လီထျန်းရှင်းကို ငါဂိုဏ်းချုပ်ကာကွယ်မယ်။
Vol. 3 Ch. 40
စဉ်းစားပြီးနောက်တွင် ဝမ်ဖုန်း လီထျန်းရှင်းအား ကြည့်လိုက်ပြီး ကျယ်လောင်စွာမေးမြန်းလိုက်၏။
“အဂ္ဂိရတ်ပညာရှင်တစ်ယောက်အနေနဲ့ မင်းမှာ ဘယ်လိုအဆင့်မျိုးရှိလဲ”
အဆင့်နိမ့်အဂ္ဂိရတ်ပညာရှင်တစ်ဦးဖြစ်ပါလျှင် ဝမ်ဖုန်း တကယ်ဂရုမစိုက်လိုပါ။ သူ၏ရှန်ရှန့်ကျုံဂိုဏ်းသည် အဘယ်သို့ဖြစ်တည်လာခဲ့သနည်း။ စနစ်ရှိနေသည်ကြောင့် သူ၏ဂိုဏ်းတွင် အဂ္ဂိရတ်ပညာရှင်မရှိလျှင်သော်မှ ဂိုဏ်းတပည့်များ၏ကျင့်ကြံမှုကို တိုးမြင့်အောင်စွမ်းဆောင်နိုင်မြဲဖြစ်သည်။
အခြားဂိုဏ်းများအတွက် အဂ္ဂိရတ်ပညာရှင်ဟူသည် အဖိုးတန်နိုင်၏။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းအတွက်မူ မရှိလျှင်လည်း ကိစ္စမရှိပေ။
အဂ္ဂိရတ်ပညာရှင်များသည် ယခုတွင် မျိုးဆက်အမွေဆက်ခံသူ နည်းပါးနေပြီဖြစ်သော်ငြား အဆင့်ခွဲခြားသတ်မှတ်ခြင်း ရှိနေဆဲဖြစ်သည်။ အဆင့်နိမ့်မှ အဆင့်မြင့်အထိ အဂ္ဂိရတ်ပညာသင်၊ အဂ္ဂိရတ်ဝိဇ္ဇာ… စသည်ဖြင့် အဆင့်၉ဆင့်ရှိ၏။
အတိအကျဆိုရပါလျှင် ယောင်ရီအင်ပါယာအတွင်း၌ အဂ္ဂိရတ်ပညာသင်များစွာ ရှိပါ၏။ သို့သော် အဂ္ဂိရတ်ပညာသင်များကို အဂ္ဂိရတ်ပညာရှင်ဟု မခေါ်တွင်နိုင်ပေ။ လက်ေထာက်အဂ္ဂိရတ်ပညာရှင်ဟုသာ သတ်မှတ်နိုင်၏။ အဂ္ဂိရတ်ဝိဇ္ဇာများကိုသာ အမှန်စင်စစ်အဂ္ဂိရတ်ပညာရှင်အဖြစ် သတ်မှတ်နိုင်ပေသည်။
ယောင်ရီအင်ပါယာတွင် အဂ္ဂိရတ်ပညာရှင်၈ဦးရှိပြီး တစ်ဦးချင်းစီမှာ ယောင်ရီအင်ပါယာအတွင်း၌ အလွန်ထူးကဲသာလွန်သည့်အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသည်။
“အဆင့်၈အဂ္ဂိရတ်ပညာရှင်ပါ”
