← Chapters

မင်းမလုပ်ရဲပေမယ့် ဒီဂိုဏ်းချုပ်လုပ်ရဲတယ်ကွ!

Vol. 3 Ch. 32

မင်းမလုပ်ရဲပေမယ့် ဒီဂိုဏ်းချုပ်လုပ်ရဲတယ်ကွ!

Vol. 3 Ch. 32

သောက်ကျိုးနည်း မှားပြီ!

ဝမ်ဖုန်း၏မျက်နှာမှာ ‌တဖြေးဖြေး ကြည့်ရဆိုးလာတော့သည်။ ဝမ်ဖုန်းမှာ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂုဏ်သရေကြီးမြင့်သည့်ဂိုဏ်းချုပ်တစ်ဦးဖြစ်ပြီး အခန်းတစ်ခန်းပင် မငှားနိုင်ချေ။ ၎င်းသည် လူတို့အား ကနဦးအစ၌ပင် ညံ့ဖျင်းနုံချာမှုကို ခံစားရစေနိုင်၏။

“ဟမ်? စနစ်ရေ ငါ လင်ယွင်ရီနဲ့ ချန်လင်မြို့စားနဲ့ တခြားသူတွေကို သတ်ပြီးခဲ့ပြီလေ။ သူတို့ရဲ့ပိုင်ဆိုင်မှုတွေရော?”

ထိုအခိုက်တွင် ဝမ်ဖုန်းမှာ ရုတ်တရက် သတိရသွားခဲ့သည်ကို လျှို့ဝှက်စွာမေးမြန်းလိုက်၏။

အစပိုင်းတွင် ဝမ်ဖုန်းသည် ဂိုဏ်းအမှတ်များမှာ သူပိုင်ဆိုင်ရမည့် အရေးကြီးဆုံးသောပိုင်ဆိုင်မှုဟု ‌ထင်ထားခဲ့သောကြောင့် အခြားအရာများကို ဂရုမစိုက်ခဲ့ချေ။ သို့သော် ယခု၌ ဤကဲ့သို့သောအခြေအနေကို ကြုံတွေ့လာခဲ့သည်ဖြစ်ရာ ဤကမ္ဘာလောက၏ ငွေကြေးကိုလည်း လျစ်လျူရှုထား၍မရသည်ကို နားလည်သွားခဲ့ရသည်။

“ဒင်! အဲဒီ့ပိုင်ဆိုင်မှုတွေက ပိုင်ရှင်ရဲ့စနစ်နယ်‌ေမြထဲမှာ ရှိပါတယ်။ ပိုင်ရှင် စစ်ဆေးကြည့်နိုင်ပါတယ်”

ဝမ်ဖုန်းသည် စနစ်နယ်မြေထဲသို့ အလျင်အမြန်ဝင်ကြည့်ခဲ့ပြီးနောက် ပီတီဖြာသွားရသည်။ စနစ်နယ်မြေထဲတွင် အဆင့်နိမ့်ချီကျောက်တုံးများမှာ တောင်တစ်လုံးမျှ စုပုံနေသည်ကို မြင်တွေ့ခဲ့ရ၏။ ရတနာမျိုးစုံ၊ လက်နက်မျိုးစုံနှင့် အမျိုးအစားစုံလင်လှစွာသောပစ္စည်းများလည်း ရှိနေ၏။ အဆင့်မတူသော ဆေးပင်အမျိုးမျိုးလည်း ရှိနေခဲ့ပြီး အလယ်အလတ်အဆင့်ချီကျောက်တုံးများလည်း ရှိနေပေသည်။

ဝမ်ဖုန်း၏မျက်နှာမှာ ရုတ်ချည်း စိတ်ချ‌နိုင်သည့်အမူအရာသို့ ပြောင်းလဲသွားခဲ့လျက် အုံ့မှိုင်းနေရာမှ တောက်ပလာခဲ့သည်။ လက်ထဲတွင် ငွေကြေးရှိနေပြီဖြစ်ရာ ဝမ်ဖုန်း စိုးရိမ်မနေပါတော့ချေ။

“အလှလေး ငါမင်းအတွက် အခန်းတစ်ခန်းငှားပေးနိုင်တယ်”

ဝမ်ဖုန်းသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် အခန်း၇ခန်းယူတော့မည်တွင် ရွှတ်နောက်နောက်ရယ်သံအချို့ ထွက်ပေါ်လာခဲ့ရာ ဝမ်ဖုန်းသည် မျက်လုံးများမှေးကျဉ်းလျက် အသံလာရာသို့ လှည့်ကြည့်လိုက်၏။

