← Chapters

ရှန်းလင်းချန်။

Vol. 3 Ch. 30

ရှန်းလင်းချန်။

Vol. 3 Ch. 30

ဆယ်ရက်တာအချိန်ကာလသည် လျင်မြန်စွာ ကုန်ဆုံးသွား၏။ မုယွင်ဖေး၊ လီဟေး၊ လင်းဖေးဝူတို့သည် ရှန်ရှန့်ကျုံဂိုဏ်း၏ အတွင်းခန်းတွင် ရပ်နေကြသည်။ သူတို့၏ရှေ့‌တွင် သူတို့၏ဆရာများဖြစ်သည့် ချီမိန်ချွှေရွှယ်နှင့် အခြားအကြီးအကဲများ ရှိနေကြသည်။ တစ်ဖက်တွင် မဟာနတ်ဆိုးရွှမ်ရှသည်လည်း တိတ်ဆိတ်စွာ ရပ်နေ၏။

ကျွီ~

တံခါးပွင့်သံနှင့်အတူ ဝမ်ဖုန်း၏ပုံရိပ်သည် ခန်းမ၏ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”

ဝမ်ဖုန်း ဝင်လာသည်ကိုမြင်သည်နှင့် ချီမိန်ချွှေရွှယ်နှ့င် အခြားသူများအားလုံးသည် လေးစားမှုဖြင့် အရိုအသေပေးနှုတ်ဆက်ကြ၏။

“ရပါပြီ… အရမ်းယဥ်‌ကျေးနေဖို့မလိုဘူး”

ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်းလျက် ကျယ်လောင်စွာပြောခဲ့၏။ ထို့နောက် မုယွင်ဖေးနှင့်တပည့်များကိုကြည့်လိုက်ရာ သူတို့ထံမှ ကြံ့ခိုင်သောကျင့်ကြံမှုအရှိန်အဝါကို ခံစားမိလေသည်။ ဝမ်ဖုန်း၏နှုတ်ခမ်းထောင့်တို့ တွန့်ကွေးသွားလျက် စိတ်ကျေနပ်သည့် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဝမ်ဖုန်း လျှို့ဝှက်စွာ ပေးနေခဲ့သည့်ကျင့်ကြံမှုများကြောင့် ဆယ်ရက်အတွင်းတွင် မုယွင်ဖေးနှင့် အခြားသောတပည့်များ၏ကျင့်ကြံမှုမှာ တစ်ဟုန်ထိုးတိုးတက်သွားခဲ့၏။ မုယွင်ဖေးသည် တော်ဝင်မင်းသားအလယ်အလတ်အဆင့်သို့ တိုးတက်သွားခဲ့ပြီး လီဟေးသည် တော်ဝင်မင်းသားအစောပိုင်းအဆင့်သို့ တိုးတက်သွားခဲ့သည်။ လင်းဖေးဝူ၏ကျင့်ကြံဆင့်သည် အပြောင်းအလဲသို့ဝင်ရောက်ခြင်းအထွတ်အထိပ်အဆင့်သို့ တိုးတက်သွား၏။

ရှန်ရှန့်ကျုံဂိုဏ်း၏တပည့်များသည် ဆယ်ရက်တာကာလအတွင်းတွင် ထိုမျှပမာဏသော ကျင့်ကြံမှုအဆင့်တိုးတက်ခဲ့သည်ကို အပြင်လူများ ကြားသိသွားခဲ့ပါလျှင် အင်ပါယာကြီးသုံးခုလုံး ပွက်လောရိုက်သွားပေမည်။

ယခုအချိန်တွင် မုယွင်ဖေးနှင့် လင်းဖေးဝူသည်လည်း ဝမ်ဖုန်းကို ကြောက်ရွံ့ရိုသေစွာ ကြည့်နေခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ခွင့်ရခဲ့ခြင်းသည် သူတို့အတွက် ကံကောင်းမှုကြီးဖြစ်၏။ ပြန်လည်ဝင်စားသူလီဟေးသည်ပင် ရှန်ရှန့်ကျုံဂိုဏ်းအပေါ်တွင် ကောင်းမွန်‌သည့်အမြင် ရှိလာခဲ့သည်။

ဤဆယ်ရက်အတွင်းတွင် လီဟေးကို ကျူးယုယန်မှ လမ်းညွှန်သင်ကြားပေးခဲ့ရာ နတ်ဘုရား၏အကူအညီကို ရုတ်တရက် ရရှိခဲ့သည်ကဲ့သို့ ခံစားရသည်အထိ လီဟေး၏ကျင့်ကြံမှုသည် တည်ငြိမ်စွာဖြင့် ဖြေးဖြေးချင်း တိုးတက်လာခဲ့ပေသည်။

