လီထျန်းရှင်း၏အတွင်းစိတ်။
Vol. 3 Ch. 36
ဝမ်ဖုန်း၏စကားသည် ပဉ္စမထပ်တစ်ထပ်လုံးတွင် ပျံ့နှံ့သွား၏။ အားလုံးမှာ အံ့အားသင့်သွားကြ၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ အကြီးအကဲချင်ရှန်းအပါအဝင် အားလုံးသည် ဝမ်ဖုန်းအား မှုန်မှိုင်းစွာကြည့်နေခဲ့ကြသည်။
ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းတော်ကြီး! ထိုဂိုဏ်းများအကြောင်းကို ရှေးစားအုပ်ပေါင်းများစွာတွင် ကြိမ်ဖန်များစွာဖတ်ရှုခဲ့ဖူးကြသော်ငြား မျက်မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။
ဤရှန်ရှန့်ကျုံဂိုဏ်းသည် ဂိုဏ်းချုပ်ဝမ်ပြောသည့်အတိုင်းဆိုပါလျှင် အမှန်တကယ် မယုံကြည်နိုင်လောက်အောင်သော အံ့ချီးဖွယ်ဖြစ်၏။ အင်ပါယာကြီးသုံးခုမှ တော်ဝင်မိသားစုများ ကြားသိသွားခဲ့ပါလျှင် လောကဝတ်ဖြင့်ပြုမူဆက်ဆံကြပေလိမ့်မည်။
ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းတော်ကြီးများ၌ ရှေးယခင်ကာလများအတွင်း မည်သို့အေမွဆက်ခံဆင်းသက်လာခဲ့ကြသည်ကို မည်သူမျှ မသိကြပေ။ ၎င်း၏ အမွေဆက်ခံသူများသည် သူတို့တွေးထင်ထားသည်ထက် များစွာပို၍ကြောက်မက်အံ့ဩဖွယ်ကောင်းလှသည်။
ထို့ပြင် ရှန်ရှန့်ကျုံဂိုဏ်း၏ မျိုးဆက်ငါးဆက်မြောက်ဂိုဏ်းချုပ်ဟူသော ထုန်ထျန်းဂိုဏ်းချုပ်သည် ကောင်းကင်သို့ပင် ဖက်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်ဆို၏။ ဘယ်လိုတောင် ကြောက်ဖို့ကောင်းလိုက်သလဲ။
ကျင့်ကြံသူတစ်ဦးအနေဖြင့် ကျင့်ကြံမှုလမ်းစဉ်တစ်လျှောက်ရှိ ပထမဆုံးသောအကြီးမားဆုံးရန်သူမှာ မိမိကိုယ်တိုင်ဖြစ်ပြီး ဒုတိယရန်သူမှာ ကောင်းကင်ဘုံဖြစ်သည်ကို ကျင့်ကြံသူတိုင်းသိရှိကြ၏။
အသက်ရှင်သန်ရန်အတွက် ရုန်းကန်သည်ဖြစ်စေ၊ အကျိုးအမြတ်အတွက် ရုန်းကန်သည်ဖြစ်စေ ကောင်းကင်ဘုံနှင့်ဖက်ပြိုင်ရမည့်တစ်နေ့သို့ ရောက်လာမည်ဖြစ်သည်။ သူတို့၏ကျင့်ကြံမှုမှာ ထိုမျှအဆင့်ထိ မရောက်ရှိသေးခြင်းသာ ဖြစ်၏။
ကောင်းကင်ဘုံနှင့်ဖက်ပြိုင်တိုက်ခိုက်နိုင်ခြင်းဟူသည် အမှန်စင်စစ်တွင် မည်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်ကို စိတ်ကူးဖြင့်မှန်းဆ၍မရနိုင်ပါချေ။
