တောအုပ်ထဲသို့ မိန်းကလေး နှစ်ယောက်နှင့်အတူ ဝင်ရောက်ခြင်း
Vol. 39 Ch. 577
“အဆိုတော်ဝိုင်၊ ကျွန်မဆီကို လူတစ်ယောက်က ဆက်သွယ်လာတယ် ပြီးတော့ ပြော … ပြောတာက …”
ချန်ရှောင်ယန်သည် အသက်ကို ခက်ခက်ခဲခဲ ရှူနေပြီး စကားကို ရှင်းရှင်းလင်းလင်း မပြောနိုင် ဖြစ်နေ၏။ သူမ ယခုထိ အထိတ်တလန့် ဖြစ်နေသေးမှန်း သိသာလှသည်။
“သူတို့က ကျွန်မကို … Gala နွေဦးပွဲတော်မှာ ပါဝင်ဖို့ ပြောလာတယ်”
“ဂုဏ်ယူပါတယ်”
“ပြီးတော့ သူတို့က ပြောသေးတယ် … ရှင်က ကျွန်မကို ထောက်ခံပေးတာတဲ့ ဟုတ်လားဟင်”
ချန်ရှောင်ယန်က ဆက်မေးလာသည်။
“အဲ့လိုပြောလို့ရပါတယ်”
“ကျွန်…ကျွန်…ကျွန်မ…”
ချန်ရှောင်ယန်သည် စိတ်လှုပ်ရှားမှုကြောင့် စကား အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေပြီး ပြောစရာ စကားမဲ့နေလေသည်။ သူမအသံက ငိုချင်လုနီးပါး ဖြစ်နေသည်ကို ရဲ့လင်းချန် ခံစားမိသွားသည်။
“ဟုတ်ပါပြီ၊ ထားပါ … ဒါက Gala နွေဦးပွဲတော်လေးပဲကို၊ မင်း အဲ့လောက် စိတ်လှုပ်ရှားဖို့ လိုလို့လား”
ရဲ့လင်းချန်က နှစ်သိမ့်လိုက်သည်။
“ဒါ Gala နွေဦးပွဲတော်လေ”
ချန်ရှောင်ယန်က ငိုလာပြီး သူမအသံက ချက်ချင်း အက်ကွဲလာ၏။
“Gala နွေဦးပွဲတော်မှာ ပါဝင်ရတာက ဘဝမှာ ဂုဏ်ယူရမယ့် အရာတစ်ခုပဲ၊ ကျွန်မ … ကျွန်မ Gala နွေဦးပွဲတော်ကို သွားရလိမ့်မယ်လို့ တစ်ခါမှ အိပ်မက် မမက်ရဲခဲ့ဘူး”
“အဲ့ဒါကြောင့် ဘဝက အံ့ဩစရာတွေနဲ့ ပြည့်နေတယ်လို့ ပြောတာပေါ့၊ မင်း အသင့်ပြင်ထားတာ ပိုကောင်းမယ်၊ ပြီးတော့ Gala နွေဦးပွဲတော်မှာ မင်းကိုယ်မင်း အရှက်ရအောင် မလုပ်နဲ့”
ရဲ့လင်းချန်က ရယ်၍ ပြန်ပြောလိုက်သည်။
“အင်း … ကျွန်မ အကောင်းဆုံး လုပ်သွားမှာပါ”
ချန်ရှောင်ယန်က လေးနက်သော လေသံဖြင့် အာမခံလိုက်သည်။
“ရှင်က ကျွန်မကို ဒီလိုအခွင့်အရေးမျိုး လက်ဆောင်ပေးတဲ့အပြင် ကျွန်မအတွက် သီချင်းတောင် ရေးပေးသေးတယ်၊ ကျွန်မ တကယ် ဝမ်းသာပါတယ်၊ ကျေးဇူးပါ …”
လက်ရှိတွင် ချန်ရှောင်ယန်သည် မျက်ရည်လည်ရွှဲ ဖြစ်နေပြီး စကားက အဆက်အစပ်မရှိ ဖြစ်လာသည်။
