ရှန်လင်ချင်းယွမ်စံအိမ်ဒုတိယသခင်ကြီး။
Vol. 3 Ch. 34
“ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းဘယ်သူလဲ”
ထိုအခိုက်တွင် ချင်းယွမ်စံအိမ်ခန်းမထဲ၌ အကြီးအကဲကွေ့ရှုန်းသည် သွေးများစီးကျနေသည့်လက်မောင်းကို ဆုပ်ကိုင်ထားလျက် ဖြူဖျော့နေသည့်မျက်နှာဖြင့် အံ့အားသင့်စွာပြောခဲ့သည်။ လူတစ်ကိုယ်လုံးမှာ ကြောက်ရွံ့မှုကြောင့် တုန်ရီနေ၏။
အကြီးအကဲကွေ့ရှုန်း၏အကြည့်များမှာ ဝမ်ဖုန်း၏ဘေးတွင်ရပ်နေသည့် ချီမိန်ချွှေရွှယ်ထံတွင် မြဲမြံစွာကျရောက်နေ၏။ ချီမိန်ချွှေရွှယ်၏ အေးစက်ခက်ထန်၍ အရေးမစိုက်ဟန်အကြည့်သည် အကြီးအကဲကွေးရှုန်း၏နှလုံးအိမ်ထိပါ တုန်လှုပ်စေခဲ့သည်။
အကြီးအကဲကွေ့ရှုန်း၏ထိတ်လန့်စွာသောအသံသည် မင်သက်အံ့အားသင့်နေသည့် လူအားလုံးကို အသိစိတ်ပြန်ဝင်စေခဲ့သည်။ အသက်ရှူရှိုက်သံတို့မှာ သေသပ်စွာ၊ ညီညာစွာ ထွက်ပေါ်နေခဲ့၏။
“ဒါဘယ်လိုဖြစ်နိုင်မှာလဲ”
“ဆန်းကြယ်အင်ပါယာအဆင့် အကြီးအကဲကွေ့ရှုန်းက ဓားချက်တစ်ချက်နဲ့ လက်ပြတ်သွားခဲ့တယ်တဲ့လား”
“အဲဒီ့လူက ဘယ်လိုတည်ရှိမှုမျိုးများလဲ။ ငါသူ့ရဲ့ ဓားလှုပ်ရှားမှုကိုတောင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူးရယ်”
“ပြီးတော့လေ ဓားသိုင်းပညာကျင့်ကြံသူတစ်ဦးအနေနဲ့ ငါအခုပဲ အဲဒီ့လူကို ကြည်ညိုလေးစားသွားပြီ။ အဲဒီ့လူက အမှန်စင်စစ် ဓားသိုင်းကျွမ်းကျင်ပညာရှင်ကြီးပဲ ဖြစ်ရမယ်”
“ထိတ်လန့်စရာပဲ… ဒီကောင်လေးက ချိန်ခွင်လျှာပေါ်ခုန်ပေါက်နေတဲ့ လူပြက်လေးလို့ ငါထင်ထားခဲ့တာ။ ဒါပေမဲ့ ဒီလောက်စွမ်းအားကြီးတဲ့သူ ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူးကွာ”
“ဟုတ်တယ်။ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူရဲ့လက်မောင်းကို ဓားတစ်ချက်နဲ့ဖြတ်ပစ်နိုင်တဲ့သူတဲ့… အဲဒီ့လူရဲ့တည်ရှိမှုက အင်ပါယာကြီးသုံးခုလုံးမှာ အဆင့်အမြင့်ဆုံးတည်ရှိမှုဖြစ်နေမှာ စိုးမိတယ်”
နေရာရှိလူများအားလုံးမှာ အံ့အားမင်သက်နေကြလျက် စကားလုံးများမှာလည်း အလွန်အမင်းထိတ်လန့်ခြင်းများဖြင့် ရောနှောနေပေသည်။ အကြီးအကဲကွေ့ရှုန်း၏ လက်ပြတ်သွားခဲ့သည့်မြင်ကွင်းသည် သူတို့၏နှလုံးအိမ်ကို လှုပ်ခတ်သွားခဲ့သည်။
