ဒီကလေးကို သင်ခန်းစာပေးလိုက်တာပေါ့
Vol. 3 Ch. 42
ရန်စခံလိုက်ရသည်တွင် ထုံယွမ်နတ်ဆိုးမျောက်ဝံ သည် အရင်ထက် ပိုမိုကြမ်းကြုတ်ခက်ထန်လာခဲ့ပြီး ကြမ်းကြုတ်စွာသောစွမ်းအင်လှိုင်းလုံးများ သူ၏လက်သီးထိပ်သို့ ရုတ်ချည်းစုစည်းပေါ်ထွက်လာခဲ့သည်။ ထို့နောက် မုယွင်ဖေးကို အရှိန်ပြင်းစွာဖြင့်ရိုက်လိုက်သည်။
လက်သီးတွင်စိမ့်ဝင်ပျံ့နှံ့နေသည့် ကြောက်မက်ဖွယ်စွမ်းအင်ကို ခံစားမိသောကြောင့် မုယွင်ဖေးသည် လျစ်လျူမရှုဝံ့တော့ဘဲ သူ၏မျက်နှာအမူအရာမှာ ပို၍လေးနက်လာ၏။ သူ၏လက်ထဲရှိဓားရှည်မှာ ရင်အုံထက်တွင်ကန့်လန့်ဖြတ်အနေအထားဖြင့် ထက်ရှသည့်အစွန်းဖျားသည်တောက်ပနေလျက် လူဝံနတ်ဆိုးထုန်ယွင်၏လက်သီးချက်ကို ခုခံထားပေသည်။
ဘုန်း!
ကြီးမားသည့်စွမ်းအင်လုံးကြီး ထိမှန်သွားခဲ့ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၌ ကျယ်လောင်စွာသောအသံကြီး မြည်းဟီးသွားခဲ့သည်။ မုယွင်ဖေးသည် လေဟာပြင်တွင် အကြိမ်များစွာ ကျွမ်းပစ်လည်ထွက်သွားခဲ့ရာ ခန္ဓာကိုယ်ကို ခက်ခဲစွာ တည်ငြိမ်အောင်ထိန်းနေရ၏။
မုယွင်ဖေးသည် နှုတ်ခမ်းထောင့်မှ စီးကျနေသည့်သွေးများကို ဖိသုတ်လိုက်ပြီး မျက်နှာထက်တွင် အကြင်နာကင်းသောအပြုံးတစ်ခု ဖြစ်တည်လာခဲ့ပြီး အရှိန်အဝါမှာ ပို၍ခမ်းနားထည်ဝါလာခဲ့သည်။
ဤတစ်ကြိမ်တိုက်ကွက်တွင် မုယွင်ဖေးသည် မိမိအတွက် ဆိုးကျိုးများနေသော်ငြား စိုးစဉ်းမျှ ကြောက်စိတ်မဝင်မိပါချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ကြမ်းကြုတ်ရက်စက်မှုများ မြင့်တက်ထကြွလာခဲ့ကာ လူသည် တိုက်ခိုက်ဖျက်းဆီးခြင်းစိတ်ဝိဉာဉ်ကဲ့သို့ ပြောင်းလဲသွားတော့သည်။
မုယွင်ဖေးသည် ဓားရှည်ကို မြဲမြံစွာဆွဲကိုင်လျက် ခန္ဓာကိုယ်တွင်းစွမ်းအင်များသည်လည်း တစ်ကိုယ်လုံးအနှံ့တစ်ဟုန်တိုးစီးဆင်းနေရာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ ထက်ရှသည့်အစွန်းများ ထွက်ပေါ်စေခဲ့သည်။ လူတစ်ကိုယ်လုံးမှာ သူ၏လက်ထဲရှိဓားရှည်နှင့်အတူ ထက်ရှသည့်ဓားနှစ်လက်အဖြစ် ပြောင်းလဲသွားသည့်အလား ခံစားရ၏။ ထို့နောက်တွင် ရုတ်ချည်းပစ်လွှတ်ထိုးစိုက်လိုက်သည်။
ယွမ်နတ်ဆိုးမျောက်ဝံသည် အကြောက်တရားဟူသည် မည်သည့်အရာမှန်း မသိရှိချေ။ ယွမ်နတ်ဆိုးမျောက်ဝံသည်လည်း လက်သီးကြီးကိုဝှေ့ယမ်းလျက် အရှိန်ဖြင့်ပစ်လွှတ်၏။ လက်သီးသည် တောင့်တင်းကြီးမားသော်ငြား ပျော့ပြောင်းမှုလည်းရှိသည်။ ခုန်အုပ်ရင်းဖြင့် မုယွင်ဖေး ထိုးစိုက်သည့်ဓားချက်ကို ရှောင်တိမ်းကာ တစ်ပြိုင်နက်တည်းပင် ပြင်းလှစွာသောလက်သီးထိုးချက်ဖြင့် ဆောင့်တွန်းတိုက်လိုက်၏။
ဘုန်း!
