လီထျန်းရှင်း၏ ဝှက်ဖဲ
Vol. 3 Ch. 39
အတုအယောင်ဟု မထင်ရသည့် လီထျန်းရှင်း၏ သနားစရာကောင်းပြီး မျှော်လင့်ချက်မရှိသည့် အသွင်အပြင်ကိုတွေ့ပြီး ဝမ်ဖုန်း၏ နှလုံးသားက လှုပ်ရှားသွားကာ မေးခဲ့သည်။ "ဘာကိုပြောချင်တာလဲ"
မုယွင်ဖေးနှင့်လင်းဖေးဝူတို့သည်လည်း လီထျန်းရှင်းအားကြည့်ကာ လီထျန်းရှင်း၏ သနားချင့်စဖွယ်အပြုံးအားတွေ့သည့်အခါ၌ တောင့်မခံနိုင်ခဲ့ကြပေ။
"တစ်ချိန်က ထျန်းရှင်းဂိုဏ်းဟာ ကျွန်မအိမ်လို့ပဲခံစားရပါတယ်။ မျှော်လင့်မထားဘဲ ထျန်းရှင်းဂိုဏ်းက ယောင်ရီအင်ပါယာထဲမှာရှိတဲ့ ထိပ်တန်းဂိုဏ်းတွေထဲက တစ်ဂိုဏ်းလို့ထင်ရပေမယ့် အရှက်မရှိတဲ့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းလိုပဲ!"
"နှစ်တွေကုန်လာတာနဲ့ ကျွန်မရဲ့ အရည်အချင်းတွေကို ဆက်တိုက်ပြသလာရင်း ထျန်းရှင်းဂိုဏ်းက ကျွန်မကို ပိုပိုပြီးစိတ်ဝင်စားလာခဲ့တယ်။ ဒါပေမယ့် တကယ်တော့ သူတို့က ကျွန်မရဲ့ အလှတရား နဲ့ အရည်အချင်းကို အသုံးချပြီး ယောင်ရီအင်ပါယာရဲ့ အိမ်ရှေ့စံ မင်းသားယုဖေးဆီကို တက်လှမ်းချင်ကြတာ!" ဝမ်ဖုန်းသည် လီထျန်းရှင်း၏ စိတ်ပျက်နေသည့် အကြည့်နှင့် ရှင်းပြခြင်းကို နားထောင်ခဲ့သည်။
အကယ်၍ သူမက ဝမ်ဖုန်းနှင့်ရှန်ရှန့်ကျုံဂိုဏ်းအား မျှော်လင့်ထားသည့်အရိပ်အယောင်မရှိပါက သူမ၏အခြေအနေအား သူစိမ်းများရှေ့၌ သေချာပေါက်ထုတ်ပြောမည်မဟုတ်ပေ။
"ယောင်ရီအင်ပါယာရဲ့ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းအနေနဲ့ ထျန်းရှင်းဂိုဏ်းက ဘာလို့ တော်ဝင်မင်းသားကို တွယ်ကပ်နေဖို့လိုမှာလဲ" ဤသည်ကိုကြားပြီး ဝမ်ဖုန်းက စဉ်းစားခဲ့သည်။
ယောင်ရီအင်ပါယာ၏ မင်းသားဟူသည့် အဆင့်အတန်းက မြင့်မြတ်သော်လည်း မင်းသားတစ်ပါးသာဖြစ်လေသည်။ ယောင်ရီအင်ပါယာ၏ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းအနေဖြင့် ထျန်းရှင်းဂိုဏ်း၌ ကောင်းမွန်သည့်အင်အားနှင့် သာမာန်ထက်ထူးကဲသည့်နောက်ခံရှိပေသည်။ ဘာလို့ နှိမ့်ချပြီး တော်ဝင်မင်းသားတစ်ပါးကို တွယ်ကပ်နေဖို့လိုမှာလဲ?