နောက်ဘက်ရှိ ရှောင်းချန်ဖုန်းသည်လည်း မျက်နှာထက်ရှိထေ့ငေါ့ဟန်အပြုံးမှာ ရုတ်ချည်းပျောက်ကွယ်သွားခဲ့ရပြီး မျက်လုံးများ၌ ကြောက်ရွံ့မှုများ ထင်ဟပ်လာခဲ့လျက် ခန္ဓာကိုယ်မှာ မသက်မသာဖြင့်တုန်ရီနေတော့သည်။ ရှောင်းချန်ဖုန်းမှာ အမှန်တကယ် ကြောက်ရွံ့နေခဲ့ပြီဖြစ်သည်။
ရှောင်းချန်ဖုန်းနှင့် စစ်ဖန်းစံအိမ်၏အကြီးအကဲများသည် သေခြင်းတရား၏တိတ်ဆိတ်စွာသော ခြိမ်းခြောက်မှုကို ခံစားနေကြရ၏။ ဝမ်ဖုန်း၏ဘေးရှိ စွမ်းအားမြင့်ပုဂ္ဂိုလ်အပြင် မရိုးဖြောင့်သောဝမ်ဖုန်း၏စွမ်းအင်လည်း ရှိသေးသည်ဖြစ်ရာ ဝမ်ဖုန်းမှ သူတို့ကို အမှန်တကယ် သတ်ချင်ပါလျှင် အကြီးအကဲကျူးချင်သည်ပင် မထိန်းသိမ်းနိုင်လောက်မည်ကို စိုးရိမ်ရ၏။
“ဒီဂိုဏ်းချုပ်က ပြဿကိစ္စတွေကို ရှောင်ပေမဲ့ ဒီဂိုဏ်းချုပ်က ပြဿနာဖြစ်မှာကိုကြောက်တယ်လို့ မဆိုလိုဘူး! မိန်းကလေးက ဖြစ်စဉ်အလုံးစုံကိုသိရှိပြီး အမှားအမှန်ကို ခွဲခြားနိုင်လိမ့်မယ်လို့ ဒီဂိုဏ်းချုပ်ယုံကြည်တယ်။ စည်းမျဉ်းဆိုတာတွေကြောင့် မိန်းကလေးက ဒီဂိုဏ်းချုပ်နဲ့ ရန်သူတွေဖြစ်ချင်တယ်ဆိုရင်တော့ ဒီဂိုဏ်းချုပ်ကလည်း ဒီနေ့ပဲ မင်းတို့ရဲ့ချင်းယွမ်စံအိမ်ကို ဖျက်ဆီးပစ်ရလိမ့်မယ်”
ဝမ်ဖုန်းသည် အကြီးအကဲကွေ့ရှုန်းကို လျစ်လျူရှု၍ အကြီးအကဲကျူးချင်ကို အရေးမထားဟန်သောအကြည့်တို့ဖြင့် ကြည့်လျက် အေးစက်စွာ အော်ပြောခဲ့သည်။
အကြီးအကဲကျူးချင်၏ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံမှုဖြင့် အကြီးအကဲ ကွေ့ရှန်း မှ မလှုပ်ရှားမီတွင် အကြီးအကဲကျူးချင်းမှ တားဆီးနိုင်ကောင်း၏။ သို့သော် မတားဆီးနိုင်ခဲ့သည်ဖြစ်ရာ ဝမ်ဖုန်းမှာ လွန်စွာ မကျေမနပ်ဖြစ်သွားခဲ့ရသည်။
ဤကျင့်ကြံရေးလောက၌ အားကောင်းသူသည် အားနည်းသူကို စားသောက်၏။ သဘာဝသည် အေးစက်၍ အားနည်းသူအတွက် နေရာမရှိချေ။ သူ့၌ အင်အားကြီးမားသည့်စွမ်းအင်မရှိခဲ့ပါလျှင် အကြီးအကဲကွေ့ရှုန်း၏လက်တွင် သေဆုံးခဲ့သည်မှာ ကြာမြင့်ခဲ့လေရော့မည်။ ထိုအမျိုးသမီးသည် လှပသော်ငြား အေးစက်လှသည်။ ဝမ်ဖုန်းမှာ ထိုအမျိုးသမီးအပေါ်တွင် အမြင်ကောင်းရှိ၏။
ဝါး!