အရှိန်ပြင်းစွာတိုက်မိသည့်အသံကြီးသည် တောနက်ကြီးတွင် မြည်ဟီးသွားခဲ့လျက် လှိုင်းဂယက်များအလား စွမ်းအင်လှိုင်းများသည် အရပ်လေးမျက်နှာသို့ပျံ့နှံ့သွားခဲ့ရာ ထူးဆန်းသည့်မည်းနက်နေသောသစ်ပင်များစွာတို့ကို တစ်ပင်ပြီးတစ်ပင် လဲပြိုကျသွားစေ၏။ ထိုပြိုလဲကျကုန်သည့် ပိန်းပိတ်အောင်မည်းနက်သောသစ်ပင်များသည် ပျက်စီးသွားခဲ့၍ ကောင်းကင်တစ်ခွင်တွင် မည်းနက်သောလွှစာမှုန့်များ ပျံ့နှံ့သွားတော့သည်။
လေဟာပြင်ရှိ လူငယ်တစ်ယောက်နှင့် သားရဲတစ်ကောင်၏ ကြမ်းကြုတ်စွာတိုက်ခိုက်နေမှုသည် လင်းဖေးဝူနှင့် လီထျန်းရှင်းတို့အလှလေးများကို မျက်လုံးများပြူးကျယ်သွားစေခဲ့ရာ သူတို့၏မျက်နှာလှလှလေးမှာ အနည်းငယ်ချစ်စဖွယ်ဖြစ်နေလေသည်။
လင်းဖေးဝူသည် သူမ၏နောက်မှ ဂိုဏ်းဝင်လာခဲ့သည့် ဂိုဏ်းတူမောင်လေးသည် ထိုမျှစွမ်းအားကြီးမားမည်ဟု မမျှော်လင့်ထားခဲ့ပေ။ လင်းဖေးဝူ၏စိတ်နှလုံးမှာ အနည်းငယ် အလျင်လိုမှုကို ခံစားလိုက်ရ၏။ သူမသည် ဂိုဏ်းတူအစ်မဖြစ်သည်။ အဘယ်သို့များ ဂိုဏ်းတူမောင်လေးထက် အားနည်းလို့ဖြစ်လိမ့်မည်နည်း။
ကြည့်ရသည်မှာ သူမ၏ကျင့်ကြံမှုကို ပိုမိုအားစိုက်ရန် လိုအပ်ပေတော့မည်။ သူမသည် ရှန်ရှန့်ကျုံဂိုဏ်း၏အမျိုးသမီးတပည့် ဂိုဏ်းတူအစ်မကြီးဖြစ်၏။ ဂိုဏ်းတူအစ်မကြီး၏အဟုန်ကို ပြသရပေမည်။
လီထျန်းရှင်းမှာ ပို၍ပင် ရှုပ်ထွေးနေသေး၏။ သူမသည် တော်ဝင်မင်းသားအစောပိုင်းအဆင့်ကျင့်ကြံသူဖြစ်သည့်အလျောက် မုယွင်ဖေးထုတ်လွှတ်သည့် ကျင့်ကြံမှုအရှိန်အဝါသည် တော်ဝင်မင်းသားအလယ်အလတ်အဆင့်ဖြစ်သည်ကို တိတိကျကျသိနိုင်ပါ၏။
သို့သော် မုယွင်ဖေးထုတ်လွှတ်သည့် တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းသည် တော်ဝင်မင်းသားအထွတ်အထိပ်အဆင့်ရှိ ယွမ်နတ်ဆိုးမျောက်ဝံနှင့် ယှဉ်ပြိုင်ရန်လုံလောက်နေသည်။ အပြန်အလှန်တိုက်ခိုက်နိုင်စွမ်းရှိပြီး နောက်ကျကျန်နေခဲ့ခြင်းမျိုး မရှိချေ။ အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ရှန်ရှန့်ကျုံဂိုဏ်း၏တပည့်အားလုံးသည် ထိုကဲ့သို့ စွမ်းအားကြီးမားကြသည်လော။
ဤတိုက်ပွဲသည် နယ်ပယ်ငယ်နှစ်ခုကိုဖြတ်ေကျာ်သည့်တိုက်ပွဲဖြစ်ပြီး တော်ဝင်မင်းသားအဆင့်တိုက်ပွဲဖြစ်၏။