အင်ပါယာ၏အရှင်သခင်ဖြစ်မလာသရွေ့ မင်းသားက အမြဲတမ်း မင်းသားဖြစ်မည်ဖြစ်ကာ ပို၍ အင်အားကြီးသည့် မင်းသားတစ်ပါးပေါ်လာပါက အချိန်မရွေး အစားထိုးခံရနိုင်ပေသည်။
ကျင့်ကြံခြင်းလောက၌ရှိသည့် အင်ပါယာသည် လူ့လောက၌ရှိသည့် အင်ပါယာနှင့် မတူပေ။ မင်းသားတစ်ပါးအား အစားထိုးရန်အတွက် ထည့်သွင်းစဉ်းစားရမည့် အချက်များစွာနှင့် အင်ပါယာ၏ အုတ်အော်သောင်းနင်းဖြစ်စေသည့် အကြောက်တရားကိုပင် ထည့်သွင်းစဉ်းစားရပေမည်။ ဤကျင့်ကြံခြင်းလောက၌ အင်အားက လေးစားခံရပြီး အင်အားကသာ အခြေခံဖြစ်သည်!
အင်ပါယာအတွင်းရှိ ထိပ်တန်းဂိုဏ်းများက အမြဲတမ်း အခိုင်အမာရပ်တည်နေကြသည်။ နှစ်ခုကြား၌ ကွာဟချက်တစ်ခုရှိသည်ဟုထင်ရသော်လည်း တကယ်တော့ အင်ပါယာအတွင်းရှိသည့် ထိပ်တန်းဂိုဏ်းအသီးသီး၌ သာမာန်ထင်ထူးကဲသည့် အဆင့်အတန်းရှိကြပေသည်။
"ဘာလို့လဲဆိုတော့ ယောင်ရီအင်ပါယာရဲ့ ဧကရာဇ်က အင်ပါယာထဲက ထိပ်တန်းဂိုဏ်းတွေကို ဆန့်ကျင်တိုက်ခိုက်ပြီး အင်ပါယာတစ်ခုလုံးကို သံမဏိမျက်နှာဖုံး အင်ပါယာတစ်ခုအဖြစ်ပြောင်းလဲချင်နေတယ်ဆိုတဲ့ ကောလဟာလကြောင့်ပဲ။ ဒါကြောင့် ထိပ်တန်းဂိုဏ်းတွေက မှီခိုဖို့ရာအတွက် အလားအလာရှိတဲ့ တော်ဝင်မျိုးဆက်တွေကို တိတ်တဆိတ်ရှာဖွေနေကြတာ!"
"ပြီးတော့ ထျန်းရှင်းဂိုဏ်းက ရှာဖွေနေတဲ့သူက တော်ဝင်မင်းသား ယုဖေး ပဲ! အထူးသဖြင့် နတ်ဆိုးချိပ်ပိတ်ခြင်းညီလာခံပြီးတဲ့နောက်မှာ သူတို့သဘောကျတဲ့ မင်းသားတွေက ပြောင်ပြောင်တင်းတင်းပြုတ်ကျမှာကို စိုးရိမ်နေကြတယ်။ ဒီနည်းလမ်းကပဲ သူတို့ရဲ့ ဂိုဏ်းတွေကို ကာကွယ်နိုင်မှာ။ တစ်ချိန်တည်းမှာပဲ အခြေခံအုတ်မြစ်အနေနဲ့ ကျွန်မကလည်း ယောင်ရီဧကရာဇ်ကို စေတနာထားပြီး အဲ့ဒီအကြံအစည်ကို ပပျောက်စေဖို့ တောင်းဆိုခဲ့တယ်!"
