မြို့ထဲသို့ အဆင့်မြင့်မြင့်ဝင်ရောက်ခြင်း
Vol. 3 Ch. 31
"ရှင်းအာ ၊ မင်းလိုချင်တာကို ငါ့ကိုပြော။ ဒီထျန်းရှင်းဂိုဏ်းက အမှိုက်ဂိုဏ်းတစ်ခုပဲ။ မင်းရော နေမှာလား" အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီး၏ ကိုယ်တွင်းမှ အထက်စီးဆန်ကာ ညှို့ငင်တတ်သည့် အသံထွက်လာခဲ့သည်။
"ဆရာ ၊ ဆရာရဲ့ ခွန်အားနဲ့ဆိုရင် ကျွန်မကို ဒီထျန်းရှင်းဂိုဏ်းကနေ ထွက်လို့ရအောင် ကူညီနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတစ်ယောက်တည်းကို မဟုတ်ဘဲ ကျွန်မရဲ့ မိသားစုတစ်ခုလုံးကို ကာကွယ်ပေးနိုင်မှာလား"
ဤချိုသာသည့် အော်သံကို နားထောင်ပြီး လီထျန်းရှင်းသည် စိတ်မကြည်မလင်ပြုံးပြီး စိတ်မကောင်းစွာပြောခဲ့သည်။
သူမ၏ မိသားစုက အင်အားမကြီးပေ။ သာမာန်မိသားစုလေးတစ်ခုသာဖြစ်ပြီး ထျန်းရှင်းဂိုဏ်း၌ နေထိုင်နေရဆဲဖြစ်သည်။ သူမက ပုန်ကန်သည်နှင့်တစ်ပြိုင်နက် သူမ မိသားစု၏ ကံကြမ္မာက တွေးကြည့်ရန်ပင်မလိုတော့ချေ။
ထိုမိသားစု ၊ သူမ၏ မိဘများနှင့် မောင်နှမများ။ သူတို့ကို ဘယ်လိုလုပ် တာဝန်ယူနိုင်မှာလဲ။
လီထျန်းရှင်း၏ စကားများကိုကြားပြီး လီထျန်းရှင်း၏ ကိုယ်ထဲမှ အသံက ရုတ်တရက်ငြိမ်ကျသွားခဲ့သည်။ သူမက သန်မာပေသည်။ သို့သော်လည်း ယခုတွင် သူမ က ကြွင်းကျန်ရစ်သည့် ဝိဉာဉ်အပိုင်းအစတစ်ခုသာဖြစ်လေသည်။ သူမက လီထျန်းရှင်းတစ်ယောက်တည်းကိုသာ ကာကွယ်ရန်ဆိုပါက အစွမ်းကုန်ကြိုးစားပေမည်။ လီထျန်းရှင်း၏ မိသားစုတစ်ခုလုံးအားကာကွယ်ချင်ပါက သူမ၏ အလုံးစုံသောခွန်အားကို မထုတ်ဖော်နိုင်လျှင် နောက်ပိုင်းတွင် လီထျန်းရှင်းကိုပင် ကာကွယ်နိုင်တော့မည်မဟုတ်ပေ။
ထို့အပြင် မိသားစုတစ်ခုအား တစ်ခဏမျှသာ ကာကွယ်နိုင်ပြီး တစ်ဘဝလုံးမည်သို့ ကာကွယ်ပေးနိုင်ပါမည်နည်း။
"တကယ်လို့ ယောင်ရီအင်ပါယာနဲ့ ထျန်းရှင်းဂိုဏ်းကို မကြောက်တဲ့ ဂိုဏ်းတစ်ဂိုဏ်းရှ်ိရင် ကောင်းမယ်။ ရှင်းအာ မင်း ထျန်းရှင်းဂိုဏ်းကနေတစ်ခါတည်းထွက်ပြီး အဲ့ဒီဂိုဏ်းမှာ ဝင်လို့ရတယ်။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ဘယ်ဂိုဏ်းကမှ ငြင်းမှာမဟုတ်ဘူး"
အချိန်အတော်ကြာတော့ လီထျန်းရှင်း၏ ကိုယ်တွင်းမှ အသံက ထပ်မံ၍ သက်ပြင်းချခဲ့လေသည်။
ဤအသံကိုကြားပြီး လီထျန်းရှင်းသည် စိတ်ဓာတ်ကျသွားပုံပေါ်ကာ ဘာမှမပြောတော့ချေ။ ဒီလိုကိစ္စမျိုး ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
အဓိကအင်ပါယာကြီးသုံးခုအတွင်း၌ စွမ်းအားကြီးသည့် ဂိုဏ်းများစွာရှိသော်လည်း အဓိကအင်ပါယာသုံးခုက စွမ်းအားအကြီးဆုံးဖြစ်သည်။ ထိုအဓိကဂိုဏ်းများသည် အမှန်တကယ်တော့ အဓိကအင်ပါယာကြီးသုံးခု၏ အမြင်အပေါ်တွင် မူတည်ပေသည်။
အင်ပါယာကိုဆန့်ကျင်ပြီး သုတ်သင်ခံရဖို့ တခြားဘယ်ဂိုဏ်းက သတ္တိရှိမှာလဲ။
..........................................