ကျင့်ကြံသူများသည်လည်း သူတို့အား တစ်ယောက်‌ပြီးတစ်ယောက် ကြည့်လာခဲ့လျက် သူတို့၏မျက်လုံးများထဲတွင် ဒေါသရိပ်များ ထင်ဟပ်နေခဲ့သည်။ သူတို့သည် အလှလေးတစ်ဦးကို ထိုကဲ့သို့ မစနောက်ရဲပါချေ။

အားလုံး၏အကြည့်အောက်တွင် အချိတ်ပိုးထည်ဝတ်စုံဖြင့် သားမွေးယပ်တောင်ကို ကိုင်ဆောင်ထားသော ချောမောသည့်လူငယ်တစ်ဦးသည် ဒုတိယထပ်မှ ဆင်းလာခဲ့သည်။

“ဟိုက်! သူလား?”

“စစ်ဖန်းစံအိမ်ရဲ့သခင်လေး ရှောင်းချန်ဖုန်း”

“သွားပြီ။ ဒီလိုအလှတရားပေါ်ထွက်လာမှတော့ သူ့အာဏာစက်တွင်းက လွတ်မြောက်ဖို့ခက်ခဲမှာကို စိုးရိမ်မိပါရဲ့”

“ဟုတ်တယ်။ ထိပ်တန်းဂိုဏ်းဖြစ်တဲ့ စစ်ဖန်းစံအိမ်ရဲ့သခင်ငယ်လေးအနေနဲ့ ရှောင်းချန်ဖုန်းရဲ့အဆင့်အတန်းက တခြားဂိုဏ်းကြီးတွေရဲ့အဆင့်အတန်းထက် ပိုမြင့်မားတယ်။ ဘယ်သူကများ စော်ကားပြုမူရဲမှာတဲ့လဲ။ ပြီးတော့ အဲဒီ့စစဖန်းစံအိမ်သခင်ငယ်‌ေလးက တဏှာကြီးတယ်လို့ နာမည်ကြီးတာကို ဘယ်သူက မသိထားမှာလဲ”

“ထိတ်လန့်ဖို့အကောင်းဆုံးက ဘာလဲဆို အဲဒီ့ရှောင်းချန်ဖုန်းက တစ်နေ့လုံး အပျော်ရှာနေပေမယ့် သူ့ရဲ့ကျင့်ကြံမှုကတော့ နည်းနည်းလေးတောင် ကျဆင်းသွားတာမျိုးမရှိဘူးတဲ့။ အခု သူက တော်ဝင်မင်းသားအဆင့်ကျင့်ကြံသူဖြစ်နေပြီ။ ထိပ်တန်းပါရမီရှင်တွေထဲမှာလည်း အဆင့်တစ်ခုရထားတယ်”

“အဲဒီ့ရှောင်းချန်ဖုန်းက ယင်ကိုကျင့်ကြံပြီး ယန်ကိုအာဟာရပြုတဲ့ မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံတယ်ဆိုတဲ့ ကောလာဟလတွေလည်းရှိတယ်။ အဲဒီ့နည်းလမ်းနဲ့ အပျော်ရှာရင်း ကျင့်ကြံမှုနှုန်းမြန်ဆန်နေတာတဲ့။ ‌ဒါပေမဲ့ အခုချိန်ထိ အဲဒီ့ကောလာဟလတွေအတွက် တကယ်တမ်း သက်သေပြစရာ မရှိပါဘူး”

လူငယ်လေး၏မျက်နှာကို မြင်တွေ့ကြသည်နှင့် နေရာရှိကျင့်ကြံသူများမှာ အလန့်တကြားဖြစ်သွားကြလျက် အပြန်အလှန် ပြောဆိုဆွေးနွေးကြကုန်၏။ သူတို့၏အသံတွင်တော့ ထိုလူငယ်အား ကြောက်ရွံ့သည့်အငွေ့အသက်များ ခိုအောင်းနေလေသည်။

ရှောင်းချန်ဖုန်းသည် လှေကားထစ်များမှ ဆင်းလာခဲ့ပြီးနောက် ကျူးယုယန်သို့ ‌ဦးတည်လျှောက်လာ၏။ သူ၏မျက်လုံးများမှာ တောက်လောင်နေလျက် ကျူးယုယန်အား စိုက်ကြည့်နေခဲ့သည်။ သူ၏မျက်လုံးများမှာ ကျူးယုယန်အား နေရာ၌ပင် ဝါးမြိုစားသုံးပစ်ချင်သည့်အလား ဖြစ်နေခဲ့သည်။ ရှောင်းချန်ဖုန်း၏မျက်လုံးထဲတွင် ကျူးယုယန်တစ်ဦးတည်းကိုသာ မြင်‌နိုင်‌တော့ကာ အခြားသူများ၏တည်ရှိမှုကို မမြင်တော့ပေ။