ဝိဉာဉ် သို့မဟုတ် ဆန်းကြယ်အကြီးအကဲအဆင့်တိုက်ပွဲဖြစ်ပါလျှင် လီထျန်းရှင်းသည် အနည်းငယ်သော်မျှ အံ့အားသင့်လိမ့်မည် မဟုတ်ပါချေ။ ဝိဉာဉ် သို့မဟုတ် ဆန်းကြယ်အကြီးအကဲအဆင့်၏ ထိပ်တန်းပါရမီရှင်များသည် နယ်ပယ်ငယ်နှစ်ခုကို ဖြတ်ကျော်တိုက်ခိုက်နိုင်၏။
ကျင့်ကြံဆင့်မြင့်မားသည်နှင့်အမျှ နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ရခြင်းမှာ ပို၍ခက်ခဲလာသည်ဖြစ်၏။ အထူးသဖြင့် အပြောင်းအလဲသို့ဝင်ရောက်ခြင်းအဆင့်၏အထက်ကျင့်ကြံသူများမှ နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်ခြင်းသည် ကြီးမြတ်လှစွာသောပါရမီဖြစ်သည်။
ဤဂိုဏ်းတူအစ်ကိုသည် တော်ဝင်မင်းသားအဆင့်ဖြင့် နယ်ပယ်ငယ်နှစ်ခုဖြတ်ကျော်တိုက်ခိုက်နိုင်စွမ်းရှိ၏။ ထိုမျှသော တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းသည် ယောင်ရီအင်ပါယာတစ်ခုလုံးတွင် ထူးကဲသာလွန်နိုင်သည် မဟုတ်ပါလော။
လီထျန်းရှင်းမှ လက်ဦးမှုရယူ၍ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမှာ ကံကောင်းမှုကြီးဖြစ်ပါ၏။ ထိုမျှလျှို့ဝှက်ဆန်းကြယ်၍ စွမ်းအားကြီးမားသည့်ဂိုဏ်းသည် သူမအနေဖြင့် ဂိုဏ်းဝင်ခွင့်ရရှိရန်အတွက် တောင်းဆိုခဲ့ရခြင်းငှာ ထိုက်တန်ပါ၏။
လီဟေးတစ်ဦးတည်းသာ ယွမ်နတ်ဆိုးမျောက်ဝံနှင့်တိုက်ခိုက်နေသည့် မုယွင်ဖေးကို စိတ်ပျက်စွာကြည့်နေခဲ့သည်။ ဆန်းကြယ်အင်ပါယာအဆင့်ပြန်လည်ဝင်စားသူ လီဟေး၏အမြင်တွင် မုယွင်ဖေးသည် ယွမ်နတ်ဆိုးမျောက်ဝံကို ဒဏ်ရာရစေနိုင်မည့်အခွင့်အရေးများစွာ ရရှိခဲ့သော်ငြား ယွမ်နတ်ဆိုးမျောက်ဝံမှ အကြိမ်တိုင်းရှောင်တိမ်းနိုင်ခဲ့သည်ကြောင့် မှားယွင်းနေသည်ဟုခံစားနေရ၏။
လီဟေးမှ လှုပ်ရှားတိုက်ခိုက်မည်ဆိုပါက ဓားချက်တစ်ချက်သည် ထိုယွမ်နတ်ဆိုးမျောက်ဝံကို အော်ဟစ်စေနိုင်ပြီး ဓားချက်နှစ်ချက်သည် အပြင်းအထန်ဒဏ်ရာရသွားစေနိုင်ကာ ဓားချက်သုံးချက်တွင် အသက်ကိုနုတ်ယူနိုင်မည်ဖြစ်သည်။ သူ၏တော်ဝင်မင်းသားအစောပိုင်းကျင့်ကြံဆင့်ဖြင့်ပင် လီဟေး၌ ထိုမျှသော မိမိကိုယ်ကိုယုံကြည်မှုမျိုး ရှိနေဆဲဖြစ်၏။
ဘုန်း!