လီဟေးသည် ဆန်းကြယ်အင်ပါယာအဆင့် ပြန်လည်ဝင်စားသူဖြစ်သော်ငြား သူ၏အထုံပါရမီမှာ ရတနာကြောင့် တိုးတက်ခဲ့ခြင်းဖြစ်ပြီး ရတနာ၏အထောက်အပံ့မရှိပါလျှင် သူ၏ကျင့်ကြံမှုသည် ဆယ်ရက်အတွင်း၌ အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်မှ တော်ဝင်မင်းသားအစောပိုင်းအဆင့်သို့ ထိုးဖောက်တက်လှမ်းရန် မဖြစ်နိုင်သည်ကို လီဟေး သိပါ၏။

၎င်းမှာ ကြီးမားသည့်တက်လှမ်းမှုကြီးဖြစ်သည်။ သို့ဖြစ်ရာ လီဟေး စဉ်းစားနိုင်သည့် တစ်ခုတည်းသော ဖြေရှင်းချက်သည် ဤရှန်ရှန့်ကျုံဂိုဏ်းတွင် သူ,မသိသည့် ထူးခြားသည့်အခြေအနေတစ်ရပ် ဖုံးကွယ်ထားသည်ဟူ၍ဖြစ်သည်။

ထိုခန့်မှန်းချက်သည် လီဟေးကို ရှန်ရှန့်ကျုံဂိုဏ်းအကြောင်း ပို၍ပို၍ စူးစမ်းသိမြင်လိုစိတ် တိုးပွားလာစေခဲ့ပြီး ရှန်ရှန့်ကျုံဂိုဏ်း၏ လျှို့ဝှက်ချက်ကို ရှာဖွေလိုစိတ်များ တိုးပွားလာစေခဲ့သည်။

“သွားကြစို့!”

ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ၏ဩဇာညောင်းသောအသံသည် ခန်းမထဲတွင် လွှမ်းခြုံသွားသည်။

ဝမ်ဖုန်း၏စကားအဆုံးတွင် မဟာနတ်‌ဆိုးရွှမ်ရှသည် လက်တစ်ဖက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်၏။ သို့ဖြင့် ခန်းတစ်ခုလုံးမှာ ရုတ်တရက် အမှောင်ကျသွားခဲ့လျက် ရှန်ရှန့်ကျုံဂိုဏ်းခန်းမထဲတွင် ခမ်းနားထည်ဝါသည့် နဂါးဦးခေါင်းလှေပျံတစ်ခု ပေါ်ထွက်လာခဲ့သည်။

အလွန်ခမ်းနားထည်ဝါလှသည့် နဂါးဦးခေါင်း‌လှေပျံကြီးကို မြင်တွေ့ရသည်တွင် ဝမ်ဖုန်းသည် နှုတ်ခမ်းထောင့်တို့ တွန့်ကွေးတက်သွားလျက် မဟာနတ်ဆိုးရွှမ်ရှကို တစ်ချက်ကြည့်လိုက်သည်။ မဟာနတ်ဆိုးရွှမ်ရှသည် တမင်ရည်ရွယ်၍ ပြဿနာရှာနေခြင်းပေလောဟု ဝမ်ဖုန်း သံသယဝင်မိသွား၏။

ဆယ်ရက်အတွင်းတွင် ဝမ်ဖုန်းသည် ဂိုဏ်းတပည့်များကို နတ်ဆိုးချိပ်ပိတ်ညီလာခံသို့ ခေါ်ဆောင်သွားနိုင်ရန်အတွက် ပျံသန်းနိုင်သည့်ကိရိယာယာဥ်တစ်မျိုး တည်ဆောက်ရန် မဟာနတ်ဆိုးရွှမ်ရှကို ညွှန်ကြားခဲ့သည်။

ဝမ်ဖုန်း အလိုရှိသည်မှာ ခြေချရန်လုံလောက်သည့် ကိရိယာယာဥ်ဖြစ်၏။ ထို့ပြင် မဟာနတ်ဆိုးရွှမ်ရှသည် ကျွမ်းကျင်လက်သမားလည်း မဟုတ်သည်ဖြစ်ရာ ပျံသန်းနိုင်ရုံဖြစ်သည့် ကိရိယာယာဉ်ကိုသာ ပြုလုပ်ထားရန် မျှော်မှန်းခဲ့၏။ သို့သော် မဟာနတ်ဆိုးရွှမ်ရှမှာ ဤသို့သောလူမျိုး ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပါချေ။ သူတို့စီးနင်းရန်အတွက် မဟာနတ်ဆိုးရွှမ်ရှ ပြုလုပ်ပေးထားသည့်ယာဉ်မှာ ပန်းများအပြည့်ဖြင့် အလှဆင်စီခြယ်ထားလေသည်။