ရှောင်းချန်ဖုန်း၏နှလုံးအိမ်မှာ အလွန်အမင်းခုန်လှုပ်နေခဲ့သည်။ ရှောင်းချန်ဖုန်းသည် မိမိမှာ ပန်းပွင့်ပေါင်း‌ထောင်ချီတွင် သူ၏ခန္ဓာဖြင့် သစ်ရွက်တစ်ရွက်ပင် မထိတွေ့ဟု ကိုယ့်ကိုယ်ကို သတ်မှတ်ထားခဲ့၏။ သို့သော် ဧကရီယင်၏ရှေ့မှောက်တွင် သူ ကျရှုံးခဲ့ရလေပြီ။

ချဉ်းကပ်လာနေသည့်ရှောင်းချန်ဖုန်းကို ကြည့်ရင်းဖြင့် ဝမ်ဖုန်း၏မျက်နှာထက်၌ အပြုံးမမည်သောအပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် ညင်သာစွာ မေးလိုက်၏။

“အိုး! ဒီကညီနောင်က ငါတို့ကို အဆင့်နိမ့်ချီကျောက်တုံးခုနစ်ထောင် ပေးမလို့ပါလား”

“ခင်ဗျားတို့ ယူသင့်တာပေါ့! ငါရှောင်းချန်ဖုန်းကို ဒီအလှလေးကလွဲရင် ဘယ်သူကမှ ကူညီချင်စိတ်ဖြစ်အောင် မလုပ်ခဲ့ဖူးဘူးလေ”

ဝမ်ဖုန်း၏အမေးစကားကြောင့် ရှောင်းချန်ဖုန်းသည် ဝမ်ဖုန်းကို စိုက်ကြည့်လျက် စိတ်မရှည်စွာ ကြိမ်းမောင်းလိုက်၏။ ထို့နောက် ဧကရီယင်သို့ ရုတ်ချည်း အကြည့်ပြန်ရောက်သွားခဲ့သည်။ ဝမ်ဖုန်းကို ကြည့်မြင်ရခြင်းမှာ သူ၏မျက်လုံးများကို စော်ကားနေခဲ့သည့်အလား ပြုမူလေ၏။

ရှောင်းချန်ဖုန်း၏စကားလုံးများကို နေရာရှိလူများသည်တော့ အံ့ဩမနေခဲ့ပါ။ စစ်ဖန်းစံအိမ်၏ကျော်ကြားသည့် သခင်လေးသည် အလှလေးများမှလွဲ၍ အခြားသူများအပေါ် အားနာသိတတ်မှု မရှိပါချေ။

အချိန်ခဏမျှ နေရာရှိကျင့်ကြံသူများသည် ဝမ်ဖုန်းအား လှောင်ပြောင်သည့်အကြည့်များဖြင့် ကြည့်လာခဲ့သည်။ သူတို့၏ခန့်မှန်းချက်မှာ ဝမ်ဖုန်းသည် ရှောင်းချန်ဖုန်းကို အလျှော့ပေးလိုက်ရပြီး ရှောင်းချန်ဖုန်းမှ အလှလေးကိုခေါ်ဆောင်သွားမည်ဟူ၍ ဖြစ်သည်။ စစ်ဖန်းစံအိမ်၏သခင်ငယ်လေးဟူသော ထိုစကားလုံးများသည် ယောင်ရီအင်ပါယာ၏ အင်အားကိုလည်း ကိုယ်စားပြုနေသည်မဟုတ်ပါလော။

“ဒီနေရာမှာ ခေါင်းဖြတ်ခံရသင့်တဲ့ ခေါင်းကြီးကြီးတစ်လုံးရှိနေတယ်လို့ ဒီဂိုဏ်းချုပ်တွေးနေတာ… ဒါပေမဲ့ အဲဒီ့ခေါင်းက သနားစဖွယ်လူငယ်လေး ဖြစ်နေမယ်လို့ မထင်ထားမိဘူးပဲ”

ရှောင်းချန်ဖုန်း၏စကားလုံးများသည် ဝမ်ဖုန်း၏မျက်နှာကို မည်းမှောင်သွားစေခဲ့၏။ ဝမ်ဖုန်းသည် ရှောင်းချန်ဖုန်းကို စိုက်ကြည့်လျက် ရယ်မောတော့သည်။