ယခင်က သူမသည် ကံကြမ္မာက သူမကို မမျှမတ ဆက်ဆံသည်ဟု အမြဲတမ်း တွေးထင်ခဲ့မိသည်။ သူမတွင် ရုပ်ရည်နှင့် အရည်အချင်း ရှိသော်လည်း လူတိုင်း၏ ပစ်မှတ်ထားခြင်း ခံခဲ့ရသည်။ သူတို့အားလုံးက သူမကို အသားယူရန် ကြိုးစားခဲ့ကြသည်။ အစက သူမသည် ကျရှုံးရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ရဲ့လင်းချန်နှင့် သိကျွမ်းခဲ့ရသည်။ ထိုအချိန်မှစ၍ သူမ၏ ကံကြမ္မာက ပြောင်းလဲသွားလေသည်။
ရဲ့လင်းချန်သည် ကံကြမ္မာက သူမအပေါ် ဆောင်ကြဉ်းပေးလာသော အကြီးမားဆုံး အံ့ဩစရာတစ်ခုဟု သူမ ခံစားခဲ့ရသည်။ အချိန်နှင့်အမျှ သူမကမ္ဘာထဲက အမှောင်ထုက လွင့်ပြယ်သွားခဲ့ရသည်။ သူမ အနှစ်သက်ဆုံး သီချင်းမှာ ရဲ့လင်းချန် သူမကို ပထမဆုံး လက်ဆောင်ပေးခဲ့သည် အလင်းအား ရှာဖွေသူ သီချင်း ဖြစ်လေသည်။
“ငါ မင်းနောက်က အလင်းနောက်ကို လိုက်နေတဲ့ အရိပ်လို လိုက်လို့ ရမလား၊ ငါတို့ ခရီးနှင်လို့ ရပါတယ်၊ ငါ ဒီလမ်းမှာ စောင့်နေမယ်၊ မင်း ငါ့ကို ကျော်သွားရင်တောင်မှ ငါ အရေးမစိုက်ဘူး …”
ဖုန်းပြောပြီးနောက် ချန်ရှောင်ယန် သီချင်း ညည်းနေမိသည်။ သူမ သီချင်း ညည်းလေလေ မျက်ရည်များ ပိုကျလာလေလေ ဖြစ်လာသည်။ ထို့နောက် သူမ၏ အကြည့်က ခိုင်မာသော အကြည့်များအဖြစ် ပြောင်းလဲ သွားသည်။ ရဲ့လင်းချန် အပင်ပန်းခံထားရသော အားထုတ်မှုကို သူမ စိတ်ပျက်သွားအောင် မလုပ်သင့်ပါ။
“နောက်တစ်ယောက်ပါလား”
တုန်းမြောင်မြောင်က ရဲ့လင်းချန်ကို အထင်သေးစွာ ကြည့်၍ စိတ်ဆိုးမာန်ဆိုး ပြောလေသည်။
“ရှောင်ယန်၊ Gala နွေဦးပွဲတော်၊ မဟုတ်မှလွဲရော အဲ့ဒီ အနုပညာရှင်လား၊ ရှင်က တော်တော် အပေါင်းအသင်း များတာပဲ”
ဟောင်ယွင်က ရဲ့လင်းချန်ကို ဝေဖန်သော အကြည့်ဖြင့် ကြည့်နေပြီးနောက် အထင်သေးသော အမူအရာ ဖြစ်သွား လေသည်။
“ဟွန့် … အမှိုက်ကောင်”
ရဲ့လင်းချန်က သူ့နှာခေါင်းသူ ပွတ်လိုက်ပြီး သူတို့ကို မသိချင်ယောင် ဆောင်လိုက်သည်။ သူသည် တိတ်တိတ် ဆိတ်ဆိတ် ထရပ်ပြီး တောအုပ်၏ ပိုနက်သော နေရာများသို့ ဝင်သွားသည်။
ဟောင်ယွင်သည် ရဲ့လင်းချန်က နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားသည်ကို မြင်ပြီး ပါးစပ်အဟောင်းသား ဖြစ်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဒီမျာ ရှင် ဘယ်ကို သွားမလို့လဲ”