ဝမ်ဖုန်း၏စကားအဆုံးတွင် နေရာရှိလူများမှာ တစ်ဖန် အုတ်အုတ်သဲသဲ ဖြစ်ကုန်ကြပြန်၏။ ဤသည်မှာ ချင်းယွမ်စံအိမ်ကို ဖျက်ဆီးပစ်မည်ဟု တစ်စုံတစ်ယောက်မှ ပြောဆိုရဲသည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပေသည်။ ချီမိန်ချွှေရွှယ်၏လုပ်ဆောင်ချက်သည် သူတို့ကို ထိတ်လန့်အံ့အားသင့်စေခဲ့ပါသော်ငြား ဝမ်ဖုန်းသည် ထောင်လွှားလွန်းသည်ဟု တွေးထင်ကြမြဲဖြစ်၏။
“လူကြီးမင်းက သူ့ကိုပဲမှီခိုပြီး ကျွန်မတို့ရဲ့ချင်းယွမ်စံအိမ်ကို ဖျက်ဆီးပစ်ချင်တယ်ပေါ့လေ”
ဝမ်ဖုန်း၏စကားကိုကြားရသည်တွင် အကြီးအကဲကျူးချင်၏ လှပသည့်မျက်လုံးများ အရောင်လဲ့သွားလျက် ချီမိန်ချွှေရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ဖုန်းကိုကြည့်လာခဲ့သည်။ ထို့နောက် ခပ်သာသာ နှာမှုတ်၏။
ချီမိန်ချွှေရွှယ်၏စွမ်းအားသည် သူမကို တုန်လှုပ်စေခဲ့သည်မှာ မှန်ပါ၏။ သို့သော် သူမ၏ချင်းယွမ်စံအိမ်သည် ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူ တစ်ဦးတည်းဖြင့် ရပ်တည်နေခြင်းမဟုတ်ပေ။
“မင်း စမ်းကြည့်လို့ရပါတယ် မိန်းကလေး”
ဝမ်ဖုန်းသည် တစ်ခစ်ခစ်ရယ်မောလျက် အရေးမထားဟန်ပြော၏။ သူ၏အသံအနေအထားရှိ မိမိကိုယ်ကိုယုံကြည်မှုသည် လွန်စွာထိရှချက်ပြင်းလှသည်။
ဝမ်ဖုန်း၏ယုံကြည်မှုအပြည့်ဖြင့် မျက်နှာအမူအရာကို မြင်တွေ့ရသည်တွင် အကြီးအကဲကျူးချင်မှာ အချိန်ခဏမျှ တိတ်ဆိတ်သွား၏။ သူမ၏မျက်နှာလှလှလေးမှာ အနည်းငယ်မှုန်မှိုင်းသွားခဲ့၏။ ဝမ်ဖုန်းသည် လျှို့ဝှက်ဆန်းကြယ်ပြီး သူ့ဘေးရှိချီမိန်ချွှေရွှယ်သည် ဓားချက်တစ်ချက်ဖြင့် သူမကို ဤပုံစံဖြစ်စေခဲ့သည်။ ဆန်းကြယ်အင်ပါယာအလယ်အလတ်အဆင့် စွမ်းအားမြင့်ပုဂ္ဂိုလ်မှာ တုန်လှုပ်နေရလေသည်။
အကြီးအကဲကျူးချင်သည် မိမိမှာ ချီမိန်ချွှေရွှယ်၏ပြိုင်ဘက်မဟုတ်သည်ကို သိပါ၏။