လီထျန်းရှင်း၏ စကားများကိုနားထောင်ပြီး ဝမ်ဖုန်းသည် ဧကရာဇ်က ကိစ္စတစ်ခုကို လုပ်ချင်နေပြီး ထိုကိစ္စက ဂိုဏ်းကြီးများသည်းမခံနိုင်သည့်ကိစ္စတစ်ခုဖြစ်သည်ကို သဘောပေါက်ခဲ့သည်။
သို့သော်လည်း ဝမ်ဖုန်းသည် ဤကောလဟာလအမှန်ဖြစ်လာရန် ပို၍လိုလားလေသည်။ တကယ်တော့ ထိုကောလဟလက ယောင်ရီဧကရာဇ်ထံမှ ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။ သူက ထိုထိပ်တန်းဂိုဏ်းများအား ရင်ဆိုင်တိုက်ခိုက်လိုခြင်းမရှိချေ။ ထိုဂိုဏ်းများက အင်ပါယာ အား အမှန်တကယ်အားကိုးရန်အတွက် ထိုကောလဟာလအား မှီခိုနေသည်သာဖြစ်မည်ကို စိုးရိမ်မိပေသည်။
တကယ်တော့ သူတို့သာ အမှန်တကယ် ထိုသို့လုပ်ဆောင်ချင်ပါက ထိုထိပ်တန်းဂိုဏ်းများပေါင်းပြီး အင်ပါယာအား ဖျက်ဆီးနိုင်ပေသည်။ သို့သော် ဂိုဏ်းများသည်လည်း အထိအခိုက်ရှိပေလိမ့်မည်။
အင်ပါယာ၏ ခွန်အားက အင်အားကြီးသော်လည်း ဂိုဏ်းကြီးများစွာ၏ ပေါင်းစည်းထားသည့် ခွန်အားက သေချာပေါက် အားမနည်းပေ!
အကယ်၍ သူခန့်မှန်းခဲ့သည့်အတိုင်းဖြစ်ခဲ့ပါက ဤယောင်ရီအင်ပါယာက အမှန်တကယ်ကောင်းမွန်သည်ဟု ဆိုရပေမည်။
ကောလဟလတစ်ခုအား မှီခိုရုံမျှဖြင့် အင်ပါယာ၌ အိပ်စက်နေသည့် ထိုသွေးစုတ်ဖုတ်ကောင်များအား ဖြေရှင်းရန်လွယ်သွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အင်ပါယာ၏ အင်အားကို မြှင့်တင်ကာ ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်ခြင်းဖြစ်သည်။
အကယ်၍ ထိုဂိုဏ်းများက မင်းသားများထံသို့အမှန်တကယ်ပြောင်းသွားကြပါက မင်းသား၏ အမှုထမ်းများ သို့မဟုတ် နောက်ကွယ်မှ အင်အားစုများဖြစ်လာမည်ဟု ဆိုလိုပေသည်။ သူတို့က အင်ပါယာအတွက်ဖြစ်စေ ထိုမင်းသားအတွက်ဖြစ်စေ လုပ်ဆောင်ခြင်းမရှိခဲ့ပါက အင်ပါယာက သူတို့အား ဖြေရှင်းဖို့ရာအတွက် ဆင်ခြေတစ်ခုရှိသွားပေလိမ့်မည်။ ဖျက်ဆီးခဲ့လျှင်ပင် မည်သူကမျှ ဘာမှပြောဝံ့မည်မဟုတ်ပေ။
"ထျန်းရှင်းဂိုဏ်းက မင်းကိုအသုံးချနေပေမယ့် အင်ပါယာ မင်းသားတစ်ပါးရဲ့ အဆင့်အတန်းက မင်းနဲ့ မထိုက်တန်လို့လား" ထိုရိုင်းစိုင်းသည့်အတွေးများအပြင် ဝမ်ဖုန်းသည် လီထျန်းရှင်းအား ကြည့်ကာ မေးခဲ့သည်။
အင်ပါယာ မင်းသားတစ်ပါး၏ အဆင့်အတန်းသည် ယေယင်ရီအင်ပါယာတစ်ခုလုံး၏ မျိုးဆက်သစ်များကြား၌ ထိပ်တန်းအသွင်အပြင်တစ်ခုဖြစ်ပြီး နှစ်ယောက်မရှိပေ!