သေချာပေါက် နေရာရှိစွမ်းအားမြင့်ကျင့်ကြံသူများသည် အံ့အားသင့်သွားကြသော်ငြား ဝမ်ဖုန်း၏စကားများကို အပြည့်အဝ မယုံကြည်ပါချေ။ ဝမ်ဖုန်း၏စကားများမှာ အလွန်ကြောက်မက်ထိတ်လန့်ဖွယ်ဖြစ်၏။ ရှန်ရှန့်ကျုံဂိုဏ်းသည် လျှို့ဝှက်ဆန်းကြယ်စွာ ကြောက်မယ်ဖွယ်ဖြစ်သော်ငြား ထိုမျှပမာဏထိ မဟုတ်နေပေ။
သို့သော် နေရာရှိကျင့်ကြံသူများမှာ ဝမ်ဖုန်း၏ ရှန်ရှန့်ကျုံဂိုဏ်းသည် ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီးဖြစ်သည်ဟု ဦးနှောက်ထဲရိုက်သွင်းခြင်း ခံလိုက်ရသည်မှာတော့ သံသယဝင်ဖွယ်မရှိပေ။ ဝမ်ဖုန်းပြောသည်ကဲ့သို့ ဆက်ခံသူများသည် အံ့ချီးဖွယ်မကောင်းလှသော်ငြား လုံးဝ မှားယွင်းနေသည်လည်းမဖြစ်နိုင်ပေ။
နေရာရှိကျင့်ကြံသူများစွာတို့၏ အံ့အားသင့်နေသည့်အမူအရာများကိုကြည့်ရင်းဖြင့် ဝမ်ဖုန်းသည် နှုတ်ခမ်းတို့တွန့်ကွေးသွားခဲ့လျက် စိတ်တွင်းထဲမှ ကြိတ်၍ပြုံးရယ်မိပေသည်။
“ဒီမှာ… ကျုပ်က ခင်ဗျားတို့ကို မလိမ်ပါဘူးဗျာ”
ဝမ်ဖုန်းသည် ဒဏ္ဍာရီဇာတ်လမ်းအမျိုးမျိုးတို့ကြောင့် သက်သာရာရခဲ့သည်ဟု ဆိုနိုင်ပေသည်။ သူ့အနေဖြင့် ရှန်ရှန့်ကျုံဂိုဏ်း၏ အမွေဆက်ခံသူမျိုးဆက်တစ်ခုကို လုပ်ကြံပြောဆိုရခြင်းသည် အလွန်လွယ်ကူနေသည် မဟုတ်ပါလော။
သို့သော် သူ၏စကားများသည် နေရာရှိကျင့်ကြံသူများကို လိမ်ညာလှည့်ဖျားနိုင်ခဲ့ရုံမျှမက သူ၏တပည့်သုံးယောက်ပါ သူ၏လှည့်ဖျားမှုအတွင်း ကျဆင်းသွားခဲ့မည်ဟု မမျှော်လင့်ထားခဲ့မိပေ။
လင်းဖေးဝူနှင့် မုယွင်ဖေးတို့သည် စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံး ဂနာမငြိမ်ဖြစ်နေတော့သည်။ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းမှာ ရှည်ကြာသည့်ဓလေ့ထုံးတမ်းများရှိ၍ ရှေးယခင်အချိန်များ၌ အကြီးမားဆုံးသော လျှို့ဝှက်ဂိုဏ်းကြီးဖြစ်သည်ကို သိထားပါ၏။ သို့သော်ငြား ထိုမျှထိတ်လန့်ဖွယ်သော မျိုးဆက်အမွေဆက်ခံမှုမျိုးရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။
ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ခဲ့ခြင်းအတွက် သူတို့သည် အလွန်ဝမ်းမြောက်ပျော်ရွှင်ရပါ၏။ ဤမျှအင်အားကြီးမားသောဂိုဏ်းကြီးသည် သူတို့၏နောက်ခံအင်အားဖြစ်လေရာ ဤလောကတွင် ဘာကိုများ ကြောက်ရွံ့နေတော့မည်နည်း။