ထိုသို့အတွေးတွင် အကြီးအကဲကျူးချင်သည် ရှောင်းချန်ဖုန်းအား ကြောက်မက်ဖွယ်အကြည့်တို့ဖြင့် စူးရဲစွာကြည့်လိုက်သည်။ သူ့အတွက်သာ မဟုတ်ခဲ့လျှင် သူမသည် အဘယ်သို့များ ချင်းယွမ်စံအိမ်တွင် ဤသို့သော ဘေးကျပ်နံကျပ်အခြအနေသို့ ကျရောက်လိမ့်မည်နည်း။
“ဒီအဖြစ်အပျက်မှာ လူကြီးမင်းဘက်က စတင်လှုပ်ရှားခဲ့တာပါ။ ဒီအဖြစ်အပျက် ဖြစ်ပျက်ရခြင်းမှာ အကြောင်းရင်းလည်းရှိပါတယ်။ ချင်းယွမ်စံအိမ်က လူကြီးမင်းအတွက် ခြွင်းချက်ထားပေးလိုက်ပါ့မယ်။ ဒါပေမဲ့ လူကြီးမင်းကလည်း ရှောင်းချန်ဖုန်းနဲ့ အကြီးအကဲကွေ့ရှုန်းကို အပြစ်ပေးခဲ့တာပါပဲ”
ဆုံးဖြတ်ချက်ချမည့် အချိန်အပိုင်းအခြားတွင် ခန်းမ၏နောက်ဘက်မှ အိုမင်းနေသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထို့နောက် ချက်ချင်းပင် ခါးကိုင်းသည့်အဖိုးအိုတစ်ဦး ဖြေးညင်းစွာ လျှောက်လာခဲ့၏။ ထိုအဖိုးအိုသည် မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်ခြင်းမရှိသော်ငြား အကြည့်တစ်ချက်ဖြင့်ပင် ရှင်းပြ၍မရနိုင်သည့် ကြောက်ရွံ့မှုခံစားချက်တစ်မျိုးကို ဖြစ်ပေါ်စေလေသည်။
“ဘုရားရေ… အကြီးအကဲချင်ရှန်း ချင်းယွမ်စံအိမ်ရဲ့ဒုတိယသခင်ကြီးကို အနှောင့်အယှက် ဖြစ်စေမိပါပြီ”
“ရှောင်းချန်ဖုန်းကတော့ သူ့ရဲ့တဏှာကြီးတဲ့စိတ်နှလုံးကြောင့် သူ့ရဲ့မိဘတွေကို အန္တရာယ်ဖြစ်စေခဲ့ရုံသာမက ငါလိုကြီးမြတ်တဲ့ပုဂ္ဂိုလ်ကိုပါ အာရုံဆွဲဆောင်ခဲ့မိလိမ့်မယ်လို့ မျှော်လင့်ထားခဲ့မှာ မဟုတ်လောက်ဘူး”
“ဟုတ်ပါရဲ့ အကြီးအကဲချင်ရှန်းကို အင်ပါယာကြီးတွေရဲ့တော်ဝင်မိသားစုတွေတောင်မှ မျက်နှာမဖော်ပြတဲ့တည်ရှိမှုမျိုး ထားရှိခွင့်ပေးထားခဲ့ရတာကို”
အဖိုးအိုကြီးပေါ်ထွက်လာသည်နှင့် နေရာရှိကျင့်ကြံသူများသည် အံ့ဩထိတ်လန့်ကုန်ကြလျက် အသံအနေအထားမှာ အဖိုးအိုကို လေးစားမှုများ ပါဝင်နေလျက် တီးတိုးပြောဆိုကြကုန်သည်။
တည်းခိုခန်း၏ပဥ္စမထပ်တွင်ရှိနေသည့် စွမ်းအားမြင့်ပုဂ္ဂိုလ်များသည်ပင် ခပ်သာသာ အရိုအသေပြုနှုတ်ဆက်လာကြ၏။ ချင်ရှန်း၏ရှေ့မှောက်တွင် မည်သူမျှ လျစ်လျူမရှုဝံ့ကြချေ။
“အကြီးအကဲချင်ရှန်း!”