ထို့အပြင် အိမ်ရှေ့စံမင်းသားတစ်ပါးက အင်ပါယာ၏အရှင်သခင်ဖြစ်လာသည်နှင့် တစ်ပြိုင်နက် အိမ်ရှေ့စံ၏ ကြင်ယာတော်က တိုင်းပြည်၏ ဧကရီ ဖြစ်လာပေမည်။ ထိုကဲ့သို့ အခွင့်အရေးမျိုးအား အမျိုးသမီးဘယ်လောက်များများက ရှာဖွေနိုင်လိမ့်မလဲ။
အကယ်၍ လီထျန်းရှင်းပြောသည့်အတိုင်းဆိုပါက သူမသည် အင်ပါယာအတွင်းရှိ မရေမတွက်နိုင်သည့် အမျိုးသမီးများ၏ မနာလိုခြင်းကို ခံရပေလိမ့်မည်။
"တကယ်တော့ အင်ပါယာရဲ့ အိမ်ရှေ့စံမင်းသားက မြင့်မြတ်တဲ့ အဆင့်အတန်းရှိပြီးတော့ ဂိုဏ်းက အသုံးချမယ်ဆိုရင်တောင်မှအကုန်လုံးသဟဇာတဖြစ်တယ်လို့ ထျန်းရှင်းဂိုဏ်းက ထင်ခဲ့တယ်!"
"ဒါပေမယ့် အဲ့ဒီ အပြင်ပန်းမှာ သိမ်မွေ့ပြီး ကျက်သရေရှိတဲ့ မင်းသားက တကယ်တော့ သားရဲတစ်ကောင်ဖြစ်နေမယ်လို့ ထျန်းရှင်းဂိုဏ်းကသိမထားခဲ့ဘူးလေ။ တစ်နေ့မှာ ထျန်းရှင်းဂိုဏ်းက မင်းသားကိုရှာဖို့ရာအတွက် စံအိမ်တော်ကိုသွားတဲ့အခါမှာ သိမ်မွေ့ပြီး ကျက်သရေရှိတဲ့မင်းသားက စေခံတယောက်ကို သေတဲ့အထိနှိပ်စက်ညှင်းပန်းနေတာကို သူ့မျက်လုံးနဲ့မြင်ခဲ့တယ်"
လီထျန်းရှင်းသည် သူမ၏နှုတ်ခမ်းကိုကိုက်ကာ သူမ၏ လှပသည့်မျက်ဝန်းများက နီရဲလာခဲ့ပြီး သူမ၏ လှပသည့် မျက်နှာထင်တွင်ဘလူသတ်လိုစိတ်ပင်ရှိနေခဲ့သည်။ သူမသည် ထိုလှပသည့် အစေခံမိန်းမပျိုလေးအား မသိသော်လည်း သူမက သေသည်အထိညှင်းဆဲခံခဲ့ရသည်ကို သူမမျက်လုံးများနှင့် ကိုယ်င်တိုင်မြင်ခဲ့ရပေ၏။ ထိုထိတ်လန့်ဖွယ်အခိုက်အတန့်သည် လီထျန်းရှင်းအား စိတ်ပျက်သွားစေခဲ့သည်။
ထိုအချိန်သည် လီထျန်းရှင်းက အင်ပါယာမင်းသားနှင့် တွဲဖက်မည့်စိတ်ကူးအား အပြီးတိုင် ငြင်းပယ်ခဲ့သည့် အချိန်လည်း ဖြစ်ပေသည်။
"ဒါဆို မင်း ဘာလို့ ထျန်းရှင်းဂိုဏ်းကို သစ္စာမဖောက်တာလဲ" ဝမ်ဖုန်းသည် အေးစက်သည့် အကြည့်ဖြင့်မေးခဲ့သည်။
သူသည် အင်ပါယာ၏မင်းသားဖြစ်သည့် ယုဖေးအားကြည့်ကာ သိမ်မွေ့ပြီး ကျက်သရေရှိသည်ဟု ထင်ခဲ့ပေသည်။
ဝမ်ဖုန်းသည် မနေနိုင်စွာဖြင့် သူ၏ ယခငဘဝမှ စကားများကို တွေးမိခဲ့လေသည် : မချစ်ဘူးဆိုရင် မနာကျင်စေနဲ့! ဤအင်ပါယာမင်းသားက နာကျင်စေသည်ထက်ဆိုးပေသည်။ သူက လူများအား ချက်ချင်းသေဆုံးစေကာ သေသည်အထိနှိပ်စက်လေသည်။
