← Chapters

တောင်နောက်မှ ရတနာနယ်မြေ

Vol. 39 Ch. 578

တောင်နောက်မှ ရတနာနယ်မြေ

Vol. 39 Ch. 578

“ရဲ့နတ်ဘုရား မလှုပ်နဲ့နော်”

“ဟမ်”

ရဲ့လင်းချန် တစ်ခဏမျှ အံ့ဩသွားသော်လည်း ချက်ချင်းဆိုသလိုပင် နောက်လှည့်၍ ဟောင်ယွင် ဓာတ်ပုံရိုက်ရာ၌ ပူးပေါင်းပေးလေသည်။ သူသည် တောင်ပေါ်မှ စီးဆင်းလာသော စမ်းချောင်းအနီးမှ ထင်းရှူးပင်အောက် တည့်တည့်၌ ရပ်နေခြင်း ဖြစ်သည်။

“ချလပ်”

စမ်းချောင်းလေးသည် တောင်ပေါ်မှ စီးဆင်းလျက်ရှိပြီး လှပသော ရှုခင်းတစ်ခုအား ဖန်တီးလျက်သား ဖြစ်နေ၏။

၎င်းသည် ဓာတ်ပုံပြုပြင်ချက် မလိုဘဲ သဘာဝ၏ လှပသော မြင်ကွင်းအဖြစ် ပြောင်းလဲသွားလေသည်။

“ပြုံးလေ၊ ဟူး … ဒီဘက်ကိုကြည့်၊ ရပြီ … ပြီးပြီ”

ဟောင်ယွင်က ရဲ့လင်းချန်အနားသို့ ပျော်ရွှင်စွာ တိုးသွားပြီး သူမဖုန်းကို ပြလိုက်သည်။

“ဘယ်လိုလဲ၊ ရှင့်ရဲ့ အနုပညာရှင်ဆိုတဲ့ အသွင်အပြင်ကို ကျွန်မ မဖျက်မိဘူး မဟုတ်လား”

ရဲ့လင်းချန်က တစ်ချက်ကြည့်လိုက်ပြီးမှ ရယ်လိုက်သည်။

“ဝိုး … မင်းက ဓာတ်ပုံရိုက်တဲ့နေရာမှာ တော်တော်လေး ကျွမ်းသားပဲ၊ ငါ့ရုပ်ရည်နဲ့ လိုက်တယ်”

သူတို့နှစ်ယောက်က အတော်လေး ကပ်နေပြီး ဟောင်ယွင်က နှာခေါင်းတရှုံ့ရှုံ့ လုပ်လာသည်။ ထို့နောက် ထူးဆန်းသော မျက်နှာ အမူအရာနှင့် ရဲ့လင်းချန်အနားသို့ ပိုးတိုးလာသည်။ သူမကို စိတ်ကြည်နူးသလို ခံစားရစေသည့် ကောင်းမွန်သော ရနံ့တစ်ခုကို သူမ ရနေ၏။

“ရှင် ရေမွှေး သုံးလား”

ဟောင်ယွင်က ရဲ့လင်းချန်ကို ဇဝေဇဝါ ဖြစ်နေသော အကြည့်ဖြင့် ကြည့်လေသည်။

ထိုအခါ တုန်းမြောင်မြောင်ကလည်း အနားသို့ လျှောက်လာပြီး အနံ့ခံကြည့်ပြီးနောက် ချက်ချင်း မျက်နှာ ရဲသွားလေသည်။

“ဒါ ရေမွှေးနံ့ မဟုတ်ဘူး၊ ဘယ်လိုလုပ် ရှင့်လို အရွယ်ရောက်ပြီးသား လူတစ်ယောက်ဆီမှာ ကိုယ်သင်းနံ့ ရှိနေ ရတာလဲ”

သူတို့ ထိုရနံ့ကို သတိထားမိသည်မှာ မကြာသေးပေ။ သို့သော် သူတို့သည် ယခင်က သူ့အနားသို့ တစ်ခါမှ မကပ်ခဲ့ဖူးချေ။ သူတို့ ထိုအနံ့ကို ရသည်နှင့် ၎င်းက ပြောမပြတတ်သော သက်တောင့်သက်သာ ဖြစ်မှုကို ပေးစွမ်း လာသည်။ သူတို့ ထပ်၍ ရနံ့ကို ရှူကြည့်ချင်သဖြင့် ရှက်ရွံ့သလို ခံစားနေရသည်။