ကျယ်လောင်သည့်ပေါက်ကွဲသံကြီးနှင့်အတူ မုယွင်ဖေးနှင့် ယွမ်နတ်ဆိုးမျောက်ဝံတို့သည် အချိန်ခဏမျှ အဝေးသို့လွင့်စင်ဖယ်ခွာသွားကြပြီး မျက်နှာချင်းဆိုင်ရပ်နေကြ၏။
မုယွင်ဖေးသည် နှုတ်ခမ်းထောင့်မှသွေးများကို ဖိသုတ်လျက် ယွမ်နတ်ဆိုးမျောက်ဝံကို လှောင်ရယ်သည့်အပြုံးဖြင့် စိုက်ကြည့်နေခဲ့သည်။ မုယွင်ဖေး၏ဝတ်ရုံမှာ စုတ်ပြဲနေခဲ့ပြီး ခန္ဓာကိုယ်မှာ အရောင်အသွေးမျိုးစုံတို့ဖြင့် ဖုံးလွှမ်းနေခဲ့သည်။ အနည်းငယ်ရှက်ရွံ့ဖွယ်ဖြစ်သော်ငြား မုယွင်ဖေးသည် စိတ်ထက်သန်စွာဖြင့် တိုက်ခိုက်ဆဲဖြစ်၏။
ယွမ်နတ်ဆိုးမျောက်ဝံမှထုတ်လွှတ်နေသည့် ဒေါသအဟုန်မှာ ပို၍ပင်ကြီးလေးထည်ဝါပေသည်။ သူ၏ကြီးမားသည့်ခန္ဓာကိုယ်အနှံ့တွင် ဓားဒဏ်ရာများစွာတို့ဖြင့် ထိုဒဏ်ရာများမှာ သွေးများစိမ့်ထွက်ကျနေခဲ့လေရာ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးများဖြင့် ချင်းချင်းနီနေတော့သည်။
မုယွင်ဖေး၏ဓားရောင်ခြည်သည် လူဝံယွမ်နတ်ဆိုးမျောက်ဝံ၏အကာအကွယ်ကို အပြည့်အဝ မထိုးဖောက်နိုင်ဘဲ အရေပြားကိုသာထိခိုက်စေနိုင်ခဲ့သော်ငြား နေရာအနှံ့အပြားကို ထိခိုက်စေနိုင်ခဲ့၏။ ထို့ကြောင့် လူဝံယွမ်နတ်ဆိုးမျောက်ဝံ၏ပုံစံမှာ မုယွင်ဖေးထက်ပင်ပို၍ သနားချင့်စဖွယ်ဖြစ်နေတော့သည်။
ယွမ်နတ်ဆိုးမျောက်ဝံသည် အလိုက်သင့်ပြောင်းလဲတိုက်ခိုက်နိုင်စွမ်းရှိသော်ငြား မုယွင်ဖေးသည်လည်း အားနည်းသူမဟုတ်ပေ။ ယွမ်နတ်ဆိုးမျောက်ဝံ၏ ကြီးမားသောခန္ဓာကိုယ်ကြီးသည် မုယွင်ဖေးအတွက် ရိုးရှင်းသောပစ်မှတ်ဖြစ်၏။ ယွမ်နတ်ဆိုးမျောက်ဝံသည် လျင်မြန်ဦးတော့ မည်မျှလျင်မြန်နိုင်မည်နည်း။ မည်သို့ပင်ဖြစ်စေ သူ၏ဓားချက်မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
မုယွင်ဖေးသည် တိုက်ခိုက်မှုအတွေ့အကြုံ လုံလောက်မှုမရှိသေးပေ။ သို့မဟုတ်ပါက မုယွင်ဖေး၏တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းဖြင့် ယွမ်နတ်ဆိုးမျောက်ဝံမှာ အသက်မသေလျှင်သော်မှ ဒဏ်ရာအပြင်းအထန်ရရှိခြင်းဖြင့် အဆုံးသတ်သွားမည်ဖြစ်သည်။
ရားး!