ဆန်းကြယ်အင်ပါယာအဆင့် ပြန်လည်ဝင်စားသူလီဟေးသည်ပင် ဤတစ်ကြိမ်တွင် နက်နက်ရှိုင်းရှိုင်း ကိုင်လှုပ်ခံလိုက်ရ၏။ သူသည် ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူ ဖြစ်ခဲ့ဖူးသောကြောင့် ကောင်းကင်ဘုံနှင့်ဖက်ပြိုင်ခြင်းသည် မည်မျှကြောက်မက်ဖွယ်ဖြစ်သည်ကို ကောင်းကောင်းသိပါ၏။ သူ၏စွမ်းအင်အမြင့်မားဆုံးဖြစ်ခဲ့သည့် နေ့ရက်များတွင် စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများပင် သူ၏လက်ဖဝါးတစ်ချက်ကို ခံနိုင်ရည်ရှိရန်ခက်ခဲခဲ့၏။
အဓိကအချက်မှာ ဤအချိန်ကာလအတွင်းတွင် လီဟေးသည် ရှန်ရှန့်ကျုံဂိုဏ်း၏ လျှို့ဝှက်ဆန်းကြယ်မှုကို မျက်မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ လီဟေးသည် ဝမ်ဖုန်းပြောခဲ့သည်များကို အနည်းငယ်ယုံကြည်ပါ၏။ ရှန်ရှန့်ကျုံဂိုဏ်း၏ အမြဲလိုလို ရှင်းပြရန်ခက်ခဲသည့် လျင်မြန်သော ပြန်လည်အားကောင်းလာမှု အကြောင်းရင်းကို ဤနည်းလမ်းဖြင့်သာ ရှင်းပြနိုင်သည်ဖြစ်၏။
“ရှန်ရှန့်ကျုံဂိုဏ်းမှာ ဒီလိုသမိုင်းကြောင်းရှိမယ်လို့ ထင်မထားခဲ့ဘူး။ ချင်းယွမ်စံအိမ်က တကယ်ကိုပဲ ပြစ်မှားမိပါပြီ။ ကျေးဇူးပြုပြီး ဂိုဏ်းချုပ်ဝမ် ဗွေမယူလိုက်ပါနဲ့”
အကြီးအကဲချင်ရှန်းသည် သိမ်မွေ့စွာပြုံးလျက်ဖြင့် ဝမ်ဖုန်းကို အရိုအသေပြုခဲ့သည်။
“အကြီးအကဲ အဲ့လိုမလုပ်ပါနဲ့။ ဒီဂိုဏ်းချုပ်ကသာ ပြစ်မှားမိတာပါ။ ကျေးဇူးပြုပြီး အကြီးအကဲ ဗွေမယူပါနဲ့”
ဝမ်ဖုန်းလည်း ရိုသေလေးစားမှုကို အလျင်အမြန် ပြန်လည်ထုတ်ဖော်ပြသခဲ့သည်။
ထို့နောက်တွင် ဝမ်ဖုန်းနှင့် အကြီးအကဲချင်ရှန်းတို့သည် တစ်ဦးကိုတစ်ဦး အပြန်အလှန် အကြည့်ချင်းဖလှယ်၍ ပြုံးရယ်ခဲ့ကြလေသည်။ ထိုပြုံးရယ်မှုသည် တစ်ဦးနှင့်တစ်ဦးအပေါ်ရှိ မသင့်မြတ်သောစိတ်ထားများကို ဖယ်ရှားလိုက်သည်ဟူသော အဓိပ္ပာယ်ရသည်။
“ကျုပ်တစ်ဘဝလုံးမှာ ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းဆိုတာကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ အနာဂတ်မှာ ပြောမှားဆိုမှားရှိခဲ့ရင် ကျေးဇူးပြုပြီး ဂိုဏ်းချုပ်ဝမ် ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်”
အခြားသောဂိုဏ်းချုပ်များသည်လည်း အပြုံးကိုယ်စီဖြင့် ဝမ်ဖုန်းကိုပြောလာခဲ့ကြသည်။ ဝမ်ဖုန်း၏စကားများမှာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အနည်းဆုံးတော့ ရှန်ရှန့်ကျုံဂိုဏ်းမှ ပြသခဲ့သည့်အင်အားသည် သူတို့နှင့်မိတ်ဆွေဖွဲ့ရန် ထိုက်တန်ပေသည်။