ဝမ်ဖုန်း၏အမေးကို လီထျန်းရှင်းသည် တုံ့ဆိုင်းခြင်းမရှိ ဖြေကြားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူမ၏မျက်နှာလှလှလေး၌ ဂုဏ်ယူဝံ့ကြွားသည့် အရိပ်အယောင်များထင်ဟပ်သွားခဲ့သည်။ လီထျန်းရှင်းသည် သူမ၏အဂ္ဂိရတ်အရည်အချင်းကို ယုံကြည်မှုအပြည့်အဝရှိပါ၏။
လီထျန်းရှင်း၏စကားအဆုံးတွင် မုယွင်ဖေးနှင့် လင်းဖေးဝူတို့မှာ အံ့အားသင့်သွားကြသည်။ သူတို့၏မျက်နှာထက်တွင် မယုံကြည်နိုင်ခြင်းများ ထင်ဟပ်သွားရကာ လီထျန်းရှင်းအား ကြောင်အစွာ ကြည့်လာခဲ့သည်။
လင်းဖေးဝူနှင့် မုယွင်ဖေးတို့သည် အင်ပါယာမတူညီကြသော်ငြား နှစ်ဦးလုံး၌ အဂ္ဂိရတ်ပညာရှင်များနှင့်ပတ်သက်၍ နှိုင်းယှဉ်၍မရနိုင်သော နားလည်သိရှိခြင်းများ ရှိကြသည်။
အင်ပါယာကြီးသုံးခုတွင် အင်ပါယာတိုင်း၌ အဂ္ဂိရတ်ပညာရှင် ၈ယောက်၊ ၉ယောက်ရှိတတ်ကြပြီး စုစုပေါင်း အယောက်၂၀ခန့်ရှိတတ်ကြ၏။ သို့သော် ထိူအဂ္ဂိရတ်ပညာရှင်များထဲတွင် အဆင့်၈နှင့်အထက်သို့ရောက်ရှိနိုင်သူသည် သေချာပေါက် လက်ငါးချောင်းထက် မပိုနိုင်ချေ။
သို့ဖြစ်ရာ အသက်နှစ်ဆယ်ဝန်းကျင်ရှိ လီထျန်းရှင်းသည် အဆင့်၈အဂ္ဂိရတ်ပညာရှင် ဖြစ်နိုင်ခဲ့ခြင်းမှာ မည်မျှကြောက်မက်ဖွယ်ကောင်းသနည်း။ သူမ၏အဂ္ဂိရတ်ပညာအထုံပါရမီသည် မည်မျှအင်အားကောင်းခြင်း ဖြစ်လိမ့်မည်နည်း။
သို့သော် ထိုကဲ့သို့ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ခက်ခဲနက်နဲသောအဂ္ဂိရတ်ပညာရပ်တွင် အထုံပါရမီထူးကဲ၍ အဆင့်၈သို့ရောက်ရှိနိုင်သူတစ်ဦးသည် သူတို့၏ရှန်ရှန့်ကျုံဂိုဏ်းကိုဝင်ရောက်ရန် တောင်းဆိုနေခဲ့သည်။ အခြားနေရာသို့မဟုတ်ဘဲ ရှန်ရှန့်ကျုံဂိုဏ်းကိုဖြစ်၏။
ဝမ်ဖုန်း မသိမသာခေါင်းညိတ်လိုက်သည်။ အဂ္ဂိရတ်ပညာရှင်ရှားပါးသည့်ဤခေတ်တွင် လီထျန်းရှင်းသည် အသက်နှစ်ဆယ်ဖြင့် အဆင့်၈အဂ္ဂိရတ်ပညာရှင်ဖြစ်နိုင်ခဲ့၏။ အမှန်တကယ်ကို ထူးကဲသာလွန်ပါပေသည်။