ကြောက်မက်ဖွယ်သော၊ ကြီးမြတ်သော၊ ပြေပြစ်သွက်လက်ဟန်ရှိသော၊ ခမ်းနားထည်ဝါသော လှေကိုယ်ထည်ကြီးသည် မသိသူများမြင်တွေ့လျှင် ပျံသန်းနိုင်သည့် ထိပ်တန်းရတနာကြီးတစ်ပါးဟု အထင်မှားကြပေရော့မည်။

“ထားလိုက်ပါတော့လေ… အခုမှတော့ သုံးလိုက်ကြတာပေါ့”

ခမ်းနားထည်ဝါသည့်လှေပျံကြီးကို တည်ဆောက်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝံ့ကြွားနေပုံရသည့် မဟာနတ်ဆိုးရွှမ်ရှ၏မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ဖုန်းမှာ ကူကယ်ရာမဲ့စွာ သက်ပြင်းချမိတော့သည်။

ဝမ်ဖုန်းအနေဖြင့် မဟာနတ်ဆိုးရွှမ်ရှ၏ ထိုမျှသော အမှားအသေးအဖွဲလေးကို အပြစ်မတင်နိုင်ပါချေ။ သို့သော် လူအများအမြင်တွင် မထင်ပေါ်စေရန် ထိန်းသိမ်းနေထိုင်မည့်အစီအစဉ်သည်တော့ အလဟသ ဖြစ်သွားမည်စိုးရ၏။

နဂါးဦးခေါင်းလှေပျံကြီး၏ ပုံပန်းသဏ္ဍာန်အရ အဆင့်အတန်းကို မဆိုထားနှင့် လူပုံအလယ် ပေါ်ထွက်သည်နှင့်တစ်ပြိုင်နက် ၎င်းလှေပျံကြီးမှာ အထက်စီးဆန်လှစွာ လွှမ်းမိုးမှုရှိသော တည်ရှိမှုကြီးဖြစ်ပေမည်။

အရေးအကြီးဆုံးအချက်မှာ နဂါးဦးခေါင်းလှေပျံကြီး၏ အလယ်တည့်တည့်တွင် ရွှေရောင်စာလုံးဖြင့် ရှန်ရှန့်ကျုံဟုရေးထွင်းထားသည့် နာမည်‌ကဗ္မည်းပြားကြီး ‌ရှိနေခြင်းဖြစ်၏။ ထိုကဲ့သို့သော အပြုအမူဖြင့် သွားလိုက်ပါလျှင် အင်ပါယာကြီးသုံးခု၌ မိမိ၏ရှန်ရှန့်ကျုံဂိုဏ်းထက် အင်အားကြီးမားသည့်ဂိုဏ်း မရှိတော့မည်ကို စိုးရိမ်ရသည်။

ဦးခေါင်းကိုခါရမ်းလျက် စိတ်တွင်းမှအတွေးများကို ဖယ်ထုတ်လိုက်ပြီး လှေပျံကြီးပေါ်သို့ ဝမ်ဖုန်း ခြေလှမ်းလိုက်သည်။ ချီမိန်ချွှေရွှယ်နှင့် အခြားအကြီးအကဲများလည်း ဝမ်ဖုန်း၏နောက်မှ တက်လိုက်လာခဲ့သည်။ ပဲ့ထိန်းရန်တာဝန်ယူထားသည့် မဟာနတ်ဆိုးရွှမ်ရှသည် နောက်ဆုံးမှတက်လာခဲ့ပြီး ရွှမ်ရှ၏တော်ဝင်မင်းသားအဆင့်ချီစွမ်းအင်များသည် လှေပျံကြီးတစ်ခုလုံးကို လွှမ်းခြုံသွား၏။ လှေပျံကြီးသည် လေတွင်လွင့်မြောစ,ပြုခဲ့ပြီးနောက်တွင် အသံကျယ်တစ်ခုနှင့်အတူ တိုက်ရိုက်ထွက်ခွာသွားခဲ့သည်။