နေရာအနှံ့ဆိုးရွားစွာထိခိုက်ထားသည်ကြောင့် ယွမ်နတ်ဆိုးမျောက်ဝံသည် ဒေါသအကြီးအကျယ်ထွက်လျက် ကောင်းကင်သို့ဦးတည်ဟိန်းဟောက်၏။ သူ၏ကြီးမားသည့်ခန္ဓာကိုယ်ကြီးမှ ဒေါသအဟုန်များ ပို၍ပြင်းထန်စွာထွက်လာခဲ့သည်။ စွမ်းအင်လှိုင်းလုံးကြီးများလည်း ကြမ်းကြုတ်စွာ ထွက်ရှိလာခဲ့၏။
သူ၏ကြီးမားသည့်လက်ကြီးကို ဆန့်ထုတ်လိုက်ရာ ထိုလက်ထိပ်တွင် ရူးလောက်အောင်သော စွမ်းအားများစုဝေးသွား၏။ လက်သည်းထက်ထက်ကြီးများတွင် အေးစက်သည့်အလင်းတစ်ခု တောက်ပသွားကာ နဂါးလက်သည်းများအလား ရိုက်ခတ်ကုတ်ခြစ်လိုက်ရာ အက်ကွဲရာငါးကြောင်း ဖြစ်တည်သွား၏။
ယွမ်နတ်ဆိုးမျောက်ဝံ၏ လက်သည်းများ၏ထက်ရှမှုသည် အကွာအဝေးတစ်ခုရှိသစ်ပင်များကိုပါ ရိုက်ခတ်သွားခဲ့ပြီး သစ်ပင်နက်ကြီးမှာ အလယ်မှပြတ်ထွက်သွားခဲ့ပေသည်။ ပြင်းထန်လှစွာသောစွမ်းအားကြောင့် လီထျန်းရှင်းနှင့် လင်းဖေးဝူတို့မှာ တုန်ရီသွားလျက် မျက်လုံးများ၌ စိုးရိမ်ပူပန်မှုများ ထင်ဟပ်လာခဲ့၏။
ယွမ်နတ်ဆိုးမျောက်ဝံ၏ ထိုကဲ့သို့သော တိုက်ခိုက်မှုစွမ်းအားဖြင့် ဂိုဏ်းတူအစ်ကိုမုယွင်ဖေးမှာ ဟန့်တားနိုင်စွမ်းမရှိမည်ကို စိုးရိမ်ရသည်။
ဟင်း!
ယွမ်နတ်ဆိုးမျောက်ဝံ၏ ခက်ထန်ကြမ်းကြုတ်သည့်တိုက်ခိုက်မှုဖြင့် ရင်ဆိုင်ရသည်တွင် မုယွင်ဖေး၏မျက်နှာမှာ အေးဆေးတည်ငြိမ်နေ၏။ သူ၏ရင်အုံရှေ့တွင် ဓားရှည်ကိုကန့်လန့်ဖြတ်အနေအထား ထားရှိ၍ အခြားလက်တစ်ဖက်သည်တော့ လက်ချောင်းများကို ဓားရှည်ထက်တွင် အသာအယာထိစပ်ထားခဲ့သည်။ သူ၏မျက်လုံးများထဲတွင် အလင်းဖျော့ဖျော့တစ်စ လင်းလက်နေ၏။
ထိုအခိုက်တွင် မုယွင်ဖေး၏တစ်ကိုယ်လုံးမှ ပြင်းထန်လှသည့်ဓားအရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။ ထိုဓားအရှိန်အဝါသည် ခမ်းနားထည်ဝါသောခံစားချက်တစ်မျိုးကို ပေးစွမ်းနေခဲ့၏။ သို့သော် ၎င်းအရှိန်အဝါသည် တိမ်စိုင်များကဲ့သို့ အရိပ်ပမာပုံရိပ်ယောင်ဖြစ်လေသည်။
“ထျန်းဟုန်ဓား!”