လီထျန်းရှင်း၏အဂ္ဂိရတ်ပညာ အရည်အချင်းကို ဝမ်ဖုန်း အသိအမှတ်ပြုသော်ငြား မျက်နှာသည်တော့ ခံစားချက်အရိပ်အယောင် စိုးစဉ်းမျှ ထုတ်ဖော်ပြသခြင်းမရှိဘဲနှင့် တည်ငြိမ်အေးဆေးနေမြဲဖြစ်သည်။
ထိုမျက်နှာထားကိုကြည့်ရင်းဖြင့် လီထျန်းရှင်းမှာ ကြောက်ရွံ့ထိတ်လန့်လာရလေသည်။ လီထျန်းရှင်းသည် သူမ၏အဆင့်၈အဂ္ဂိရတ်ပညာရှင်ဟူသော သရုပ်မှန်သည် ဝမ်ဖုန်းကို အံ့ဩပျော်ရွှင်သွားစေမည်ဟု တွေးထင်ထားခဲ့သည်။ သို့သော် အဆင့်၈အဂ္ဂိရတ်ပညာရှင်ဟူသည် သာမန်လူများနှင့် ဘာမျှမကွာခြားသည်ကဲ့သို့ ဝမ်ဖုန်း၏မျက်နှာအမူအရာမှာ ရေသေကဲ့သို့တည်ငြိမ်နေခဲ့လေသည်။
သူမ၏အဆင့်၈အဂ္ဂိရတ်ပညာရှင်သရုပ်ဖြင့် မည်သည့်ဂိုဏ်းသို့ သွားရောက်သည်ဖြစ်စေ ဧည့်သည်တော်တစ်ဦးအနေဖြင့် ကြိုဆိုခံရမည်ဖြစ်၏။ သူမအနေဖြင့် ထိပ်တန်းဂိုဏ်းကြီးတစ်ခုကို ဝင်ရောက်လိုလျှင်သော်မှ လှိုက်လှဲစွာကြိုဆိုကြမည်ဖြစ်သည်။
အင်ပါယာကြီးသုံးခုသည်ပင် သူမအတွက် သံလွင်ခက်များဖြင့် ကြိုဆိုပေးနိုင်၏။ အင်ပါယာကြီးသုံးခုလုံးတွင် အသက်နှစ်ဆယ်ဝန်းကျင်အဂ္ဂိရတ်ပညာရှင်ဟူ၍ မရှိချေ။ အားလုံးမှာ လူအိုကြီးများဖြစ်ကြပြီး သူတို့၏အလားအလာသည် လီထျန်းရှင်းကို ယှဉ်နိုင်စွမ်း မရှိကြပေ။
“မင်းမှာ အဆင့်၈အဂ္ဂိရတ်ပညာရှင်ဆိုတဲ့သရုပ်ရှိနေတာပဲ။ ဘာလို့အဲဒါကို တိုက်ရိုက်မဖော်ထုတ်လိုက်လဲ။ အဲဒီ့သရုပ်နဲ့ဆို တခြားအင်ပါယာနှစ်ခုက ယောင်ရီအင်ပါယာနဲ့ဆန့်ကျင်ပြီး မင်းကိုရော မင်းရဲ့မိသားစုကိုရော ကာကွယ်ပေးလောက်မှာပဲလေ”
ဝမ်ဖုန်း၏မျက်လုံးများတွင် အလင်းတစ်စ ဖြတ်ပြေးသွားလျက် လေးနက်သည့်အသံဖြင့်မေးခဲ့သည်။