ထိုအချိန်၌ ဝမ်ဖုန်းပင်လျှင် သူ၏စိတ်ထဲတွင် အင်ပါယာမင်းသားအား သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့ပြီး သူက ယောင်ရီအင်ပါယာ၏မျက်နှာအား စုတ်ဖြဲသည့်အခါ၌ သူသည် ဤသားရဲအရေခြုံထားသည့် တော်ဝင်မားသားအား ယဇ်ပူဇော်သည့် ဓားတစ်လက်အဖြစ်အသုံးချပေမည်!
"ကျွန်မရဲ့ မိသားစုတွေအားလုံးက ထျန်းရှင်းဂိုဏ်းမှာ! ပြီးတော့ တော်ဝင်မင်းသားကလည်း ကျွန်မကို မျက်စိကျနေတာ။ ထျန်းရှင်းဂိုဏ်းကို သစ္စာဖောက်တာနဲ့ ကျွန်မက ထွက်ပြေးနိုင်ပေမယ့် ကျွန်မရဲ့ မိသားစုက အဲ့ဒီလူတွေဆီကနေ အသတ်ခံရလိမ့်မယ်!"
"အဲ့ဒီသားရဲကောင်နဲ့ မပေါင်းချင်ပေမယ့်လည်း မိသားစုကို ကျွန်မကြောင့်နဲ့ မပျက်စီးစေချင်ဘူး!"
လီထျန်းရှင်း၏ လှပသည့်မျက်နှာလေးထက်တွင် ညှိုးငယ်သည့်အကြည့်ရှိနေကာ သူမက အနည်းငယ် စိတ်မကောင်းစွာပြောခဲ့သည်။ အကယ်၍ သူမ၌ ရွေးချယ်စရာတစ်ခုရှိခဲ့ပါက အစကတည်းက ထျန်းရှင်းဂိုဏ်းသို့ဝင်မည့်အစား သာမန်အမျိုးသမီးတစ်ဦးအဖြစ်ကိုသာ လိုလားပေသည်။
"ဒါဆိုရင် ဘာလို့ ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ချင်ရတာလဲ။ မင်းရဲ့ ကံတရားကို တောင့်ခံဖို့ ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အကူအညီကိုအသုံးချချင်တာလား" ဝမ်ဖုန်းသည် လီထျန်းရှင်းအား အနည်းငယ်မျက်မှောင်ကြုတ်၍ကြည့်ကာ အသံအောအောဖြင့်ပြောခဲ့သည်။
ထိုအခိုက်အတန့်၌ ဝမ်ဖုန်းက ဘယ်လိုလုပ်မတုံ့ပြန်ဘဲနေနိုင်မှာလဲ။ သူက အကျိုးအသင့်အကြောင်းသင့်ရှင်းမပြနိုင်လောက်အောင် ပြောခဲ့သည်။ သူ့၏ ရှန်ရှန့်ကျုံဂိုဏ်းကို ဝင်ချင်တဲ့ သာမန်ထက်ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်နှင့် ပြိုင်ဘက်ကင်းအလှလေးတစ်ယောက်က ဘယ်လိုလုပ်ရှိနိုင်မှာလဲ။
ဝမ်ဖုန်းသည် သူ၏ ရှန်ရှန့်ကျုံဂိုဏ်းကအနာဂါတ်၌ ကမ္ဘာကြီးအား အုပ်စိုးသည့် အရှင်သခင်ဖြစ်လာစေရန် ရည်ရွယ်ထားသော်လည်း တခြားသူများက မသိကြချေ။ ထိုအချိန်၌ ဝမ်ဖုန်းသည် သူ၏ ရှန်ရှန့်ကျုံဂိုဏ်း၏ တပည့်အရေအတွက်က တိုးလာနေသော်လည်း နာမည်အားဖြင့် မလုံလောက်သေးပေ!
