နတ်ဘုရားစွမ်းအား
Vol. 33 Ch. 492
ယန်ပေးချန်က ပြော၏။
“ရှေးဟောင်းတိုက်ပွဲမြေကနေ ရနိုင်တဲ့ အကျိုးအမြတ်တွေနဲ့ ပတ်သတ်လို့တော့ ငါထပ်ပြီး ချဲ့ကားပြောနေစရာ မလိုတော့ဘူးထင်တယ်.. မင်းရောငါရော အဲ့ကနေ အတော်လေး ရခဲ့ကြတာပဲမလား”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ရှေးဟောင်းတိုက်ပွဲမြေသို့သာ မဝင်ရောက်ခဲ့ရလျှင် အချိန်တိုအတွင်း သူ၏ လက်ရှိ ကျင့်ကြံမှုအဆင့်သို့ ရောက်လာနိုင်စရာ အကြောင်းမရှိပေ။
အင်မော်တယ်လမ်းကြောင်းမှာဖြစ်စေ၊ သားရဲလမ်းကြောင်းမှာဖြစ်စေ.. ဆူဇီမိုက အမြုတေကို ဖွဲ့တည်နိုင်ဖို့ ခြေတစ်လှမ်းစီသာ လိုတော့လေသည်။
ဒါ့အပြင် သူသည် နဝမမြောက် မရီးဒါကို ဖွင့်လှစ်၍ ဒဏ္ဍာရီလာအန္တိမအခြေတည်အဆင့်သို့ပါ တက်လှမ်းနိုင်ခဲ့၏။
ရှေးဟောင်းတိုက်ပွဲမြေကြောင့်သာ မဟုတ်လျှင် သူသည် ရှေးဟောင်းနဂါးအသွင်ပြောင်းကျမ်း၊ မူလစိတ်ဝိညာဉ်လက်နက် ရစ်ခွေနဂါးချိတ်စည်းတို့ကို ရရှိခဲ့မှာ မဟုတ်ပေ။
ဆူဇီမိုသည် အခြေခံရှေးဟောင်းတိုက်ပွဲမြေကနေ အတော်လေး ရိတ်သိမ်းနိုင်ခဲ့လေသည်။
“ဥပစာရှေးဟောင်းတိုက်ပွဲမြေက နှစ်တစ်ရာမှာ တစ်ခုဖွင့်တဲ့အတွက် တစ်မူထူးခြားအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကလည်း နှစ်တစ်ရာမှာတစ်ခါ အသစ်ပြန်ပြင်ဆင်လိမ့်မယ်”
ဆူဇီမိုက ရုတ်တရက် မေးလိုက်၏။
“စီနီယာ.. အဲ့ဒီအချိန်တုန်းက တစ်မူထူးခြားအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ စီနီယာအဆင့်က ဘယ်လောက်လဲဗျ”
“နံပါတ်တစ်”
ယန်ပေးချန်က မှင်သေသေနှင့်ပင် တည်ငြိမ်စွာ ပြောလိုက်၏။
ရုတ်တရက်.. ဆူဇီမိုနှင့် ယန်ပေးချန် နှစ်ယောက်စလုံးသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး လှည့်ကြည့်လိုက်ကြ၏။
တောင်ထွတ်တစ်ခုပေါ်တွင် အင်မော်တယ်ကြိုးကြာအိုကြီးက မတ်တပ်ရပ်နေပြီး သူမ၏ အစိမ်းရောင်ငှက်မွေးများက တဖျပ်ဖျပ်တလက်လကက် တောက်ပ၍ ခြစ်ခြစ်တောက်ပူပြင်းသော မီးတောက်များက ကခုန်နေ၏။ သူမ၏ ခန္ဓာကိုယ်ကလည်း အရင်ကထက် ပိုကြီးလာလေသည်။
သူမ၏ ဦးခေါင်းထက်ရှိ အနီရောင်အမောက်က ကြီးမားသည့် မီးလုံးကြီးတစ်လုံးနှင့် တူလေသည်။
သူမက အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခဲ့လေပြီ။
အင်မော်တယ်ကြိုးကြာအိုကြီးသည် အစကတည်းက မူလနတ္ထိအဆင့်သို့ ရောက်နေပြီးသားဖြစ်၏။ ယခု သူမက အဆင့်ထပ်တက်နိုင်သွားသောကြောင့် အဲ့ဒါက လူသားတွေရဲ့ ကျင့်ကြံမှုအဆင့်မှာဆို ဓမ္မဝိသေသအဆင့်နှင့် တူညီသောအဆင့်သို့ ရောက်ရှိသွားလေပြီ။ သူမသည် ကောင်းကင်နှင့် မြေကြီး၏ ချုပ်နှောင်မှုကို ဖောက်ထွက်၍ သူမ၏ ဘဝသက်တမ်းကို အဆင့်ထပ်မြှင့်နိုင်ခဲ့ပြီ ဖြစ်လေသည်။
သားရဲများ၏ ကျင့်ကြံသည့်နည်းလမ်းများက လူသားများနှင့် အလွန်တရာ ကွဲပြာခြားနားပြီး သူတို့မှာ အစောပိုင်း၊ အလယ်အလတ်နှင့် နောက်ပိုင်းအဆင့်များဟူ၍ ခွဲခြားထားခြင်း မရှိပေ။
ထို့ကြောင့် သားရဲများသည် အဆင့်ကြီးတစ်ဆင့်မှာ အလွန်ကြာမြင့်စွာ တစ်နေတတ်ပြီး နှစ်ရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာထိ အဆင့်တက်လှမ်းနိုင်ခြင်း မရှိဘဲ နေတတ်ကြလေသည်။
သားရဲများ၏ အားသာချက်မှာ သူတို့သည် မွေးကတည်းက သန်မာကြပြီး အဆင့်တူချင်းမှာဆို လူသားများထက် သက်တမ်းပိုကြာရှည်တတ်ကြလေသည်။
ရုတ်တရက်..