လှေပျံကြီးသည် အနည်းငယ် အထက်စီးဆန်၏။ အတိအကျပြောရပါလျှင် ပျော့ကွက်ဟူ၍ မရှိချေ။ ပျံသန်းနိုင်သည့်ကိရိယာတစ်ခုထက် များစွာသာလွန်၏။ ၎င်းသည် အလိုအလျောက် ပျံသန်းနိုင်ပေသည်။ ထို့ကြောင့် ဤနဂါးဦးခေါင်း‌ေလှပျံသည် သာမန်ရတနာတစ်ပါး၏တန်ဖိုးနှင့် ညီမျှ၏။ လှေပျံကိုပျံသန်းစေလိုပါက မောင်းနှင်ပေးမည့် စွမ်းအားမြင့်ပုဂ္ဂိုလ်တစ်ဦးသာ လိုအပ်သည်။

ဤခရီးစဉ်တွင် ဝမ်ဖုန်းသည် ယောင်ယွဲ့နှင့် ယန်ရှီစန်းတို့ကို ဂိုဏ်းအားစောင့်ကြပ်ရန် ထားရစ်ခဲ့ပြီး ချီမိန်ချွှေရွှယ်၊ ဧကရီယင်နှင့် ယဲ့ကူချန်တို့ အကြီးအကဲသုံးဦးကို ခေါ်ဆောင်လာခဲ့သည်။

နဂါးဦးခေါင်းလှေပျံ၏ ဦးထိပ်ပိုင်းတွင် ရပ်နေလျက်ဖြင့် အောက်ဘက်မှ လျင်မြန်စွာ ဖြတ်သန်းသွားနေသော တောင်တန်းပုံရိပ်များကို ရှုစားရင်းဖြင့် ဝမ်ဖုန်းမှာ ခံစားချက်တချို့ ‌ဖြစ်ပေါ်လာရသည်။ ဤသည်မှာ ဝမ်ဖုန်း၏ ပထမဆုံးအကြိမ် ရှန်ရှန့်ကျုံဂိုဏ်းမှ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဤတစ်ကြိမ်သည် သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို ယောင်ရီအင်ပါယာတွင်သာမက ‌အင်ပါယာကြီးသုံးခုလုံး၌ပါ သိသာထင်ရှားစေမည့် ခရီးစဉ်ဖြစ်သည်။

အဆိုစကားတစ်ခုရှိ၏။ အပြင်လောကကြီးကို ထွက်မကြည့်ပါလျှင် အရာအားလုံးသည် အံ့အားသင့်ဖွယ်ဖြစ်နေလိမ့်မည်ဟူ၍…။

…..

ရှေးဟောင်းရှန်းကျွယ့်နယ်မြေ၏ ကီလိုမီတာထောင်ပါင်းများစွာသော အကွာအဝေးတွင် ရှန်းလင်းချန်ဟု အမည်ရသည့် မြို့ကြီးတစ်မြို့ရှိသည်။ ရှန်းလင်းချန်မြို့ကြီးကို အင်ပါယာကြီးသုံးခုမှ အတူတကွ တည်ထောင်ထားခြင်းဖြစ်ပြီး ကီလိုမီတာ‌တစ်ထောင်ခန့်မျှ ကျယ်ဝန်း၏။ ၎င်းမှာ ရှန်းကျွယ့်၏အစဉ်အလာအရ အနားယူရန် စီစဉ်ထားရာအရပ်ဖြစ်သည်။

နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ နီးကပ်လာသည်နှင့်အမျှ ဂိုဏ်းများစွာအပြင် ကျင့်ကြံသူများလည်း ရှန်းလင်းချန်သို့ ရောက်လာနေကြပြီဖြစ်သည်။ ယခင်အချိန်များတွင် သက်ဝင်လှုပ်ရှားခြင်းမရှိသည့် ရှန်းလင်းချန်သည် ဤရက်အနည်းငယ်အတွင်းတွင် အလွန်လှုပ်ရှားသက်ဝင်နေလျက် လမ်းများမှာလည်း လူများပြည့်နှက်လို့နေပေသည်။

ရှန်းလင်းချန်၏တည်းခိုခန်းများမှာ လူပြည့်ကုန်ကြလျက် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားမရှိသူများသည် တည်းခိုခန်းများတွင် တည်းခိုခွင့်မရှိချေ။

