← Chapters

မဟာကပ်ဆိုး၏ လျှို့ဝှက်ချက်

Vol. 33 Ch. 491

မဟာကပ်ဆိုး၏ လျှို့ဝှက်ချက်

Vol. 33 Ch. 491

“လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ မြောက်ပိုင်းဒေသမှာ ပဒေသရာဇ်အရှင်တစ်ပါးရှိတယ်.. အဲ့ဒါကတော့ မဟာချွမ်ဧကရာဇ်ပဲ.. သူ့ရဲ့ပိုင်နက်နယ်မြေတွေကို အရမ်းကို ကျယ်ပြန့်ပြီးတော့ အရမ်းကိုလဲ စွမ်းအားကြီးမားတယ်.. ကံဆိုးစွာနဲ့ပဲ မဟာချွမ်ရဲ့အင်ပါယာရဲ့ အလယ်ဗဟို ဂုဏ်ကျက်သရေ ထွန်းတောက်လှတဲ့ မြို့တော်က ညတွင်းချင်းပဲ အပျက်အစီးပုံဘဝကို ပြောင်းလဲသွားခဲ့တယ်”

ယန်ပေးချန်က ဆက်ပြော၏။

“အဲ့ဒါတင် မကဘူး.. မဟာချွမ်အင်ပါယာရဲ့ နယ်မြေထဲမှာ တည်ရှိတဲ့ သူ့ကို ထောက်ကန်ပေးထားတဲ့ ဗုဒ္ဓကျောင်းတောင်ကြီးနှစ်ခုလဲ ဖျက်ဆီးချေမှုန်းခံလိုက်ရတယ်.. လွန်ခဲ့တဲ့နှစ်တစ်ထောင်က ဗုဒ္ဓကျောင်းတော်က ရှစ်ကျောင်းရှိတယ်.. အခုလို ခြောက်ကျောင်းထဲ မဟုတ်ဘူး”

“အ”

ဆူဇီမိုသည် တုန်လှုပ်သွားပြီး အံ့အားတသင့် ရေရွတ်လိုက်မိ၏။

လွန်ခဲ့တဲ့နှစ်တစ်ထောင်က ဗုဒ္ဓကျောင်းတော်က ရှစ်ကျောင်းတောင် ရှိတာတဲ့”

ကပ်ဘေးတစ်ခုက အင်ပါယာတစ်ခုကို အပျက်အစီးပုံဘဝသို့ ကျရောက်သွားစေရုံသာမက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ ထိပ်သီးဂိုဏ်းကြီးနှစ်ဂိုဏ်းကိုတောင် ဖျက်ဆီးသွားခဲ့သည် ဆိုပါလား။

သူက မေးလိုက်မိ၏။

“အဲ့ဒါက ဘယ်လိုကပ်ဘေးမျိုးလဲ.. အဲ့ဒါက စုန်းမျိုးနွယ်နဲ့ ပတ်သတ်နေတာလား”

“မဟုတ်ဘူး”

ယန်ပေးချန်က ခေါင်းခါလိုက်၏။

“အဲ့ဒါက အခြား ကမ္ဘာဦးမျိုးနွယ်တစ်စု.. နဂါးမျိုးနွယ်ပဲ”

ဆူဇီမို၏ ပါးစပ်က အနည်းငယ်ကြောင်အ၍ ပွင့်ဟသွား၏။

နဂါးမျိုးနွယ်လား..

သူတောင်မှ နဂါးမျိုးနွယ်နှင့် ရန်စအနည်းငယ် ရှိခဲ့ဖူးလေသည်။

ယန်ပေးချန်က ဆက်ပြောလိုက်၏။

“အဲ့တုန်းက ဖြစ်ပျက်ခဲ့တဲ့ ကပ်ဘေးနဲ့ပတ်သတ်ပြီး ကောလဟလတွေကတော့ အမျိုးမျိုးပဲ.. ဒါပေမယ့်လို့ အတိုချုပ်လိုက်ရင်တော့... အဲ့ဒါက နဂါးရိုးတောင်ကြားက နဂါးတစ်ကောင်ကို အမျက်ထွက်သွားစေလို့ပဲ”

“နဂါးရိုးတောင်ကြားလား”

ဆူဇီမိုသည် မျက်မှောင်အနည်းငယ်ကြုတ်၍ ကမ္ဘာဦးအပျက်အစီးနယ်မြေမှာတုန်းက သူမြင်တွေ့ခဲ့ရသော အဆုံးမဲ့ အရိုးဖြူများအကြောင်းကို တွေးမိသွား၏။ အဲ့ဒီမှာ ငွားငွားစွင့်စွင့် မြင့်မားသည့် နဂါးအရိုးစုကြီးတစ်ခုနှင့် လွန်စွာ ရှည်လျားသည့် အရိုးပင်လယ်ကြီးတစ်ခု ရှိလေသည်။