"ဟုတ်ပါတယ်။ အင်ပါယာထဲမှာရှိတဲ့ ဘယ်အဓိကဂိုဏ်းကဆို အင်ပါယာရဲ့ ရန်သူမဖြစ်ချင်ကြပါဘူး။ ဂိုဏ်းချုပ် နဲ့ ရှန်ရှန့်ကျုံဂိုဏ်းကသာ ထျန်းရှင်းကို မျှော်လင့်ချက်ပေးခဲ့တာပါ!" လီချန်း သည် ဝမ်ဖုန်း၏စကားများကို ကြားသည့်အခါ၌ ဖုံးကွယ်မထားဝံ့ဘဲ ချက်ချင်းပြောခဲ့လေသည်။
ထိုအချိန်၌ မည်သည့် ဖုံးကွယ်ထားမှုကမဆို ဝမ်ဖုန်းအား မနှစ်မြို့ဖွယ်ဖြစ်စေပြီး ရိုးသားမှသာလျှင် အခွင့်အရေးရနိုင်ပေသည်!
"မျှော်လင့်ချက်? ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းက အင်ပါယာရဲ့ ရန်သူဖြစ်လာမယ်ဆိုတာ မင်းက သေချာနေပါလား? ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အင်အားက အင်ပါယာရဲ့ ရန်သူဖြစ်လာဖို့ သေချာတယ်လား?" ဝမ်ဖုန်းသည် လီထျန်းရှင်းအား စိတ်ဝင်စားစွာကြည့်ပြီး မေးခဲ့သည်။
"ထျန်းရှင်း မသိပါဘူး။ဒါပေမယ့် မျှော်လင့်ချက်အလင်းရောင်သာရှိတယ်ဆိုရင် ထျန်းရှင်းက တိုက်ခိုက်ဖို့အတွက် အစွမ်းကုန်ကြိုးစားမှာပါ! ထျန်းရှင်းက အဲ့ဒီနတ်ဆိုးတွေကို ဦးညွှတ်ဖို့နေနေသာသာ ကံကြမ္မာကိုတောင် ဦးမညွှတ်ချင်ဘူး!" ဝမ်ဖုန်း၏ စကားများကိုကြားပြီး လီထျန်းရှင်းသည် ဝမ်ဖုန်းအား လေးနက်သည့်အကြည့်ဖြင့်ကြည့်ကာ အလေးအနက်ပြောခဲ့သည်။
လီထျန်းရှင်း၏ စကားများကိုနားထောင်ပြီးနောက် ဝမ်ဖုန်းသည် လီထျန်းရှင်းအား အသိအမှတ်ပြုသည့် အရိပ်အယောင်ဖြင့် ကြည့်ကာ ခေါင်းညိမ့်ခဲ့သည်။
လီထျန်းရှင်းသည် သူ၏ ရှန်ရှန့်ကျုံဂိုဏ်းအား အသုံးချရန်ရည်ရွယ်ထားသော်လည်း လီထျန်းရှင်းက ကံကြမ္မာအား ဦးညွှတ်ရန်ဆန္ဒမရှိဘဲ ဤခုခံမှုကပြိုကွဲသွားနိုင်သည်ကို သိနေလျက်နှင့်ပင် သူမက ကြိုးစားရုန်းကန်နေဆဲဖြစ်သည်။ ဤစိတ်ဓာတ်ကို ဝမ်ဖုန်းက အလွန်သဘောကျလေသည်။