ယောင်ရီအင်ပါယာကြီးတစ်ခုလုံး၏ အာရုံနိုးကြွားစေခဲ့သည့် အခမ်းအနားကြီးဖြစ်သည့်အလျောက် ကျင့်ကြံသူများစွာသည်လည်း ပျော်ပါးရန် လာရောက်ကြ၏။ ထိုကျင့်ကြံသူများထဲတွင် အခြားအင်ပါယာနှစ်ခုမှ ကျင့်ကြံသူများလည်း ပါဝင်လေသည်။

ဤရှန်းလင်းချန်တွင် တစ်ဦးနှင့်တစ်ဦး ထုတ်ဖော်မပြသော်ငြား လျှို့ဝှက်စွာရန်လိုနေကြသည့် အင်ပါယာသုံးခုမှ ကျင့်ကြံသူများ ရောနှောလျက်ရှိနေကြသည်။ သို့သော် တိုက်ခိုက်လှုပ်ရှားခြင်း မပြုကြဘဲ နားလည်မှုဖြင့် စည်းကမ်းထိန်းသိမ်းကြ၏။

တည်းခိုခန်းတစ်ခု၌ အားကောင်းမောင်းသန်လူကြီးတစ်ယောက်မှ မျှော်လင့်ကြီးစွာဖြင့်ပြော၏။

“ဟုတ်ပဗျာ! ကျွန်တော်‌တော့ အဲဒီ့ထိပ်တန်းဂိုဏ်းကြီးတွေရဲ့ ပုံစံကိုအရမ်းမျှော်လင့်နေပြီ။ အဲဒီ့ထိပ်တန်းကျင့်ကြံသူကြီးတွေက အခုဆို ဘယ်လိုကျင့်ကြံဆင့်တွေ ရှိနေကြပြီလဲမသိဘူး”

“ပြောကြတာတော့ ဖေးယုဂိုဏ်းရဲ့အတွင်းတပည့် ယဲ့ဖုန်းက ဖေးယု‌ယွင်လုံကို အဆင့်ကိုးဆင့်ထိ ကျင့်ကြံပြီးသွားလို့ သူ့ရဲ့စွမ်းအားက ဧကရာဇ်ရဲ့စွမ်းအားနဲ့တောင် ယှဉ်လို့ရနေပြီတဲ့လေ”

“ဟ! သူက အသက်နှစ်ဆယ်ပဲရှိသေးတာကို စွမ်းအားကြီးမြင့်တဲ့ တော်ဝင်မျိုးနွယ်နဲ့ယှဉ်နိုင်ပြီတဲ့လား။ ထိပ်တန်းဂိုဏ်းကြီးဖေးယုဂိုဏ်းရဲ့ အတွင်းတပည့်လို့မပြောရဘူး။ တကယ် ကြောက်ဖို့ကောင်းလောက်အောင် တော်တာပဲ‌ဗျာ”

“ဟုတ်တယ်နော်။ ထျန်းရှင်းဂိုဏ်းရဲ့ကျင့်ကြံသူ လီထျန်းရှင်းကလည်း တော်ဝင်မင်းသားအဆင့်နဲ့ ယှဉ်နိုင်တဲ့စွမ်းအားရှိတယ်လို့ ပြောကြတယ်”

“ဘာရယ်? လီထျန်းရှင်းလည်း နတ်ဆိုးချိပ်ပိတ်ညီလာခံကို တက်မှာလား။ ယောင်ရီအင်ပါယာရဲ့အလှ‌ပဂေး၅ယောက်ထဲက တစ်ယောက်ကို မြင်တွေ့ခွင့်ရမယ်ဆိုတော့ ဒီတစ်ကြိမ်ခရီးကတော့ တကယ့်ကို လာခဲ့ရတာတန်ပါတယ်”

“ပြောကြတာ အိမ်ရှေ့မင်းသားက လီထျန်းရှင်းကြောင့် အတော်လေး စိတ်နှလုံးခုန်လှုပ်သွားခဲ့တယ်‌တဲ့။ အဲ့တော့ မင်းတို့တွေ မျှော်တွေးမနေကြနဲ့တော့”

တည်းခိုခန်းကြီးတစ်ခုလုံးမှာ ဆွေးနွေးပြောဆိုသံများဖြင့် ဆူညံနေ၏။ ကျင့်ကြံသူများအားလုံးမှာ မကြာခင်ကျင်းပမည့် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံကို များစွာမျှော်လင့်နေကြပေသည်။

…..

