ဆေဘာစမ်းသပ်ချက်
Vol. 33 Ch. 489
ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် အကြည့်ချင်းဖလှယ်ပြီး ပြောစရာစကားမဲ့သွားကြ၏။
ဆူဇီမိုကို ခေါ်သွားဖို့ သွေးကျီးကန်းနန်းတော်သခင်၏ တောင်းဆိုချက်ကို ယန်ပေးချန်က ဘယ်လိုခိုင်မာစွာ ငြင်းပယ်ခဲ့ပုံကို ပြန်လည်အမှတ်ရသွားပြီး သူတို့၏ စိတ်ထဲမှာ စတင်ဗြောင်းဆန်ကုန်ကြ၏။
မိစ္ဆာဂိုဏ်းမှ အဆူရာ၏ ဆူဇီမိုအပေါ် သဘောထားက အတော်လေး ထူးဆန်းလေသည်။
အဲ့ဒါသည် ဆူဇီမိုက အန္တိမအခြေတည်အဆင့်ဖြစ်နေတာကြောင့် ချစ်ခင်အလေးထားပုံနှင့် တူမနေပေ။
“သူက ဆူဇီမိုကို သူနဲ့အတူ အဆူရာဂိုဏ်းကို ခေါ်သွားဖို့ တွေးနေတာများလား”
ဘိုးဘေးအကြီးအကဲတစ်ယောက်က စိုးရိမ်တကြီး မျက်မှောင်ကြုတ်လိုက်၏။
ဘာပဲပြောပြော ဆူဇီမို၏ ပါရမီအလားအလာက တော်တန်ရုံ မဟုတ်ပေ။ သူသာ ဂိုဏ်းမှာ ဆက်နေလျှင် ဆန်းကြယ်တောင်ထွတ်၏ ဂုဏ်းကျက်သရေက ထွန်းတောက်လာဖို့ ရှိလေသည်။
“ကဲ အဲ့ဒါနဲ့ ပတ်သတ်ပြီး သိပ်လဲ တွေးမနေကြနဲ့.. သူက အဲ့လိုလုပ်ချင်တယ်ဆိုလဲ ငါတို့ ဘာတတ်နိုင်မှာမို့လဲ.. ဘယ်သူကများ သူ့ကို တားနိုင်မှာလဲ”
“အဲ့ဒါလဲ ဟုတ်တာပဲ”
. . .
မလှမ်းမကမ်း လေထဲတွင်..
မဟာကျိုးတော်ဝင်မိသားစုမှ လူတိုင်းသည် ဖြစ်ပျက်သမျှကို တုန်လှုပ်ချောက်ချားစွာ ငေးကြည့်၍ တော်တော်နှင့် သတိပြန်မဝင်ကြပေ။
ဤတိုက်ပွဲတွင် ဆန်းကြယ်တောင်ထွတ်သည် အတော်လေး ထိခိုက်ဆုံးရှုံးခဲ့ရ၏။
သို့သော်လည်း ဤကပ်ဘေးက ဆန်းကြယ်တောင်ထွတ်ကို ပိုမို သန်မာစေပေလိမ့်မည်။
မတော်တဆ တစ်စုံတစ်ရာ မရှိပါက အင်မော်တယ်ကြိုးကြာအိုကြီးသည် ရှေ့သို့ နောက်တစ်ဆင့် တက်လှမ်း၍ ဓမ္မဝိသေသကြမ်းကြုတ်ငှက်တစ်ကောင် ဖြစ်လာပေလိမ့်မည်။
ဤတိုက်ပွဲပြီးနောက် ဆန်းကြယ်တောင်ထွတ်၏ ဂုဏ်သတင်းက မြင့်တက်လာပြီး မဟာကျိုးအင်ပါယာအတွင်းရှိ ကျင့်ကြံသူများစွာက သူတို့၏ ကြီးမားသည့်နာမည်ကြောင့် ထိုနေရာသို့ ဦးတည်သွားကြပေတော့မည်။
ဆန်းကြယ်တောင်ထွတ်က လျှင်မြန်စွာ မြင့်တက်လာပေလိမ့်မည်။
အခြားသော ဂိုဏ်းကြီးလေးဂိုဏ်းသည် သူတို့၏ ရှုံးနိမ့်သွားသော စိတ်ဝိညာဉ်များနှင့်အတူ ထွက်ခွာသွားကြလေသည်။
သူတို့၏ မရေမတွက်နိုင်သော နိုးထဝိညာဉ်များ၊ ရွှေအမြုတေများနှင့် အခြေတည်အဆင့်ကျင့်ကြံသူများက သေသူသေ၊ ဒဏ်ရာပြင်းထန်စွာ ရသူရကုန်ကြသည့်အပြင် သူတို့ဂိုဏ်းများ၏ ပင်မထောက်တိုင်ကြီးများဖြစ်သည့် မူလနတ္ထိပညာရှင်များကလည်း သေကုန်ကြလေပြီ။
သူတို့၏ လူငယ်မျိုးဆက်သစ်ကျင့်ကြံသူများမှာဖြစ်စေ၊ ထိပ်တန်းအဆင့် ပညာရှင်များမှာဖြစ်စေ.. ဂိုဏ်းကြီးလေးဂိုဏ်းက ဆန်းကြယ်တောင်ထွတ်ကို စိန်ခေါ်နိုင်စွမ်း မရှိတော့ပေ။