“အပြောကောင်းတယ်။ အပြောကောင်းတယ်။ ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းကို စကားစမြည်ပြောရအောင် အလည်အပတ်လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျုပ်ရဲ့ရှန်ရှန့်ကျုံဂိုဏ်းက လောကကြီးနဲ့အဆက်အသွယ်ပြတ်နတာကြာပြီဆိုတော့ နည်းနည်းတော့ ခေတ်မမီဘူးဗျာ”
ဝမ်ဖုန်းသည် ပို၍ပင် ပြုံးရွှင်လာခဲ့လျက် ပြောခဲ့သည်။
“ရတာပေါ့ဗျာ”
“ဒါဆိုရင် ကျုပ်တို့ ဂိုဏ်းချုပ်ဝမ် အနားယူတာကို မနှောင့်ယှက်တော့ပါဘူး။ နတ်ဆိုးချိပ်ပိတ်ညီလာခံမှာ ဂိုဏ်းချုပ်ဝမ်ရဲ့ဂိုဏ်းတပည့်တွေ ကျုပ်တို့နဲ့တွေ့ခဲ့ရင် ဂိုဏ်းချုပ်ဝမ်ရဲ့တပည့်တွေကို နည်းနည်းလောက် သည်းခံထိန်းချုပ်ပြီး ညှာတာပေးဖို့ ပြောထားပေးပေ့ါဗျာ”
ထို့နောက်တွင် ဂိုဏ်းများ တစ်ဂိုဏ်းပြီးတစ်ဂိုဏ်းမှ စကားကောင်းများ ပြောဆိုခဲ့ကြသည်။ အကြောင်းမှာ သူတို့သည် ရှန်ရှန့်ကျုံဂိုဏ်းကို ကြောက်ရွံ့သည်ကြောင့်မဟုတ်ပါဘဲ ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်လိုသောကြောင့်သာ ဖြစ်သည်။
“ဒါပေါ့ဗျာ”
ဝမ်ဖုန်းသည် အပြုံးဖြင့်ခေါင်းညိတ်ခဲ့ပြီးနောက် ချီမိန်ေချွှရွယ်နှင့် အခြားသူများကို အခန်းသို့ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
ဝမ်ဖုန်းနှင့်အခြားသူများ ထွက်ခွာသွားသည်ကို စောင့်ကြည့်ပြီးနောက် နေရာရှိကျင့်ကြံသူများသည်လည်း အချင်းချင်း အကြည့်ချင်းဖလှယ်ပြီးနောက် ကိုယ်စီအခန်းသို့ ပြန်သွားကြလေသည်။ ရှန်ရှန့်ကျုံဂိုဏ်းကဲ့သို့ ရှေးဟောင်းဂိုဏ်းအတွက် သူတို့ဂရုတစိုက်စီစဉ်ရမည်မှာ သိသာေပသည်။
အကြီးအကဲချင်ရှန်းသည်လည်း အကြီးအကဲကျူးချင်ကို ချင်းယွမ်စံအိမ်၏အတွင်းခန်းသို့ ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။
“အကြီးအကဲ ဂိုဏ်းချုပ်ဝမ်ရဲ့စကားကို ဘယ်လောက်အထိ ယုံကြည်ပါသလဲ”
လမ်းလျှောက်သွားနေစဉ်တွင် အကြီးအကဲကျူးချင်မှ မေးခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်းက ဝမ်ဖုန်းပြောခဲ့သည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်မှန်ပါလျှင် ချင်းယွမ်စံအိမ်သည် ရှောင်ဖယ်ရန်လိုအပ်၏။
“ရက်နည်းနည်းကြာရင် ထူးခြားတာကို မြင်ရမှာပါ”
အကြီးအကဲကျူးချင်၏အမေးတွင် အကြီးအကဲချင်ရှန်း၏အရေးအကြောင်းများသည် နက်နဲလှသည့်အပြုံးကို ဖြစ်တည်စေခဲ့လျက် နူးညံ့စွာရေရွတ်၏။
“အကြီးအကဲ ဆိုလိုတာက…?”