အဖိုးအိုကြီးကိုမြင်သည်နှင့်တစ်ပြိုင်နက် အကြီးအကဲကျူးချင်သည် သူမ၏မျက်နှာလှလှလေးတွင် လေးစားမှုတို့ဖြစ်တည်စေလျက် နှုတ်ဆက်ခဲ့သည်။
အကြီးအကဲချင်ရှန်းသည် လက်ဝှေ့ယမ်းလျက် အကြီးအကဲကျူးချင်ကို ယဉ်ကျေးမနေရန် အချက်ပြလိုက်သည်။ လောကဓံတရားကို အလုံးစုံသိမြင်နားလည်ဟန်သော နက်ရှိုင်းသည့်မျက်လုံးများသည်တော့ ဝမ်ဖုန်းအား စိုက်ကြည့်နေခဲ့၏။
အကြီးအကဲချင်ရှန်းနှင့် အကြည့်ချင်းဆုံလိုက်ရသည်တွင် ဝမ်ဖုန်းမှာ မျက်လုံးကို အနည်းငယ် မှေးကျဉ်းလိုက်မိသည်။ ဝမ်ဖုန်းသည်လည်း အကြီးအကဲချင်ရှန်းကို အကြည့်မလွှဲတမ်း ကြည့်နေခဲ့ပါ၏။ ဤချင်းယွမ်စံအိမ်တွင် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်နှောင်းပိုင်းအဆင့် စွမ်းအားမြင့်ပုဂ္ဂိုလ်တစ်ဦး ရှိနေလိမ့်ဦးမည်ဟု ဝမ်ဖုန်း မမျှော်လင့်ခဲ့ပါချေ။ ထိုအင်အားကြီးမားသည့်စွမ်းအင်သည် အင်ပါယာကြီးသုံးခုကို ကြောက်ရွံ့စိုးထိတ်စေခဲ့ခြင်းဖြစ်သည်။
ချင်းယွမ်စံအိမ်မှာ မြို့ကြီးတစ်မြို့၏လက်အောက်ရှိ တည်းခိုဆောင်တစ်ခုသာ ဖြစ်သော်ငြား ထိုမျှသော အမွှေအနှစ်၊ အင်အားတို့ ရှိနေလေရာ ဝမ်ဖုန်း မှန်းဆထားသည်ထက် ပို၍အင်အားကြီးလောက်ပေမည်။
“အကြီးအကဲချင်ရှန်းရဲ့မျက်နှာကြောင့် ဒီဂိုဏ်းချုပ် ဒီလောက်နဲ့ရပ်လိုက်ပါမယ်!”
ဝမ်ဖုန်း၏နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားလျက် ခပ်သာသာအပြုံးတစ်ခုဖြင့် အကြီးအကဲချင်ရှန်းကို ပြောခဲ့သည်။
ဤချင်းယွမ်စံအိမ်သည် လျှို့ဝှက်ဆန်းကြယ်ပြီး အင်အားကြီးမား၏။ ရှောင်းချန်ဖုန်းနှင့် အခြားသူများအတွက်နှင့် ထိုမျှအင်အားကြီးမားသောအင်အားစုနှင့် ထိပ်တိုက်ရင်ဆိုင်ရန်မှာ မထိုက်တန်ပေ။ ထို့အပြင် ရှောင်းချင်ဖုန်းနှင့် အခြားသူများကို ဤနေရာမှ ထွက်ခွာသည်နှင့် အချိန်မရွေး သတ်ပစ်နိုင်ပေသည်။ ယခင်တိုက်ခိုက်မှုမှာ သူ၏ရှန်ရှန့်ကျုံဂိုဏ်း၏ ကိုယ်ပိုင်ဥပဒေသကို လူအများသိစေရန် ကြေညာလိုက်ခြင်းဖြစ်သည်။
ယခုတွင် သူ၏ရည်ရွယ်ချက်လည်း ပြည့်မြောက်သွားခဲ့ပြီဖြစ်ပြီး တစ်ဖက်လူမှလည်း မျက်နှာသာပေးနေခဲ့သည်ဖြစ်ရာ မတိုးသာမဆုတ်သာအခြေအနေမျိုး ပြုလုပ်ရန်မလိုအပ်ပေ။