ယင်းက မိန်းကလေးတစ်ယောက်၏ ကိုယ်သင်းနံ့ကို ယောက်ျားလေးများ သဘောကျသည်နှင့် အတူတူပင်။ မိန်းကလေးများသည်လည်း ယောက်ျားလေးတစ်ယောက်၏ ကိုယ်သင်းနံ့ကို မတောင့်ခံနိုင်ချေ။

“ဟုတ်လား၊ ဒါ ငါ့ရဲ့ ညှို့ဓာတ်ရနံ့ ထင်တယ်”

ရဲ့လင်းချန်က စနောက်လိုက်သည်။

တကယ်တမ်းတွင် ယင်းက သူ၏ ခန္ဓာကိုယ် တိုးတက်ကြံ့ခိုင်လာခြင်းနှင့် ပတ်သက်လေသည်။ ရေဝိညာဉ် ခန္ဓာကိုယ်နှင့် သစ်သား ဝိညာဉ် ခန္ဓာကိုယ် နှစ်ခုလုံးသည် တစ်မူထူးခြားသော ခန္ဓာကိုယ်များ ဖြစ်ကြသည်။ ယင်းက သူ့တွင် သဘာဝရနံ့ သယ်ဆောင်ထားသကဲ့သို့ ဖြစ်နေ၏။ မျိုးရိုးဗီဇ ပြောင်းလဲခြင်း သီအိုရီအရဆိုလျင် ယင်းက သာမန်လူများအတွက် ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လုပ်ပေးနိုင်ပေသည်။ သူ၏ ကျင့်ကြံခြင်းကိုပါ ထပ်ပေါင်းလိုက် သောအခါ သူ၏ ခန္ဓာကိုယ်က ပြီးပြည့်စုံသော အနေအထား ဖြစ်နေလေသည်။ သူ၏ ခန္ဓာကိုယ်မှ ကောင်းမွန်သော ရနံ့တစ်ခု ထွက်ပေါ်နေသည်က အထူးတဆန်း မဟုတ်တော့ပေ။

“ဖြားယောင်းတဲ့သူ”

တုန်းမြောင်မြောင်က သူ့အား အထင်သေးသော အကြည့်ဖြင့် ကြည့်လာပြန်သည်။ တစ်ခဏကြာသော် သူမသည် ရဲ့လင်းချန်အား စေ့စေ့ကြည့်ရမည်ကို ကြောက်လန့်သလို ခံစားလာရသည်။

သူတို့သည် ရှေ့သို့ ဆက်လျှောက်လာကြပြီးနောက် တောင်ပေါ်သို့ တက်နေသည့် လမ်းတစ်ဝက်၌ နောက်ထပ် စမ်းချောင်းတစ်ခုကို တွေ့ရလေသည်။

ထိုစမ်းချောင်းထဲမှ ရေက သလင်းကျောက်ကဲ့သို့ ကြည်လင်နေ၏။ နွေးထွေးသော နေရောင်ခြည်က စမ်းချောင်း၏ အောက်ခြေမှ သဲနှင့် ကျောက်စရစ်ခဲတို့အပေါ် ကျဆင်းနေသဖြင့် ၎င်းတို့က ကြယ်များကဲ့သို့ တဖိတ်ဖိတ် လင်းလက်နေသည်။

စမ်းချောင်းသည် တောင်ကုန်းအတိုင်း အောက်သို့ စီးဆင်းသွားပြီး ကျောက်ဆောင်များနှင့် ရိုက်ခတ်ကာ သာယာသော အသံတစ်ခု ထွက်ပေါ်နေ၏။

ဘဝ၏ ရုန်းကန်ခြင်း၌ ရဲ့လင်းချန် ပါဝင်ခဲ့စဉ်က ပတ်ဝန်းကျင်သည် ရိုက်ကူးရေးအဖွဲ့ ရွေးချယ်ထားသော နေရာ ဖြစ်သည်။ ယင်းက ကောင်းမွန်သော်လည်း လက်ရှိ သူ ရပ်နေသော နေရာနှင့် ယှဉ်လိုက်လျင် ကွဲပြားမှုကို ချက်ချင်း ပြောနိုင်ပေသည်။ ဤနေရာသည် သူတို့လောကနှင့် ကင်းကွာနေသည့် အစစ်အမှန် သဘာဝ လောက ဖြစ်လေသည်။