ဝမ်ဖုန်း၏လှောင်ပြောင်ထေ့ငေါ့သည့်ရယ်သံသည် ခန်းမထဲတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်နေ၏။ နေရာရှိကျင့်ကြံသူများမှာ မျက်လုံးအပြူးသားတို့ဖြင့် ဝမ်ဖုန်းကို မယုံကြည်နိုင်စွာ ကြည့်လာခဲ့ကြသည်။ စစ်ဖန်းစံအိမ်ရဲ့သခင်ငယ်လေးကို လှောင်ရယ်ရဲတယ်ပေါ့လေ။ ဒီလူက ကောင်းကောင်းအသက်ရှင်နေရတာကို ငြီးငွေ့လာလို့များလား။

“ချင်းယွမ်စံအိမ်ကြောင့်သာ မဟုတ်ရင် မင်းသေနေလောက်ပြီ။ ဘာပဲဖြစ်ဖြစ် မင်း ဒီချင်းယွမ်စံအိမ်ထဲမှာပဲ နေသင့်တယ်။ စံအိမ်အပြင်ထွက်တာနဲ့ မင်းသေရပြီပဲ!”

ရှောင်းချန်ဖုန်းသည် မျက်လုံးများမှေးကျဉ်းလျက် ပထမဆုံးအကြိမ် ဧကရီယင်ထံမှ အကြည့်ဖယ်ခွာ၍ ဝမ်ဖုန်းကိုကြည့်ခဲ့သည်။ ထို့နောက် အေးစက်စွာဖြင့်ပြောခဲ့၏။ သူ၏စကားလုံးများထဲ၌ သတ်ဖြတ်လိုသောအငွေ့အသက်များ ရဲရဲတင်းတင်း ထင်ရှားပေါ်လွင်နေခဲ့ရာ တည်းခိုခန်းတစ်ခုလုံး၏လေထုအခြေအနေမှာ အေးစက်တောင့်ခဲသွားတော့သည်။

ရှောင်းချန်ဖုန်း၏သတ်ဖြတ်လိုခြင်းအငွေ့အသက်ကြောင့် နေရာရှိကျင့်ကြံသူများသည် တုန်ရီသွားခဲ့ကြရင်းဖြင့် ဝမ်ဖုန်းကိုလည်း သနားချင့်သောအကြည့်များဖြင့် ကြည့်လာခဲ့သည်။ ဤယောင်ရီအင်ပါယာကြီးတွင် စစ်ဖန်းစံအိမ်၏သခင်လေးကို ပြစ်မှားစော်ကားမိခဲ့ပါက ကျင့်ကြံဆင့်မြင့်မားသည့်ပုဂ္ဂိုလ်နှင့် ဂိုဏ်းကြီးများ၏ကလေးများမှလွဲ၍ မည်သူမျှ အသက်ရှင်ကျန်ရစ်နိုင်ခြင်း မရှိပေ။

“မင်းဒီလိုမပြောသင့်ဘူးလေ။ မင်းရဲ့အဆင့်အတန်းနဲ့ဆို ‘ငါသားရတနာလေးကို ပြစ်မှားစော်ကားရင် ဒီကမ္ဘာက ဘယ်သူမှ မင်းကိုကာကွယ်မပေးနိုင်ဘူး’ အဲ့လိုပြော‌သင့်တာလေကွာ”

ရှောင်းချန်ဖုန်း၏ခြိမ်းခြောက်မှုသည် ဝမ်ဖုန်းကို ကြောက်ရွံ့ခြင်းငှာ မစွမ်းနိုင်ခဲ့ပေ။ ဝမ်ဖုန်းသည် တစ်ချက်ပြုံးလိုက်ပြီးနောက် မျက်နှာအမူအရာမှာ အေးဆေးတည်ငြိမ်နေလျက် ရှောင်းချန်ဖုန်းအား မျက်လုံးထဲပင် မထည့်ဟန်ရှိလေသည်။

ဝမ်ဖုန်းသည် ကျင့်ကြံသူများ၏ဆွေးနွေးပြောဆိုမှုများကို ခုနလေးတင် ကြားသိထား၏။ ထို့ကြောင့် ဝမ်ဖုန်းသည်လည်း ရှောင်းချန်ဖုန်းမှာ မည်သူမည်ဝါဖြစ်ကြောင်း သိထားပါ၏။ သို့သော် ဝမ်ဖုန်း ဂရုမစိုက်ပေ။ ဝမ်ဖုန်းသည် ယောင်ရီအင်ပါယာဧကရာဇ်ကိုပင် ဂရုမစိုက်ရာ ထိုရှောင်းချန်ဖုန်းသည်တော့ စကားထည့်ပြောနေရန်ပင် မလိုအပ်တော့။