“စစ်ဖန်းခန်းမဆိုတာ လွယ်လွယ်ပြစ်မှားလို့ရတဲ့အရာ မဟုတ်ဘူး။ ဟန့်တားနိုင်ရင် ငါးဆပိုပြီးယုံကြည်လို့ရသွားပြီ။ မဟန့်တားနိုင်ခဲ့ရင်တော့ ချိန်ခွင်လျှာပေါ်ခုန်ပေါက်နေတဲ့လူပြက်ပဲပေါ့”
အကြီးအကဲချင်ရှန်းသည် ခေါင်းခါယမ်းလျက် တီးတိုးပြော၏။
အကြီးအကဲချင်ရှန်း၏စကားကြောင့် အကြီးအကဲကျူးချင်မှာ အံ့အားသင့်သွားခဲ့ကာ သူမ၏လှပသည့်မျက်လုံးများထဲတွင် စိတ်ဝင်စားသည့်အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။ ဝမ်ဖုန်းပြောသည့်စကားများ အမှန်ဟုတ်သည်၊မဟုတ်သည်ကို သူမ သိရှိလို၏။
…..
“ဘာကို ရှန်ရှန့်ကျုံဂိုဏ်းလဲ။ ငါတော့ တစ်ခါမှ မကြားဖူးပါဘူး။ ကောင်းကင်ဘုံနဲ့ဖက်ပြိုင်တိုက်ခိုက်တယ်ဆိုတာ အရမ်းရယ်ရတာပဲ။ တကယ်သာ အဲ့လောက်အင်အားကြီးနေရင် ဒီလောကကြီးက သူတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့အပိုင်ဖြစ်နေတာ ကြာလောက်ရောပေါ့”
ထျန်းရှင်းဂိုဏ်း၏အခန်းတွင် တာ့အိုဝတ်ရုံဖြင့် လှပသည့်အမျိုးသမီးသည် ဒေါသတကြီးဖြင့်ပြောနေ၏။ မကြာသေးမီက ဝမ်ဖုန်း၏ေပါ်ထွက်လာမှုတွင် စွမ်းအားမြင့်ကျင့်ကြံသူများစွာတို့မှ လှိုက်လှဲစွာကြိုဆိုသည့်ဆန္ဒရှိနေပုံကို မြင်ခဲ့ရသည်တွင် သူမသည် လွန်စွာ မကျေမနပ်ဖြစ်နေခဲ့သည်။။
ဂုဏ်သရေကြီးမြတ်သည့်ထျန်းရှင်းဂိုဏ်းအကြီးအကဲ ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူဖြစ်သည့် သူမသည်ပင် စွမ်းအားမြင့်ပုဂ္ဂိုလ်များစွာတို့၏ ထိုမျှသော ယဉ်ကျေးပျူငှာစွာဆက်ဆံခြင်းကို မရရှိခဲ့ဖူးချေ။ ‘ဘယ်လိုတောင် အဲ့ဒီ့ကောင်စုတ်လေးက ဆက်ဆံခံရတာလဲ’
တာ့အိုဝတ်ရုံဖြင့် လှပသည့်အမျိုးသမီးသည် ချီမိန်ချွှေရွှယ်၏ဓားချက်ကြောင့် အမှန်တကယ် ထိတ်လန့်သွားခဲ့ပါ၏။ ‘အဲ့တော့ရော ဘာဖြစ်လဲ။ ဒီတိုင်း စွမ်းအားကြီးတဲ့လူတစ်ယောက်ပဲလေ ဘာတွေများ အရမ်းတွေစွမ်းဆောင်နိုင်မှာမလို့တုန်း?’