“ဝိုး … ရဲ့နတ်ဘုရား လာကြည့်ပါဦး၊ ဒီစမ်းချောင်းမှာ ငါးတွေ အများကြီးပဲ၊ ငါးက ကြီးလိုက်တာ”

စမ်းချောင်းက ကြည်လင်နေသဖြင့် ငါးများ ကူးခတ်နေသည်ကို ဟောင်ယွင် မြင်နေရသည်။

“ဒီမှာရောပဲ၊ ငါးတွေက များလိုက်တာ”

“ဘုရား ဘုရား ဒီကငါးတွေက တစ်ကောင်ကို အနည်းဆုံး တစ်ကီလိုဂရမ်လောက် ရှိမယ်၊ သူတို့က တော်တော် ကြီးတာပဲ”

တုန်းမြောင်မြောင်က ဝင်ပြောလာသည်။

သူတို့၏ အရှေ့မှ ခပ်နိမ့်နိမ့်ချိုင့်တွင်းတစ်ခု ရှိသည်။ ငါးကြီးများက လူ လာသည်ကို သတိထားမိပြီး ငါးပေါက် လေးများကို ဦးဆောင်၍ ကျောက်တုံးလေးများကြား၌ ပုန်းနေကြသည်။

မိန်းကလေး နှစ်ယောက်သည် တက်ကြွနေပြီး ငါးဖမ်းရန်အတွက် ရေထဲသို့ အလွန်အကြူး ခုန်ချချင်နေ၏။

ရဲ့လင်းချန် ရယ်လိုက်ပြီး ဘောင်းဘီကို ခေါက်တင်၍ ရေထဲသို့ ဆင်းလိုက်သည်။

စမ်းချောင်းရေက အေးမြပေသည်။ ရေသည် သူတို့ခြေထောက်ကြားမှ ညင်သာစွာ စီးဆင်းနေပြီး မသိလျင် ခြေထောက် အနှိပ်ခံသလို ခံစားနေရသည်။

သူ့တွင် ဘာလက်နက် ကိရိယာမှ မရှိသော်လည်း သူသည် ကိုယ်ကိုကိုင်း၍ ရေထဲကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ကျောက်တုံးအချို့ကြားထဲသို့ ဆတ်ခနဲ လက်ဆန့်ထုတ်လိုက်လေသည်။

“ဟားဟားဟား တစ်ကောင် မိပြီကွ”

ချက်ချင်းဆိုသလိုပင် သူသည် ငါးကြင်းကြီး တစ်ကောင်ကို မိသွားပြီး လက်ကို ရေထဲမှ ပြန်ထုတ်၍ ငါးကို ကျစ်နေအောင် ဆုပ်ထားသည်။

“ဝိုး … မိုက်လိုက်တာ၊ ရဲ့နတ်ဘုရားလို့ မပြောရဘူး”

ဟောင်ယွင်က ချက်ချင်း အားပေးအော်ဟစ်လေသည်။

တုန်းမြောင်မြောင်သည်လည်း ဖမ်းမိသူက သူမ ဖြစ်နေသကဲ့သို့ ဝမ်းသာနေလေသည်။

“အံ့ဩဖို့ ကောင်းလိုက်တာ၊ ဒါက တကယ့် ငါးကြင်းရိုင်းပဲ၊ လုံးဝ အရသာ ရှိမှာ သေချာတယ်”

ရဲ့လင်းချန် ရယ်လိုက်သည်။

“ဒါပေါ့၊ ညစာအတွက် ဟင်းတစ်မျိုး ထပ်တိုးတာပေါ့၊ ငါ မင်းတို့ မြည်းကြည့်ဖို့အတွက် ငါးကြင်းကို ပဲငံပြာရည်အနောက်နဲ့ နှပ်ပေးမယ်”

“ဟေး…”

ဟောင်ယွင်သည် ဟင်းကောင်း တစ်ပွဲကို ပြောလိုက်သည်နှင့် ချက်ချင်း ပါးချိုင့်များ ပေါ်သည်အထိ ပြုံးလာသည်။ ထို့နောက် သူမက ပြန်မေးသည်။

“ဒါပေမဲ့ ကျွန်မတို့မှာ ငါးကြင်းကို သယ်ဖို့ ဘာမှ မပါဘူးလေ”

“လွယ်ပါတယ်”