မုယွင်ဖေးသည် အသံနိမ့်ဖြင့်ဟစ်ကြွေးလိုက်၏။ သို့ဖြင့် သူ၏ခန္ဓာကိုယ်ရှိခမ်းနားထည်ဝါသည့်စွမ်းအားသည် ဓားရှည်ထဲသို့ စီးဝင်ပေါင်းစည်းသွား၏။ ဓားရှည်မှ စွမ်းအားများ ဖြာထွက်လာခဲ့သည်။
ဓားမှစွမ်းအင်များဖြာထွက်လာသည်နှင့်တစ်ပြိုင်နက် ေလဟာပြင်ကိုဆုတ်ဖြဲ၍ လေဟာပြင်ထက်တွင် ကျဉ်းေမြာင်းရှည်လျားသည့်အက်ကွဲကြောင်းတစ်ခု ဖြစ်တည်သွားခဲ့သည်။
ယွမ်နတ်ဆိုးမျောက်ဝံ၏လက်သည်းများ ကျရောက်လာသည်တွင် မုယွင်ဖေးသည် မရှောင်တိမ်းခဲ့ပေ။ သူ၏ဓားရှည်ဖြင့် တန်းတန်းမတ်မတ် ထိုးစိုက်ခဲ့၏။
လူငယ်တစ်ယောက်နှင့် သားရဲတစ်ကောင်၏ ထိုမြင်ကွင်းမှာ လင်းဖေးဝူနှင့် လီထျန်းရှင်းကို များစွာဆွဲဆောင်နေခဲ့သည်။ မျက်လုံးလှလှလေးများမှာ တိုက်ပွဲမြင်ကွင်းကို မလွတ်တမ်းငေးစိုက်ကြည့်နေကြရင်းဖြင့် မသိစိတ်အလျောက် လက်သီးကိုတင်းတင်းဆုပ်ထားမိကြလေသည်။
လီဟေးသည် မုယွင်ဖေး၏တိုက်ခိုက်မှုအတွေ့အကြုံနည်းပါးခြင်းကို စိတ်ပျက်မိသော်ငြား တိုက်ပွဲကိုအာရုံစိုက်ကြည့်နေခဲ့ပါ၏။
ရှန်ရှန့်ကျုံဂိုဏ်းတွင် လီဟေးသည် ထောင်လွှားမောက်မာသူဖြစ်သော်ငြား သူ၏ဂိုဏ်းတူညီလေးမှ အန္တာရယ်ကျရောက်သည်ကိုတော့ လက်ပိုက်ကြည့်နေမည်မဟုတ်ပါ။
“အမ်?”
တိုက်ပွဲကိုစောင့်ကြည့်နေသည့်ဝမ်ဖုန်းသည်လည်း ရုတ်တရက်မျက်မှောင်ကြုတ်သွားလျက် နေရာတစ်ခုသို့ဦးတည်ကြည့်လိုက်သည်။ ဝမ်ဖုန်း၏အကြည့်မှာ အတားအဆီးအထပ်ထပ်နောက်ကွယ်မှ တစ်စုံတစ်ခုကိုမြင်တွေ့လိုက်သည့်အလား ထင်မှတ်ရသည်။
“ထားလိုက်ပါတော့… ဒီကလေးကို သင်ခန်းစာတစ်ခုပေးလိုက်တာပေါ့”
ဝမ်ဖုန်းသည် မျက်နှာချင်းဆိုင်တိုက်ရိုက် အရှိန်ပြင်းစွာထိခတ်တော့မည့် လူငယ်နှင့်သားရဲကိုကြည့်လျက် လက်သီးဆုပ်ထားရင်းမှ ပြန်လည်ဖြေလျှော့လိုက်ပြီး ခပ်ဖျော့ဖျော့ရေရွတ်လိုက်သည်။
…..