“ငါ ဟိုဟိုဒီဒီ ထပ်ကြည့်မလို့”
ရဲ့လင်းချန်က အေးအေးလူလူ လက်ဝှေ့ယမ်း၍ ပြန်ပြောလိုက်သည်။
“တောနက်ထဲကို ဝင်မလို့လား”
ဟောင်ယွင်က ထရပ်၍ ချက်ချင်း အနောက်မှ လိုက်သွားသည်။
“ကျွန်မကို ခေါ်ဦးလေ”
“ကျွန်မလဲ လိုက်မယ်”
တုန်းမြောင်မြောင်က တုံ့ဆိုင်းမနေဘဲ အနောက်မှ လိုက်လာ၏။
ချက်ချင်းဆိုသလိုပင် သူမတို့သည် စက္ကန့်ပိုင်းလောက်က ရဲ့လင်းချန်အား အရေးမစိုက်ခဲ့သည့်ကိစ္စကို မေ့သွားလေသည်။
သူတို့သည် စကားတပြောပြောနှင့် တောထဲသို့ ဖြည်းဖြည်းချင်း ဝင်လာကြသည်။
ညတိုင်း ကျွန်း၏ တောနက်ထဲမှ သားရဲဟိန်းသံများ ထွက်ပေါ်လာတတ်သည်။ ထိုနေရာ၌ ဝံပုလွေအုပ်အပြင် အခြားသော သားရဲများလည်း ရှိပုံရသည်။ သို့သော် ရဲ့လင်းချန်က မကြောက်ပေ။ ပုံမှန်အားဖြင့် မိန်းကလေး နှစ်ယောက်သည် လိုက်လေ့လာရဲမှာ မဟုတ်သော်လည်း ရဲ့လင်းချန် အနားမှာ ရှိနေသဖြင့် သူမတို့သည် မဖော်ပြ တတ်သည့် လုံခြုံမှုတစ်မျိုးကို ခံစားမိနေ၏။
ရဲ့လင်းချန်က မိန်းကလေး နှစ်ယောက်ကို ဦးဆောင်၍ အရှေ့မှ သွားသည်။ ဤသို့သော အခြေအနေ၌ မိန်းကလေး တစ်ယောက်သည် လမ်းလျှောက်ရင်း စကားပြောလာကာ ရံဖန်ရံခါ၌ စကားပြော ရပ်သွားကြသည်။ သူမတို့သည် အပြည့်အဝ အံ့အားသင့်နေပြီး မကြာခဏ လမ်းလျှောက်နေရာမှ ရပ်၍ အားလပ်ရက်ခရီး ထွက်လာသကဲ့သို့ ဓာတ်ပုံများ ရိုက်ကြလေသည်။
ကျွန်းသည် တရုတ်နိုင်ငံ၏ တောင်ဘက်ပိုင်းတွင် ရှိသဖြင့် တောတောင် ထူထပ်သော နေရာ ဖြစ်သည်။ ခမ်းနားသော မြင်ကွင်း မဟုတ်သော်လည်း တောင်များက မီတာ သုံးဆယ်၊ လေးဆယ်မျှ မြင့်မားကြသည်။ ထို့အပြင် ၎င်းတို့အားလုံးက ဆက်စပ်နေ၏။ ၎င်းတို့အား ခပ်ဝေးဝေးမှ ကြည့်လျင် ထာဝရ ပြေးလွှားနေသည်ဟု ထင်မှတ်ရသည်။
တောတောင် ထူထပ်သော နေရာများသည် သဘာဝ တောအုပ်များ ရှိသဖြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မသင့်လျော်ပေ။
“ဒါကို ကျွန်းရဲ့ တောင်ကုန်းတွေလို့ ပြောရမယ်”