ထို့အပြင် ဝမ်ဖုန်းသည် အထက်စီးဆန်ဟန်ဆောင်တော့မည်တွင် ထိုရှောင်းချန်ဖုန်း၏အထင်အမြင်သေးဟန် အပြုအမူကြောင့် နှောင့်ယှက်ခံလိုက်ရ၏။ ‌ထိုရှောင်းချန်ဖုန်းသည် အဘယ်ကြောင့် ဧကရီယင်ကို ဆက်တိုက်ငေးစိုက်ကြည့်နေရသနည်း။ ဆင်းရဲခြင်း၌ မည်သို့သော ပြစ်မှုအမှားများ ရှိပါအံ့နည်း။ မိန်းမ‌လှလေးတစ်ယောက်နှင့်အတူရှိလျက်ဖြင့် ဆင်းရဲ၍မရနိုင်သည်လော။ ‘ပြီးတော့ ငါဝမ်ဖုန်းကရော ဆင်းရဲနေလို့လားဟ?!’

အစမှအဆုံးထိ ဤရှောင်းချန်ဖုန်းသည် လူကို မထီလေးစားဟန်ဖြင့် အထက်စီးဆန်လွန်းလှသည်။ ဧကရီယင်အား တပ်မက်စိတ်ကိုလည်း ရဲရဲတင်းတင်း ဖော်ပြခဲ့၏။ ထိုမျှသောအပြုအမူကို ဝမ်ဖုန်း သည်းခံနိုင်ပါမည်လော။

ဝမ်ဖုန်းမှာ အော်ဟစ်ပြောဆိုပစ်ချင်သည်အထိ ဖြစ်သွားခဲ့ရ၏။

“အဲ့လူ ရူးနေတာလားဟေ”

“အဓိပ္ပာယ်မရှိတာတွေ ထုတ်ပြောရလောက်အောင်ကို ရူးနှမ်းနေတာဖြစ်မယ်”

“ဟာသပဲ။ ဒီလူက ချောင်ကြိုချောင်ကြားက ထွက်လာတဲ့ကောင် မဟုတ်ဖို့ပဲမျှော်လင့်ပါတယ်”

“အင်း ချင်းယွမ်စံအိမ်က အင်ပါယာကြီးသုံးခုလုံးမှာ နှံ့စပ်ဖြန့်ကျက်မှုရှိတယ်။ သူ့ရဲ့အင်အားက ငါတို့မှန်း‌ဆလို့မရအောင် နက်နဲလွန်းတယ်။ ချင်းယွမ်စံအိမ်မှာ ဘယ်သူက ဆင်ခြင်မှုမရှိ ပြုမူရဲလိမ့်မလဲ”

“ချင်းယွမ်စံအိမ်မှာ တစ်သက်လုံးနေထိုင်ဖို့ စည်းစိမ်ဥစ္စာရှိနေရင်တော့ တော်ဝင်မိသားစုကိုစော်ကားမိရင်တောင်မှ ဘေးမသီရန်မခ နေနိုင်ပါလိမ့်မယ်”

ဝမ်ဖုန်း၏စကားအဆုံးတွင် နေရာရှိကျင့်ကြံသူများသည် အံ့အားသင့်နေမည့်အစား ဝမ်ဖုန်းကို လူသေတစ်ဦးကဲ့သို့သာ ကြည့်လာခဲ့ကြလေသည်။ သူတို့၏အတွေးအမြင်တွင် ဝမ်ဖုန်းမှာ သေသွားခဲ့ပြီဖြစ်၏။ ရှောင်းချန်ဖုန်းကို ထိုမျှစော်ကားပြုမူခဲ့ပါလျှင် ဝမ်ဖုန်း ချင်းယွမ်စံအိမ်မှ ထွက်ခွာသည်နှင့် သေဆုံးရလိမ့်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

“ရေတွင်းအောက်ခြေက ဖားသူငယ်တဲ့ အရမ်းရယ်ရတာပဲ”

ရှောင်းချန်ဖုန်း ဒေါသမထွက်ခဲ့ပါ။ ဝမ်ဖုန်းကို ပေါ့ပြက်ပြက် တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် နှာမှုတ်လိုက်၏။