“အနည်းဆုံးတော့ နောက်နှစ်ပေါင်းထောင်ကျော်လောက် ဆန်းကြယ်တောင်ထွတ်ရဲ့ နေရာအဆင့်အတန်းကို ကိုင်လှုပ်လို့ မရတော့ဘူး”
ဧကရာဇ်က ရေရွတ်လိုက်၏။
မြို့တော်သို့ ပြန်ရောက်ပြီးလျှင် သူသည် လက်ဆောင်အကြီးကြီးတစ်ခု ပြင်ဆင်၍ ကျင့်ကြံသူများကို ဆန်းကြယ်တောင်ထွတ်သို့ သွားပို့ခိုင်းရမည်ဟု တွေးလိုက်၏။
“ကဲပြန်ကြရအောင်”
သူ့လက်ကို ဝေ့ရမ်း၍ ဧကရာဇ်က လူတိုင်းကို ပြန်လည်ဦးဆောင်သွား၏။
. . .
ဆူဇီမိုသည် မိုးကြိုးထစ်ချုန်းတောင်ကြားဆီသို့ ယန်ပေးချန်နောက်ကို လိုက်သွား၏။
ယန်ပေးချန်က သူ့လက်ကို ဝေ့ရမ်း၍ အသံခြားအကာအရံတစ်ခုကို ခင်ကျင်းကာ အပြင်ဘက်မှ တဝုန်းဝုန်း မိုးကြိုးသံများ ဝင်မလာအောင် တားဆီးလိုက်၏။ ထို့နောက် သူသည် ဆူဇီမိုကို တိတ်တဆိတ်ကြည့်၍ စူးစမ်းအကဲခတ်နေ၏။
“မင်းက ဆန်းကြယ်ရွှေပိုးချပ်ဝတ်ထဲက လျှို့ဝှက်ပညာရပ်ကို ရခဲ့တဲ့တစ်ယောက်လား” ရုတ်တရက် ယန်ပေးချန်က မေးလိုက်၏။
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
“ကျေးဇူးတင်ပါတယ် စီနီယာ”
ယန်ပေးချန်က နှုတ်ခမ်းစူလိုက်၏။
“ဗလာနယ်မိုးကြိုးအတတ်က မိုးကြိုးဧကရာဇ်က အထက်ဘုံကို မတက်ခင် သူ့ဘဝရဲ့ အတွေ့အကြုံတွေကို ပေါင်းစပ်ပြီးတော့ ဖန်တီးထားခဲ့တဲ့ လက်ရာတစ်ခုပဲ.. ကံဆိုးစွာနဲ့ ရှေးဟောင်းတိုက်ပွဲမြေမှာ အဲ့ဒါရာ စာမျက်နှာတစ်ခုကိုပဲ ငါရလာခဲ့တယ်”
မိုးကြိုးဧကရာဇ်လား..
အဲ့ဒါက စာတစ်မျက်နှာစာ သုတ္တန်လေးတစ်ခုသာ ဖြစ်သော်လည်း ဆူဇီမို၏ မျိုးဆက်သွေးထဲရှိ သားရဲချီများကို ဖယ်ထုတ်ပေးနိုင်ခဲ့သည်မှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။
ဗလာနယ်မိုးကြိုးအတတ်၏ မူလဇာစ်မြစ်က ဤမျှထိ စွမ်းအားကောင်းနေသောကြောင့်သာ ဖြစ်ရပေမည်။
နောက်ခဏ၌ ယန်ပေးချန်က မေးလိုက်၏။
“မင်းက ရှေးဟောင်းတိုက်ပွဲမြေမှာ ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို ရလာခဲ့တာမလား”
“ကျုပ် ရခဲ့တယ်”
ဆူဇီမိုက ဝန်ခံလိုက်၏။
တည်ငြိမ်ပင်လယ်ကျမ်းက ပျောက်ဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်ပြီး မဟာကျိုးမှ ကျင့်ကြံသူများသည် အဲ့ဒါကို မှတ်မိနိုင်ကြလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အဆူရာဂိုဏ်းသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်ပြီး ယန်ပေးချန်က မူလနတ္ထိအဆင့်ကို ရောက်နေလေပြီ။ ဆူဇီမို၏ ဆေဘာနည်းစနစ်ကို သူက မှတ်မိသွားသည်မှာ သိပ်တော့ မထူးဆန်းပေ။
ရုတ်တရက်..
