အသံကြီးက ထွက်ပေါ်လာ၏။
ဝုန်း..
ဒိုင်းကာ အပိုင်းပိုင်း ကျိုးပဲ့ထွက်သွား၏။
ကြောက်စရာကောင်းသည့် စွမ်းအားများက တာအိုသက်ရှိဟန်မင်း၏ ကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်သွားပြီး သူ၏ အင်္ဂါများ၊ မျိုးဆက်သွေးနှင့် အရိုးများက ဓါးသွား၏ ထက်ရှမှုဖြင့် အပိုင်းပိုင်း ကျိုးကြေမွသွား၏။
ဖူး.. ဖူး.. ဖူး..
တာအိုသက်ရှိဟန်မင်း၏ ကိုယ်မှ သွေးမြူများက ပန်းထွက်လာ၏။
တာအိုသက်ရှိဟန်မင်း၏ ဦးခေါင်းထိပ်မှ တလက်လက်ဝင်းလဲ့နေသော လူလေးတစ်ယောက်က သုတ်သုတ်ပျာပျာနှင့် ပြေးထွက်လာ၏။
သူ၏ အမြုတေဝိညာဉ်က ခန္ဓာကိုယ်ထဲမှ ထွက်၍ ထွက်ပြေးဖို့ ကြိုးစားလိုက်လေသည်။
သို့သော်လည်း သူတို့နှစ်ယောက်က အလွန်နီးကပ်နေသည်မှာ သနားစရာပင်။ တာအိုသက်ရှိဟန်မင်း၏ အမြုတေဝိညာဉ်က ခပ်ဝေးဝေးသို့ မပြေးနိုင်သေးခင်မှာပင် အနက်ရောင်ဝတ်လူက ဆွဲဖမ်းဆုပ်၍ သူ့လက်ဖဝါးထဲမှာ ဖိချေလိုက်၏။
ခန္ဓာကိုယ်၏ ကာကွယ်မှုကို ဆုံးရှုံးပြီးနောက် အမြုတေဝိညာဉ်က အလွန်အားနည်းသွားပြီး တိုက်ခိုက်မှုတစ်ချက်ကိုတောင် ခံနိုင်ရည် မရှိတော့ပေ။
တစ်ခဏအတွင်းမှာပင် ဂိုဏ်းကြီးလေးဂိုဏ်းမှ မူလနတ္ထိပညာရှင်များက သေဆုံးကုန်ကြပြီး သွေးကျီးကန်းနန်းတော်သခင်တစ်ယောက်သာလျှင် ကျန်ခဲ့လေသည်။
တာအိုသက်ရှိ ဟန်မင်းက သေဆုံးသွားချိန်တွင် နန်းတော်သခင်က ဓမ္မနည်းစနစ်တစ်ခုကို ဆင့်ခေါ်ထုတ်ဖော်နေတုန်းဖြစ်၏။
နန်းတော်သခင်က အံကိုကြိတ်၍ သူ၏ အရိုးတောင်ဝှေးကို ဝေ့ရမ်းကာ အဓိပ္ပါယ် မသိရသော မန္တန်တစ်ခုကို တတွတ်တွတ် ရွတ်လိုက်၏။
အရိုးတောင်ဝှေးထိပ်ရှိ အရိုးခေါင်းက သွေးများဖြင့် တဖြည်းဖြည်း ပြည့်လာပြီး ၎င်း၏ မျက်လုံးအိမ်နှစ်ခုက အသက်ဝင်လာသည့်အလား ကြက်သွေးရောင်အလင်းနှစ်ခုနှင့် တောက်ပလာ၏။
“သွေးလင်းနို့.. ဖြစ်ပေါ်စမ်း”
နန်းတော်သခင်က ဒေါသတကြီး ဟိန်းဟောက်၍ သူ၏ အရိုးတောင်ဝှေးဖြင့် အနက်ရောင်ဝတ်လူကို ချိန်ရွယ်လိုက်၏။
ဝီ.. ဝီ..