ရှောင်းချန်ဖုန်းသည် စစ်ဖန်းစံအိမ်၏သခင်လေးဖြစ်သော်ငြား ချင်းယွမ်စံအိမ်တွင် မလှုပ်ရှားဝံ့ပါချေ။ သူ၏ဂိုဏ်းကိုမဆိုထားနှင့် အင်ပါယာကြီးသုံးခုသည်ပင် ချင်းယွမ်စံအိမ်ကို ကြောက်ရွံ့ကြလေသည်။

အင်ပါယာကြီးသုံးခု၏ပိုင်နက်နယ်မြေထဲတွင် ချင်းယွမ်စံအိမ်သည် တော်ဝင်မိသားစုသုံးစု၏တည်ရှိမှုကို လျစ်လျူရှုဝံ့သည့် တစ်ခုတည်းသော တည်ရှိမှုဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ချင်းယွမ်စံအိမ်သည် တည်းခိုဆောင်တစ်ခုသာဖြစ်နေခဲ့ပြီး တော်ဝင်မိသားစုများ၏ တိုင်းပြည်ရေးရာကိစ္စရပ်များ၌ ဝင်ရောက်စွက်ဖက်လိုခြင်း မရှိခဲ့၍တော်သေးသည်။ သို့မဟုတ်ပါက အင်ပါယာကြီးသုံးခုလုံးမှာ ကြောက်ရွံ့လွန်းကြ၍ စားမဝင်အိပ်မပျော် ဖြစ်နေကြပေရော့မည်။

“ဒီချင်းယွမ်စံအိမ်ထဲမှာဆို ဘာမှမလုပ်ရဲဘူးတဲ့လား”

အနီးဝန်းကျင်ရှိ ဆွေးနွေးပြောဆိုနေမှုများကို ဝမ်ဖုန်း နားစွင့်ထားခဲ့သည်။ ဝမ်ဖုန်းသည် နေရာတွင်မလှုပ်မယှက်ဖြင့် ‌ထေ့ငေါ့ပြုံးလိုက်ကာ အံ့အားသင့်ဟန်ဖြင့် မေးလိုက်၏။

ဝမ်ဖုန်း၏အမေးစကားကြောင့် ရှောင်းချန်ဖုန်းသည် ခေါင်းခါယမ်းလျက် ဝမ်ဖုန်းကို စကားပြောဆိုရန် စိတ်မပါတော့ချေ။ တစ်နေ့တွင် မိမိမှာ လူတစ်ဦးကို အသည်းအသန် သတ်ပစ်ချင်နေသော်ငြား မိမိမှာ ရေတွင်းအောက်ခြေရှိဖားတစ်ကောင်ကဲ့သို့ ပုရွက်ဆိတ်တစ်ကောင်မျှသော တည်ရှိမှုဖြစ်နေရလိမ့်မည်ဟု ရှောင်းချန်ဖုန်း တစ်ကြိမ်တစ်ခါသော်မျှ တွေးတောခဲ့ဖူးခြင်း မရှိခဲ့ပါချေ။

“မင်းမလုပ်ရဲပေမယ့် ဒီဂိုဏ်းချုပ်လုပ်ရဲတယ်ကွ!”

ရှောင်းချန်ဖုန်းမှ လှည့်ထွက်သွားတော့မည်အပြုတွင် အေးစက်သည့်အော်ဟစ်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး အလွန်ကြောက်မက်ထိတ်လန့်ဖွယ်သော ချီစွမ်းအင်လှိုင်းလုံးကြီးလည်း ရှောင်းချန်းဖုန်း၏နောက်မှ ထွက်ပေါ်လာခဲ့သည်။ ရှောင်းချန်ဖုန်း၏မျက်နှာထားမှာ ဆိုးဆိုးရွားရွား ပြောင်းလဲသွားရ၏။

သို့သော် ရှောင်းချန်ဖုန်းမှာ သူ့ထံဦးတည်လာနေသည့် ထိုကြောက်မက်ဖွယ်ချီစွမ်းအင်လှိုင်းလုံးကို တားဆီးရန် ခန္ဓာကိုယ်မှချီစွမ်းအင်များကိုစုစည်းရန် အချိန်မမီခဲ့တော့ချေ။ သူ၏ခန္ဓာကိုယ်မှာ အင်အားကြီးမားလှသည့် ချီစွမ်းအင်လှိုင်းလုံး ထိမှန်သွားခဲ့ပြီး ပါးစပ်မှ သွေးတစ်ပွက်အန်ထွက်သွားခဲ့ရသည်။ မျက်နှာမှာ ရုတ်ချည်းဖြူဖျော့သွားရ၏။ ခန္ဓာကိုယ်တစ်ခုလုံးမှာ အထက်အောက်ပြန်လှန် လွင့်ထွက်သွားခဲ့လေသည်။

ဘုန်း!