အဆင့်၈အဂ္ဂိရတ်ပညာရှင်လီထျန်းရှင်းသည် သူ့အတွက်ဖြစ်စေ၊ သူ၏ရှန်ရှန့်ကျုံဂိုဏ်းအတွက်ဖြစ်စေ တန်ဖိုးရှိသည့်အရာမဟုတ်သော်ငြား အင်ပါယာကြီးသုံးခုအတွက်မူ တပ်မက်ဖွယ်ဖြစ်သည်။ လီထျန်းရှင်းမှ ဝင်ရောက်ရန်ဆန္ဒရှိပါလျှင် အခြားအင်ပါယာနှစ်ခုသည် သေချာပေါက် လှိုက်လှဲစွာကြိုဆိုကြမည်ဖြစ်၏။ လီထျန်းရှင်းမှ မည်သည့်အရာကိုတောင်းဆိုသည်ဖြစ်စေ အလွန်အမင်းမဖြစ်သ၍ သဘောတူညီလိမ့်မည်ဖြစ်သည်။
အသက်နှစ်ဆယ်ဝန်းကျင်ဖြင့် အဆင့်၈အဂ္ဂိရတ်ပညာရှင်အဆင့်သို့ရောက်နိုင်သည့်တည်ရှိမှု၏ အနာဂတ်ကို မည်သူမျှ မှန်းဆနိုင်စွမ်းမရှိနိုင်ချေ။ သို့သော် သေချာမှုရှိသည့်အရာမှာ လီထျန်းရှင်းကိုပိုင်ဆိုင်နိုင်လျှင် မည်သည့်အင်အားစုပင်ဖြစ်စေ အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်သည်။
“ကျွန်မ အင်ပါယာတွေရဲ့ အသုံးချခံပစ္စည်းမဖြစ်ချင်ဘူး။ ပြီးတော့ တခြားအင်ပါယာနှစ်ခုထဲကို ဝင်ခဲ့ရင်တောင်မှ ယောင်ရီအင်ပါယာက ကျွန်မကို ဘယ်တော့မှ အင်ပါယာအပြင်ဘက်ကို ထွက်ခွင့်ပေးမှာမဟုတ်ဘူး။ ဂိုဏ်းတစ်ဂိုဏ်းရဲ့ဂိုဏ်းချုပ်တစ်ဦးအနေနဲ့ ဂိုဏ်းချုပ်ဝမ်လည်း အင်အားရှိတဲ့သူတွေရဲ့စိတ်ထားကို သိလောက်ပါတယ်။ မစားရအမဲသဲနဲ့ပက်ကြမယ်ဆိုတာလေ”
လီထျန်းရှင်းသည် သူမ၏လှပသည့်မျက်လုံးလေးများဖြင့် ဝမ်ဖုန်းကိုစိုက်ကြည့်လျက် တင်းကြပ်စွာဖြင့်ပြော၏။
“ဒါဆိုရင် ဒီဂိုဏ်းချုပ်ကရော မင်းကို ပစ္စည်းကိရိယာတစ်ခုအနေနဲ့ အသုံးမချပါဘူးလို့ မင်းဘယ်လိုသိလဲ”
လီထျန်းရှင်း၏စကားကို နားထောင်ပြီးနောက်တွင် ဝမ်ဖုန်း၏မျက်နှာထက်၌ စိတ်ဝင်စားသည့်အရိပ်အယောင်တို့ ရုတ်တရက်ပေါ်ထွက်လာခဲ့လျက် စနောက်ပြောဆိုလာခဲ့သည်။
“ထျန်းရှင်းရဲ့ အလိုလိုသိစိတ်ပါလို့ပြောရင် ဂိုဏ်းချုပ် ယုံကြည်ပေးနိုင်မလား”
“သွားစို့”
လီထျန်းရှင်း၏စကားအဆုံးတွင် ဝမ်ဖုန်း လက်ကိုဝှေ့ယမ်းလျက် ပြောခဲ့သည်။
“မြို့တော်ကိုလား…!”