အရိုးခေါင်းက ၎င်း၏ ပါးစပ်ကို ဟလိုက်ပြီး အထဲမှ သွေးရောင်လင်းနို့များက တစ်ကောင်ပြီးတစ်ကောင် ဆက်တိုက်ပျံသန်းထွက်လာ၏။ ကျိုင်းကောင်အုပ်များကဲ့သို့ သူတို့က အနက်ရောင်ဝတ်လူဆီသို့ သိပ်သည်းစုဖွဲ့ကာ ပြေးဝင်သွားကြ၏။
အဲ့ဒါက စုန်းမျိုးနွယ်၏ လျှို့ဝှက်ပညာရပ်တစ်ခုပင်။
သူတို့အားလုံးက သွေးစုပ်လင်းနို့များ ဖြစ်ကြပြီး ကျင့်ကြံသူတစ်ယောက်သည် သူတို့၏ ဝိုင်းအုံခြင်း ခံရသည်နှင့် တစ်စက္ကန့်အတွင်း ခြောက်ကပ်သွားသည့်အထိ သွေးစုပ်ခြင်း ခံရပေလိမ့်မည်။
“ပိုးစုန်းကြူးက လရောင်ကို ဘယ်လိုတောင် လာပြိုင်ရဲရတာလဲ”
အနက်ရောင်ဝတ်လူက လှောင်ရယ်လိုက်၏။
သူက ရှောင်လဲမရှောင် နောက်လဲမဆုတ်ဘဲ.. ရှေ့ခြေတစ်လှမ်းတိုးကာ တစ်ဖန်ခုတ်ပိုင်းချလိုက်၏။
ရာသီဉတုက ပြောင်းလဲသွား၏။
ထိုခုတ်ချက်က အဆုံးမဲ့ငရဲကို ထုတ်ဖော်လိုက်သလိုပင်။
ကောင်းကင်နှင့် မြေကြီးက ပြိုကျလာ၏။
ကောင်းကင်မှ အဆုံးမဲ့ မီးမုန်တိုင်းများက ကျဆင်းလာပြီး မြေပြင်က စုတ်ပြဲ၍ သွေးနီရောင်ချော်ရည်များက ပန်းထွက်လာ၏။ ကျယ်ပြန့်သော မြေပြင်က အရုပ်ဆိုးအကျည်းတန်သော ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်သွားပြီး အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲလာ၏။
သွေးလင်းနို့များသည် အဆုံးမဲ့ ငရဲခန်းထဲသို့ ဝင်ရောက်လာပြီးနောက် အဆက်မပြတ် အော်ဟစ်မြည်ကြွေး၍ အနားမကပ်နိုင်ခင်မှာပင် ပျောက်ကွယ်ကုန်ကြ၏။
နန်းတော်သခင်၏ မျက်လုံးထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုက ထင်ဟပ်လာ၏။
ဖျတ်ကနဲဆို အနက်ရောင်ဝတ်လူက နန်းတော်သခင်ရှေ့သို့ ရောက်ချလာလေသည်။
သူက အလွန်တရာ လျှင်မြန်စွာနှင့် ခုတ်ပိုင်းချလိုက်ပြီး လေထုကို ဖြတ်သန်းလာသော သူ့ဆေဘာထံမှ တစ္ဆေညည်းတွားသံများကို ကြားလိုက်ရ၏။
နန်းတော်သခင်သည် ရင်ထဲ ထိတ်ကနဲ ဖြစ်သွား၏။ သူ့မှာ များစွာ တွေးတောနေဖို့ အချိန်မရဘဲ သူ၏ အရိုးတောင်ဝှေးကို မြှောက်၍ တိုက်ခိုက်မှုကို ခုခံလိုက်ရ၏။
ဂျစ်.. ဂျစ်..