နောက်တစ်နေ့၌။
ရှန်လင်းမြို့၌ရှိသည့် များပြားလှသည့် သမားတော်များသည် ခါတိုင်းလိုပင် တည်းခိုခန်း၌ စုဝေးကာ နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံ၌ ပါဝင်မည့် များပြားလှသည့် ပါရမီရှင်များအကြောင်း ဆွေးနွေးနေကြသည်။
"ကြည့်ပါဦး ၊ အဲ့တာကဘာလဲ" ထိုအခိုက်အတန့်တွင် ရုတ်တရက် အာမေဋိတ်သံတစ်ခုထွက်ပေါ်လာခဲ့ပြီး လမ်းတစ်လျောက်လုံးနီးပါး ပျံ့နှံ့သွားကာ ဆွေးနွေးနေကြသည့် ကျင့်ကြံသူများက ကြားခဲ့ကြသည်။
"ရှူး!"
သူတို့သည် အဝေးက မိုးကောင်းကင်ထက်ရှိ ကြီးမားသည့် သတ္တဝါကြီးအားတွေ့ရပြီး ရုတ်တရက် အေးစက်စက် အသံရှူသံကို ရုတ်တရက်ကြားလိုက်ရသည့်အခါ၌ သမားတော်များအားလုံးက အံ့အားသင့်သွားခဲ့ကြသည်။
ရှန်လင်းမြို့၏ အရှေ့ဘက်တွင် ပျံသန်းနေသည့် ဧရာမလှေကြီးတစ်စင်းထွက်ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်သည့် နဂါးဦးခေါင်းမှ သမားတော်များအား ကြောက်လန့်မှုကို ခံစားရစေသည့် ဖော်မပြနိုင်သည့် စွမ်းအားတစ်ခုထွက်ပေါ်လာခဲ့သည်။
"ဒါက ဘယ်လိုဂိုဏ်းမျိုးလဲဟ? ဒီလောက် ခမ်းနားတဲ့ ပျံသန်းလှေ မျိုးရှိတာလား?"
"အမ်း...အဲ့တာက ရှန်ရှန့်ကျုံဂိုဏ်းလို့ ခေါ်တာထင်တယ်?"
"ငါတို့ ယောင်ရီအင်ပါယာထဲမှာ အဲ့လိုဂိုဏ်းမျိုးရှိတယ်လား?"
"ဒီလိုပျံသန်းလှေရှိပြီး ကိန်းကြီးခမ်းကြီးလုပ်ဝံ့တဲ့သူတွေက အင်ပါယာထဲက ထိပ်တန်းဂိုဏ်းတွေပဲ ဖြစ်ရမယ်။ ပြီးတော့ များပြားလှတဲ့ထိပ်တန်းဂိုဏ်းတွေထဲမှာ အမတဂိုဏ်းတစ်ဂိုဏ်းတည်းရှိတာမဟုတ်ဘူး!"
"ဟုတ်တယ် ပြီးတော့ ဒီဂိုဏ်းက "ရှန်ရှန့်ကျုံ" ဆိုတဲ့စကားလုံးကို နာမည်မှာသုံးဝံ့တာက သူတို့က မယုံကြည်နိုင်လောက်အောင် အစွမ်စထက်နေလို့ ဒါမှမဟုတ်ရင် ကောင်းကင်ရဲ့ အမြင့်ကို မသိတဲ့ ရေတွင်းအောက်ခြေက ဖားသူငယ်ဖြစ်နေလို့ပဲ!"