ဝမ်ဖုန်း၏စကားအဆုံးတွင် လင်းဖေးဝူနှင့် မုယွင်ဖေးတို့မှာ အချိန်ခဏမျှ ကြောင်အသွားပြီးနောက် လန့်ဖျပ်၍ပြောလာခဲ့သည်။ ပြိုင်ဘက်ကင်းအဂ္ဂိရတ်ပညာရှင်လီထျန်းရှင်းကို ဂိုဏ်းချုပ်မှ ရှန်ရှန့်ကျုံဂိုဏ်းသားအဖြစ် လက်မခံဟု သူတို့မမျှော်လင့်ထားခဲ့ပေ။
ထို့ပြင် လီထျန်းရှင်းတွေ့ကြုံခဲ့ရသည်များအတွက် လင်းဖေးဝူနှင့် မုယွင်ဖေးတို့မှာ ကြင်နာသနားစိတ်ဝင်မိကြ၏။ ဂိုဏ်းချုပ်မှ လီထျန်းရှင်းကိုကူညီပေးရန် သူတို့မျှော်လင့်ခဲ့ကြသည်။ သို့သော်…
“ခဏလောက်ပါ။ ထျန်းရှင်း နှုတ်ဆက်ပါရစေ။ ဂိုဏ်းချုပ်ဝမ်နဲ့ ဒီကကျင့်ကြံသူတွေကို ထျန်းရှင်းကျေးဇူးတင်ပါတယ်”
လီထျန်းရှင်းမှာ ပျောက်ဆုံးသွားရသည်ကဲ့သို့ ခံစားလိုက်ရ၏။ သူမသည် ဝမ်ဖုန်းတို့အားလုံးကို လေးနက်စွာအရိုအသေပြုလျက် စိတ်ပျက်ဝမ်းနည်းစွာဖြင့်ပြောခဲ့သည်။ ထို့နောက် နောက်ပြန်လှည့်ထွက်သွား၏။
နေရောင်အောက်ရှိ လှပသည့်အမျိုးသမီးငယ်လေး၏ပုံရိပ်သည် လူအိုကြီးကို တမ်းတခြင်းဖြင့်ဆွဲငင်လေသည်။
“ဘယ်ကိုသွားချင်လို့တုန်း? ဒီဂိုဏ်းချုပ်ပြောတာက နတ်ဆိုးချိပ်ပိတ်ညီလာခံမှာပါဝင်ဖို့ နတ်ဆိုးချိပ်ပိတ်ေမြထဲသွားမယ်လို့ပြောတာလေ။ မင်းရဲ့တောင်းဆိုမှုကို ဒီဂိုဏ်းချုပ် သဘောတူလိုက်ပြီ”
“အခုကစပြီး လီထျန်းရှင်းက ရှန်ရှန့်ကျုံဂိုဏ်းရဲ့တပည့်ပဲ။ မင်းရော မင်းရဲ့မိသားစုကိုရော ဒီဂိုဏ်းချုပ်ကာကွယ်မယ်။ ဘယ်သူပဲ လာထိခိုက်ပါစေ သေရလိမ့်မယ်။ အဲဒါက ယောင်ရီအင်ပါယာကြီးဆိုရင်တောင်မှ ဖျက်ဆီးပစ်မယ်”
လီထျန်းရှင်းမှ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းထွက်ခွာပြီးချိန်တွင် သူမ၏နောက်ကျောမှ သြဇာလွှမ်းမိုးမှုရှိသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ လီထျန်းရှင်းမှာ အချိန်ခဏမျှ မင်သက်သွားခဲ့ရ၏။ သူမ၏စွဲမက်ဖွယ်ခန္ဓာကိုယ်လေးမှာ ပျော်ရွှင်မှုကြောင့် အလွန်အမင်းတုန်ရီနေတော့သည်။
“တပည့်လီထျန်းရှင်း ဂိုဏ်းချုပ်ကိုကျေးဇူးတင်ပါတယ်။ အခုကစပြီး တပည့်ထျန်းရှင်းက သက်ဆုံးတိုင်အထိ ရှန်ရှန့်ကျုံဂိုဏ်းအတွက် အစွမ်းကုန်ကြိုးစားပါ့မယ်”