ဆေဘာက အရိုးတောင်ဝှေးပေါ်မှာ လျှောတိုက်သွားပြီး အသံများက ထွက်ပေါ်လာ၏။
အရိုးတောင်ဝှေးပေါ်တွင် ဆေဘာထစ်ရာများက ထင်ကျန်ခဲ့၏။
နန်းတော်သခင်သည် တသိမ့်သိမ့်တုန်ရီသွားပြီး သူ့လည်ချောင်းဝသို့ တက်လာသော သွေးများကို အတင်းအကျပ် ပြန်မျိုချလိုက်၏။
စုန်းမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ်ကိုးစုထဲမှ တစ်ခုဖြစ်သော်လည်း သူတို့၏ ကိုယ်ကာယက သန်မာမှုမရှိသလို သူတို့က အနီးကပ်တိုက်ခိုက်ခြင်းမှာလည်း အားမသန်ကြပေ။
ထိုခုတ်ချက်ကနေ နန်းတော်သခင်သည် အပြင်းအထန် ဒဏ်ရာရရှိသွားပြီဖြစ်၏။
သူအသက်တစ်ချက်ရှူလိုက်တိုင်း စိုထိုင်းထိုင်း သွေးရနံ့ကို ရနေပြီး သူ့အဆုတ်က တစစ်စစ်နှင့် နာကျင်လာ၏။
သူ့အင်္ဂါများက ဒဏ်ရာရကုန်ပြီမှာ သိသာလေသည်။
ဒီတိုင်းသာ ဆက်တိုက်လျှင် သူ့ထံမှာ ကုသလို့ မရနိုင်သော ဒဏ်ရာများက ပေါ်လာပေတော့မည်။
နန်းတော်သခင်သည် အတင်းနောက်သို့ ခုန်ဆုတ်ပြီး သူ့အရိုးတောင်ဝှေးကို ဝေ့ရမ်းကာ သူ့ရှေ့မှာ အစိမ်းဖျော့ဖျော့ အကာအရံအလွှာတစ်ခုကို ခင်းကျင်းလိုက်၏။
ဖျောက် ဖျောက်.. ဖျောက်..
အစိမ်းဖျော့ဖျော့ အကာအရံအလွှာက အနက်ရောင်ဝတ်လူကို တားဆီးနိုင်ခြင်း မရှိဘဲ ဆက်တိုက်ဆိုသလို ကြေမွသွား၏။
အနက်ရောင်ဝတ်လူ၏ အကြည့်က ရေခဲတမျှ အေးစက်နေပြီး သူ၏ သတ်ဖြတ်လိုစိတ်က ကျောချမ်းဖွယ်ရာကောင်းကာ သူက ပုံရိပ်ယောင်တစ်ခုကဲ့သို့ ရွေ့လျားသွား၏။
အနက်ရောင်ဝတ်လူထံမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိပြီး နန်းတော်သခင်က နောက်ဆုံးမှာ ထိတ်လန့်ကြောက်ရွံ့လာကာ မျက်လုံးပြူး၍ အော်ဟစ်လိုက်၏။
“အဆူရာ.. ကျုပ်က စုန်းမျိုးနွယ်ကပဲ.. ကျုပ်အသက်ကို ယူလိုက်လို့ အဆူရာဂိုဏ်းက ဖျက်ဆီးခံရရင် အဲ့ဒါက ခင်ဗျားကြောင့်ပဲ”
ထိုစကားကိုကြားသောအခါ ဆူဇီမိုသည် တိတ်တဆိတ် ထိတ်လန့်သွား၏။
နန်းတော်သခင်၏ လေသံက အလွန်တရာ ခိုင်မာနေပြီး သူက အမှန်တရားတစ်ခုကို ပြောပြနေသလိုပင်။
ကမ္ဘာဦးမျိုးနွယ်များကို ထိပါးလျှင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးဂိုဏ်းကြီးများတောင် ဖျက်ဆီးခံရနိုင်တာလား။
“မင်းလို စုန်းကပြားတစ်ကောင်ကများ ငါ့ကိုလာပြီး ခြိမ်းခြောက်ချင်သေးတယ်ပေါ့”
အနက်ရောင်ဝတ်လူက ရှေ့သို့ ခြေလှမ်းပြီး နှင်းခဲလွှာတစ်ခုလို အေးစက်စက် စိုက်ကြည့်ကာ နန်းတော်သခင်ကို နောက်တစ်ဖန် ခုတ်ပိုင်းချလိုက်၏။
ချွမ်း..