“နဂါးရိုးတောင်ကြားက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ တားမြစ်နယ်မြေကိုးခုထဲက တစ်ခုပဲ” ယန်ပေးချန်က ရှင်းပြလိုက်၏။

“တစ်ကယ်ပဲကိုး”

နဂါးရိုးတောင်ကြားမှာတုန်းက သူကြုံတွေ့ခဲ့ရပုံကို ပြန်လည်စဉ်းစားပြီး ဆူဇီမိုသည် ရင်တလျှပ်လျှပ် ဖြစ်သွား၏။

လျှို့ဝှက်ဆန်းကြယ်သည့် လင်ရွှမ်းကျီကြောင့်သာ မဟုတ်ရင် သူ့မှာအသက်ဆယ်သက် ရှိလျှင်တောင် သူက အဲ့ဒီမှာ သေသွားလောက်လေပြီ။

စောစောက ယန်ပေးချန်ပြောခဲ့သည့် စကားကို သူပြန်အမှတ်ရသွားပြီး တုန်လှုပ်စွာ၊ မယုံကြည်နိုင်စွာဖြင့် မေးလိုက်မိ၏။

“အဲ့ဒါတွေ အကုန်လုံးက နဂါးတစ်ကောင်ထဲကြောင့်လား”

“အမှန်ပဲ”

ယန်ပေးချန်က ခေါင်းညိတ်လိုက်၏။

“အဲ့ဒါက ဘိုးဘေးအဆင့်နတ်နဂါးတစ်ကောင်ပဲ”

ဘိုးဘေးအဆင့်နတ်နဂါးကို ဆူဇီမို မသိမည် စိုးသောကြောင့် ယန်ပေးချန်က ထပ်ပြောလိုက်၏။

“သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက လူသားဧကရာဇ်နဲ့တောင် ယှဉ်လို့ရတယ်”

ဆူဇီမိုသည် မှင်တက်သွား၏။

ခဏနေပြီးနောက် ဆူဇီမိုက ဣန္ဒြေပြန်ဆယ်၍ ဆက်မေးလိုက်၏။

“နဂါးမျိုးနွယ်မှာ ဘိုးဘေးအဆင့်နဂါးက ဘယ်လောက်တောင် ရှိတာလဲ”

“ဘယ်သူမှ မသိကြဘူး”

ယန်ပေးချန်က ပြန်ပြောလိုက်၏။

“ဒါပေမယ့်လို့ ဘိုးဘေးနဂါးတွေက နဂါးမျိုးနွယ်မှာ အသန်မာဆုံး မဟုတ်သေးဘူး.. နဂါးမျိုးနွယ်မှာလည်း နဂါးဧကရာဇ်တစ်ပါးရှိတယ်.. သူ့ရဲ့စွမ်းအားက ဘိုးဘေးနဂါးတွေထက် အပုံကြီးသာတယ်”

ရုတ်တရက် ဆူဇီမိုသည် မွန်းကျပ်လာပြီး ဖိအားတစ်ခု ပိကျလာသလို ခံစားလိုက်ရ၏။

ဘိုးဘေးနဂါးတစ်ကောင်ကတောင် လူသားဧကရာဇ်နှင့် ယှဉ်လို့ရသည်ဆိုလျှင် နဂါးဧကရာဇ်တစ်ပါးသာ ပေါ်ထွန်းလာရင် ဘယ်သူကများ သူ့ကို တားနိုင်ဦးမှာလဲ။

ယန်ပေးချန်က ဆက်ပြော၏။

“ကမ္ဘာဦးမျိုးနွယ်ကိုးစုက မွေးရာပါ သန်မာတဲ့ခွန်အားနဲ့ မွေးလာကြတာ.. အဆင့်တူချင်းမှာဆို သူတို့၏ အခြားမျိုးနွယ်က လူတိုင်းနီးပါးကို ရှင်းပစ်နိုင်တယ်.. သမိုင်းတစ်လျှောက်မှာဆို ဧကရာဇ်တွေက မရေမတွက်နိုင်အောင် ပေါ်ပေါက်ခဲ့ကြတာပဲ.. ဒါပေမယ့် ကမ္ဘာဦးမျိုးနွယ်ကိုးစုက ဧကရာဇ်တွေနဲ့ ယှဉ်နိုင်တဲ့ လူသားမျိုးနွယ်က ဧကရာဇ်က ဆယ်ယောက်ထက် ပိုမရှိခဲ့ဘူး”