ရဲ့လင်းချန်က ပြုံးပြီး လေချွန်လိုက်သည်။

မကြာခင်မှာပင် ခပ်ဝေးဝေးမှ အရာတစ်ခုက သူတို့ထံသို့ မြန်မြန် ပြေးလာနေသည်ကို တွေ့လိုက်ရသည်။

“အာဝူး…”

ထို့နောက် ရှောင်ချင်နှင့် ရှောင်ဟွေတို့က တောထဲမှ ထွက်လာပြီး ရဲ့လင်းချန်ရှေ့သို့ ရောက်လာလေသည်။

“ခြင်းတောင်းတစ်ခု သွားယူလာခဲ့”

ရဲ့လင်းချန်က ရှောင်ဟွေရဲ့ ခေါင်းကို အသာပုတ်၍ ခြေဟန်လက်ဟန် လုပ်ပြလိုက်သည်။

ရှောင်ဟွေက တစ်ချက်အူပြီးနောက် အမိန့်ကို နာခံသကဲ့သို့ လှည့်ပြေးသွားလေသည်။

“ရှင် ရှောင်ဟွေနဲ့ ရှောင်ချင်ကို ဒီလို ဖြစ်အောင် ဘယ်လိုမျိုး လေ့ကျင့်ထားတာလဲ”

တုန်းမြောင်မြောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“သူတို့က အစကတည်းက ဉာဏ်ကောင်းပြီးတော့ လူစကား နားလည်တယ်လေ”

ရဲ့လင်းချန် ခန့်မှန်းကြည့်ရသလောက်ဆိုလျင် ရှောင်ချင်နှင့် ရှောင်ဟွေ၏ ဉာဏ်ရည်က ခြောက်နှစ်ဝန်းကျင် ကလေးတစ်ယောက်၏ မှတ်ဉာဏ်နှင့် ယှဉ်နိုင်လောက်သည်။

“ဝါး … အဲ့လို တိရစ္ဆာန်လေး ရှိတာ ကောင်းလိုက်တာ၊ လုံခြုံပြီးတော့ ဘဝက ပိုလွယ်ကူသွားသလို ခံစားရတယ်”

တုန်းမြောင်မြောင်က အားကျစွာ ပြောလေသည်။ သူမသည် ပြီးခဲ့သော မတော်တဆမှုကြောင့် ယခုထိ စိတ်ဒဏ်ရာ ရနေဆဲ ဖြစ်ကာ စိတ်ထဲ၌ လုံခြုံမှုကို အသည်းအသန် လိုချင်နေမိသည်။

သူတို့သည် တောင်ခြေနှင့် မနီးမဝေး၌ ရှိနေကြသည်။ ရှောင်ဟွေ၏ အရှိန်နှင့်ဆိုလျင် အသွားအပြန်က နာရီဝက်ပင် ကြာမည် မဟုတ်ပေ။ ရဲ့လင်းချန်က အကြုံပြုလိုက်သည်။

“ဒီအချိန်အတွင်း ငါတို့ ဂဏန်းနှိုက်ကြမလား”

“ရတယ်လေ၊ ဒီမှာ ဂဏန်းတွေ ရှိတာလား၊ ဒီည ကောင်းကောင်း စားချင်တယ်”

ဟောင်ယွင်၏ မျက်လုံးများက ဝင်းပသွားပြီး အစားအသောက်အတွက် အမဲလိုက်ချင်သလို ခံစားနေရသည်။

ရဲ့လင်းချန် စမ်းချောင်းထဲ ဆင်းနေသည်ကို ကြည့်ပြီး မိန်းကလေး နှစ်ယောက်က သူမတို့၏ ဘောင်းဘီကို ခေါက်တင်၍ ဖိနပ်များ ချွတ်လိုက်ကြသည်။ ကျောက်စိမ်းသကဲ့သို့ သွယ်လျဖြူဝင်းသော ခြေတံ နှစ်စုံက စမ်းချောင်းထဲသို့ ဆင်းလာကြလေသည်။

ဤမြင်ကွင်းက အလွန်ကို မျက်စိပသာဒ ဖြစ်လှပေသည်။

“ရေက အေးနေတာပဲ”

“တအားအေးတယ်၊ သက်တောင့်သက်သာ ရှိလိုက်တာ”

“ပြီးတော့ ကြည်နေတာပဲ၊ ငါတို့ ဒီရေကို တန်းသောက်လို့တောင် ရမယ် ထင်တယ်၊ ဟီးဟီး”