တုန်လှုပ်ပြီးသည့်နောက်တွင် များပြားလှသည့် ကျင့်ကြံသူများသည် တီးတိုးပြောဆိုနေခဲ့ကြပြီး စကားအများစုက စပ်စုလိုစိတ် နှင့် သံသယဖြင့် ပြည့်နှက်နေပေသည်။
တည်းခိုခန်းများ၏ အပေါ်ဆုံးအထပ်များတွင် ခမ်းနားလှပသည့် အကန့်များစွာရှိလေသည်။ ထိုအကန့်များထဲ၌ ထိပ်တန်းပါရမီရှင်များ သို့မဟုတ် အဆင့်အတန်းတစ်ခုဖြင့် အင်အားကြီးသည့် ဂိုဏ်းများရှိကြသည်။
အကန့်တစ်ခုအတွင်း၌ လီထျန်းရှင်းသည် တာအိုဝတ်ရုံဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး၏ မျက်နှာချင်းဆိုင်၌ထိုင်နေခဲ့သည်။ တာအိုဝတ်ရုံဝတ်ဆင်ထားသည့် အမျိုးသမီးသည် လေထဲ၌ပေါ်လာသည့် ပျံသန်းလှေအား လှမ်းကြည့်ကာ သူမ၏ မျက်လုံးထဲ၌ အထင်သေးသည့် အရိပ်အယောင်တစ်ခုဖြတ်ပြေးသွားခဲ့သည်။
အဲ့ဒီသေမျိုးတွေကို ဒီလောက်ထိတ်လန့်အောင်လုပ်နိုင်တာက ရယ်စရာကောင်းတာပဲ။
တော်ဝင်မင်းသားအဆင့် ဆရာသခင်တစ်ယောက်အနေဖြင့် တာအိုဝတ်ရုံဝတ်ဆင်ထားသည့် လှပသည့်အမျိုးသမီးသည် နဂါးခေါင်း ပျံသန်းလှေ ၏ အသွင်မှန်ကို အကြည့်တစ်ချက်ဖြင့် မြင်နိုင်ပြီး ၎င်းအား အလွန် အထင်သေးခဲ့ပေသည်။
ဘယ်လိုရှန်ရှန့်ကျုံဂိုဏ်းက ပျံသန်းလှေအစစ်တစ်စီးတောင် မရှိရတာလဲ။ ဒီဂိုဏ်းက အမှိုက်ဂိုဏ်းတစ်ဂိုဏ်းဖြစ်နေမှာကို စိုးရိမ်မိတယ်။ ဒါပေမယ့် ဒီလိုနည်းလမ်းနဲ့ ဆွဲဆောင်တာက အနိုင်ရပါတယ်။
တာအိုဝတ်ရုံဝတ်ဆင်ထားသည့် လှပသည့်အမျိုးသမီး၏ အထင်သေးမှုနှင့် နှိုင်းယှဉ်ပါက လီထျန်းရှင်းသည် နဂါးသဏ္ဌာန်ပျံသန်းလှေအား လှပသည့် မျက်ဝန်းတစ်စုံဖြင့်စိုက်ကြည့်ကာ သူမ၏ မျက်လုံးထဲ၌ မဖော်ပြနိုင်သည့် အဓိပ္ပါယ်တစ်ခုရှိနေခဲ့သည်။
အားနည်းသည့် ခွန်အားနှင့် သာမန်ဂိုဏ်းများသည် ရန်မစသင့်သည့်သူများအား ရန်စမိပြီး ကိုယ့်ဒုက္ခကို ရှာသလိုဖြစ်မည်စိုးသည့်အတွက် သတိကြီးကြီးထားကာ နှိမ့်ချကြပေသည်။ အင်အားကြီးသည့်ဂိုဏ်းများက အံ့ဩလေးစားရန်အတွက် ထိုကဲ့သို့ ကိန်းကြီးခမ်းကြီးနိုင်ရန် မလိုအပ်ပေ။
သို့သော်လည်း ဤရှန်ရှန့်ကျုံဂိုဏ်းက မကြုံစဖူး ထိုကဲ့သို့ ကြီးကြီးကျယ်ကျယ်လုပ်ဝံ့ပြီး နာမည်၌ "ရှန်ရှန့်ကျုံ" ဟူသည့် စာလုံးကို သုံးဝံ့ပေသည်။ ၎င်း၏လုပ်ဆောင်ချက်များက အတော်လေး ခန့်မှန်းရခက်ပေ၏။
"ရှင်းအာ ၊ ဒီဂိုဏ်းက မရိုးရှင်းဘူး!" လီထျန်းရှင်း၏ ခန္ဓာကိုယ်ထဲမှ အနည်းငယ် ကျက်သရေရှိကာ ညှို့ငင်တတ်သည့် အသံထွက်လာခဲ့သည်။
"ဆရာ ၊ ဘာတွေ့ရလို့လဲ?"