ဆူဇီမိုက ဆိတ်ဆိတ်နေ၏။

အဲ့ဒါသည် သူတို့အကြားက ကွာဟချက်ပင်။

လူသားများသည် မွေးကတည်းက အားနည်းခဲ့ကြပြီး အဲ့ဒါက ပြောင်းလဲလို့မရသည့် အချက်တစ်ချက် ဖြစ်လေသည်။

ခဏမျှ ရပ်တန့်ပြီးနောက် ယန်ပေးချန်က ပြောလိုက်၏။

“လူသားတွေက ရှေးဟောင်းစစ်ပွဲမှာ အနိုင်ရခဲ့တာဆိုတာ လူသားဧကရာဇ်ရဲ့ မွေးဖွားလာမှုကြောင့်ပဲ.. သူကတော့ တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့တဲ့ အန္တိမသူရဲကောင်းပဲ.. သူက အခြား ဧကရာဇ်တွေ အကုန်လုံးကို အလဲထိုးချနိုင်ခဲ့တယ်”

လူသားဧကရာဇ်အကြောင်းပြောချိန်တွင်.. ယန်ပေးချန်၏ လေသံထဲတွင် ချီးကျူးအထင်ကြီးမှုနှင့် ဂုဏ်ယူမှုတချို့က ပါလာခဲ့၏။

ထိုနေရာအရောက်တွင်.. ဆူဇီမိုသည် တဖြည်းဖြည်း နားလည်သဘောပေါက်လာ၏။

မဟာကျိုးတော်ဝင်မိသားစု တစ်ကယ်တမ်း ကြောက်ရွံ့သည်က သွေးကျီးကန်းနန်းတော်သခင် မဟုတ်ဘဲ စုန်းမျိုးနွယ်မှ တစ်ကယ့်အစစ်အမှန် ပညာရှင်များကို ဖြစ်လေသည်။

“သွေးကျီးကန်းနန်းတော်သခင်က မသန့်စင်တဲ့မျိုးဆက်သွေးနဲ့ စုန်းမျိုးနွယ်က အဆက်အနွယ်တစ်ယောက်သာသာပဲ.. မဟုတ်ရင် သူ့ရဲ့ တိုက်ခိုက်ရည်က အဲ့လောက်ထိ စုတ်ပြတ်သတ်နေမှာ မဟုတ်ဘူး.. အခုသူ့ရဲ့ ခန္ဓာကိုယ်က ပျက်စီးသွားပြီဆိုတော့ တော်တန်ရုံအချိန်နဲ့ သူက ပြန်ကောင်းလာဦးမှာ မဟုတ်သေးဘူး.. အချိန်အတိုင်းအတာတစ်ခုထိတော့ ဆန်းကြယ်တောင်ထွတ်က အန္တရာယ်ရှိလာမှာ မဟုတ်သေးဘူး.. ဒါပေမယ့်လို့....”

ယန်ပေးချန်က ခဏမျှ ရပ်တန့်ပြီးနောက် ခေါင်းစဉ်ပြောင်းပြောလိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေမှာ မင်းက တော်တော်သောင်းကျန်းခဲ့တာပဲ.. ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက မိစ္ဆာအမွေခံသူကိုသတ်၊ အဆိပ်ဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့အပြင် ဖန်သားနန်းတော်ကိုပါ အနိုင်ယူခဲ့တယ်မလား.. အခုကစပြီး မင်းသတိထားနေမှ ရတော့မယ်”

“ဖန်သားနန်းတော်နဲ့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်းက ထျန်ဟွမ်မြောက်ပိုင်းဒေသမှာ တည်ရှိတာ”

ဆူဇီမိုသည် ရင်ထိတ်သွား၏။

ဖန်သားနန်းတော်နှင့် ဆိုးယုတ်မြေကမ္ဘာဂိုဏ်းတို့က သူ့နောက်ကို တစ်ကယ်စုံစမ်းထောက်လှမ်းမည်ဆိုလျှင် ပေါ်ပေါက်ဖို့က အချိန်တစ်ခုသာ ယူရမည့် ကိစ္စပင်။

သူ့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ ရှေ့ထွက်ခြင်းမရှိဘဲ တံခါးပိတ်ကျင့်ကြံနေဖို့ပင် ဖြစ်လေသည်။