“ဟေး! ကောင်းကင်ဘုံက ဘယ်လောက်မြင့်မားတယ်တော့ ငါမသိဘူး။ ဒါပေမဲ့ စစ်ဖန်းခန်းမရဲ့ဒေါသကို အဲဒီ့ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းဆိုတာက ဘယ်လိုရင်ဆိုင်မလဲ ဒီအကြီးအကဲ သိချင်မိပါရဲ့”
ထို့နောက်တွင် တာအိုဝတ်ရုံဖြင့်အမျိုးသမီးသည် တစ်စုံတစ်ရာကို စဉ်းစားမိသွားဟန်ဖြင့် နှာမှုတ်လေသည်။
တာ့အိုဝတ်ရုံဖြင့်အမျိုးသမီး၏ ဒေါသ၊ ဝန်တိုမှုတို့နှင့်နှိုင်းယှဉ်ပါလျှင် လီထျန်းရှင်းမှာ တည်ငြိမ်၍ကြော့ရှင်းရည်မွန်ပုံရ၏။ သို့သော် တကယ်တမ်းတွင် လီထျန်းရှင်းသည် စိတ်ထဲမှ လျှို့ဝှက်စွာမေးခွန်းထုတ်နေခြင်းဖြစ်ပါ၏။
“ဆရာ ဂိုဏ်းချုပ်ဝမ်ပြောတာ အမှန်တွေလို့ထင်လား”
“အမှန်ဖြစ်ဖို့များတယ်”
လီထျန်းရှင်း၏စိတ်ထဲတွင် နူးညံ့သိမ်မွေ့သည့်အသံတစ်ခု ပေါ်ထွက်လာခဲ့ရာ လီထျန်းရှင်းမှာ တစ်ကိုယ်လုံး တုန်ရီသွား၏။
“ဘာလို့လဲ။ ဘာရှာတွေ့လို့လဲ”
လီထျန်းရှင်း အလျင်အမြန်မေးလိုက်သည်။ အမှန်ဖြစ်ပါလျှင် သူမ၏စိတ်ကူးအတိုင်း ဤအကြင်နာတရားကင်းမဲ့သည့် မိစ္ဆာတွင်းထဲမှ ထွက်ခွာနိုင်တော့မည်ဖြစ်သည်။
“ငါ ခုနက ဂိုဏ်းချုပ်ဝမ်ကို အနီးကပ်စောင့်ကြည့်ခဲ့တယ်။ သူ့ကိုယ်မှာ လျှို့ဝှက်ဆန်းကြယ်စွမ်းအင်တစ်မျိုးနဲ့ ဖုံးကွယ်ထားပေမယ့် အချိန််ခဏတော့ ဒီဆရာကို သူ့ရဲ့ကျင့်ကြံမှုအဆင့်ကို မသိရအောင် ဖုံးကွယ်မထားနိုင်ခဲ့ဘူးလေ”
“ဂိုဏ်းချုပ်ဝမ်ရဲ့ကျင့်ကြံမှုက ဘယ်အဆင့်မှာရှိနေလဲ”
လီထျန်းရှင်း၏မျက်လုံးများတွင် အလင်းတစ်စ ဖြတ်ပြေးသွားလျက် အလျင်အမြန်မေးလိုက်၏။
“ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်”
“ဟမ်?”
သူမ၏စိတ်တွင်းမှအသံ၏စကားေကြာင့် လီထျန်းရှင်းသည် တုန်လှုပ်သွားခဲ့လျက် ပို၍ရှုပ်ထွေးသွားရသည်။
“ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းရဲ့ဂိုဏ်းချုပ်က ဒီလောက်ထိတ်လန့်စရာကောင်းလောက်အောင် မျိုးဆက်အမွေဆက်ခံမှုရှိထားပြီး သူ့ရဲ့ကျင့်ကြံဆင့်ကကျ ဘာလို့ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ပဲ ရှိနေရတာလဲလို့ အံ့ဩသွားတာမလား”
“ဟုတ်ပါတယ်”
လီထျန်းရှင်း ဆရာဖြစ်သူ၏အမေးကို ခေါင်းညိတ်ဖြေကြားလိုက်၏။ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်သည် အမှန်တကယ်ကြောက်မက်ဖွယ် ကျင့်ကြံဆင့်ဖြစ်ပါ၏။ သို့သော် ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီး၏ ဂိုဏ်းချုပ်ဟူသောသရုပ်အတွက် ဖြစ်သင့်သည့်ကျင့်ကြံဆင့်တော့ မဟုတ်ပါချေ။
“သူက အသက်နှစ်ဆယ်အစောပိုင်းမှာပဲ ရှိသေးတာကြောင့်ဆိုရင်ရော?”