လီထျန်းရှင်းသည် အမြန်နှုန်းဖြင့် ပြန်လှည့်လာခဲ့ပြီး ဝမ်ဖုန်းကို၉၀ဒီဂရီ ဂါရဝပြုလျက် ကျယ်လောင်စွာပြောခဲ့၏။ သူမ၏မျက်နှာလှလှလေးမှာ တည်ကြည်လေးနက်နေ၏။
လီထျန်းရှင်း ဝမ်ဖုန်း၏စကားများကို သံသယမဝင်မိပါ။ ဝမ်ဖုန်း၏အင်အားဖြစ်စေ၊ ရှန်ရှန့်ကျုံဂိုဏ်း၏လျှို့ဝှက်ဆန်းကြယ်မှုဖြစ်စေ၊ ရှန်ရှန့်ကျုံဂိုဏ်းအား သူမ၏ကိုယ်ထဲမှ ဝိဉာဉ်အပိုင်းအစ၏ သုံးသပ်မှုကြောင့်ဖြစ်စေ ဤရှန်ရှန့်ကျုံဂိုဏ်းမှာ အပေါ်ယံမြင်နေရသည်ကဲ့သို့ မရိုးရှင်းသည်ကို လီထျန်းရှင်း သိထားပေသည်။
“ကောင်းပြီ။ နတ်ဆိုးချိပ်ပိတ်ညီလာခံကို သွားရအောင်”
ဝမ်ဖုန်းသည် လက်ကိုဝှေ့ယမ်းလျက် ရှေးဟောင်းနတ်ဘုရားနယ်မြေသို့ လှည့်ထွက်သွားခဲ့သည်။ လီဟေးသည်တော့ စကားမဆိုဘဲ လီထျန်းရှင်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် ဝမ်ဖုန်းနောက်သို့ လိုက်သွားခဲ့သည်။
“ဂိုဏ်းတူညီမလေး စိတ်မပူပါနဲ့။ ငါတို့ဂိုဏ်းက မင်းကိုကြိုဆိုပါတယ်။ ဂိုဏ်းချုပ်ကလည်း ငါတို့အပေါ် အရမ်းကောင်းတယ်”
လင်းဖေးဝူသည် လီထျန်းရှင်းဘေးသို့ အမြန်လျှောက်လာ၍ ပြုံးရယ်လျက်ပြော၏။
“ဂိုဏ်းတူညီမလေးကို ကြိုဆိုပါတယ်”
မုယွင်ဖေးသည်လည်း ပြုံးလျက်ပြောခဲ့သည်။
ဤအခိုက်အတန့်သည် သူမ၏နေ့ရက်များအတွင်းရရှိခဲ့သည့် ပျော်ရွှင်ရသည့်အခိုက်အတန့်အနည်းငယ်ထဲမှ တစ်ခုဖြစ်ခဲ့ရသည်။
“ဂိုဏ်းချုပ်က ယောင်ရီအင်ပါယာကြောင့်နဲ့ ဂိုဏ်းတူညီမလေးကိုစွန့်လွှတ်လိုက်မှာကို စိုးရိမ်ဖို့မလိုပါဘူး။ ဂိုဏ်းတူညီမလေးမရှိလည်း ရှန်ရှန့်ကျုံဂိုဏ်းက ယောင်ရီအင်ပါယာနဲ့ ရန်သူတွေဖြစ်ဖို့ ကံကြမ္မာပါလာပြီးသားပဲ။ ဒါမှမဟုတ် ယောင်ရီအင်ပါယာက ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ရန်သူတွေဖြစ်ဖို့ ကံကြမ္မာပါလာတာလည်းဖြစ်နိုင်ပါတယ်လေ”
လင်းဖေးဝူသည် လီထျန်းရှင်းကိုကြည့်လျက် တီးတိုးပြော၏။
လင်းဖေးဝူသည်လည်း မိန်းကလေးတစ်ဦးဖြစ်ရာ လီထျန်းရှင်းကို စာနာမိသည်။ သူမကိုယ်တိုင်သည်လည်း ဆိုးရွားစွာကြုံတွေ့ခဲ့ရဖူးသည် မဟုတ်ပါလော။
“ဘာလို့လဲ”
လင်းဖေးဝူ၏စကားအဆုံးတွင် လီထျန်းရှင်းနှင့် မုယွင်ဖေးတို့သည် အံ့အားသင့်စွာဖြင့် လင်းဖေးဝူအား ကြည့်လာကြ၏။