သို့သော်လည်း ဆူဇီမိုအတွက် ပိုပြီးတော့ စိုးရိမ်စရာဖြစ်လာသည်မှာ ဖန်းသားနန်းတော်မှ ဖေးချွန်ယွီက အပြင်းအထန်ဒဏ်ရာရရှိ၍ မြူခိုးတောင်ကြားမှာ ထွက်ပြေးလွတ်မြောက်သွားပြီး သူ့အခြေအနေက မသိရတာပင်။ သူက အသက်ရှင်နိုင်ခဲ့ပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသို့ ပြန်ရောက်လာတာလည်း ဖြစ်နိုင်လေသည်။

ထိုလူက တစ်ကယ်ကို ခြိမ်းခြောက်နိုင်စွမ်း မြင့်မားလေသည်။

သူသည် တတ်နိုင်သမျှ မြန်မြန်သန်မာလာအောင်လုပ်မှ ဖြစ်ပေတော့မည်။

ယန်ပေးချန်သည် လှည့်ထွက်သွားတော့မလို လုပ်ပြီးမှ ခဏမျှ ရပ်တန့်၍ ပြောလိုက်၏။

“မင်းက အန္တိမအခြေတည်အဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ပြီး လူသားဧကရာဇ်ပြီးရင် ဒုတိယဆိုပေမယ့်.. အမြုတေကို မဖွဲ့တည်နိုင်သေးသရွေ့ အကုန်လုံးက အိပ်မက်တစ်ခုသာသာပဲဆိုတာ သဘောပေါက်ထားဖို့လိုတယ်”

အဲ့ဒါသည် ဆန်းကြယ်တောင်ထွတ်နှင့် ထိပ်သီးဂိုဏ်းများအကြားက ကွာခြားချက်ပင်။

ဆန်းကြယ်တောင်ထွတ်တွင် ရွှေအမြုတေအဆင့်များက အကြီးအကဲများ ဖြစ်လာ၏။

သို့သော်လည်း ထိပ်သီးဂိုဏ်းကြီးများမှာ သူတို့က အတွင်းစည်းတပည့်မျှသာ ဖြစ်လေသည်။

ယန်ပေးချန်က ထပ်ပြောလိုက်၏။

“ငါကြားတာ နတ်ဖီးနစ်ကျွန်းကလဲ ပြန်ဝင်စားမွန်းစတားတစ်ယောက်ကို မွေးထုတ်ပေးလိုက်တယ်တဲ့.. မင်းက အန္တိမအခြေတည်အဆင့်ဆိုပေမယ့်လဲ သူနဲ့ ယှဉ်နိုင်ရုံလောက်ပဲ ရှိသေးတယ်”

ဆူဇီမိုက ပြန်မပြောပေ။

နတ်ဖီးနစ်ကျွန်းက ပြန်ဝင်စားမွန်းစတားဆိုသည်မှာ သူပင် ဖြစ်သည်ဆိုတာကို ထုတ်ပြောပြစရာ အကြောင်းမရှိပေ။

“နောက်ပြီးတော့ ရွှေအမြုတေအဆင့်မှာ အမြုတေနယ်မြေတွေက အသန်မာဆုံးနည်းစနစ်တွေ ဆိုပေမယ့်.. အမြုတေနယ်မြေတွေကြားမှာလဲ ခွန်အားကွာဟချက်က အမျိုးမျိုး ရှိသေးတယ်”

ယန်ပေးချန်က ပြော၏။

“မင်း စောစောက ရင်ဆိုင်ခဲ့ရတဲ့ ရွှေအမြုတေနယ်မြေတွေက အဆင့်နိမ့်တွေပဲ.. ရှေးဟောင်းအမြုတေနယ်မြေတွေနဲ့ ရင်ဆိုင်ရရင် အစောပိုင်း-ရွှေအမြုတေတစ်ယောက်ကတောင် မင်းကို သတ်နိုင်တယ်ဆိုတာ မှတ်ထား”

“ရှေးဟောင်းအမြုတေနယ်မြေတွေကို တော်တော်သန်မာတာလား” ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“ရှေးဟောင်းခေတ်က ဧကရာဇ်တွေ၊ စွမ်းအားကြီးပုဂ္ဂိုလ်တွေ၊ မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ အမြုတေနယ်မြေတွေက ခေတ်အဆက်ဆက်ကို ကျော်ဖြတ်လာခဲ့ပြီးတော့ အခုချိန်ထိ မပျက်စီးကျသေးဘူး.. အဲ့ဒါတွေက မရေမတွက်နိုင်တဲ့ အချိန်သဲမြစ်ထဲက ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တွေရဲ့ အမြုတေနယ်မြေတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ စွမ်းအားက အံ့မခန်းဖြစ်နေတာ ပုံမှန်ပါပဲ”