အင်မော်တယ်ကြိုးကြာအိုကြီးသည် သူ့မျက်လုံးများကို ဖွင့်၍ ကောင်းကင်ထက်သို့ ဦးခေါင်းကိုမော့ကာ အော်ဟစ်မြည်ကြွေးလိုက်၏။
ထိုအသံက အလွန်တရာ စူးရှကျယ်လောင်ပြီး နယ်မြေတစ်ခွင်လုံးကို ပဲ့တင်ထပ်သွားစေလေသည်။
ဆန်းကြယ်တောင်ထွတ်မှ အလွန်တရာ ကြောက်စရာကောင်းသည့်အော်ရာက ပေါက်ကွဲရုန်းကန်ထွက်ပေါ်လာပြီး အဘက်ဘက်သို့ ဖြန့်ကျက်ထွက်သွား၏။
တောင်ထွတ်ငါးခုက လှုပ်ခါသွား၏။
ရှေးဟောင်းတောကြီးကလည်း လှုပ်ခါသွားပြီး ကီလိုမီတာ ငါးရာပတ်လည်မှာ ရှိကြသော သက်ရှိများအားလုံးသည် မြေပြင်မှာ ပြားပြားဝပ်၍ ကြောက်ရွံ့မှုဖြင့် အသံတိတ်ကုန်ကြ၏။
ချက်ချင်းပင် လောကတစ်ခွင်က တိတ်ဆိတ်ကျသွား၏။
ဆန်းကြယ်တောင်ထွတ်ပတ်လည်တွင် လေများတောင် ငြိမ်ကျသွားပြီး လွင့်မျောနေသော တိမ်စိုင်များက ရပ်တန့်သွား၏။
ယန်ပေးချန်၏ သူငယ်အိမ်ထဲ အနည်းငယ် တင်းကျပ်သွား၏။
ထိုစွမ်းအားတွင် သူတောင်မှ အနည်းငယ် ရင်ထိတ်သွားမိ၏။
“မွေးရာပါ နတ်ဘုရားစွမ်းအား”
ယန်ပေးချက်သည် အသက်ပြင်းပြင်းရှူ၍ တီးတိုးရေရွတ်လိုက်၏။
“နတ်ဘုရားစွမ်းအားဆိုတာက ဒီလိုမျိုးလား.. တစ်ကယ်ကို စွမ်းအားကြီးပါပေရဲ့”
“နတ်ဘုရားစွမ်းအားဆိုတာ ဘာလဲ”
ဆူဇီမိုက မေးလိုက်မိ၏။
သူသည် နတ်ဘုရားစွမ်းအားဆိုတာကို တစ်ခါမှ မကြားဖူးခဲ့ပေ။
“နတ်ဘုရားစွမ်းအားဆိုတာ စိတ်ဝိညာဉ်အတတ်နဲ့ ဓမ္မအတတ်တွေထက်တောင် ပိုကြောက်ဖို့ကောင်းတဲ့အရာပဲ”
“ရှင်းရှင်းပြောရရင်.. နတ်ဘုရားစွမ်းအားဆိုတာ လူတွေရဲ့ စိတ်ကူးစိတ်သန်းတွေထက်တောင် ကျော်လွန်သွားပြီးတော့ ဒဏ္ဍာရီတွေထဲမှာပဲ ကြားရနိုင်တဲ့ နည်းလမ်းအမျိုးအစားတွေပဲ”
ဆူဇီမိုသည် ကြားရခြင်းမှာ တုန်လှုပ်သွား၏။
ယန်ပေးချန်က ဖြည်းဖြည်းချင်း ဆက်ပြောလိုက်၏။
“တောင်တွေကို မပြီး လကို လိုက်ဖမ်းတာ အဲ့ဒါ နတ်ဘုရာစွမ်းအားပဲ၊ ကောင်းကင်ထက်ကို ကြယ်တွေကို ခူးဆွတ်နိုင်တာကလဲ နတ်ဘုရားစွမ်းအားပဲ၊ ကောင်းကင်ကို မီးတိုက်ပြီးတော့ ပင်လယ်တွေကို ခမ်းခြောက်စေနိုင်တာလဲ နတ်ဘုရားစွမ်းအားပဲ၊ လေနဲ့မိုးကို ဆင့်ခေါ်နိုင်ပြီး ပဲစေ့တွေကို ဖြန့်ကျဲပြီးတော့ စစ်သားတွေကို ဖြစ်ပေါ်စေနိုင်တာ... အဲ့ဒါတွေအကုန်လုံးက နတ်ဘုရားစွမ်းအားတွေပဲ”