အရေးအကြီးဆုံးအရာမှာ လီထျန်းရှင်းသည် တစ်ယောက်နှင့်တစ်ယောက် ရိုးသားစွာဆက်ဆံပြီး ဘာတစ်ခုမှ ဖုံးကွယ်မထားသည်ကို ဝမ်ဖုန်းက မြင်နိုင်ပေသည်။ ထိုသို့မဟုတ်ပါက ဝမ်ဖုန်း၌ မတူညီသည့် ခံစားချက်ရှိလာမည်မဟုတ်ချေ။
"ဒီဂိုဏ်းက မင်းကိုလက်ခံဖို့ရာအတွက် မင်းမှာ ဘာအရည်အချင်းတွေရှိလဲ။ ဒါမှမဟုတ် ဒီဂိုဏ်းက ယောင်ရီအင်ပါယာရဲ့ ရန်သူအဖြစ်ခံပြီး မင်းကို လက်ခံဖို့ ဘယ်လောက်တန်ကြေးရှိလဲ?" ဝမ်ဖုန်းသည် လီထျန်းရှင်းအား လက်ခံရန် အတွေးရှိထားပြီးဖြစ်သော်လည်း အလျင်မလိုခဲ့ပေ။ သို့သော်လည်း သူသည် လီထျန်းရှင်းအား ကြည့်ကာ မေးခဲ့လေသည်။
"ထျန်းရှန်းဂိုဏ်းက ကျွန်မက ထိပ်တန်း ပင်ကိုယ်စွမ်းရည်နဲ့ ပါရမီတစ်ယောက်ဆိုတာကိုပဲသိပါတယ်။ တကယ်တော့ ကျွန်မက အဂ္ဂရိတ်ဆရာတစ်ယောက်ဆိုတာကိုတော့ မသိဘူး။ ကျွန်မရဲ့ အရည်အချင်းအမှန်က အဂ္ဂရိတ်ပညာရဲ့အရည်အချင်းပဲ။ ကျင့်ကြံခြင်းမဟုတ်ဘူး။ အခု ဒီကျင့်ကြံခြင်းကိုရောက်နိုင်တာက ကျွန်မသန့်စင်ထားတဲ့ ဆေးလုံးတွေက ထောက်ပံ့ပေးထားတာကြောင့်ပါ"
ဝမ်ဖုန်း၏ စကားများကို ကြားပြီး လီထျန်းရှင်းသည် အံကြိတ်ပြီး ဝမ်ဖုန်းအားတိုက်ရိုက်ကြည့်ကာ အလေးအနက်ပြောခဲ့သည်။ သူမ၏ ကိုယ်တွင်း၌ရှိသည့် အကြွင်းအကျန်စိတ်ဝိဉာဉ်မှလွဲ၍ သူမ၌ရှိသည့် ဝှက်ဖဲအားလုံးကို ဝမ်ဖုန်း၏ရှေ့၌ ချပြခဲ့သည်ဟု ပြောနိုင်ပေသည်။
သူမသည် တစ်နေ့၌ သူမအား အမှန်တကယ် ကာကွယ်ပေးနိုင်မည့် ဂိုဏ်းတစ်ဂိုဏ်းအား သူမကိုယ်တိုင်ရှာဖွေရန်အလို့ငှာ အဂ္ဂရိတ်ပညာ၌ရှိသည့် သူမ၏ အရည်အချင်းကို ဖုံးကွယ်ထားရန် အစွမ်းကုန်ကြိုးစားထားခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်း၏ အသွင်အပြင်အား သူမအား မျှော်လင့်ချက်အလင်းတစ်ခုကို ပေးစွမ်းခဲ့လေသည်။