တောင်ကုန်းများသည် လူသားများ၏ ထိတွေ့ခြင်း မခံထားရသဖြင့် သစ်ရွက်သစ်ကိုင်းများ ပေါများပြီး လမ်းမပေါက်ချေ။ ဘေးပတ်လည်၌ ရှည်လျားသော မြက်ပင်များ၊ သစ်ကိုင်းများနှင့် နွယ်ပင်များနှင့် ပြည့်နေ၏။ ရဲ့လင်းချန်က ရှေ့မှ ဦးဆောင်ပြီး သူ၏ဓားများဖြင့် သစ်ကိုင်းများနှင့် နွယ်ပင်များကို ခုတ်ထွင် ရှင်းလင်းသဖြင့် အနောက်မှ လိုက်လာသော မိန်းကလေး နှစ်ယောက်အတွက် လွယ်ကူသွားလေသည်။
ဝန်ထုပ်ဝန်ပိုး နှစ်ခုကြောင့်သာ မဟုတ်လျင် သူသည် တာဇံ၏ နည်းလမ်းကို သုံး၍ သစ်ပင်များကို ကူးလူးသွားလာ နေလောက်သည်။
“ဒီတောင်ကုန်းမှာ အသီးတွေ တော်တော်များတာပဲ၊ တိရစ္ဆာန်တွေ အများကြီး ရှိတာ မဆန်းတော့ဘူး”
ရဲ့လင်းချန်က လမ်းရှင်းရင်းနှင့် ပြောလိုက်သည်။
*အပင်တွေနဲ့ တိရစ္ဆာန်တွေက တော်တော်လေးကို ကောင်းကောင်း ကြီးထွားနေတာပဲ၊ နိဗ္ဗာန်လို့ မပြောရဘူး*
လမ်းတစ်လျှောက်တွင် သူသည် ဆေးပင်များကို တွေ့ခဲ့ရသည်။ ၎င်းတို့က အဖိုးတန်သည်ဟု သတ်မှတ်၍ မရသော်လည်း တွေ့မြင်နေကြလည်း မဟုတ်ချေ။ အထူးသဖြင့် တောရိုင်း အပင်မျိုးပင်။
သူ နေရာကို ကျိတ်၍ မှတ်သားထားလိုက်သည်။ နောက်တစ်ခါ သူ လာလျင် ဤဆေးပင်များကို သူ၏ ဆေးစိုက်ခင်း ထဲသို့ ရွှေ့ရပေမည်။
“ဒီမှာ တိရစ္ဆာန်တွေ အများကြီး ရှိနေမှာလား”
ဟောင်ယွင်နှင့် တုန်းမြောင်မြောင်က သူတို့ ဘေးပတ်လည်မှ ပတ်ဝန်းကျင်ကို လေ့လာနေသည်။ ရဲ့လင်းချန်က သစ်ပင် တစ်ပင်ကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
“အဲ့ဒါကို ကြည့်လိုက်”
သူ လက်ညှိုးထိုးပြနေသည့် အရပ်၌ သစ်ပင်နောက်မှနေ၍ ခေါင်းလေးတစ်လုံးက ပြူထွက်နေပြီး သူတို့အား စပ်စုနေသည်။
“ဝိုး … ရှဉ့်လေးတစ်ကောင်ပဲ”
“ဒီဘက်မှာရောပဲ၊ ရှဉ့်လေးက သေးလိုက်တာ၊ အရမ်း မြန်တာပဲ”
ရှဉ့်များသည် သူတို့ကို သတိထားမိသွားသဖြင့် ပိုမြင့်သော နေရာသို့ ခပ်မြန်မြန် တက်သွားလေသည်။
မိန်းကလေး နှစ်ယောက်သည် ရှဉ့်တစ်ကောင်ကို ဖမ်း၍ အိမ်၌ မွေးထားလိုသည့်အကြောင်းအား စိတ်လှုပ်ရှားစွာ ပြောနေကြသည်။ ရုတ်တရက်ဆိုသလိုပင် တုန်းမြောင်မြောင်က သူမခြေထောက်နားက မြက်ပင်ပေါ်ရှိ တိရစ္ဆာန်ချေးအချို့ကို သတိထားမိသွားသည်။ သူမ မေးလိုက်သည်။