“ဂိုဏ်းတူမောင်လေး ဂိုဏ်းကို မရောက်လာခင်က ဂိုဏ်းချုပ်က ယောင်ရီအင်ပါယာရဲ့ ချန်လင်မြို့စားကိုသတ်ပြီး ချန်လင်စစ်တပ်ကိုဖျက်ဆီးခဲ့တယ်လေ”
လင်းဖေးဝူသည် လျှို့ဝှက်ဆန်းကြယ်စွာဖြင့်ပြော၏။
“ဘာရယ်”
မုယွင်ဖေးနှင့် လီထျန်းရှင်းတို့မှာ ထိတ်လန့်သွားခဲ့ကြလျက် မျက်နှာထက်တွင် ထိတ်လန့်ချောက်ချားမှုများ ထင်ဟပ်သွားရ၏။ ကြီးမြတ်သောလေအင်ပါယာ၏ မုယွင်ဖေးသည်ပင် ချန်လင်စစ်တပ်အကြောင်းကို ကြားဖူးနားဝရှိထား၏။ လီထျန်းရှင်းအတွက်တော့ ချန်လင်စစ်တပ်သည် မိုးကြိုးလျှပ်စီးကဲ့သို့ အင်အားကြီးမားသည့် ဖြစ်တည်မှုဖြစ်လေသည်။
ချန်လင်စစ်တပ်သည် ယောင်ရီအင်ပါယာ၏ ထိပ်တန်းစစ်တပ်ကြီး မဟုတ်သော်ငြား ယောင်ရီအင်ပါယာလက်အောက်ရှိ အထက်ဆုံးသောဓားလက်နက်ဖြစ်သည်မှာ သေချာပါ၏။ အင်ပါယာထဲတွင် ဧကရာဇ်ကိုပြစ်မှားသည့် ဂိုဏ်းကြီးဂိုဏ်းငယ်အလုံးစုံကို ချန်လင်စစ်တပ်မှ ထိန်းချုပ်ဖြေရှင်းခြင်းဖြစ်သည်။
ထို့ကြောင့် ချန်လင်မြို့စားနှင့် ချန်လင်စစ်တပ်သည် ယောင်ရီအင်ပါယာ၏ ထိပ်တန်းစစ်တပ်အဖြစ် သတ်မှတ်မရနိုင်သော်ငြား ဧကရာဇ်၏ ယုံကြည်အားထားရဆုံးသောစစ်တပ်အဖြစ် သတ်မှတ်နိုင်ပေသည်။ မည်သည့်သတင်းမှ ထွက်မလာသေးသည်ဖြစ်ရာ ချန်လင်မြို့စားနှင့် ချန်လင်စစ်တပ်ကို ဝမ်ဖုန်းမှ ဖျက်ဆီးပစ်ခဲ့သည်ဟု မည်သူမျှ တွေးထင်မိနိုင်မည်မဟုတ်ချေ။
ချန်လင်မြို့စားနှင့် ချန်လင်စစ်တပ်တို့ အမြစ်ပြတ်သုတ်သင်ခံရသည့် သတင်းသာ ဦးစွာရောက်ရှိလာခဲ့ပါလျှင် နတ်ဆိုးချိပ်ပိတ်ညီလာခံကြီး ဆိုင်းငံ့ခံရမည်ကိုပင် စိုးမိပါ၏။
လီထျန်းရှင်းသည်လည်း မိမိမှာ ယောင်ရီအင်ပါယာနှင့် ရန်သူဖြစ်ရန် ကံကြမ္မာရှိသူကို ရှာတွေ့ခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။
“ဂိုဏ်းတူညီမေလး ကြောက်ဖို့မလိုပါဘူး။ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းက အင်အားကြီးပါတယ်။ ဂိုဏ်းထဲမှာ မရေမတွက်နိုင်တဲ့စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးတွေရှိတယ်။ သူတို့က အိပ်ပျော်နေရာက နိုးမလာကြသေးလို့။ သူတို့ပြန်နိုးထလာတာနဲ့ သေချာပေါက် တစ်လောကလုံး အံ့ဩကုန်ကြမှာ။ ယောင်ရီအင်ပါယာတဲ့ ဘယ်လိုတောင် သိမ်နုပ်လိုက်သလဲ!”