နန်းတော်သခင်သည် အဲ့ဒါကို ခုခံလိုက်နိုင်သော်လည်း သူ့ခန္ဓာကိုယ်က ဆက်လက်တောင့်မခံနိုင်တော့ဘဲ ပါးစပ်အပြည့် သွေးများကို ထွေးထုတ်လိုက်ရ၏။ သူ့အင်္ဂါများက နေရာရွေ့ကုန်ပြီး စုတ်ပြဲလုနီးပါးပင်။
စုန်းကပြားဆိုသော စကားက လူအုပ်ကြီးကို အုန်းအုန်းကျက်ကျက် ဖြစ်သွားစေ၏။
ထိုစကားအရဆို.. နန်းတော်သခင်က စုန်းမျိုးနွယ်ဝင်စစ်စစ်တစ်ယောက် မဟုတ်ဘဲ သွေးတစ်ဝက်နှောထားသော စုန်းမျိုးအဆက်အနွယ်တစ်ယောက်သာ ဖြစ်ပေမည်။
ရုတ်တရက် ဆူဇီမိုသည် ကမ္ဘာဦးအပျက်အစီးနယ်မြေမှာတုန်းက နတ်နဂါးကြီးက နန်းတော်သခင်ကို မသန့်စင်သော မျိုးဆက်သွေးနှင့် ကောင်စုတ်ကလေးတစ်ယောက်သာဟု ငေါက်ငမ်းခဲ့ပုံကို ပြန်လည်အမှတ်ရလာ၏။
အနက်ရောင်ဝတ်လူက သူ၏ နောက်ခံကို ဖော်ထုတ်ခြင်း ခံလိုက်ရသောအခါ နန်းတော်သခင်၏ အမူအယာက အလွန်တရာ ပျက်စီးသွားလေသည်။
အနက်ရောင်ဝတ်လူက လှောင်ရယ်လိုက်၏။
“မင်းလိုမျိုး စုန်းကပြားတစ်ကောင်ကို မပြောနဲ့ မင်းတို့စုန်းမျိုးနွယ်က အစစ်အမှန်လူတစ်ယောက် ထွက်လာရင်တောင် ငါသူ့ကို သတ်ရဲတယ်.. ဒီကမ္ဘာမှာ ငါ ယန်ပေးချန် မသတ်ရဲတဲ့သူ တစ်ယောက်မှ မရှိဘူးကွ”
နန်းတော်သခင်လည်း ဆက်လက်မနေရဲတော့ဘဲ သူ့လျှာကိုကိုက်ကာ သွေးအဆီအနှစ်ကိုထုတ်၍ လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်၏။
သူသည် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး အရပ်မျက်နှာတစ်ဖက်သို့ အလွန်တရာလျှင်မြန်စွာနှင့် ထွက်ပြေးတော့လေသည်။
“မင်းက ဘယ်ကို ပြေးချင်သေးတာလဲ”
ယန်ပေးချန်၏ မျက်လုံးက လင်းလက်သွား၏။ သူသည် ရှေ့သို့ ခုန်တက်၍ လေထဲကို ခုတ်ချလိုက်သည် ထင်ရသော်လည်း ထိုခုတ်ချက်က နန်းတော်သခင်ပေါ်သို့ သည်းထန်စွာ ကျဆင်းလာ၏။
သူ့မှာ ထွက်ပေါက် မရှိတော့ပေ။
“ဖူး”
သွေးများက ပန်းထွက်လာ၏။
နန်းတော်သခင်၏ ကိုယ်က ချက်ချင်းပင် နှစ်ပိုင်းပြတ်ကျသွားလေသည်။
သူ၏ အမြုတေဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ ထွက်သွားပြီး လေထဲရောက်လာ၏။ အဲ့ဒါက သွေးရောင်ဖျော့ဖျော့နှင့် လက်နေသော လူလေးတစ်ယောက်ဖြစ်ပြီး သူ၏ အပြင်ပိုင်းခန္ဓာကိုယ်နှင့် အတိအကျ တူလေသည်။
“သွေးယစ်ပူဇော်ခြင်း”
နန်းတော်သခင်၏ အမြုတေဝိညာဉ်က ထွက်ပြေးလွတ်မြောက်သွားပြီး စိတ်ဝိညာဉ်အသိစိတ်တစ်ခုက ဖြန့်ကျက်၍ ထွက်လာ၏။
အမြုတေဝိညာဉ်သည် မရေမတွက်နိုင်သော ရိုးသားအပြစ်ကင်းစင်သည့် မော်တယ်များနေထိုင်သော ရွာများအပေါ်ကနေ ဖြတ်သန်းသွား၏။ အဲ့ဒီမှာ ပျိုးပင်များ စိုက်နေကြသော လယ်သမားများ၊ မီးသွေးဖုတ်နေကြသော ဗလတောင့်တောင့် အမျိုးသားများ၊ ချက်ပြုတ်၍ ကလေးထိန်းနေကြသော မိခင်များ၊ ဘုရားဝတ်ပြု၍ ဆုတောင်းနေကြသူများ...
