ဒီလှိုင်းကျမ်း
Vol. 33 Ch. 490
ခဏနေပြီးနောက် ယန်ပေးချန်က သူ့ဆေဘာကို ရုတ်ကာ မတ်တပ်ရပ်လိုက်၏။
ဆူဇီမိုလည်း စိတ်သက်သာရာရကာ သက်ပြင်းချ၍ သူ့မျက်လုံးထဲမှာ ဝမ်းသာမှုက ထင်ဟပ်လာ၏။
သူသည် တည်ငြိမ်ပင်လယ်၏ နောက်ဆုံးအကွက်ကို မထုတ်ဖော်နိုင်သေးသော်လည်း အခြားလေးကွက်တွင် သက်ရောက်အားအဆင့်ကို နားလည်သဘောပေါက်နိုင်ခဲ့၏။
အဲ့ဒါတွေအားလုံးက ယန်ပေးချန်ပေးသော ဖိအားကြောင့်.. သူသည် အဲ့ဒါကို အလွန်လျှင်မြန်စွာ နားလည်နိုင်ခဲ့ခြင်း ဖြစ်လေသည်။
မဟုတ်ပါက သူသည် ဆယ်လေးငါးနှစ် လေ့ကျင့်လျှင်တောင် အခြားအခွင့်အရေးတစ်ခုခုနှင့် မကြုံတွေ့ရဘဲနှင့် ဤအဆင့်ထိ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပေ။
တစ်ကယ်တော့ ဆူဇီမိုကို တစ်ကယ်တမ်း ဝမ်းမြောက်ဝမ်းသာ ဖြစ်စေတာက သူသည် သက်ရောက်အားအဆင့်ကို နားလည်သဘောပေါက်ခဲ့နိုင်သောကြောင့် မဟုတ်ပေ။
ထိုအရာထက်.. သူတို့နှစ်ယောက်က တူညီသော စွမ်းအားအဆင့်မှာဆိုလျှင် ဆေဘာနည်းစနစ်အရာမှာ သူသည် အတိတ်ကာလတုန်းက ထျန်ဟွမ်မြောက်ပိုင်း၏ နံပါတ်တစ်ပြိုင်စံရှားထက် အောက်မကျသောကြောင့် ဖြစ်လေသည်။
ယန်ဘေးချန်သည် ဆေဘာတာအိုမှာ နှစ်ပေါင်းများစွာ နှစ်မြှုပ်ထားခဲ့သော်လည်း ဆူဇီမိုက အရေးနိမ့်ခဲ့ခြင်း မရှိပေ။
“မဆိုးဘူးပဲဟ”
ဆူဇီမိုသည် ချွေးများဖြင့် ရွှဲနစ်နေသော်လည်း အားမာန်တက်ကြွနေ၏။
ယန်ပေးချန်သည် ဆူဇီမို၏ စိတ်ကို ဖတ်နိုင်သည့်အလား သူ့အမူအယာက အေးစက်၍ သူ့အကြည့်က တည်ငြိမ်နေ၏။
“ငါတိုက်ခိုက်တာကို ခုခံနိုင်လို့ မင်းက မင်းကိုယ်မင်း တော်လှချေလို့ ထင်နေတာလား” ယန်ပေးချန်က ထူးမခြားနားပုံစံနှင့် ပြောလိုက်။
ဆူဇီမိုသည် ဆိတ်ဆိတ်သာနေ၏။
စောစောက တိုက်ခိုက်ဖလှယ်မှုတွင် ယန်ပေးချန်သည် သူ့ကို တစ်ချိန်လုံး ဖိအားပေးနေနိုင်ခဲ့သော်လည်း ဆူဇီမိုသည် မည်သည့်ဟာကွက်ကိုမှ မထုတ်ဖော်မိခဲ့ပေ။ ပြောရမည်ဆိုလျှင် တစ်ဖက်လူ၏ အမျိုးမျိုးသော တိုက်ခိုက်မှုအားလုံးကို သူက ခုခံနိုင်ခဲ့လေသည်။