သူမ၏စိတ်အတွင်းမှ ထွက်ပေါ်လာသည့် စကားများသည် လီထျန်းရှင်း၏ လှပသည့်မျက်နှာလေးအား အနည်းငယ် စိတ်လှုပ်ရှားစေခဲ့ပြီး သူမက စိတ်ထဲ၌ တိတ်တဆိတ်မေးမြန်းခဲ့သည်။
"ဒီပျံသန်းလှေထဲမှာ ထက်မြက်တဲ့ စူးရှမှုတစ်ခုရှိတယ်။ ဒီဆရာသခင်တောင်မှ အများကြီးမစူးစမ်းဝံ့ဘူး။ ဒီလိုစူးရှမှုမျိုးရှိဖို့ဆိုရင် သိမြင်နားလည်မှုက အရမ်းကြောက်စရာကောင်းရမယ်။ အများကြီး စူးစမ်းမယ်ဆိုရင် ခြေရာကောက်ခံရဖို့ ဖြစ်နိုင်ချေများတယ်။ ဆရာသခင်တစ်ယောက်ရဲ့တည်ရှိမျိုးမှုပဲ!"
ဤအသံကိုကြားပြီး လီထျန်းရှင်း၏ ခန္ဓာကိုယ်က တုန်လှုပ်သွားခဲ့သည်။ သူမ၏ ခန္ဓာကိုယ်ထဲ၌တည်ရှိနေသည်က မည်သည့်အကြွင်းအကျန်ဝိဉာဉ်လဲဆိုသည်ကို မသိသော်လည်း ထိုဝိဉာဉ် နိုးထလာသည့်နောက်ပိုင်းတွင် သူမ၏ သိမြင်နိုင်စွမ်းမှ မည်သူမျှမလွတ်မြောက်နိုင်သည်ကို ကောင်းစွာသိထားလေသည်။
သူမ၏ ခန္ဓာကိုယ်ထဲရှိ အကြွင်းအကျန်ဝိဉာဉ်သည် ထျန်းရှင်းဂိုဏ်း၏ ဆန်းကြယ်အဓိပတိအဆင့် ဂိုဏ်းချုပ်ကိုပင် ကောက်ကျစ်စွာစူးစမ်းဝံ့သော်လည်း ယခုတွင် အံ့ဖွယ် ရှန်ရှန့်ကျုံဂိုဏ်းဟူသည့် ဂိုဏ်းအား အနားပင် မကပ်ရဲတော့ပေ။
လီထျန်းရှင်းသည် နဂါးသဏ္ဌာန် ပျံသန်းလှေအား စူးစိုက်ကြည့်ပြီး ရုတ်တရက် သူမ၏စိတ်ထဲ၌ အတွေးတစ်ခုပေါ်လာခဲ့သည်။
.............
"ခဏလေး ၊ လက်စသတ်တော့ အဲ့ဒီ ပျံသန်းလှေက အစစ်မဟုတ်ဘူးပဲ။ ခမ်းနားတဲ့အသွင်အပြင်တစ်ခုသာသာပဲ။ ဒါက ငါ့ကို ဘယ်ဂိုဏ်းကမဆို နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံမှာ ပါဝင်ဖို့ ပျံသန်းလှေကိုသုံးကြတဲ့အထိ ကြီးကျယ်ခမ်းနားတယ်လို့ထင်မိစေတာပဲ၊!"