“ဘယ်လို?”
လီထျန်းရှင်း၏ မျက်လုံးအိမ်မှာ မှေးကျုံ့သွားလျက် သူမ၏နှလုံးအိမ်တွင် မုန်တိုင်းထန်သွား၏။ ဝမ်ဖုန်းသည် ငယ်ရွယ်ချောမောသော်ငြား လီထျန်းရှင်း၏အတွေးထဲတွင် ဂုဏ်သရေကြီးမြတ်သည့် ရှေးဟောင်းလျှို့ဝှက်ဂိုဏ်းကြီး၏ အရှင်သခင်ဖြစ်သောဝမ်ဖုန်းသည် နှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီးသည့် မိစ္ဆာအိုကြီးဖြစ်လိမ့်မည်ဟူ၍ ဖြစ်ခဲ့သည်။ သို့သော် ဝမ်ဖုန်းသည် အသက်နှစ်ဆယ်အစောပိုင်းအရွယ်ဖြစ်နေခဲ့ရာ ၎င်းမှာ အသွင်ယူထားခြင်းလည်း ဖြစ်နိုင်သည်ဟုတွေးထားခဲ့သည်။
“ဟုတ်တယ်။ သူအချိန်ခဏလေး သတိလက်လွတ်ဖြစ်သွားချိန်မှာ ဆရာက လျှို့ဝှက်နည်းလမ်းသုံးပြီး သူ့ရဲ့ကျင့်ကြံမှုအပြင် အရိုးအသက်ကိုပါ စစ်ဆေးခဲ့တယ်”
“အဲဒါကြောင့်မို့ ဆရာ့အထင် ဂိုဏ်းချုပ်ဝမ်ပြောတာတွေက အမှန်တွေဖြစ်လောက်တယ်။ ဂိုဏ်းချုပ်ဝမ်က အသက်နှစ်ဆယ်အစောပိုင်းအရွယ်မှာ ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်ကို ရောက်နေခဲ့ပြီ။ ဒီအင်ပါယာကြီးသုံးခုလုံးမှာ အဲဒီ့လိုလူ မရှိနိုင်ဘူး ဟုတ်တယ်မလား”
ထိုစကားများအဆုံးတွင် လီထျန်းရှင်း၏ လှပသည့်မျက်လုံးများမှာ အနည်းငယ်မှုန်မှိုင်းသွား၏။ သူမသည် သူမ၏ဆရာကို ယုံကြည်သော်ငြား ဆရာ၏စကားများမှာ အလွန်အံ့ဩထိတ်လန့်ဖွယ် ဖြစ်နေ၏။ အင်ပါယာသုံးခုတွင်သာမက အင်ပါယာသုံးခု၏အပြင်ဘက်နယ်မြေများအထိ လောကတစ်ခွင်တွင် ထိုကဲ့သို့သောသူ ရှိနိုင်လိမ့်မည်မဟုတ်ပေ။
ဝမ်ဖုန်းသည် အသက်နှစ်ဆယ်အစောပိုင်းအရွယ်တွင် ဆန်းကြယ်အင်ပါယာအထွတ်အထိပ်အဆင့်သို့ရောက်ရှိခဲ့၏။ သို့ဖြစ်ရာ သူ၏အနာဂတ်အောင်မြင်မှုများသည် သာမန်လူများ တွေးခေါ်စိတ်ကူးနိုင်သည်ထက် များစွာသာလွန်မည်ဖြစ်သည်။
“အဲဒါတင် မကသေးဘူး”
“ဘာရှိသေးလို့လဲ”
လီထျန်းရှင်း သတိလက်လွတ် မေးလိုက်မိ၏။ သူမသည် လုံးဝအံ့ဩမင်သက်နေခဲ့ပြီး စိတ်အစဉ်မှာ လစ်ဟာနေပေသည်။ တစ်ပြိုင်နက်တည်းပင် စိတ်လှုပ်ရှားမှုလည်း ရှိနေခဲ့လေရာ သူမ၏အတွေးစိတ်ကူးများကို နားလည်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်၏။