ကျင့်ကြံသူများစွာတို့ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံအကြောင်း ဆွေးနွေးပြောဆိုနေကြစဉ်တွင် ဖြစ်သည်။

အဖြူရောင်ဝတ်ရုံဖြင့်အမျိုးသမီးတစ်ဦးသည် ရှန်းလင်းချန်မြို့၏အတွင်းဘက်ကျသော ထူးခြားသည့်ခြံဝင်းအတွင်းတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ သူမ၏မျက်လုံးများသည် ကြည်စင်တောက်ပလျက် အသားအရေသည် နှင်းမှုန်လေးများကဲ့သို့ဖြစ်ရာ သူမ၏ကျက်သရေတင့်တယ်လှသော ခန္ဓာကိုယ်မှာ စိတ်အစဉ်ကို ကိုင်လှုပ်နိုင်ပေသည်။ သူမ၏အကြည့်တစ်ချက်ဖြင့် လူကို ကျရှုံးစေနိုင်စွမ်းရှိ၏။

“လောကကြီးက ပန်းပွင့်တွေရဲ့အလှတရားကိုပဲ သိကြတယ်။ အဲဒီ့ပန်းပွင့်တွေက အကိုင်းအခက်တွေကို ဖျက်ဆီးပြီး မြေပြင်ပေါ်ကြွေကျပြီး ပြန်လည်မွေးဖွားလာပြီးတဲ့နောက် ခိုင်ခံ့တဲ့သစ်ပင်ကြီးတစ်ပင် ဖြစ်လာချင်တာကိုတော့ ဘယ်သူမှ မသိကြဘူး”

နူးညံ့သိမ်မွေ့သည့် အသံလေးနှင့်အတူ ထိုအမျိုးသမီး၏ နှစ်လိုဖွယ်လှ‌ပသော မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးမှုအချို့ ထင်ဟပ်နေခဲ့သည်။

“ရှင်းအာ ဘာလို့အိမ်ထဲမဝင်တာလဲ”

မနီးမဝေးမှ အသံထွက်ပေါ်လာ၏။ တာ့အိုဝတ်ရုံဝတ်ဆင်ထားသည့် အမျိုးသမီးသည် အဖြူရောင်ဝတ်ရုံဖြင့် အမျိုးသမီးအား နားလည်ရခက်သောအကြည့်မျိုးဖြင့် ကြည့်‌နေခဲ့သည်။

ထိုအမျိုးသမီး ထွက်ပေါ်လာသည်နှင့် အဖြူရောင်ဝတ်ရုံဖြင့်အမျိုးသမီး၏ မျက်နှာထက်မှ ဝမ်းနည်းရိပ်များမှာ ပျောက်ကွယ်သွားခဲ့ပြီး သူမ၏ပုံစံမှာ ရုတ်ချည်းအေးစက်သွားခဲ့သည်။ သူမ သိမ်မွေ့စွာဖြင့်‌ ပြော၏။

“ရှင်းအာ တစ်ယောက်တည်းနေချင်တယ်။ အဲဒါမှ ရှင်းအာ ဆရာ့အတွက် စိတ်အေးနိုင်မှာ”

“အဓိပ္ပာယ်မရှိတာတွေ! မင်းရဲ့ဆရာအနေနဲ့ ဒီလူအိုကြီးက မင်းကို ဂရုစိုက်ရမှာပုံမှန်ပဲ”

တာ့အိုဝတ်ရုံဖြင့်လှပသည့်အမျိုးသမီးမှ မျက်မှောင်ကြုတ်လျက် ပြော၏။

ထိုစကားအဆုံးတွင် အဖြူရောင်ဝတ်အမျိုးသမီးသည် စကားမဆိုတော့ဘဲ ကောင်းကင်ပြာကြီးကိုသာ ငေးစိုက်ကြည့်နေခဲ့သည်။

“ဒါနဲ့ ရှင်းအာ.. ဒီတစ်ကြိမ် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံကို အင်ပါယာရဲ့အိမ်ရှေ့စံလည်း တက်ရောက်မယ်လို့ကြားတယ်။ အဲဒီ့အခါကျရင် အိမ်ရှေ့မင်းသားကို သေချာနာခံနော်။ လျစ်လျူရှုမိတာမျိုး မဖြစ်စေနဲ့”

တာ့အိုဝတ်ရုံဖြင့်အမျိုးသမီး၏ လှပသည့်မျက်လုံးများတွင် အလင်းတစ်စ ဖြတ်ပြေးသွားခဲ့လျက် ပြုံးရယ်လျက်‌ေပြာခဲ့သည်။

“အဲ့ဒီ့စကားက ရှင်ကိုယ်တိုင်ရဲ့ဆန္ဒလား ဂိုဏ်းချုပ်တစ်ဦးရဲ့ဆန္ဒလား”