“ကျေးဇူးတင်ပါတယ် လူကြီးမင်း! ချင်းယွမ်စံအိမ်မှာ လူကြီးမင်းရဲ့ဒီတစ်ကြိမ် ကုန်ကျငွေအားလုံးကို မယူတော့ပါဘူး။ ပြီးတော့ အခုကစပြီး လူကြီးမင်းက ချင်းယွမ်စံအိမ်ရဲ့ အရေးကြီးပုဂ္ဂိုလ်ဖြစ်သွားပါပြီ။ ချင်းယွမ်စံအိမ်မှာ တည်းခိုတဲ့အခါ ၂၀ရာခိုင်နှုန်းလျှော့ဈေး ရရှိပါမယ်”
ဝမ်ဖုန်း၏စကားအဆုံးတွင် အကြီးအကဲချင်ရှန်းသည် သူ၏အရေးအကြောင်းများထင်ဟပ်နေသည့် မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်တည်စေခဲ့လျက် ရွှေဖြူရောင်ကတ်ပြားတစ်ခုကိုထုတ်ယူ၍ ဝမ်ဖုန်းအား ပေးခဲ့သည်။ ထို့နောက် ကျယ်လောင်စွာပြောခဲ့၏။
အကြီးအကဲချင်ရှန်း၏စကားကြောင့် ကျင့်ကြံသူများစွာတို့မှာ ထိတ်လန့်အံ့အားသင့်သွားခဲ့ကြပြီး သူတို့၏မျက်နှာထက်တွင် မယုံကြည်နိုင်သည့်အမူအရာများ ထင်ဟပ်နေခဲ့ကြသည်။ ပြဿနာကြီးတစ်ခုသည် ဤသို့အနည်ထိုင်သွားလိမ့်မည်ဟု သူတို့မသိခဲ့ပါချေ။ ထို့ပြင် ပြဿနာမှာ ချင်းယွမ်စံအိမ်မှ ဦးညွှတ်ခြင်းဖြင့် ငြိမ်အေးသွားခဲ့၏။
ကျင့်ကြံသူများကို အကြီးမားဆုံး ထိတ်လန့်အံ့အားသင့်စေခဲ့သည့်အချက်မှာ ဝမ်ဖုန်းသည် ချင်းယွမ်စံအိမ်၏စည်းမျဉ်းများကို ချိုးဖောက်ခဲ့သော်ငြား အကြီးအကဲချင်ရှန်းမှ ပြစ်တင်ပြောဆိုခြင်း မရှိသည့်အပြင် အရေးကြီးပုဂ္ဂိုလ်သုံးရွှေဖြူကတ်ပြားကိုပင် ပေးအပ်ခဲ့သေးသည်။
ချင်းယွမ်စံအိမ်၏ အရေးကြီးပုဂ္ဂိုလ်သုံးရွှေဖြူကတ် ပိုင်ဆိုင်ထားသူမှာ ယောင်ရီအင်ပါယာတစ်ခုလုံး၌ပင် အများကြီးမရှိချေ။ သာမန်ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူများသည်ပင် ၎င်းကတ်ကို မရရှိနိုင်ချေ။
“အကြီးအကဲ!”
ချင်ရှန်း၏နောက်ရှိ အကြီးအကဲကျူးချင်သည်လည်း ပါးစပ်အနည်းငယ် ပွင့်ဟသွားသည်အထိ အံ့အားသင့်သွားခဲ့ရကာ သူမ၏မျက်နှာလှလှလေးမှာ ရှုပ်ထွေးဟန်များထင်ဟပ်နေ၏။ သူမ ဘာမျှ ထပ်မပြောနိုင်မီတွင် အကြီးအကဲချင်ရှန်းမှ ဟန့်တားလိုက်သည်။
“အဲ့လိုဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ်”
ဝမ်ဖုန်းသည် အရေးကြီးပုဂ္ဂိုလ်သုံးရွှေဖြူကတ်ကို လှမ်းယူလိုက်ပြီးနောက် သူ၏လက်တွင် ဆုပ်ကိုင်ထားလျက် ပြုံးရယ်၍ပြောခဲ့သည်။ အခြားသူများမှ သူ့အား တစ်ပေလေးစားလျှင် မိမိဘက်မှ ဆယ်ပေလေးစားပါ၏။ အဆင်ပြေချောမွေ့လှစွာဖြင့် အကြီးအကဲချင်ရှန်း၏ လုပ်ဆောင်ချက်များမှာ ဝမ်ဖုန်း၏ဒေါသကို ထပ်မံနှိုးဆွခြင်း မရှိခဲ့တော့ပေ။
“လူကြီးမင်း ကြွပါ!”