ဆူဇီမိုသည် ရင်ထိတ်သွားပြီး စောစောက သူ၏ မပြီးမြောက်ခဲ့သော အတွေးကို ပြန်ဆက်မိသွား၏။
လွန်ခဲ့သည့်နှစ်တစ်ထောင်က ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်တွင် အဆူရာဂိုဏ်းမှ ဆေဘာသုံးသော ပြိုင်စံရှားတစ်ယောက်...
“စီနီယာက.. လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ရှေးဟောင်းတိုက်ပွဲမြေကနေ ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်၊ ဒီလှိုင်းကျမ်းကို ရရှိခဲ့တဲ့ အဆူရာဂိုဏ်းက ပြိုင်စံရှားများလား” ဆူဇီမိုက လွှတ်ကနဲ မေးလိုက်မိ၏။
ယန်ပေးချန်က ခေါင်းညိတ်လိုက်၏။
ရုတ်တရက်.. ဆူဇီမိုသည် သဘောပေါက်လာ၏။
ထို့ကြောင့် စောစောက ယန်ပေးချန်၏ သူ့ကို စိုက်ကြည့်နေသော အကြည့်က ထူးဆန်းနေပြီး သူက လူငယ်မျိုးဆက်အရိုက်အရာဆက်ခံသူတစ်ယောက်ကို ကြည့်နေသည့်ပုံမျိုး ပေါက်နေလေသည်။
အဲ့ဒါသည် သူက ဆန်းကြယ်တောင်ထွတ်၏ တပည့်တစ်ယောက်ဖြစ်ပြီး ဗလာနယ်မိုးကြိုးအတတ်ကို ရရှိခဲ့သောကြောင့် မဟုတ်ပေ။
အဲ့ဒါသည် သူတို့နှစ်ယောက်စလုံးက ဆေဘာဧကရာဇ်၏ အမွေအနှစ်ကို တစ်ယောက်တစ်ဝက်စီ ရရှိခဲ့သောကြောင့် ဖြစ်လေသည်။
“လာပြီး တိုက်ခိုက်ကြည့်.. ဆေဘာဧကရာဇ်ရဲ့ အမွေအနှစ်ကို မင်းဘယ်လောက်များများ နားလည်သဘောပေါက်ထားသလဲ ကြည့်ကြည့်ရအောင်”
ယန်ပေးချန်က သူ၏ လက်ဝါးကို ပေါ့ပါးစွာ မြှောက်၍ သူ့လက်ထဲမှာ စိတ်ဝိညာဉ်ချီကို စုယူလိုက်၏။
တစ်ခဏအတွင်းမှာပင် အဲ့ဒါက ဆေဘာတစ်လက်အဖြစ် စုဖွဲ့သွား၏။
ယန်ပေးချန်က ဘာမှ ဆက်ပြောမနေတော့ဘဲ ချက်ချင်းပင် တိုက်ခိုက်လိုက်၏။
ဆူဇီမို၏ တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်ပြီး သူသည် သွေးသောက်သူကို ရွှမ်းကနဲ ဆွဲထုတ်လိုက်၏။ သူသည် ချက်ချင်းပင် တည်ငြိမ်ပင်လယ်ကျမ်းမှ တန်ပြန်စီးကြောင်းကို ဖော်ထုတ်လိုက်လေသည်။
ချွမ်း..