ချင်းယွမ်စံအိမ်ခန်းမကြီးအတွင်း၌ ‌ကျယ်လောင်သည့်ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ ရှောင်းချန်ဖုန်း၏ခန္ဓာကိုယ်သည် စံအိမ်နံရံကို ဖြိုခွဲလွင့်ထွက်သွားခဲ့ပြီး ချင်းယွမ်စံအိမ်ခန်းမကြီးတစ်ခုလုံးမှာ တုန်ခါသွားခဲ့သည်။ ကျောက်စိမ်းကျောက်မျက်ဖြင့် ပြုလုပ်ထားသည့်ကြမ်းပြင်သည်လည်း ကွဲကြေသွားခဲ့သည်။

တိတ်ဆိတ်၏!

သုသာန်တစပြင်အလား တိတ်ဆိတ်၏!

ဝမ်ဖုန်း၏ရုတ်တရက်ဆန်လှသော လှုပ်ရှားမှုသည် စံအိမ်ခန်းမအတွင်းရှိလူများအားလုံးကို ထိတ်လန့်မင်သက်သွားစေခဲ့ပြီး အပေါ်ထပ်အခန်းများရှိ သူတို့၏အချင်းများနေ‌ခြင်းကို အာရုံစိုက်နေကြသည့် စွမ်းအားမြင့်ပုဂ္ဂိုလ်များသည်ပင် မင်သက်သွားခဲ့ကြသည်။

ထိုအခိုက်တွင် စံအိမ်ခန်းမအတွင်းရှိ လူပုဂ္ဂိုလ်အားလုံးတို့မှာ ဝမ်ဖုန်းကို မယုံကြည်နိုင်စွာကြည့်နေခဲ့ကြသည်။ သူဘယ်လိုတောင် ချင်းယွမ်စံအိမ်ထဲမှာ လုပ်ရဲတာလဲ?

ထို့ပြင် ရှောင်းချန်ဖုန်းသည် တော်ဝင်မင်းသားအဆင့် စွမ်းအားမြင့်ကျင့်ကြံသူဖြစ်၏။ ရုတ်တရက် တိုက်ခိုက်ခံရလျှင်သော်မှ အနည်းငယ်မျှ မတုံ့ပြန်နိုင်ခြင်းမှာ မဖြစ်သင့်ပေ။ ရှောင်းချန်းဖုန်းမှာ ရုတ်ချည်း ဒဏ်ရာအပြင်းအထန်ရသွားခဲ့၏။ သူတို့သည် ဝမ်ဖုန်းအား ကျင့်ကြံဆင့်နိမ့်ပါးသည့် ပုရွက်ဆိတ်ကောင်လေးဟုသာ တွေးထင်ထားခဲ့သည်။ သို့သော် ဝမ်ဖုန်းသည် ဖုံးကွယ်ထားသည့်စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီး ဖြစ်နေခဲ့၏။ တကယ်ကို မမျှော်လင့်ထားခဲ့ပါချေ။

အလစ်ချောင်းတိုက်ခိုက်ခြင်းဖြစ်သော်ငြား ရှောင်းချန်ဖုန်းကို ဒဏ်ရာအပြင်းအထန် ရရှိစေနိုင်စွမ်းသူသည် အနည်းဆုံး တော်ဝင်မင်းသားအဆင့်ရှိရပေမည်။ သာမန်တော်ဝင်မင်းသားအဆင့်မဟုတ်ဘဲ အင်အားကြီးမားသည့် တော်ဝင်မင်းသားအဆင့် ဖြစ်ပေမည်။

ရှောင်းချန်ဖုန်းသည် ပန်းပွင့်လေးများကြားတွင် အချိန်တိုင်းနီးပါး ရစ်ဝဲ‌နေသူဖြစ်သော်ငြား ပါရမီရှင်တစ်ဦးဖြစ်ရာ သူ၏တုံ့ပြန်နိုင်စွမ်းနှင့် တိုက်ခိုက်ချေမှုန်းနိုင်စွမ်းသည် စိုးစဉ်းမျှ အားမနည်းပါချေ။

ဟူး!