ဝမ်ဖုန်း၏အပြုအမူကြောင့် အကြီးအကဲချင်ရှန်း၏အပြုံးသည်လည်း ပိုမိုထင်ရှားလာခဲ့ကာ လက်ကိုဆန့်ထုတ်ညွှန်ပြလျက် ပြောခဲ့သည်။
ဝမ်ဖုန်းသည် ချင်းယွမ်စံအိမ်၏ ဒုတိယထပ်သို့ဦးတည်သည့်လှေကားထစ်ကို မတက်လှမ်းမီတွင် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေသည့်ရှောင်းချန်ဖုန်းကို ကြည့်၍နှာမှုတ်လိုက်သည်။
“မင်း ချင်းယွမ်စံအိမ်ကနေ ထွက်မသွားဖို့မျှော်လင့်တယ်။ မဟုတ်ရင် သေရလိမ့်မယ်”
စကားဆုံးသည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်းသည် လက်ချောင်းများကို ဆတ်ခနဲလှုပ်ရှားလိုက်ရာ အေးစက်သည့်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး အကြီးအကဲကွေ့ရှုန်း၏ လက်ပြတ်ကြီးသည် အသွေးအသားများလွင့်စင်ထွက်လျက် ပေါက်ကွဲသွားခဲ့သည်။
“မင်း…!”
သူ၏လက်ပြတ်ကြီး ဖျက်ဆီးခံလိုက်ရသည်ကြောင့် အကြီးအကဲကွေ့ရှုန်းသည် ဒေါသထွက်သွားခဲ့ပြီး ကြိမ်းမောင်းပြောဆိုလိုခဲ့၏။ သို့သော် ချီမိန်ချွှေရွှယ်၏မျက်လုံးများနှင့် အကြည့်ချင်းဆုံမိသွားသည်တွင် ဒေါသကိုမြိုသိပ်၍ နောက်ပြန်ဆုတ်ခဲ့ရသည်။
မည်သို့ပင်ဖြစ်စေ နာကျည်းမုန်းတီးခြင်းများမှာ ပြည့်နှက်နေပြီးဖြစ်၏။ ထိုလက်ပြတ်ကို မဖျက်ဆီးခဲ့ပါလျှင် သူ၏ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံမှုဖြင့် ပြန်လည်ကောက်ယူဆက်နိုင်ပေမည်။ အချိန်တစ်ခုကြာ ကုသမှုအပြီးတွင် မူလအတိုင်း ကောင်းမွန်သွားမည်ဖြစ်၏။
သို့သော် ယခု၌ လက်ပြတ်မှာ ဖျက်ဆီးခံလိုက်ရပြီး လက်တစ်ဖက်တည်းဖြင့်ရှင်သန်ရန် ကံကြမ္မာဖန်သွားခဲ့လေပြီ။ ဆန်းကြယ်အင်ပါယာအဆင့် ဖြစ်လျှင်သော်မှ ပြန်လည်သစ်လွင်ဆေးလုံးကို ရှာမတွေ့ခင်အထိ အထက်ကောင်းကင်သို့ တက်လှမ်းရန်မဖြစ်နိုင်တော့ပေ။ သို့သော် ပြန်လည်သစ်လွင်ဆေးလုံးသည် အလွန်ရှားပါးလွန်းလှ၍ အကြီးအကဲကွေ့ရှုန်းမှ ရယူနိုင်မည့်အရာ မဟုတ်ချေ။