သူမ၏ ဆရာအစစ်က ရှာတွေ့ခဲ့သည့် ဝမ်ဖုန်းနှင့် ရှန်ရှန့်ကျုံဂိုဏ်း၏ သတင်းအချို့မရှိပါက သူမက ဝမ်ဖုန်းထံသို့ ထိုမျှ မဆင်မခြင်ရောက်လာမည်မဟုတ်ပေ။
"အိုး?" လီထျန်းရှင်း၏ စကားများကို ကြားပြီး ဝမ်ဖုန်း၏ မျက်နှာထက်၌ အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီး လီထျန်းရှင်းအား ခေါင်းအစခြေအဆုံးကြည့်ခဲ့သည်။ လီထျန်းရှင်း၌ ဖုံးကွယ်ထားသည့် အရည်အချင်းတစ်ခုရှိနေပြီးခသူမ၏ အရည်အချင်းက အဂ္ဂရိတ်ပညာဖြစ်နေမည်ဟု ထင်မထားခဲ့ပေ။
သူက ဤကမ္ဘာသို့ရောက်လာသည်မှာ အချိန်အတော်ကြာပြီဖြစ်သည့်အတွက် ဝမ်ဖုန်းသည် ဤကမ္ဘာအား ပို၍ သိနားလည်လာပေသည်။ ဤကမ္ဘာ၌ အဂ္ဂရိတ်ဆရာတစ်ယောက်၏ လေးစားခံရသည့် အဆင့်အတန်းကို ကောင်းစွာသိထားပေသည်။
ဒဏ္ဍာရီအရ အလွန်ဝေးကွာသည့်နှစ်များ၌ အမည်မသိအကြောင်းအရင်းများကြောင့် အဂ္ဂရိတ်ဆရာများ၏ အမွေအနှစ်များနှင့် အခြား တစ်ပိုင်းတစ်စ ကျင့်ကြံခြင်းနည်းလမ်းများက ဖြတ်တောက်ခံခဲ့ရသည်။ ယနေ့ခေတ်တွင် မပြည့်စုံသည့် အမွေအနှစ်များက လွန်စွာရှားပါးလာခဲ့ပေသည်။
၎င်းတို့အထဲတွင် အဂ္ဂရိတ်ဆရာများက ပို၍လေးစားခံရကာ အဂ္ဂရိတ်ဆရာတစ်ဦးချင်းစီ၏ အဆင့်အတန်းက အလွန်မြင့်မြတ်ပေသည်။ ယောင်ရီအင်ပါယာ၏ပိုင်နက်အတွင်း၌ အဂ္ဂရိတ်ဆရာဆယ်ယောက်ပင်မရှိဘဲ တစ်ဦးချင်းဆီက ယောင်ရီဧကရာဇ်၏ ဧည့်သည်တော်များဖြစ်ကြသည်။ ယောင်ရီအင်ပါယာ၏ အထက်တန်းလွှာများနှင့် အင်ပါယာ၏ စွမ်းအားကြီးပုဂ္ဂိုလ်များသာ ထိုအဂ္ဂရိတ်ပညာရှင်များထံမှ ဆေးလုံးများကို ဝယ်ယူရန် အရည်အချင်းပြည့်မှီလေသည်။
ဥပမာပြောရလျှင် ချန်လင်မြို့စားဖြစ်သည်။ ဤအချိန်တွင် ဝမ်ဖုန်း၏ စနစ် ထဲ၌ ချန်လင်မြို့စားမှ ဝယ်ယူထားသည့် ဆေးလုံးရှိပေသည်။ သို့သော်လည်း ၎င်းက ဝမ်ဖုန်းထင်ထားသည်ထက်ပို၍ ဈေးနည်းမည်ဟု မထင်ပေ။