“ဟင် … ဒါ ယုန်ချေးနဲ့ တူသလိုပဲ၊ ဟုတ်တယ်မလား”
ရဲ့လင်းချန်က တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ ဒါ ယုန်ချေးပဲ၊ ဒီမှာ ယုန်တွေ ရှိတာက မဆန်းပါဘူး၊ အပင်တွေက ပေါပြီး လူလည်း မလာဘူး၊ တောရိုင်း ယုန်တွေနဲ့ ရစ်ငှက်တွေ ပေါမှာ အသေအချာပဲ၊ မင်းတို့ အခုတလော ရစ်ငှက်သားတွေ စားရတယ် ဆိုတာကို မေ့နေတာလား”
“ငါ ဘယ်လိုလုပ် ယုန်သားကို မစားဘူးတာပါလိမ့်”
တုန်းမြောင်မြောင်က မနေနိုင်ဘဲ မေးလိုက်သည်။
“ယုန်တွေက ဉာဏ်ကောင်းပြီး သတိရှိတယ်၊ သူတို့ကို ဖမ်းဖို့က မလွယ်ဘူး”
ရဲ့လင်းချန် ရယ်နေသည်။
“မင်းတို့ တကယ် စားချင်တယ်ဆိုရင် ငါ ရှောင်ချင်နဲ့ ရှောင်ဟွေကို ပြောလိုက်မယ်၊ ဖမ်းဖို့ အရမ်း မခက်ပါဘူး”
“ယုန်လေးတွေက သိပ်ချစ်ဖို့ကောင်းတာ၊ ရှင် သူတို့ကို စားမယ်လို့ ဘယ်လိုတောင် တွေးရဲတာလဲ၊ အချိန်တန်ရင် ကျွန်မကို ခေါ်ဖို့ မမေ့နဲ့နော်”
ဟောင်ယွင်က ချက်ချင်း ပြန်ပြောပြီး သူမပါးစပ်မှ သွားရည်ကို သုတ်လိုက်သည်။
သူတို့ စကားပြောနေစဉ်မှာပင် အရှေ့ ခြုံပုတ်ထဲမှနေ၍ ရစ်ငှက်တစ်ကောင် ပြေးလာသည်နှင့် သူတို့ တိုးသွားကြသည်။
“အာ … ဟူး … ဘာလို့ ထွက်ပြေးတာလဲ မသိဘူး”
ဟောင်ယွင်က ကျယ်လောင်စွာ မှတ်ချက်ချသည်။ ရစ်ငှက်သည် သူတို့၏ ကျယ်လောင်သော စကားသံကို ကြားပြီးနောက် ထွက်ပြေးသွားလေသည်။
“ဒါဆို ရစ်ငှက်တွေက ပျံနိုင်တာပေါ့၊ ဒီလိုဆို ငါတို့ သူ့ကို ဖမ်းလို့ မရဘူး”
တုန်းမြောင်မြောင်သည် ရစ်ငှက်က တောင်ပံကို တဖျပ်ဖျပ်ခတ်၍ ထွက်ပြေးသွားသည်ကို ကြည့်နေသည်။
ရဲ့လင်းချန်၏ အမူအရာက မပြောင်းချေ။
“ဒါ ရစ်ပုငှက်မျိုးပဲ”
“ရစ်ပုငှက်မျိုးက ဘာလဲ”
တုန်းမြောင်မြောင်က မေးလာသဖြင့် ရဲ့လင်းချန်က ပြန်ပြောပြလိုက်သည်။
“အဲ့ဒါက တောင်တွေ၊ ချုံပုတ်တွေ၊ မြက်ခင်းပြင်၊ ဝါးတောအုပ်တွေလို နေရာမျိုးတွေမှာ အဖွဲ့လိုက်နေတဲ့ ငှက်မျိုးပဲ၊ သူတို့က လှရုံတင်မကဘူး၊ အရသာကလဲ သိပ်ကောင်းတယ်၊ သူတို့အသားက နူးညံ့ပြီး သာမန်ကြက်တွေထက် ပိုပြီး အရသာရှိတယ်၊ သူတို့တွေက တောထဲမှာဆို အရသာ အရှိဆုံးပဲ၊ ဒီတောထဲက အကောင်တွေက ဈေးထဲမှာဆို တစ်ကောင်ကို အနည်းဆုံး တစ်ထောင်လောက် ရှိလိမ့်မယ်”