အကြီးအကဲကွေ့ရှုန်းသည် ဝမ်ဖုန်းမှာ သူ၏လက်ပြန်ဆက်မည့်စိတ်ကူးကို ဖျက်ဆီးပစ်နိုင်သည်အထိ အကြင်နာကင်းမဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထို့ပြင် နေရာရှိကျင့်ကြံသူများမှာ အကြီးအကဲကွေ့ရှုန်း၏လက်ပြတ် ဖျက်ဆီးခံရသည့်မြင်ကွင်းကြောင့် တုန်လှုပ်ကုန်ကြ၏။ အသွေးအသားများလွင့်စင်ထွက်နေသည့်ပုံရိပ်သည် နက်ရှိုင်းစွာ လှုံ့ဆော်နေပေသည်။ ဝမ်ဖုန်း၏အကြင်နာကင်းမဲ့မှုနှင့် စဉ်းလဲမှုသည် ထိုကျင့်ကြံသူများ၏စိတ်နှလုံး၌ ခိုင်မာစွာဖြင့် အရိပ်ထင်ကျန်ရစ်ခဲ့ပေသည်။
အကြီးအကဲချင်ရှန်းသည် အထက်သို့မော့ကြည့်လျက် ထိုအဖြစ်အပျက်ကို မမြင်ဟန်ဆောင်ခဲ့သည်။ အကြီးအကဲကျူးချင်သည်လည်း နာခံတတ်သူဖြစ်၍ ဝမ်ဖုန်း၏ထိုလုပ်ဆောင်ချက်ကို မမြင်ဟန်ဆောင်ခဲ့၏။
“အကြီးအကဲချင်ရှန်း ကြွပါ!”
ထို့နောက်တွင် ဝမ်ဖုန်း၏မျက်နှာထက်၌ သိမ်မွေ့နူးညံ့သည့်အပြုံးတစ်ခု ဖြစ်တည်လာခဲ့ပြီး အကြီးအကဲချင်ရှန်းကို ပြောခဲ့သည်။ သူ၏မျက်နှာအမူအရာမှာ နူးညံ့သိမ်မွေ့လွန်းလှ၏။ မကြာသေးခင်မှ အကြင်နာကင်းမဲ့သည့်ပုံရိပ်သည် စိုးစဉ်းမျှ မကျန်ရစ်ခဲ့တော့ပေ။
“ကြွပါ”
အကြီးအကဲချင်ရှန်းသည်လည်း ပြန်လည်ပြုံးလာခဲ့ပြီး ဝမ်ဖုန်းနှင့်အခြားသူများကို တည်းခိုခန်း၏ဒုတိယထပ်သို့ ပို့ဆောင်ပေးခဲ့သည်။
ဝမ်ဖုန်းတို့ထွက်သွားပြီး အချိန်အတော်ကြာပြီးသည်အထိ အချို့သောကျင့်ကြံသူများမှာ တုန်လှုပ်နေဆဲဖြင့် အချိန်အတော်ကြာ အသိစိတ်မကပ်နိုင်ဘဲ ရှိနေရသည်။
ရှောင်းချန်ဖုန်းသည်တော့ ဝမ်ဖုန်းနောက်ဆုံးပြောခဲ့သည့်စကားများကြောင့် စိတ်ဝိဉာဉ်ထိပါ တုန်လှုပ်နေခဲ့လျက် မျက်နှာမှာ စိတ်ပျက်အားလျော့မှုများ အတိုင်းသား ပေါ်လွင်နေတော့သည်။ အခြေအနေသည် လျင်မြန်စွာပြောင်းလဲသွားခဲ့လျက် ဝမ်ဖုန်းမှ သူ့ကိုခြိမ်းခြောက်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
အဓိကအချက်မှာ ဝမ်ဖုန်းပြသခဲ့သည့် ကြောက်မက်ထိတ်လန့်ဖွယ်သော စွမ်းအားဖြစ်သည်။ ထိုစွမ်းအားသည် ရှောင်းချန်ဖုန်းကို အမှန်တကယ်သတ်ဖြတ်နိုင်စွမ်းပါ၏။