တစ်ချိန်တည်းတွင်
မုယွင်ဖေးနှင့် ယွမ်နတ်ဆိုးမျောက်ဝံတို့၏တိုက်ပွဲနှင့် မီတာတစ်ရာကျော်မျှ အကွာအဝေးခန့်ရှိ သစ်ပင်နက်ကြီးအောက်တွင် လူများစွာတို့သည် လူငယ်တစ်ဦးနှင့် သားရဲတစ်ကောင်၏ လေဟာပြင်တွင် မျက်နှာချင်းဆိုင်တိုက်ရိုက် အပြင်းအထန်ထိခတ်တော့မည့်တိုက်ပွဲကို အံ့ဩထိတ်လန့်စွာ ကြည့်ရှုနေကြသည်။
“ဂိုဏ်းတူအစ်ကိုဖုန်း အဲဒါဘယ်သူလဲ။ သူရဲ့တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းက ကြောက်ခမန်းလိလိပဲနော်။ တော်ဝင်မင်းသားအထွတ်အထိပ်အဆင့် ယွမ်နတ်ဆိုးမျောက်ဝံနဲ့ ဒီလောက်အထိတောင် တိုက်ခိုက်နိုင်တယ်”
လူတစ်ဦးသည် ချောမောသည့်လူငယ်အားကြည့်၍ အံ့အားသင့်စွာဖြင့်ပြော၏။
“ဟုတ်တယ် ဂိုဏ်းတူအစ်ကိုဖုန်း! အင်ပါယာထဲက ထိပ်တန်းဂိုဏ်းကြီးတွေရဲ့ ထိပ်တန်းဂိုဏ်းသားတွေအကုန်လုံးကို ကျွန်တော်သိတယ်။ ဒါပေမဲ့ အဲဒီ့တစ်ယောက်ကိုတော့ တစ်ခါမှ မမြင်ဖူးဘူး။ အဲဒီ့ကျင့်ကြံဆင့်နဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းနဲ့ဆို အိမ်ရှေ့မင်းသားတောင်မှ သူနဲ့မယှဉ်နိုင်မှာစိုးရတယ်”
ပထမလူ၏စကားအဆုံးတွင် နောက်တစ်ယောက်မှလည်း အံ့အားသင့်စွာဖြင့် ပြောလာခဲ့သည်။
ထိုပုန်းခိုနေသည့်လူများသည် အဝေးရှိ လူငယ်တစ်ဦးနှင့်သားရဲတစ်ကောင်၏ တိုက်ပွဲကိုကြည့်ရင်းဖြင့် အလွန်ကြောက်ရွံ့ထိတ်လန့်လျက် အံ့အားသင့်နေကြသည်။
“အဲဒီ့လူက ဂိုဏ်းကြီးတစ်ခုခုက ဖုံးကွယ်ထားတဲ့ ပြိုင်ဘက်ကင်းကျင့်ကြံသူ ဒါမှမဟုတ် ကံထူးပြီး အခွင့်အရေးတစ်ခုခု ရရှိခဲ့တဲ့သူပဲဖြစ်မယ်”
ဂိုဏ်းတူအစ်ကိုဖုန်းဟူသည့် ချောမောသည့်လူငယ်သည် တဖျတ်ဖျတ်လက်နေသည့်မျက်လုံးများဖြင့် သုံးသပ်ပြော၏။
“ဂိုဏ်းတူအစ်ကိုဖုန်းရဲ့အမြင်မှာ အဲဒီ့နှစ်ယောက်မှာ ဘယ်သူကပိုပြီးအလားအလာရှိလဲဗျ”
ဂိုဏ်းတူအစ်ကိုဖုန်း၏စကားအဆုံးတွင် တပည့်တစ်ဦးမှ အလျင်စလိုမေးမြန်း၏။