သူ လုံးဝ စိတ်မပျက်မိပါ။
သူ လုံးဝ စိတ်မပျက်မိပါ။ အကယ်၍ သူသာ ဖမ်းချင်လျင် ရစ်ပုငှက် အကောင်တစ်ရာဆိုလျင်တောင်မှ သူ့လက်မှ မလွတ်နိုင်ပေ။ သူတို့ ရှေ့သို့ ဆက်လျှောက်လာကြသည်။ လမ်းသစ် ဖောက်နေရသဖြင့် ခရီး၏ ခက်ခဲမှုက ပိုပိုတိုးလာသည်။ လမ်းတွင် ရှည်လျားလွန်းသော မြက်ပင်များနှင့် ပြည့်နှက်နေသဖြင့် ရဲ့လင်းချန်သည် ရှင်းလင်းရန် တစ်ခဏမျှ ရပ်နေရသည်။ ၎င်းက အထောက်အကူ မဖြစ်ချေ။ သူ့အနောက်မှ နှစ်ယောက်သည်လည်း ပင်ပန်းသော အလုပ်များအတွက် အားကိုး၍ မရနိုင်သည့် အားနည်းသော မိန်းကလေးများ ဖြစ်ကြသည်။
“လူကြီးလူကောင်း ဆန်သလို အစွမ်းအစလဲ ရှိတယ်၊ သူ လျှောက်ပြီး ပရောပရည် နေနိုင်တာ မဆန်းပါဘူး၊ ဆိုးလိုက်တာနော်”
တုန်းမြောင်မြောင်က မနေနိုင်ဘဲ မှတ်ချက်ပြုလေသည်။
ရဲ့လင်းချန်သည် စိတ်ပျက်သလို အကြည့်လွှဲလိုက်ပြီး သူမစကားကို ပြန်သုံး၍ ချေပချင်သော်လည်း သူ့ကိုယ်သူ ပြန်ထိန်းထားလိုက်သည်။
ရဲ့လင်းချန်သည် လမ်းရှင်းရင်းနှင့် ပျားရည်စို့ပန်း၊ ဍရင်ကောက်ပင်နှင့် လက်ဖက်ရိုင်းပင်တစ်ချို့ စသည့် အပင်ကောင်း တစ်ချို့ကို သတိပြုမိခဲ့သည်။ ၎င်းတို့အား သူ၏ ကိုယ်ပိုင်ဥယျာဉ်၌ စိုက်ပျိုးနိုင်ပေသည်။
ပျားရည်စို့ပန်း၌ အေးမြသော အာနိသင်ရှိသည်။ ၎င်းကို ရေနှင့် ရောလိုက်ပါက အေးမြပြီး အဆိပ်ပြေစေနိုင်သော အာနိသင် ရှိသည်။ လက်ဖက်ရိုင်းပင်များကိုလည်း လက်ဖက်အဖြစ် ပြုလုပ်နိုင်ပြီး နောက်ပိုင်းတွင် လက်ဖက် စိုက်ခင်းပင် စိုက်နိုင်လောက်သည်။
၎င်းတို့၌ တန်ဖိုးရှိသရွေ့ ရဲ့လင်းချန်သည် ၎င်းတို့အား သူ၏ စိုက်ခင်းထဲသို့ ပြောင်းရွှေ့မည် ဖြစ်သည်။
“ဝိုး … ဒါ ဂန္ဓမာပန်းတွေပဲ၊ လှပြီးတော့ မွှေးလိုက်တာ”
လမ်းတစ်လျှောက်တွင် မိန်းကလေးနှစ်ယောက်၏ မျက်နှာ၌ အပြုံးက ပျောက်ကွယ်မသွားပေ။ သူတို့သည် ကလေးများကဲ့သို့ ပျော်ရွှင်နေပြီး ခေါင်းငုံ့၍ ဂန္ဓာပန်းကို နမ်းကြသည်။ သူတို့ သဘောကျသောအခါ ဓာတ်ပုံအချို့ ရိုက်ရန်လည်း မမေ့ကြချေ။