ထိုသက်ရှိများအားလုံးသည် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားများဖြင့် လွှမ်းခြုံခံလိုက်ရသလို ရုတ်တရက် တောင့်ခဲသွားကြ၏။
တစ်ခဏအတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ်များက သိသာမြင်နိုင်သောနှုန်းဖြင့် ခြောက်သွေ့လာပြီး သူတို့၏ သွေးများနှင့် အသက်ဓါတ်များကို လေထဲမှာ ထွက်ပြေးနေသော အမြုတေဝိညာဉ်က စုပ်ယူသွားလေသည်။
နန်းတော်သခင်၏ မျက်လုံးများက တောက်ပစွာ လင်းလက်လာပြီး လျှင်မြန်စွာနှင့် ပြန်လည်အားပြည့်သွား၏။
ထိုမြင်ကွင်းကို ကြည့်ပြီး ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် နှလုံးသားများ ကွဲကြေကုန်ကြ၏။
သောင်းနှင့် သိန်းနှင့်ချီသော ရိုးသားအပြစ်ကင်းစင်သည့် မော်တယ်များသည် ကပ်ဘေးတစ်ခုနှင့် ကြုုံတွေ့သွားပြီး ခြောက်သွေးသော အလောင်းကောင်များအဖြစ်သို့ ပြောင်းလဲ၍ ဆိုးဆိုးရွားရွား သေဆုံးကုန်ကြ၏။ အဲ့ဒါက ဆူဇီမိုနှင့် အခြားသူများ အတိတ်ကာလတုန်းက လင်းဖုန်းမြို့မှာ ကြုံတွေ့ခဲ့ရပုံနှင့် အတူတူပင်။
ယန်ပေးချန်က သူ့ဆေဘာကိုကိုင်၍ လေဟာနယ်ကို ဖြတ်သန်းကာ နောက်ကနေ ပြေးလိုက်ချသွား၏။
ကံမကောင်းစွာနှင့် သူ့တို့အကြား အကွာအဝေးက ဝေးသထက်ဝေးကွာလေသည်။
မူလနတ္ထိအဆင့်များသည် သူတို့၏ ခန္ဓာကိုယ်ကို ဆုံးရှုံး၍ သူတို့၏ အမြုတေဝိညာဉ်များက ထွက်ခွာသွားသောအခါ သူတို့၏ တိုက်ခိုက်ရည်က အားနည်းသွားသော်လည်း အသွေးအသားများ၏ ချုပ်နှောင်ထားခြင်း မရှိတော့သည့်အတွက် သူတို့၏ အမြန်နှုန်းက အနည်းဆုံး နှစ်ဆဖြစ်သွားလေသည်။
ဒါ့အပြင် နန်းတော်သခင်က ဆိုးယုတ်သော သွေးယစ်ပူဖော်ခြင်း နည်းစနစ်ကို ထုတ်ဖော်၍ အပြစ်မဲ့မော်တယ်များကို စတေးကာ သူ့စွမ်းအားကို မြှင့်တင်ပြီး ယန်ပေးချန်၏ လိုက်လံဖမ်းဆီးခြင်းမှ ထွက်ပြေးသွားနိုင်ခဲ့လေသည်။
“အဆူရာ.. ငါ့ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့တဲ့အတွက် တစ်နေ့ မင်းသေချာပေါက် ပြန်ပေးဆပ်ရလိမ့်မယ်.. ဟဟဟား”
သွေးအလင်းတန်းက လျှင်မြန်စွာ ပျောက်ကွယ်သွားပြီး မကောင်းဆိုးဝါးဆန်ဆန် ရယ်သံကြီးကသာ ကျန်ရစ်ခဲ့လေသည်။