ပျံသန်းလှေ၏အသွင်သဏ္ဌာန်ပေါ်လာပြီး တစ်ခဏအကြာ၌ စွမ်းအားကြီးသည့် လူအများအပြားသည်လည်း ပျံသန်းလှေ၏အသွင်အစစ်အမှန်ကို သိရှိခဲ့ကြပြီး အားလုံးက တံတွေးထွေးကာ ရှုတ်ချခဲ့ကြလေသည်။
"ပေါက်လွတ်ပဲစားဂိုဏ်း ၊ ဒီလောက်မောက်မာရဲတာ တကယ်ကို သေချင်နေကြတာပဲ!"
"ဟုတ်တယ် ငါ့တော့ အဲ့လိုပွဲအကြီးကြီးလုပ်ရဲတဲ့ သတ္တိမရှိဘူး။ ပြီးတော့ တခြားဂိုဏ်းတွေရဲ့ ပစ်မှတ်ထားခံရမှာကို စိုးရိမ်မိတယ်!"
"ဟာသပဲ!"
ပို၍များပြားသည့် ကျင့်ကြံသူများသည် ပျံသန်းလှေ၏ ပုံစံအစစ်အမှန်အား တွေ့ရှိကြသည့်အခါ၌ ထိုကျင့်ကြံသူများ၏ သဘောထားက ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး တစ်ယောက်ပြီးတစ်ယောက် ကဲ့ရဲ့ခဲ့ကြလေသည်။
ထိုကျင့်ကြံသူများက သူတို့၏ အထင်အမြင်သေးမှုအား ဆွေးနွေးနေကြသည့်အချိန်၌ ပျံသန်းလှေက ရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ရှန်လင်မြို့ ဂိတ်တံခါးအရှေ့၌ လူရိပ်တစ်ချို့ထွက်ပေါ်လာခဲ့သည်။ ထိုလူများ၏ မျက်လုံးများအား တိုက်ရိုက်မကြည့်ဝံ့ကြချေ!
သို့သော်ငြား ရှိနေသည့် ကျင့်ကြံသူများအား အမှန်တကယ်ဆွဲဆောင်နေခဲ့သည့် အရာမှာ ချောမောသည့်လူငယ်လေး၏ နံဘေး၌ရပ်နေသည့် ပျိုမျစ်လှပသည့်ပုံရိပ်လေးဖြစ်သည်။ ထိုနုပျိုလှပပြီး ဆွဲဆောင်နိုင်သည့် မျက်နှာလေးအား ယောင်ရီအင်ပါယာ၏ အလှ ငါးမျိုး ဟုခေါ်လျှင် လွန်မည်မထင်ပေ။ ထို့ထက် ပို၍ စိတ်လှုပ်ရှားစေသည့် အရာမှာတော့ ထိုဆွဲဆောင်မှုရှိပြီး နူးညံ့သိမ်မွေ့သည့် ခန္ဓာကိုယ်၌ အချိန်တိုင်း ရင့်ကျက်သည့် ဆွဲဆောင်မှုတစ်ခုရှိနေခြင်းပင်။
"အဲ့ဒီ ရှန်ရှန့်ကျုံဆိုတဲ့ဂိုဏ်းမှာ ဒီလို မိန်းမလှလေး တွေရှိမယ်လို့ ထင်မထားခဲ့ဘူး"
"ဟုတ်တယ် ၊ သူမကိုမြင်တာနဲ့ ငါရင်ခုန်နေပြီ!"
"အဲ့လို မိန်းမလှလေးတွေကို ဘယ်လိုလုပ်တိုက်ရိုက်ကြည့်ရဲတာလဲ။ ငါတော့ တစ်ခါတည်းကြည့်ရုံနဲ့ ရှက်လိုက်တာ ထပ်ပြီးမကြည့်ရဲတော့ဘူး!"
ကျင့်ကြံသူများစွာသည် တစ်ယောက်တစ်ပေါက်ပြောဆိုနေကြပြီး သူတို့၏စကားများက ပြင်းပြသည့် စိတ်အားထက်သန်မှုဖြင့် ပြည့်နှက်နေကြပေသည်။ တော်ဝင်မင်းသားအဆင့် ဆရာသခင်တစ်ချို့ပင် သူတို့၏ တောက်ပမှုကို ထုတ်ပြလာကြကာ ထိုကဲ့သို့ မိန်းမလှလေးများပေါ်တွင် ဆိုးရွားသည့်အထင်အမြင်များကျန်ခဲ့မည်ကို စိုးရိမ်ကာ အနည်းငယ် သတိကြီးလာကြသည်။
"ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းက ရှန်လင်မြို့ကို ရောက်တာနဲ့ ဒီလောက်လူအများကြီးက ငါ့ကိုနှုတ်ဆက်လို့လာကြမယ်လို့ ထင်မထားခဲ့ဘူး။ ရှက်လိုက်တာ ၊ ရှက်လိုက်တာ!"