ဆေဘာနှစ်လက်က တိုက်မိသွားပြီး ကျွတ်ဆတ်ဆတ်အသံက ထွက်ပေါ်လာကာ မီးပွားများက လွင့်စင်ထွက်သွား၏။
တိုက်ခိုက်မှုစွမ်းအားက သိပ်ပြီး လေးလံမနေပေ။
ယန်ပေးချန်က သူ၏ ဆေဘာကို စမ်းသပ်ဖို့အတွက် သူ့စွမ်းအားကို အဆပေါင်းများစွာ ဖိနှိမ်ထားကြောင်း ဆူဇီမိုသည် ရှင်းလင်းစွာ ခံစားမိနေလေသည်။
ယန်ပေးချန်က တိုက်ခိုက်မှုက သက်ရောက်အားအဆင့်သို့ ရောက်ရှိနေပြီးဖြစ်၏။
ယန်ပေးချန်က အမူအယာကင်းမဲ့၍ သူ့လက်ကောက်ဝတ်ကိုလှုပ်ကာ တိုက်ခိုက်ပြီးနောက် နောက်ထပ် တိုက်ခိုက်မှုက တိတ်တဆိတ် ထပ်မံရောက်ရှိလာ၏။
သူ၏ ဆေဘာနည်းစနစ်က ဝေဝါး၍ ကြိုတင်မှန်းဆလို့ မရနိုင်ပေ။ ၎င်း၏ သတ်ဖြတ်ခြင်းအော်ရာကလည်း ချက်ချင်းရောက်ချလာပြီး တုန်လှုပ်စရာကောင်းနေ၏။
“မကောင်းတော့ဘူး”
ဆူဇီမို၏ နှလုံးက ဝုန်းဒိုင်းကြဲသွား၏။
ထိုသတ်ဖြတ်လိုစိတ်၌ ယန်ပေးချန်သည် သူ့ကို အမှန်တစ်ကယ်ပင် သတ်ဖြတ်တော့မည်ဟု ခံစားလာရ၏။
သူ၏ စိတ်ဝိညာဉ်တောင်ပံများကို အလိုလိုထုတ်ဖော်၍ နောက်သို့ ခုန်ဆုတ်လိုက်မိ၏။
သို့သော်လည်း သူ၏ စိတ်ဝိညာဉ်တောင်ပံများက ပေါ်လာပြီးသည့် ခဏမှာပင် ပြန်လည်ပျက်ပြယ်သွားပြီး အလင်းစက်များအဖြစ် ပြောင်းလဲကာ လေထဲမှာ ပြန့်ကျဲသွား၏။
အဲ့ဒါက ယန်ပေးချန် လုပ်လိုက်သည်မှာ ပြောနေစရာပင် မလိုပေ။
ဆူဇီမိုသည် သူ့ဒူးကိုညွှတ်၍ မျိုးဆက်သွေးကို လှည့်ပတ်ကာ နောက်သို့ ဆုတ်ဖို့ ကြိုးစားလိုက်၏။
ထို့နောက် ချက်ချင်းပင် သူသည် တုန်လှုပ်သွားရ၏။ သူ၏ ဘယ်၊ ညာနှင့် အနောက်ဘက်တွင် နံရံသုံးခုက ပေါ်လာ၏။ သူသည့် ဘယ်ဘက်ကိုမှ ဆုတ်လို့မရတော့ပေ။
“မင်းရဲ့ဆေဘာကို သုံးစမ်းပါ”
ယန်ပေးချန်က အေးစက်စွာ ပြောလိုက်၏။
“မဟုတ်ရင်တော့.. သေပေတော့”
မိစ္ဆာဂိုဏ်းမှ အဆူရာ၏ သတ်ဖြတ်လိုစိတ်ကို မည်သူမှ မေးခွန်းမထုတ်နိုင်ပေ။
ကမ္ဘာပေါ်မှာ သူ မသတ်ရဲသည့်သူ တစ်ယောက်မှမရှိဟု ထုတ်ဖော်ပြောခဲ့ပြီးသားဖြစ်၏။
အဆူရာတစ်ယောက်က သတ်ဖြတ်ဖို့အတွက် အကြောင်းပြချက် မလိုပေ။
ယန်ပေးချန်၏ တိုက်ခိုက်မှုသည် အဆူရာဆေဘာထဲမှ အကွက်များဖြစ်၏။
ဆူဇီမိုသည် မျက်စိမျက်နှာပျက်၍ နှုတ်ထွက်ချင်သော်လည်း သူ့မှာ နောက်ဆုတ်စရာနေရာ မရှိတော့ပေ။