သို့သော်လည်း ယန်ပေးချန်က သူ့စိတ်ကို ဖတ်ပြလိုက်ပြီးနောက် ဆူဇီမိုသည် အဲ့ဒါကို ဝန်ခံဖို့ ရှက်ရွံ့နေလေသည်။
ထိုအချိန်မှာပင် ယန်ပေးချန် နောက်ထပ် ပြောလိုက်သောစကားက ဆူဇီမို၏ ရင်ထဲနင့်ကနဲဖြစ်၍ သူ့တစ်ကိုယ်လုံးကို အေးစက်သွားစေ၏။
“မင်းကိုယ်ကိုလဲ ကြည့်လိုက်ပါဦ”
ယန်ပေးချန်၏ မျက်လုံးများက အထင်သေးမှုဖြင့် တလက်လက်ထနေ၏။
ဆူဇီမိုသည် မျက်မှောက်အနည်းငယ်ကြုတ်၍ သူ့ခေါင်းကို ငုံ့ကြည့်ပြီးနောက် တောင့်ခဲ၍ သူ့သူငယ်အိမ်များက တဆတ်ဆတ်လှုပ်သွား၏။
သူ မသိလိုက်ခင်မှာပင်.. သူ့ရင်အုပ်ရှေ့ အစိမ်းရောင်ဝတ်ရုံပေါ်တွင် ပြတ်ရှရာများက ရှိနေပြီဖြစ်၏။ အဲ့ဒါတွေက သူ့နှလုံးနားတစ်ဝိုက်မှာ ယှက်ဖြာ၍ ‘သေခြင်း’ ဟူသော စာလုံးကြီးကို ဖြစ်ပေါ်နေစေ၏။
“ဒါက..”
ဆူဇီမိုသည် ခြေလက်များ အေးစက်လာ၏။
အဲ့ဒါက တစ်ကယ့်သေခြင်းရှင်ခြင်း တိုက်ပွဲသာဆို.. စောစောက ခဏတဖြုတ် ဖလှယ်မှုတွင် သူက ခြောက်ကြိမ်ထက်မနည်း သေနေလောက်လေပြီ။
ပိုပြီးတော့ ကြောက်စရာကောင်းသည့်အချက်မှာ အဲ့ဒါကို သူက လုံးဝ သတိမထားခဲ့မိခြင်းပင်။
ဆူဇီမိုသည် သေချာတွေးကြည့်လေ.. ပိုပြီးတော့ ထိတ်လန့်လာလေဖြစ်၏။
အဲ့ဒီမှာ စိတ်လွတ်လက်လွတ် တိုက်ခိုက်ရလို့ သူက သားရဲကျင့်စဉ်မှ လှုပ်ရှားမှုနည်းစနစ်များနှင့် သူ့၏ အရှိန်၊ သူ၏ ကြောက်စရာကိုယ်ကာယတို့ကို ထုတ်ဖော်နိုင်ခဲ့လျှင် ဆူဇီမိုသည် ရှုံးချင်မှ ရှုံးပေလိမ့်မည်။
သို့သော်လည်း အနည်းဆုံးတော့ ဆေဘာနည်းစနစ်အရာမှာ သူက အပြတ်အသတ် ရှုံးနိမ့်ခဲ့လေသည်။
ယန်ပေးချန်က သူ့သိုလှောင်အိတ်ကို သပ်၍ နောက်ထပ် ရှေးဟောင်းကျမ်းနှစ်ခုကို ထုတ်ကာ ဆူဇီမိုကို ကမ်းပေးလိုက်၏။
အာရုံစိုက်ကြည့်ပြီးနောက် ဆူဇီမိုသည် အံ့အားတသင့် ရေရွတ်လိုက်မိ၏။
“ဒီလှိုင်းကျမ်း”
ဆေဘာဧကရာဇ်သည် ရှေးဟောင်းတိုက်ပွဲမြေမှာ အမွေအနှစ် နှစ်ခုကို ချန်ထားခဲ့ပြီး တစ်ခုမှာ ဆူဇီမို ရရှိခဲ့သော တည်ငြိမ်ပင်လယ်ကျမ်း ဖြစ်လေသည်။