တာ့အိုဝတ်ရုံဖြင့်အမျိုးသမီး၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် အဖြူရောင်ဝတ်အမျိုးသမီးမှာ အေးစက်သွားခဲ့ကာ သိမ်မွေ့စွာဖြင့်ပြော၏။ စကားလုံးများသည် ညင်သာမှုရှိသော်ငြား အေးစက်မှုများ ခိုအောင်းနေပေသည်။

“ဒါက ထျန်းရှင်းဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့ဆန္ဒပဲ”

အဖြူရောင်ဝတ်အမျိုးသမီး၏ အမေးစကားအဆုံးတွင် တာ့အိုဝတ်ရုံဖြင့်အမျိုးသမီး၏ စိတ်သဘောထားသည်လည်း ပြောင်းလဲသွားခဲ့ကာ အေးစက်သွားလျက် တည်ကြည်လေးနက်စွာဖြင့် ပြောလာခဲ့၏။

“ဂုဏ်သ‌ေရကြီးမြတ်တဲ့ယောင်ရီအင်ပါယာရဲ့ ထိပ်တန်းဂိုဏ်းဖြစ်တဲ့ ထျန်းရှင်းဂိုဏ်းက အိမ်ရှေ့မင်းသားရဲ့စိတ်ကျေနပ်အရေးပေးမှုကိုရယူဖို့ အမျိုးသမီးဂိုဏ်းတပည့်တွေကို အသုံးချဖို့လိုသေးတာလား”

တာ့အိုဝတ်ရုံဖြင့်အမျိုးသမီး၏စကားအဆုံးတွင် အဖြူရောင်ဝတ်အမျိုးသမီး၏မျက်နှာထက်၌ ဝမ်းနည်းပူဆွေးမှုအချို့ ထင်ဟပ်သွားခဲ့လျက် ထေ့ငေါ့ပြောခဲ့သည်။

“ရဲတင်းလိုက်တာ! မင်း ဆရာကိုဘယ်လိုစကားပြောလိုက်တာလဲ။ ထျန်းရှင်းဂိုဏ်းတပည့်တစ်ယောက်အနေနဲ့ ထျန်းရှင်းဂိုဏ်းရဲ့ လေ့ကျင့်သင်ကြားပေးမှုကို မင်းခံယူခဲ့တယ်။ မင်းကိုယ်မင်း ထျန်းရှင်းဂိုဏ်းအတွက် နှစ်မြှုပ်ထားသင့်တာပဲမဟုတ်လား”

အဖြူရောင်ဝတ်အမျိုးသမီး၏ ကွယ်ဝိုက်ထေ့ငေါ့သောစကားသည် တာ့အိုဝတ်ရုံဖြင့်အမျိုးသမီး၏မျက်နှာကို နီရဲသွားစေသည်။ ‌ဒေါသလှိုင်းရိုက်ခတ်သွားပြီးနောက်တွင် ထိုအမျိုးသမီးသည် အော်ဟစ်ကြိမ်းမောင်းခဲ့လေသည်။

အဖြူရောင်ဝတ်အမျိုးသမီး၏ နက်ရှိုင်းလှသည့်မျက်ဝန်းတစ်နေရာတွင် စိတ်ပျက်မှုအချို့ ထင်ဟပ်သွားခဲ့ပြီး ထပ်မံ၍ စကားမဆိုတော့ချေ။

“ရှင်းအာ ငါတို့ထျန်းရှင်းဂိုဏ်းက ယောင်ရီအင်ပါယာရဲ့ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဆိုပေမယ့် ဧကရာဇ်ကြီးက ငါတို့လိုဂိုဏ်းကြီးတွေကို အမြဲစိုးရိမ်ပူပန်နေခဲ့တယ်ဆိုတာကို မင်းသိထားရမယ်။ နန်းတော်ထဲမှာဆို ဧကရာဇ်ကြီးက ယောင်ရီအင်ပါယာရဲ့ ဂိုဏ်းကြီးတွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုအချို့လုပ်မယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေတယ်။ ငါတို့ထျန်းရှင်းဂိုဏ်းမှာ ကျောထောက်နောက်ခံအင်အားဆိုတာ ရှိတာမဟုတ်ဘူး။ ဘယ်လိုများ အဲဒီ့ဧကရာဇ်ရဲ့ လှုပ်ရှားမှုကို ဟန့်တားနိုင်မှာလဲ”