ဆူဇီမိုသည် အသက်ပြင်းပြင်းရှိုက်၍ သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ပြီး သူ့မျက်လုံးကို မှိတ်ချကာ သူ့နှလုံးသားနောက်ကို လိုက်ဖို့ ရွေးချယ်လိုက်၏။ ရုတ်တရက် သူက သူ့ရှေ့ လေဟာနယ်ထဲသို့ ခုတ်ပိုင်းချလိုက်၏။
အဲ့ဒါက တည်ငြိမ်ပင်လယ်ကျမ်းမှ ဝဲကတော့အကွက် ဖြစ်လေသည်။
ထိုခုတ်ချက်ကြောင့် လေဟာနယ်က ဆွဲယူခံလိုက်ရပြီး စိတ်ဝိညာဉ်ချီများက တဝီးဝီးမြည်ကာ ကြီးမားသည့် ဝဲကတော့ကြီးတစ်ခုကို ဖြစ်ပေါ်လာစေ၏။
ယန်ပေးချန်ပေးသည့် ဖိအားအောက်တွင် ဝဲကတော့အကွက်က သက်ရောက်အားအဆင့်သို့ ရောက်ရှိသွား၏။
ဆေဘာက ဗလာနယ်ထဲသို့ ထိုးခုတ်လိုက်ခြင်းဖြစ်သော်လည်း အဲ့ဒါက ဗဟိုခွာ ဆွဲယူအားကို ပိုင်ဆိုင်ထားပြီး ယန်ပေးချန်၏ ဆေဘာနည်းစနစ်မှ ဖောက်ထွက်ပြီးသား ဖြစ်သွား၏။
အစက မမြင်နိုင်သော ဆေဘာက အခုအခါ ပေါ်လာလေသည်။
ဆေဘာနှစ်လက်က တစ်ဖန် ပြန်တိုက်မိသွားကြပြီး ထိတွေ့မှုတစ်ချက်မှာ နောက်ပြန်ရုတ်သွားကြ၏။
ယန်ပေးချန်၏ မျက်လုံးထဲတွင် ချီးကျူးလိုသည့် အရိပ်အယောင်က မသိမသာ ပေါ်သွား၏။
“ဆက်လုပ်ထား”
သူ့အသံက မည်သည့်ခံစားချက်မှ မပါဘဲ အေးစက်နေ၏။
တည်ငြိမ်ပင်လယ်သည် ဆေဘာဧကရာဇ်က ပင်လယ်ကမ်းစပ်မှာနေရင်း နားလည်သဘောပေါက်ခဲ့သော နည်းစနစ်တစ်ခုဖြစ်၏။ မာကြောမှုမှာဖြစ်စေ၊ ပျော့ပျောင်းမှုမှာဖြစ်စေ.. အဲ့ဒါက အဆူရာဆေဘာနှင့် မတူဘဲ ခမ်းနားထည်ဝါ၍ စီးပိုးမှု ရှိလေသည်။
အဆူရာဆေဘာက သတ်ဖြတ်ဖို့သက်သက်အတွက် ဖန်တီးထားသော နည်းစနစ်တစ်ခုဖြစ်ပြီး ၎င်း၏ လှုပ်ရှားပုံတိုင်းက မကောင်းဆိုးဝါးဆန်၍ သေကွင်းသေကွက်ကိုသာ ဦးတည်လေသည်။
မတူညီသော နည်းစနစ်နှစ်ခု၊ တစ်ခုက ဖြောင့်မတ်မှန်ကန်၍ တစ်ခုက နတ်ဆိုးဆန်ပြီး ဆေဘာတာအို၏ ထိပ်တန်းအဆင့်လျှို့ဝှက်အတတ်များ ဖြစ်ကြ၏။
ယန်ပေးချန်က ဆက်တိုက် တိုက်ခိုက်နေပြီး သူ၏ တိုက်ခိုက်မှုရှုထောင့်များက လှည့်စားလွန်း၏။
တိုက်ခိုက်မှုတစ်ခုစီတိုင်းက အဆုံးမဲ့ စိတ်ကူးစိတ်သန်းများနှင့် ပြည့်နှက်နေပြီး တစ်ဖက်လူကို ပြောစရာစကားမဲ့သွားစေ၏။
ထိုကဲ့သို့သော ဆေဘာနည်းစနစ်နှင့် ရင်ဆိုင်အတွေ့တွင် ဆူဇီမိုသည် ဝဲဂယက်အကွက်ကို သုံး၍ ခုခံနေပြီး နူးညံ့သိမ်မွေ့စွာနှင့် တန်ပြန်တိုက်ခိုက်လိုက်၏။
ပြင်းထန်သည့် ဖိအားအောက်တွင် ဆူဇီမို၏ ဝဲဂယက်က တည်ငြိမ်ရင့်ကျက်လာပြီး ရေမျက်နှာပြင်ထက် ဝဲဂယက်များကြားမှ ဆေဘာအားတစ်ခုက တဖြည်းဖြည်းနှင့် ပေါ်ထွက်လာလေသည်။