အခြားတစ်ခုမှာ လွန်ခဲ့သည့် နှစ်တစ်ထောင်က ယန်ပေးချန် ယူသွားခဲ့သော ဒီလှိုင်းကျမ်း ဖြစ်လေသည်။
ယန်ပေးချန်က ပြောလိုက်၏။
“ဒီလှိုင်းကျမ်းက ဆေဘာနည်းစနစ်တစ်ခုတော့ မဟုတ်ဘူး.. ဒါပေမယ့်လို့ အဲ့ဒါက အဆင့်ကိုးဆင့်ပါတဲ့ လျှို့ဝှက်အတတ်တစ်ခုပဲ.. ဆေဘာဧကရာဇ်က ပင်လယ်ကမ်းခြေမှာ ရှိနေတုန်းက ဒီရေအတက်အကျနဲ့ ဒီရေစီးဆင်းပုံတွေကို လေ့လာကြည့်ရှုပြီး အဲ့ဒါကို ဖန်တီးခဲ့တာပဲ.. သူက ဆေဘာတာအိုနဲ့ စကြာဝဠာရဲ့ ကွယ်ဝှက်ထားတဲ့ လျှို့ဝှက်ချက်တွေကို ပညာရပ်တစ်ခုအဖြစ် ပေါင်းစပ်ခဲ့တာပဲ”
“ဒီလှိုင်းကျမ်းနဲ့ တည်ငြိမ်ပင်လယ်ကျမ်းက တစ်ခုကိုတစ်ခု ဖြည့်စွက်ပြီး ပြည့်စုံစေနိုင်တယ်.. ဒီလှိုင်းကျမ်းကို ကျင့်ကြံပြီးရင် မင်းက ဒီရေရဲ့စွမ်းအားကို အသုံးချနိုင်လာလိမ့်မယ်.. အဆင့် ၁ မှာဆို မင်းတစ်ကြိမ် တိုက်ခိုက်လိုက်တာနဲ့ အဲ့ဒါက နောက်ထပ်စွမ်းအားအလွှာတစ်ခုကို ဖြစ်လာစေလိမ့်မယ်.. အဲ့ဒါက ဒီရေရဲ့ စွမ်းပကားပဲ”
ဆူဇီမိုသည် နားလည်သလိုလို ရှိလာ၏။
ယန်ပေးချန်က ဆက်ပြော၏။
“ဒီလှိုင်းကျမ်း အဆင့် ၁ မှာဆို မင်းရဲ့ခွန်အားက ၁၀ရာခိုင်နှုန်း တိုးလာတာကို သိရလိမ့်မယ်.. အဆင့် ၂ မှာဆို ၂၀ ရာခိုင်နှုန်း.. အဲ့ဒီ ရာခိုင်နှုန်းတွေကို သွားပြီး အထင်မသေးလိုက်နဲ့နော်.. တစ်ကယ့် တိုက်ပွဲမှာဆို ကွာခြားချက်က အရမ်းသိသာတယ်”
ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွား၏။
သူသည် ဒီလှိုင်းစွမ်းအားကို အဆင့် ၉ ထိ ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် သူ့ခွန်အားက ၉၀ ရာခိုင်နှုန်းထိ တိုးလာမှာဖြစ်ပြီး အဲ့ဒါသည် သူ့ခွန်အားက နှစ်ဆဖြစ်လာတာနှင့် တူလေသည်။ အဲ့လိုဆို သူက အဆင့်တူချင်းကြားမှာ လွှမ်းမိုးခြယ်လှယ်ဖို့ လုံလောက်ပြီ မဟုတ်ပါလား။
“တစ်ကယ်တော့ ဒီလှိုင်းစွမ်းအားရဲ့ အသုံးဝင်ဆုံးအချက်က တည်ငြိမ်ပင်လယ်ကျမ်းရဲ့ ဟာကွက်ကို ဖာထေးပေးနိုင်တာပဲ”
ယန်ပေးချန်က ရှင်းပြ၏။