ဆူဇီမိုသည် ပါးစပ်ဟ၍ သူ့မျက်လုံးထဲမှာ တုန်လှုပ်မှုက ထွက်ပေါ်နေ၏။
ရုတ်တရက် ဆူဇီမိုသည် နားလည်လိုက်၏။
သူသည် ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ အခုမှ ခြေချမိရုံသာ ရှိသေးလေသည်။
“နတ်ဘုရားစွမ်းအားကို ဘယ်လိုကျင့်ကြံရတာလဲ”
ဆူဇီမိုက စိတ်လှုပ်ရှားစွာ မေးလိုက်၏။
ယန်ပေးချန်က ခေါင်းခါပြီး ပြန်ပြောလိုက်၏။
“မင်းနဲ့ နတ်ဘုရားစွမ်းအားက အဝေးကြီးပဲ.. မူလနတ္ထိအဆင့်တွေကို တာအိုသက်ရှိလို့ခေါ်တယ်.. အဲ့ဒါပြီးရင်တော့ တာအိုအရှင်လို့ ခေါ်ကြတဲ့ ဓမ္မဝိသေသအဆင့်လာတယ်.. အဲ့ဒါပြီးမှ စွမ်းအားကြီးပုဂ္ဂိုလ်များလို့ ခေါ်တဲ့ သမဂ္ဂခန္ဓာအဆင့်ကို ရောက်တယ်.. နောက်ဆုံးကတော့ မျိုးနွယ်စုခေါင်းဆောင်တွေလို့ခေါ်ကြတဲ့ မဟာယာနအဆင့်ပဲ”
“လူတစ်ယောက်က မဟာယာနအဆင့်ကို ရောက်မှပဲ နတ်ဘုရားစွမ်းအားကို ကျင့်ကြံနိုင်လိမ့်မယ်”
ဆူဇီမိုသည် နည်းနည်းတော့ စိတ်ပျက်သွားမိ၏။
သို့သော်လည်း နောက်ထပ် တွေးတောပြီးနောက် သူက မျက်မှောင်ကြုတ်၍ မေးလိုက်မိ၏။
“ဒါပေမယ့်လို့ စီနီယာကြိုးကြာက အခုမှ ဓမ္မဝိသေသအဆင့်နဲ့ ညီတဲ့အဆင့်ကို ရောက်လာတာ မဟုတ်လား.. သူက ဘယ်လိုလုပ်ပြီး နတ်ဘုရားစွမ်းအားကို နားလည်နိုင်ရတာလဲ”
“ဘာလို့လဲဆို သူက သားရဲဖြစ်နေလို့ပဲ”
ယန်ပေးချန်က ပြောပြလိုက်၏။
“မူလနတ္ထိအဆင့်ကို ရောက်ပြီးရင် သားရဲတွေက နောက်ထပ်အဆင့်တစ်ခုတက်တိုင်း နတ်ဘုရားစွမ်းအားတစ်မျိုးကို သိမြင်နာလည်လာလိမ့်မယ်.. သူတို့ရဲ့ မျိုးဆက်သွေးက သန့်စင်လေလေ.. သူတို့သိမြင်နားလည်လာမယ့် နတ်ဘုရားစွမ်းအားက ကြောက်စရာကောင်းလေပဲ”
ရုတ်တရက် ဆူဇီမိုသည် အဲ့ဒီကနေ တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားပြီး သူ့မျက်လုံးက ဝင်းလဲ့လာ၏။
အန္တိမသားရဲနတ်ဆိုးကျင့်စဉ်တွင် စုစုပေါင်း အပိုင်းကိုးပိုင်းပါ၏။ သတ္တမမြောက်အပိုင်းက အမြုတေဖွဲ့တည်ခြင်းဖြစ်ပြီး အဲ့ဒါက လူသားတွေမှာဆို ရွှေအမြုတေအဆင့်နှင့် တူညီလေသည်။ အဋ္ဌမမြောက်အပိုင်း ယင်စိတ်ဝိညာဉ်က နိုးထဝိညာဉ်အဆင့်နှင့်တူပြီး နဝမမြောက်အဆင့် ယန်စိတ်ဝိညာဉ်အပိုင်းက မူလနတ္ထိအဆင့်နှင့် တူညီလေသည်။