အားလုံးအံ့အားသင့်နေကြစဉ်တွင် အရေးမထားဟန်အသံသည် အားလုံးကို အသိစိတ်ပြန်ဝင်စေခဲ့၏။ အသံကြားရာသို့လှည့်ကြည့်ခဲ့ကြရာ နှုတ်ခမ်းထောင့်တွင် သွေးများစီးကျလျက် တုန်ရီစွာမတ်တပ်ပြန်ရပ်နေခဲ့သည့် ရှောင်းချန်ဖုန်းကို မြင်‌တွေ့လိုက်ရပေသည်။ ယခုအချိန်တွင် ရှောင်းချန်ဖုန်းမှာ လွန်စွာ သနားချင့်ဖွယ်သော ပုံစံဖြစ်နေခဲ့သည်။ သူ၏ဝတ်ရုံတစ်ခုလုံး၌ သွေးများရွှဲစိုနေ၏။ ယခင်အချိန်များကဲ့သို့ အင်အားအပြည့်ဖြင့် သခင်ငယ်လေး၏ပုံပန်းသွင်ပြင်နှင့် မတူညီပါတော့ချေ။

ရှောင်းချန်ဖုန်းသည် ဝမ်ဖုန်းကို စိုက်ကြည့်နေခဲ့လျက် တစ်ကိုယ်လုံးမှာ ဒေါသများပြည့်လျှံနေ၏။ ‌ရှောင်းချန်ဖုန်းသည် မိမိ နောက်ဆုံးအကြိမ်ဒဏ်ရာရခဲ့သည့်အချိန်ကိုပင် မမှတ်မိပါတော့ချေ။

သေရမယ်!

သေရမယ်!

ရှောင်း‌ချန်ဖုန်း စိတ်တွင်းမှ ဟစ်ကြွေးနေခဲ့သည်။

“ရဲတင်းလိုက်တာ!”

စံအိမ်ခန်းမထဲတွင် ဟိန်းဟောက်သံတစ်ခု ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ထိုအသံနှင့်အတူ ရှောင်းချန်ဖုန်း၏ဘေးတွင် ပုံရိပ်များစွာ ပေါ်ထွက်လာခဲ့ပြီး ဦးဆောင်သူမှာ သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ဖြစ်သည်။ ထိုသက်လတ်ပိုင်းအရွယ်လူကြီး၌ သတ္တုကဲ့သို့ကြွက်သားကြီးများရှိရာ တစ်ချက်ကြည့်ရုံမျှဖြင့် ထင်ထင်ရှားရှား မြင်‌တွေ့နိုင်ပေသည်။ သူ၏ခန္ဓာကိုယ်တွင် ပေါက်ကွဲထွက်တော့မည့်အလား အင်အားကြီးမားသည့်စွမ်းအင်များ စီးဆင်းနေ၏။

“စစ်ဖန်းစံအိမ်ရဲ့သခင်လေးကို ထိခိုက်ရဲတယ်ပေါ့လေ။ မင်း သေချာပေါက် သေရမယ်!”

ထိုသက်လတ်ပိုင်းအရွယ်လူကြီးသည် ဝမ်ဖုန်းကို စူးရဲစွာစိုက်ကြည့်နေခဲ့လျက် သတ်ဖြတ်လိုစိတ်အငွေ့အသက်များ ပြင်းထန်လွန်းလှသောကြောင့် စံအိမ်ခန်းမအတွင်းရှိ အပူချိန်မှာ သုညမှတ်သို့ကျဆင်းသွားရလေသည်။ ခမ်းနားလှသောအရှိန်အဝါမှာ တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်မာနေသည်မှာ နေရာရှိကျင့်ကြံသူများကို အသက်ရှူကြပ်လောက်သည်အထိ နှလုံးအိမ်ကိုဖိစီးစေခဲ့သည်။

စံအိမ်ခန်းမအတွင်းရှိကျင့်ကြံသူများမှာ အသက်ပင်ရဲရဲမရှူဝံ့ကြတော့စွာ သက်လတ်ပိုင်းအရွယ်လူကြီးအား ကြောက်ရွံ့ထိတ်လန့်လျက် ကြည့်နေခဲ့ကြသည်။ ဆူပူလှုပ်ရှားမှုသည် မျက်နှာပျက်ရုံမျှဟု တွေးထင်ခဲ့ကြသော်ငြား ပြင်းထန်သည့်ပြောင်းလဲမှုကြီး ဖြစ်လာခဲ့မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အဖြစ်အပျက်များမှာ ‌ထိန်သိမ်းနိုင်စွမ်းထက် ကျော်လွန်သွားခဲ့လေပြီ။

All Chapters