“မင်းက မင်းရဲ့ ပထမဆုံးလေးကွက်မှာ တော်တော်လေး ကျွမ်းကျင်နေပြီမလား.. ဒါပေမယ့်လို့ မင်းက အကွက်ပြောင်းတဲ့အခါ နူးညံ့သိမ်မွေ့မှုနဲ့ မာကြောခက်ထန်မှုကြား အကူးအပြောင်းမှာ နည်းနည်းလေး နှေးကွေးလေးကန်နေတုန်းပဲ”
“သာမန်ကျင့်ကြံသူတွေဆိုရင်တော့ အဲ့ဒီဟာကွက်ကို မြင်မှာ မဟုတ်ဘူး.. ဒါပေမယ့် တစ်ကယ့်ဆရာကျတဲ့ ပညာရှင်တွေနဲ့ တွေ့ရင်တော့ အဲ့ဒါက မင်းရဲ့အသက်ကိုပါ ခြိမ်းခြောက်နိုင်တယ်”
ရုတ်တရက် ဆူဇီမိုသည် သဘောပေါက်လာ၏။
တစ်ကယ်တော့ သူသည် ထိုဆေဘာနည်းစနစ်ကို လေ့ကျင့်ချိန်ကတည်းက အနည်းငယ် မချော့မမွေ့ဖြစ်နေတာကို သတိထားမိခဲ့၏။
သို့သော်လည်း သူသည် ရှေးဟောင်းတိုက်ပွဲမြေမှာ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ပြိုင်စံရှားများနှင့် တိုက်ခိုက်ချိန်တွင် မည်သူကမှ ထိုဟာကွက်ကို သတိမထားမိခဲ့ကြပေ။ ထိုသို့ဖြင့် ဆူဇီမိုသည် ထိုအချက်ကို အာရုံထပ်မစိုက်ခဲ့တော့ပေ။
ဆူဇီမိုသည် အတော်လေးကို ကျေးဇူးတင်မိသွား၏။
ယန်ပေးချန်က ဒီလှိုင်းကျမ်းကို တွေဝေခြင်းမရှိဘဲ သူ့အား အလွယ်တကူ သင်ပေးလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
“စီနီယာ.. တည်ငြိမ်ပင်လယ်ကျမ်းကို ကျုပ်တစ်ခေါက် သရုပ်ပြ ကစားပြပြီး အဲ့ဒါကို အသေးစိတ် ဖော်ပြပေးပါမယ်”
ဆူဇီမိုတွေးတာက ရိုးရိုးလေးပင်။ ယန်ပေးချန်က သူ့ကို ဒီလှိုင်းကျမ်းပေးခဲ့သည့်အတွက် သူကလည်း ယန်ပေးချန်ကို တည်ငြိမ်ပင်လယ်ကျမ်း ပြန်သင်ပေးချင်လေသည်။
“မလိုပါဘူး”
ယန်ပေးချန်က လက်ကာပြလိုက်၏။
“ငါက အစကထဲက ငါ့တာအိုနဲ့ငါ ရှိပြီးသား.. ငါ့အတွက် တည်ငြိမ်ပင်လယ်ကျမ်းက မက်လောက်စရာ မဟုတ်ဘူး”
ယန်ပေးချန်၏ လေသံတွင် မာန်မာန်ထောင်လွှားမှု တစ်စွန်းတစ်စ ပါလေသည်။
ဆူဇီမိုကလည်း အတင်းလိုက်ပြီး ပြောမနေတော့ဘဲ ဒီလှိုင်းကျမ်းကို ယူလိုက်၏။ ဒုတိယရှေးဟောင်းကျမ်းကို မြင်သောအခါ သူမျက်မှောင်ကြုတ်မိသွား၏။
“အဆူရာဆေဘာလား”
အခြားလျှို့ဝှက်အတတ်က အဆူရာဂိုဏ်း၏ လျှို့ဝှက်ပညာရပ်..အဆူရာဆေဘာ ဖြစ်လေသည်။
“ဒါက..”