“ဂိုဏ်းချုပ်ဝမ်ရဲ့ဘေးက ယောက်ျားနှစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကလည်း အနည်းဆုံး ဆန်းကြယ်အင်ပါယာအဆင့်မှာ ရှိလိမ့်မယ်။ သူတို့တွေက သာမန်ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူတွေ မဟုတ်နိုင်ဘူး။ ထျန်းရှင်းဂိုဏ်းအကြီးအကဲကိုသတ်ဖို့တော့ လုံလောက်တယ်”
သူမ၏ဆရာသည် ထိုပုဂ္ဂိုလ်သုံးဦး၏ ကျင့်ကြံမှုအတိအကျကို မရှာဖွေနိုင်ခဲ့သော်ငြား ထိုသုံးဦးသည် သာမန်ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူများထက် သာလွန်သည့် ပြိုင်ဘက်ကင်းစွမ်းအားမြင့်ပုဂ္ဂိုလ်များဖြစ်ကြောင်းကို ရှာဖွေပေးနိုင်ခဲ့သည်။
“ဆရာ ဆရာပြောကြည့်.. ကျွန်မ အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်နိုင်ရင် ထျန်းရှင်းဂိုဏ်းကိုဖျက်ဆီးပြီး ကျွန်မရဲ့မိသားစုကို ကာကွယ်နိုင်မလား”
လီထျန်းရှင်းသည် မထိန်းချုပ်နိုင်တော့စွာဖြင့် စိတ်ထဲမှ မေးလိုက်သည်။
ဆန်းကြယ်အင်ပါယာအဆင့်ကျင့်ကြံသူလေးဦးသည် ဆန္ဒအလျောက် စုစည်းတည်ရှိနေကြပြီး ၎င်းတို့သည် သာမန်ထက်သာလွန်ထူးကဲသော စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများဖြစ်ကြသည်။ အင်ပါယာကြီးသုံးခု၏ တော်ဝင်မိသားစုများသည်ပင် ထိုသို့သောတိုက်ပွဲမျိုးကိုတိုက်ခိုက်ရန် မတတ်နိုင်လောက်ချေ။
“ဆရာ့အနေနဲ့ ဆုံးဖြတ်ပေးဖို့မလွယ်ကူဘူး။ ခြုံငုံလိုက်ရင်တော့ ဂိုဏ်းချုပ်ဝမ်ကလည်း လူကောင်းတစ်ယောက်တော့ မဟုတ်နေဘူး။ ဒါပေမဲ့ ကြိုးစားကြည့်ဖို့တော့ ထိုက်တန်ပါတယ်။ သူ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းမှာဆို မင်းမှာ အခွင့်အရေးရှိနိုင်တယ်”
သူမ၏စိတ်တွင်းထဲမှ အသံကိုကြားလိုက်ရသည်တွင် လီထျန်းရှင်း၏မျက်လုံးလှလှလေးများထဲတွင် သေချာခိုင်မာမှုတို့ ရုတ်ချည်းထင်ဟပ်သွား၏။ သူမ၏မိသားစုအတွက်သာ မဟုတ်ခဲ့လျှင် လီထျန်းရှင်းသည် ထျန်းရှင်းဂိုဏ်းကို ဆန့်ကျင်လှည့်ထွက်ခဲ့ပြီး ဖြစ်လောက်ပေမည်။ ထျန်းရှင်းဂိုဏ်းသည် သူမကို တပည့်တစ်ယောက်အနေဖြင့်မဟုတ်ဘဲ ပစ္စည်းတစ်ခုအဖြစ်သာ သဘောထား၏။