လင်းဖေးဝူသည် မျက်လုံးများမှေးကျဉ်းလျက် ယုံကြည်မှုအပြည့်ဖြင့် ပြော၏။
“ဂိုဏ်းတူအစ်မက ဂိုဏ်းထဲမှာ အိပ်ပျော်နေတဲ့စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးတွေ ရှိတယ်ဆိုတာကို ဘယ်လိုသိတာလဲ။ ဂိုဏ်းချုပ် ပြောပြထားတာလား”
မုယွင်ဖေးမှ အလျင်စလိုမေး၏။ လီထျန်းရှင်းသည်လည်း လင်းဖေးဝူကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေခဲ့ပြီး သူမ၏ကိုယ်ထဲမှ ဝိဉာဉ်အပိုင်းအစသည်ပင် လင်းဖေးဝူကိုကြည့်နေလျက် အာရုံစိုက်နားထောင်နေခဲ့သည်။
“သေချာပေါက် ဒီအစ်မ ခန့်မှန်းထားတာပဲပေါ့။ ဒါပေမဲ့ သေချာသလောက်ရှိတယ်။ ဘာလို့ဆို အစ်မ ဂိုဏ်းထဲဝင်ခါစတုန်းက အကြီးအကဲယောင်ယွဲ့နဲ့ အကြီးအကဲဧကရီယင်တို့ မရှိကြသေးဘူး။ သူတို့တွေ ပြန်နိုးလာကြတာ မကြာသေးဘူးရယ်”
လင်းဖေးဝူမှ မျက်စိတစ်ဖက်မှိတ်ပြ၏။
“နောက်က မြန်မြန်လိုက်လာကြလေ”
မုယွင်ဖေးမှ ထပ်မံ မေးခွန်းမထုတ်မီတွင် ဝမ်ဖုန်း၏အော်သံ ထွက်ပေါ်လာခဲ့သည်။ လင်းဖေးဝူသည် ရယ်ကျဲကျဲဖြင့် လျှာတစ်လစ်ထုတ်လျက် မုယွင်ဖေးနှင့် ကျန်နှစ်ယောက်ကို လက်ဟန်ပြလိုက်ပြီး ဝမ်ဖုန်းနောက်သို့ ခပ်မြန်မြန်လိုက်သွားတော့သည်။
လင်းဖေးဝူ၏ ချစ်စဖွယ်ပုံစံလေးကိုကြည့်ရင်းဖြင့် မုယွင်ဖေးသည် ရယ်မောလျက် ခေါင်းခါရမ်းမိ၏။ မုယွင်ဖေးသည်လည်း သူ၏စူးစမ်းသိလိုစိတ်များကို ပြန်လည်ထိန်းသိမ်းလျက် နောက်မှ အမြန်လိုက်သွားခဲ့သည်။
လီထျန်းရှင်းသည် လင်းဖေးဝူ၏စကားများကို လျစ်လျူမရှုဝံ့ချေ။ ရှန်ရှန့်ကျုံဂိုဏ်းအကြောင်းကို သိချင်စိတ်များ ပို၍ပို၍ပြင်းပြလာခဲ့ကာ သူမ၏အကျပ်အတည်းမှ ရုန်းထွက်နိုင်မည်ဟူသော ယုံကြည်ချက်သည်လည်း ပို၍ပို၍ခိုင်မာလာခဲ့တော့သည်။