“တကယ် သောက်လို့ ရတယ်၊ ဒီရေက ဈေးတွေမှာ ရောင်းတဲ့ ရေသန့်တွေထက် အများကြီး ပိုသန့်တယ်”

ရဲ့လင်းချန်က ရယ်ပြီး ရေကို တစ်ငုံ သောက်လိုက်သည်။ ရေသည် သဘာဝအတိုင်း ဖြစ်ရုံသာမက စိတ်ဝိညာဉ် စွမ်းအင်တို့ဖြင့် သန့်စင်ခြင်း ခံထားရသည်။ ရဲ့လင်းချန်တွင် ရေဝိညာဉ် ခန္ဓာကိုယ် ရှိသဖြင့် ဤရေက သာမန်ထက် အရည်အသွေး ပိုကောင်းကြောင်း ခံစားမိနေ၏။

“တကယ်လား”

တုန်းမြောင်မြောင်နှင့် ဟောင်ယွင်တို့ အံ့ဩသွားသော်လည်း ကိုယ်ကိုကိုင်း၍ ရေကိုခပ်ကာ သောက်လိုက်ကြသည်။

“အာ … အရသာ ရှိတာပဲ၊ ရေက အေးပြီး လန်းဆန်းသွားတယ်၊ ရေသန့်ရေ အေးအေးလေးကို သောက်လို့ရသလိုပဲ”

“စမ်းချောင်းရေလိုပါပဲ၊ ပြီးတော့ နည်းနည်းလေး ချိုသလိုပဲ၊ ဒီရေကိုသာ ရေသန့် လုပ်လိုက်ရင် ဘာလုပ်ငန်းစဉ်မှတောင် လိုမှာ မဟုတ်ဘူး၊ လုံးဝ ရောင်းကောင်းမှာ၊ ကျွန်မတို့ ဒါကို ပုံးနဲ့ နည်းနည်း သယ်ရင်ရော”

“ပြန်သယ်စရာ မလိုဘူး၊ တောင်အောက်က စမ်းချောင်းကလဲ အတူတူ နီးပါးပဲ”

ရဲ့လင်းချန်က ပျော်ရွှင်စွာ ပြောလိုက်သည်။

ကျွန်းသည် ညစ်ညမ်းမှု မရှိချေ။ ထို့အပြင် သူ ချထားသော အစီအရင်ကိုပါ ပေါင်းလိုက်သောအခါ စိတ်ဝိညာဉ် စွမ်းအင်က ပို၍ သိပ်သည်းလာပြီး ရေအရည်အသွေးက တိုးတက်ရုံသာလျင် ရှိပေတော့မည်။

လက်ရှိတွင် မိန်းကလေး နှစ်ယောက်သည် စမ်းချောင်းထဲ၌ ဆော့ကစားနေပြီ ဖြစ်သည်။ လေထဲ၌ ရယ်မောသံများနှင့် ပြည့်နေ၏။ သူမတို့၏ ပါးလျလျ အင်္ကျီက ရေကြောင့် ရွှဲနစ်နေကာ လှပသော မြင်ကွင်းတစ်ခု အဖြစ်သို့ ပြောင်းလဲနေသည်။

“အား … အစ်မမြောင်မြောင်၊ ကျွန်မ ကဏန်းတစ်ကောင် မြင်လိုက်တယ်၊ ဒီမှာ ကဏန်း ရှိတယ်၊ မြန်မြန် လာပါဦး၊ ကျွန်မ မဖမ်းရဲဘူး”

“အဲ့မှာ ကဏန်းတွေ ရှိတာလား”

တုန်းမြောင်မြောင်က အသံကြားသည်နှင့် ချက်ချင်း ပြေးလာသည်။

ရဲ့လင်းချန်သည်လည်း လှမ်းကြည့်နေပြီး တုန်းမြောင်မြောင်က ကျောက်တုံးတစ်တုံးအား လှန်လိုက်သည်ကို တွေ့လိုက်ရသည်။

“ဝိုး … ကဏန်းက အကြီးကြီးပဲ”

လက်တစ်ဝါးစာ အရွယ်အစားရှိသည့် နက်ပြောင်နေသော အခွံ ရှိသည့် ကဏန်းတစ်ကောင်အား မြင်နေရသည်။ ၎င်းက ထွက်ပြေးရန် မကြိုးစားဘဲ လက်မများကို မြှောက်၍ ခုခံနေလေသည်။

All Chapters