ထိုတပည့်၏မေးခွန်းတွင် အခြားသောတပည့်များသည်လည်း ဂိုဏ်းတူအစ်ကိုဖုန်းကို ကြည့်လာကြသည်။ ဂိုဏ်းတူအစ်ကိုဖုန်းသည် သူတို့၏ဂိုဏ်းတွင် ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်၏။ ယောင်ရီအင်ပါယာ၏ လူငယ်မျိုးဆက်သစ်များကြားတွင်လည်း နာမည်ကျော်ကြားသူဖြစ်သည်။ ဂိုဏ်းတူအစ်ကိုဖုန်း၏ဦးဆောင်မှုနောက်သို့ လိုက်ပါကြသည့်တပည့်များအတွက် သူ၏ဆုံးဖြတ်သုံးသပ်ချက်များသည် လွှမ်းမိုးမှုရှိသည်။
“အဲဒီ့လူက အဲဒီ့လိုတိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းကိုရရှိဖို့အတွက် အခွင့်အရေးတစ်ခုခု ရခဲ့တယ်လို့ထင်တယ်”
ဂိုဏ်းတူအစ်ကိုဖုန်း၏မျက်လုံးများမှာ လင်းလက်တောက်ပလျက် ပြတ်သားစွာဖြင့်ပြော၏။
“အိုး! ဘာလို့လဲ”
အရင်မေးမြန်းခဲ့သည့်တပည့်မှ အမြန် ထပ်မံမေးမြန်း၏။
“ဂုဏ်သတင်းကြီးတဲ့ဂိုဏ်းကြီးတွေမှာ အဲဒီ့လိုပြိုင်ဘက်ကင်းပါရမီရှင်ရှိနေရင် အဲဒီ့ဂိုဏ်းတွေက ဖုံးကွယ်ထားမယ်ထင်လား။ ထိပ်တန်းဂိုဏ်းကြီးတစ်ခုရဲ့တပည့်တွေအနေနဲ့ မင်းတို့ရော ငါရော ကောင်းကောင်းသိကြပါတယ်။ ဂိုဏ်းထဲမှာ ပါရမီရှင်တစ်ယောက်ယောက်ရှိရင် ခြိမ်းခြောက်မှုတစ်ရပ်အနေနဲ့ တစ်လောကလုံးကို အသိပေးချင်ကြတယ်ဆိုတာကိုလေ”
“အဲဒါကြောင့် ပထမဖြစ်နိုင်ချေကို ဖယ်ထုတ်လို့ရသွားပြီ။ ဆိုတော့ ဒုတိယဖြစ်နိုင်ချေပဲ ကျန်တော့တယ်လေ”
ဂိုဏ်းတူအစ်ကိုဖုန်းမှ တိကျသေချာစွာ သုံးသပ်ပြ၏။
ဂိုဏ်းတူအစ်ကိုဖုန်း၏သုံးသပ်ချက်ကို နားထောင်ပြီးနောက် တပည့်များစွာတို့သည် ရုတ်ချည်းခေါင်းညိတ်ထောက်ခံကြကုန်သည်။ ဂိုဏ်းတူအစ်ကိုဖုန်းမှာ မျှော်လင့်ထားသည့်အတိုင်းပင် တစ်ချက်ကြည့်ရုံမျှဖြင့် အမှန်တရားကိုသိ၏။
“ဂိုဏ်းတူအစ်ကိုဖုန်း အဲဒါဆိုရင် ကျွန်တော်တို့ဘာလို့ မ…?”
လျှာသွက်သည့် မျောက်ခေါင်းကဲ့သို့တပည့်တစ်ဦးမှ ခက်ထန်သည့်အကြည့်တို့ဖြင့် ပြောလာ၏။
ထိုတပည့်သည် သေချာပြတ်သားစွာမပြောခဲ့သော်ငြား ဂိုဏ်းတူအစ်ကိုဖုန့်နှင့် အခြားတပည့်များအားလုံးသည် သူ၏ဆိုလိုရင်းကို နားလည်လိုက်ကြပေသည်။