မြို့ရိုးပေါ်မှ များပြားလှသည့် ခေါင်းများနှင့် မြို့တံခါးရှိ မရေမတွက်နိုင်သည့် လူများအားကြည့်ပြီး ဝမ်ဖုန်းသည် ရိုးသားစွာ သက်ပြင်းချခဲ့သည်။
သူက ထိုစကားများကို ပြောသည့်အခါ၌ သူ့နောက်၌ရှိသည့် ဧကရီ ယင် ၊ မုယွင်ဖေး နှင့် အခြားသူများသည် ရုတ်တရက် ပြုံးလိုက်ကြပြီး သူတို့၏ မျက်နှာထက်၌ သဘာဝမကျသည့် အကြည့်တစ်ခုဖြစ်ပေါ်လာခဲ့သည်။
ဝမ်ဖုန်းသည် ခေါင်းခါကာ ထိုအကြောင်းအား အများကြီးမစဉ်းစားတော့ဘဲ ဧကရီ ယင် နှင့် အခြားသူများအား ရှန်လင်မြို့ထဲသို့ တစ်ခါတည်းခေါ်လာခဲ့သည်။ ဝမ်ဖုန်းအတွက် ဤကမ္ဘာသို့ရောက်ပြီးကတည်းက လူသားများနေထိုင်ရာမြို့သို့ ပထမဆုံးအကြိမ်လာဖူးခြင်းဖြစ်လေသည်။ ထို့အတွက် ဤတစ်ခေါက်တွင် ဝမ်ဖုန်းသည် စူးစမ်းလိုစိတ်ဖြင့် ဘယ် ၊ ညာ လှည့်ကြည့်နေလေသည်။
မြို့တစ်ခုလုံးသည် သူ၏ ယခင်ဘဝက ရှေးခေတ်မြို့ကြီးများပုံစံဖြစ်သည်။ မြို့တံခါးမှ ဝင်လာသည်နှင်တစ်ပြိုင်နက် တစ်ဖက်တစ်ချက်စီတွင် စံအိမ်များရှိသည့် လမ်းမကျယ်ကြီးကို တွေ့နိုင်ပြီး လမ်းတစ်လျောက်တွင် ဆေးလုံးများနှင့် လက်နက်များကဲ့သို့ ကျင့်ကြံခြင်းပစ္စည်းများရောင်းနေကြသည့် ဈေးသည်များစွာကို တွေ့နိုင်ပေသည်။
ဝမ်ဖုန်းသည် ဧကရီ ယင် နှင့် အခြားသူများအား တည်းခိုဆောင်တစ်ခုဆီသို့ခေါ်ဆောင်လာခဲ့သည်။ တည်းခိုဆောင်အတွင်းသို့ ခြေချလိုက်သည့်အခါ၌ တည်းခိုဆောင်တစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
အစက ဆူညံပွက်လောရိုက်နေသည့် ကျင့်ကြံသူများအားလုံးသည် ထိုအချိန်၌ တည်တည်ငြိမ်ငြိမ်ထိုင်နေကြပြီး ဝမ်ဖုန်း၏ ဘေး၌ရှိသည့် ပုံရိပ်ဆီသို့ မကြာခဏအကြည့်ရောက်နေကြသည်။
"ချင်းယွမ်စံအိမ်ကနေကြိုဆိုပါတယ်ဗျ ၊ ဘာများအလိုရှိပါသလဲ"
အစေခံကောင်လေးက အပြေးအလွှားရောက်လာခဲ့ပြီးပြုံးကာပြောခဲ့သည်။
ထိုအစေခံကောင်လေး၏ ကျင့်ကြံခြင်းအားခံစားမိသည့်အခါ၌ ဝမ်ဖုန်း သည် လန့်ဖျပ်သွားကာ ချင်းယွမ်စံအိမ်တစ်ခုလုံးအား သေသေချာချာကြည့်ခဲ့သည်။ သူက တည်းခိုဆောင်တစ်ခုအတွင်းသို့ သာမန်ကာလျှံကာဝင်လာခဲ့ပြီး ထိုတည်းခိုဆောင်က အစေခံငယ်လေးကပင် ဝိဉာဉ်အဆင့်ကျင့်ကြံခြင်းအခြေခံရှိနေပြီး မရိုးရှင်းဘဲနေမည်ဟု ထင်မထားခဲ့ပေ။
"တည်းခိုဖို့အခန်းလိုချင်ပါတယ်!"