ဆူဇီမိုသည် တွေဝေသွား၏။
ဒါကို ပေးတာက ယန်ပေးချန်သည် သူ့ကို အဆူရာဂိုဏ်းထဲ ဝင်စေချင်နေတာများလား။
ဆူဇီမိုသည် ခဏမျှ တွေဝေနေပြီးနောက် အဆူရာဆေဘာကို ပြန်ပေးလိုက်၏။
“ကျုပ် ဆန်းကြယ်တောင်ထွတ်က ထွက်ဖို့ စဉ်းစားမထားလို့.. စီနီယာ အဆူရာဆေဘာကို ကျေးဇူးပြုပြီး ပြန်ယူပေးပါဗျ”
ယန်ပေးချန်က အဲ့ဒါကို ပြန်မယူဘဲ သူ့ကို စိုက်ကြည့်လိုက်၏။
“မင်းက အဆူရာဂိုဏ်းထဲ မဝင်ဘူးဆိုရင်တောင်.. ဒီဆေဘာနည်းစနစ်ကို လေ့ကျင့်လို့ ရတာပဲ”
“အဲ့ဒါက .. ကောင်းပါ့မလား”
ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
ပုံမှန်အားဖြင့်ဆိုလျှင် သူတို့က သူတို့ဂိုဏ်းမှ လျှို့ဝှက်ပညာရပ်တစ်ခုကို အပြင်လူတစ်ယောက်အား သင်ပေးမိလျှင် ပြင်းထန်စွာ အပြစ်ပေးခံရတာ သို့်မဟုတ် သေဒဏ်ပေးခံရတာတောင် ဖြစ်နိုင်လေသည်။
“ငါက အဲ့ဒါကို မင်းကို သင်ပေးရဲပါတယ်ဆိုတာတောင် မင်းက မသင်ယူရဲဘူးလို့ ပြောနေတာလား” ယန်ပေးချန်က လှောင်ရယ်လိုက်၏။
ဆူဇီမိုက ဆိတ်ဆိတ်နေ၏။
ရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက သူသည် အတော်လေးကို ပြဿနာရှာလာခဲ့၏။ အဲ့ဒီမှာ သူ မသင်ယူရဲတာ ဘာမှ မရှိပေ။
ဒါ့အပြင် ဆူဇီမိုသည် သည့်အရင်ကတည်းက မိစ္ဆာဂိုဏ်းများမှ နည်းစနစ်များကို မကျင့်ဖူးခဲ့တာတော့ မဟုတ်ပေ။
ကျောက်သားခေါင်းတလားထဲမှာတုန်းက သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ကျင့်ကြံခဲ့ဖူးလေသည်။
ထိုသို့ဖြင့် ဆူဇီမိုသည် ရှေးဟောင်းကျမ်းနှစ်ခုစလုံးကို လက်ခံယူလိုက်၏။
ခဏမျှ ငြိမ်သက်နေပြီးနောက် သူသည် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး မေးလိုက်၏။
“အဆူရာဂိုဏ်းက အလယ်ပိုင်းတိုက်မှာ ရှိတာဆို.. စီနီယာက ဒီကို အချိန်မီ ရောက်လာနိုင်တာ စီနီယာဂူရှီက သတင်းပေးလိုက်လို့များလား”
ယန်ပေးချန်က ဆူဇီမိုကို ထူးဆန်းစွာ စိုက်ကြည့်လိုက်၏။
“ဒီဘက်မျိုးဆက်ရဲ့ စင်ကြယ်အပျိုစင်ကတောင် မင်းကို သူ့ရဲ့ ထောက်တိုင်အဖြစ် ရွေးချယ်ခဲ့တယ်ဆိုတော့..”
ဆူဇီမိုသည် ထိုဝေါဟာရကို ဒုတိယအကြိမ် ထပ်ကြားရခြင်း ဖြစ်လေသည်။
“စင်ကြယ်အပျိုစင်ဂိုဏ်းရဲ့ ထောက်တိုင်ဆိုတာ ဘာအဓိပ္ပါယ်လဲဗျ” ဆူဇီမိုက မနေနိုင်ဘဲ မေးလိုက်မိ၏။
ယန်ပေးချန်က ပြန်မဖြေပေ။
ဆူဇီမိုသည် သူ့ရင်ထဲက သိချင်စိတ်ကို မျိုသိပ်၍ ခဏမျှ တွေးတောပြီးနောက် ထပ်မေးလိုက်၏။
“ဂိုဏ်းတွေအကုန်.. ကျင့်ကြံသူတွေအကုန်.. မဟာကျိုးရဲ့ တော်ဝင်မိသားစုကတောင် စုန်းမျိုးနွယ်ကို ဘာလို့ အဲ့လောက်ထိ ကြောက်နေကြတာလဲဗျ”
“အဲ့ဒါက လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက ပေါ်ပေါက်ခဲ့တဲ့ ကပ်ဘေးတစ်ခုကနေ အစပြုခဲ့တာပဲ” ယန်ပေးချန်က ထူးမခြားနားလေသံနှင့် ပြန်ပြောလိုက်၏။