ဆူဇီမိုက ထပ်မေးလိုက်၏။

“နောက်ပိုင်းမျိုးဆက်သွေး ကျင့်ကြံတဲ့ ရွှေအမြုတေနယ်မြေတွေအကုန်လုံးက ရှေးဟောင်းခေတ်က အမြုတေနယ်မြေတွေထက် အားနည်းတာလား”

ယန်ပေးချန်က ခေါင်းခါလိုက်၏။

“အဲ့ဒါက ပြောဖို့ခက်တယ်.. မင်းတို့အခု ကျင့်ကြံနေတဲ့ နည်းစနစ်တွေ အကုန်လုံးက ရှေးလူတွေ သမိုင်းမှတ်တမ်းချန်ထားခဲ့တဲ့ အရာတွေပဲ.. အဲ့ဒါကြောင့် မင်းတို့ကျင့်ကြံတဲ့ အမြုတေနယ်မြေတွေက အတိတ်ကာလက ရှေးဟောင်းအမြုတေနယ်မြေတွေရဲ့ လောင်းရိပ်အောက်ကနေ အလွယ်တကူ ရုန်းမထွက်နိုင်တာ သဘာဝတော့ ကျပါတယ်”

“တစ်ကယ်လို့ မင်းသာ ရှေးဟောင်းအမြုတေနယ်မြေတွေနဲ့ နှိုင်းယှဉ်လို့ ရလောက်တဲ့ စွမ်းပကားကြီးမားတဲ့ အမြုတေနယ်မြေတစ်ခုကို ဖန်တီးနိုင်မယ်ဆိုရင် မင်းက သေချာပေါက် သမိုင်းမှတ်တမ်းဝင်ပြီးတော့ တစ်မူထူးခြားအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ထဲမှာ အမည်ဝင် စာရင်းသွင်းခြင်း ခံရမှာပဲ”

“တစ်မူထူးခြားအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်လား” ဆူဇီမိုသည် အနည်းငယ် ကြောင်အသွား၏။

ယန်ပေးချန်က ပြန်ဖြေပေးလိုက်၏။

“ရှေးဟောင်းတိုက်ပွဲမြေက တည်ဆောက်မှုပုံသဏ္ဌာန် အပိုင်းအစတွေကနေ ဖြစ်ပေါ်လာတယ်ဆိုတာ မင်းသိထားလောက်မှာပေါ့.. သူရဲ့တည်ငြိမ်နိုင်စွမ်းပေါ် မူတည်ပြီးတော့ အဲ့ဒါကို အဆင့်အမျိုးမျိုး ခွဲခြားထားတယ်ဆိုတာကိုလေ”

“အင်း”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။ နတ်ဆိုးမကျိ ပြောပြထားလို့ အဲ့ဒါကို သူသိထားလေသည်။

ယန်ပေးချန်က ဆက်ပြော၏။

“အခြေတည်အဆင့်ကျင့်ကြံသူတွေကို အခြေခံရှေးဟောင်းတိုက်ပွဲမြေကို ပို့ပေးနိုင်ပြီးတော့ အဲ့ဒါက ဆယ်နှစ်တစ်ကြိမ် ဖွင့်နိုင်တယ်.. ဥပစာရှေးဟောင်းတိုက်ပွဲမြေကတော့ ပိုတည်ငြိမ်ပြီးတော့ အဲ့ထဲမှာ ရွှေအမြုတေတွေ ကျင့်ကြံနိုင်တယ်.. သူ့ကိုတော့ နှစ်တစ်ရာမှာ တစ်ကြိမ်ဖွင့်နိုင်တယ်”

“ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာ အလွန်ကို နာမည်ကြီးတဲ့ နတ်ဘုရားအဆင့်သတ်မှတ်ချက်တစ်ခုရှိတယ်.. အဲ့ဒါကတော့ တစ်မူထူးခြားရွှေအမြုတေအဆင့်သတ်မှတ်ချက်ပဲ.. အဲ့ဒီစာရင်းမှာ စုစုပေါင်း နေရာ ၁၀၈နေရာရှိတယ်.. သန်းနဲ့ချီတဲ့ ရွှေအမြုတေတွေက အဲ့စာရင်းမှာ တစ်နေရာဝင်နိုင်ဖို့အတွက် တိုက်ခိုက်ကြလိမ့်မယ်”

“တစ်မူထူးခြားရွှေအမြုတေအဆင့်သတ်မှတ်ချက်မှာ စာရင်းဝင်နိုင်တဲ့သူတွေကိုပဲ ကမ္ဘာကြီးက ပြိုင်စံရှားလို့ ခေါ်ဆိုသမုတ်ကျလိမ့်မယ်”

All Chapters