ဝမ်ဖုန်းသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း အတွင်းသို့ နက်နက်ရှိုင်းရှိုင်းမသွားခဲ့ဘဲ တုံ့ဆိုင်းခြင်းမရှိပြောခဲ့သည်။ နတ်ဆိုးချိပ်ပိတ်ခြင်း ညီလာခံဖွင့်လှစ်ရန် သုံးရက်လိုနေဆဲဖြစ်ကာ သူတို့အားလုံးက ထိုသုံးရက်အတွက် ရှန်လင်မြို့၌နေရဦးမည်ဖြစ်သည်။
"အဆင့်နိမ့် ချီကျောက်တုံးတစ်ထောင် ၊ အခန်းဘယ်နှစ်ခန်း လိုအပ်ပါသလဲ" အစေခံလေးက လျင်မြန်စွာဖြေဆိုခဲ့သည်။ သူတို့ချင်းယွမ်စံအိမ်၏ တည်းခိုခက အရမ်းဈေးကြီးသည့်အတွက် သူတို့၏ ချင်းယွမ်စံအိမ်၌ တည်းခိုနိုင်သည့်သူများက ဂိုဏ်းကြီးများမှ အင်အားကြီးသည့်သူများသာဖြစ်သည်။ ထိုတစ်စုက အနည်းငယ် ကြွားဝါနေရုံသာဖြစ်ပြီး အခန်းငှားဖြစ်မည်ဟု မမျှော်လင့်ထားပေ။
"ဘယ်လောက်...ဘယ်လောက်?"
ထိုအစေခံငယ်လေး၏စကားများကိုကြားပြီး ဝမ်ဖုန်းသည် ထိတ်လန့်သွားပြီး အစေခံငယ်လေးအား အံ့အားသင့်စွာကြည့်ခဲ့သည်။
အခန်းတစ်ခန်းကို အဆင့်နိမ့်ချီကျောက်တုံးတစ်သောင်း?
သောက်ကျိုးနည်း ! ဒါက မှောင်ခိုဈေးမဟုတ်ဘူး မလား?
ထိုအချိန်တွင် ဝမ်ဖုန်း၏ တစ်ကိုယ်လုံးတွင် ချီကျောက်တုံး ရာဂဏန်းလောက်သာရှိလေသည်။
"အဆင့်နိမ့်ချီကျောက်တုံးတစ်သောင်း!"
ဝမ်ဖုန်း၏ အံ့အားသင့်နေသည့် အမူအရာကိုတွေ့ပြီး အစေခံလေးသည် အနည်းငယ်မျှသော စိတ်မရှည်မှုမရှိဘဲ ပြုံး၍ ပြောခဲ့သည်။ အစေခံလေး၏စိတ်ထဲ၌ ဝမ်ဖုန်းနှင့် အခြားသူများက တည်းခိုခန်းငှားဖြစ်မည်မဟုတ်ဟု ကြိုသိနေသော်လည်း သူက ပြုံးပြနေဆဲဖြစ်သည်။
ထို့အပြင် ခန်းမထဲ၌ ထိုင်နေသည့် ကျင့်ကြံသူများသည် ဝမ်ဖုန်းက ထိုမျှထိတ်လန့်သွားသည်ကို တွေ့ပြီး ချက်ချင်းပင် အထင်အမြင်သေးစွာလှောင်ရယ်ခဲ့ကြသည်။ သူတို့သည် ဝမ်ဖုန်းတို့အား အရမ်းချမ်းသာသည်ဟု ထင်ထားခဲ့သော်လည်း သူတို့က အဆင့်နိမ့်ချီကျောက်တုံးတစ်သောင်းတန်အခန်းတစ်ခန်း၌ နေရန်ပင် မတတ်နိုင်ခဲ့ပေ။ ထင်မထားဘဲ အတွေ့အကြုံမရှိသည့် ကောင်လေးသာသာပင်!