အန္တိမသားရဲကျင့်စဉ်မှာ အဲ့ဒါပြီးလျှင် ဘာမှ မရှိတော့ပေ။ အဲ့ဒါကိုပင် ဆူဇီမို နားမလည်နိုင်ခဲ့တာ ဖြစ်၏။
သို့သော် အခုအခါမှာတော့ ယန်စိတ်ဝိညာဉ်အပိုင်းပြီးလျှင် အဲ့ဒီမှာ နောက်ထပ် ကျမ်းတွေ၊ နည်းစနစ်တွေကို မလိုအပ်တော့တာကြောင့်ဆိုတာကို ဆူဇီမို နားလည်လာလေသည်။
သူက အဲ့ဒါပြီးလျှင် နောက်ထပ်အဆင့်ထပ်နိုင်သည်နှင့်အမျှ သူ့ကိုယ်ပိုင် မွေးရာပါ နတ်ဘုရားစွမ်းအားတစ်မျိုးများကို နားလည်လာနိုင်ပေလိမ့်မည်။
“ငါက ငါ့ကံကြွေးကို ဖြတ်တောက်ပြီးသွားပြီ.. ငါသွားတော့မယ်”
ယန်ပေးချန်သည် လေထဲသို့ ခုန်တက်၍ အဝေးတစ်နေရာဆီသို့ ဦးတည်လိုက်၏။
“ချန်လေး”
အင်မော်တယ်ကြိုးကြာအိုကြီးက အလောတကြီး လှမ်းအော်ခေါ်လိုက်၏။
လူငယ်မျိုးဆက်များ၏ မျက်လုံးထဲတွင် ယန်ပေးချန်သည် အေးစက်ပြီး ဖာသိဖာသာနေတတ်သော မွန်းစတားကြီးတစ်ယောက်ဖြစ်လေသည်။
သို့သော်လည်း လွန်ခဲ့သည့်နှစ်တစ်ထောင်ကျော် ဆန်းကြယ်တောင်ထွတ်ကို သူဝင်ရောက်ခဲ့စဉ်က သူသည် ကလေးတစ်ယောက်သာ ဖြစ်လေသည်။
သူက ကြီးပြင်း၍ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာတာကို အင်မော်တယ်ကြိုးကြာအိုကြီးက စောင့်ကြည့်ခဲ့ရ၏။
ယန်ပေးချန်သည် ခဏမျှ ရပ်တန့်သွား၏။ သို့သော် နောက်ကိုတော့ လှည့်မကြည့်ပေ။ ထို့နောက် သူသည် ရှေ့ဆက်သွားပြီး သိပ်မကြာမီ မြင်ကွင်းကနေ ပျောက်ကွယ်သွားလေသည်။
ထိုသည်ကို မြင်သောအခါ ဆူဇီမိုသည် နားလည်သဘောပေါက်လာ၏။
ယန်ပေးချန် ရောက်လာရခြင်းမှာ သူ့ကြောင့်မဟုတ်ဘဲ.. အင်မော်တယ်ကြိုးကြာအိုကြီးကို စိုးရိမ်၍ မသိမသာ လာရောက်ကာကွယ်ပေးခဲ့ခြင်း ဖြစ်လေသည်။
ယန်ပေးချန်၏ စိတ်နေစရိုက်အရ သူက အဲ့ဒါကို သေချာပေါက် ဝန်ခံမှာ မဟုတ်ပေ။
အင်မော်တယ်ကြိုးကြာအိုကြီးသည် ငေးငိုင်နေပြီး သက်ပြင်းချလိုက်၏။
လွန်ခဲ့သည့်နှစ်တစ်ထောင်ကျော်က ယန်ပေးချန်သည် ဆန်းကြယ်တောင်ထွတ်ကို သစ္စာဖောက်၍ မိစ္ဆာဂိုဏ်းဖြစ်သော အဆူရာဂိုဏ်းသို့ ဝင်ရောက်သွားခဲ့ခြင်းမှာ လူတိုင်းမသိသော အကြောင်းရင်းတစ်ရပ် ရှိရဦးမည်ဟု ဆူဇီမိုသည် ရိုးတိုးရိပ်တိတ် ခန့်မှန်းမိလိုက်၏။