“ပြီးတော့ မင်းသားက မင်းကိုမေတ္တာသက်ဝင်သွားတယ်ဆိုတာ ငါတို့ထျန်းရှင်းဂိုဏ်းအတွက် ပြီးပြည့်စုံတဲ့အခွင့်အရေးပဲ။ မင်းသာ မင်းသားနဲ့လက်ထပ်နိုင်ရင် ငါတို့ထျန်းရှင်းဂိုဏ်းက တကယ့်ကို မားမားမတ်မတ်ရပ်တည်နိုင်လိမ့်မယ်။ မင်းအနေနဲ့ တခြားဂိုဏ်းတွေမှာဆို ဒီလိုကောင်းမွန်တဲ့အရာကို တောင်းဆိုရင်တောင် ရနိုင်မှာမဟုတ်ဘူး”

စိုးရိမ်ပူပန်မှုအချို့ကို တွေးတောရင်းဖြင့် တာ့အိုဝတ်ရုံဖြင့်အမျိုးသမီးသည် သူမ၏ဒေါသများကိုမြိုသိပ်၍ အဖြူရောင်ဝတ်အမျိုးသမီးအား ခါးသီးစွာပြောခဲ့သည်။

“ဆရာက ဒါကိုကောင်းမွန်တဲ့အရာလို့တွေးတယ်ဆိုရင် ကျေးဇူးပြုပြီး ဆရာကိုယ်တိုင်ပဲ မင်းသားကို စိတ်ကျေနပ်အောင် လုပ်ပေးလိုက်ပါ”

အဖြူရောင်ဝတ်အမျိုးသမီး၏ မျက်လုံးများထဲရှိ စိတ်ပျက်မှုသည် ပို၍အားကောင်းလာခဲ့လျက် အေး‌စက်စွာဖြင့်ပြောခဲ့သည်။

“ရဲတင်းလိုက်တာ! မင်းသားက ဒီဆရာကိုသာ အတွေးရှိခဲ့ရင် မင်းအလှည့်တောင် ရောက်လာခဲ့မှာမဟုတ်ဘူး။ ဒီကိစ္စက ထျန်းရှင်းဂိုဏ်းတစ်ခုလုံးရဲ့ ဆုံးဖြတ်ချက်ပဲ။ မင်းနာခံချင်သည်ဖြစ်စေ မနာခံချင်သည်ဖြစ်စေ နာခံရမယ်”

အဖြူရောင်ဝတ်အမျိုးသမီး၏စကားကြောင့် တာ့အိုဝတ်ရုံဖြင့်အမျိုးသမီးသည် ဒေါသကို ဆက်လက်မြိုသိပ်နိုင်စွမ်းမရှိတော့ဘဲ အော်ဟစ်ကြိမ်းမောင်း၍ လက်ကိုတစ်ချက်ခါလိုက်ပြီးနောက် ထွက်သွားခဲ့သည်။

တာ့အိုဝတ်ရုံဖြင့်အမျိုးသမီး၏ဒေါသသံသည် အဖြူရောင်ဝတ်အမျိုးသမီး၏နားထဲတွင် ပဲ့တင်ထပ်သွားခဲ့လျက် အဖြူရောင်ဝတ်အမျိုးသမီးမှာ တုန်ယင်သွားရသည်။ မျက်နှာထက်တွင်လည်း စိတ်ပျက်အားငယ်သည့်အမူအရာများ ထင်ဟပ်လာခဲ့သည်။

လောကကြီးသည် သူမအား ထျန်းရှင်းဂိုဏ်း၏ အလှပဆုံးသောဂိုဏ်းတပည့် လီထျန်းရှင်းဟုသာ သိထားကြ၏။ သူမမှာ ထိုထျန်းရှင်းဂိုဏ်းဟူသော အကျဉ်းထောင်မှ အချိန်တိုင်း လွတ်မြောက်ချင်နေသည်ကို မည်သူမျှ မသိကြပေ။ သူမသည် သာမန်အမျိုးသမီးတစ်ဦးဖြစ်ရန်သာ ဆန္ဒရှိပါ၏။

သူမအတွက်သည်တော့ ထျန်းရှင်းဂိုဏ်းသည် ခံစားချက်အနည်းငယ်မျှပင်မရှိသည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး ဂုဏ်ဒြပ်ကိုတွယ်ငြိခြင်းကြီးပြီး ညှိနှိုင်းယူ၍မရနိုင်သောနေရာတစ်ခုသာ ဖြစ်ခဲ့သည်။

All Chapters