← Chapters

တောအုပ်ထဲမှ ကျားဟိန်းသံ

Vol. 39 Ch. 579

တောအုပ်ထဲမှ ကျားဟိန်းသံ

Vol. 39 Ch. 579

ကဏန်းသည် အတော်လေး ကြီးသည်။ ၎င်းသည် လက်မနှစ်ခုကို ဝှေ့ယမ်း၍ ရန်လိုနေသဖြင့် ဟောင်ယွင်နှင့် တုန်းမြောင်မြောင်တို့ ဖမ်းရမည်ကို ကြောက်နေကြသည်။ သူတို့ ကြည့်ရုံသာကြည့်၍ အော်နိုင်ကြလေသည်။

နောက်ဆုံး၌ ရဲ့လင်းချန် ဝင်ပါရလေတော့သည်။

ရဲ့လင်းချန်က လက်ကို ဆန့်ထုတ်လိုက်သည်။ သူ၏ လှုပ်ရှားမှုက အလွန် မမြန်သော်လည်း တည်ငြိမ်မှု ရှိသည်။ မိန်းကလေး နှစ်ယောက် ကြည့်နေစဉ်မှာပင် သူသည် သိပ်အားမစိုက်လိုက်ရဘဲ ကဏန်းက သူ့လက်ထဲသို့ ရောက်လာ၏။

“ဝိုး … ရှင်က အံ့ဩဖို့ ကောင်းလိုက်တာ”

“ဟီးဟီး ကျွန်မတို့ ညစာအတွက် ကဏန်းပါ ရပြီ”

မိန်းကလေး နှစ်ယောက်က တအံ့တဩ အော်ဟစ်နေကြသည်။ သူတို့သည် မြို့ကြီးပြကြီးမှ ဖြစ်ပြီး စမ်းချောင်းထဲမှ ကဏန်းကို ဖမ်းရန် မဆိုထားနှင့် ယခင်က တောထဲသို့ ရောက်ဖူးသည့် အတွေ့အကြုံ တစ်ခါမှ မရှိဖူးပေ။ ယခု သူတို့၌ ကဏန်းရှာရန် ကျောက်တုံးများကို လှန်လှောနိုင်သည့် အခွင့်အရေး ရလာသဖြင့် သူတို့အတွက် အလွန် ပျော်စရာ ကောင်းနေလေသည်။

“ဟားဟား … ကြည့်လိုက်စမ်း၊ ငါ နောက်တစ်ကောင် ဖမ်းမိပြီ”

ငါးမိနစ် မပြည့်သေးခင်မှာပင် ရဲ့လင်းချန်က နောက်ထပ် ကဏန်းကြီးတစ်ကောင်ကို ဖမ်းမိသွားသည်။ ရုတ်တရက် သူသည် ညစ်ကျယ်ကျယ် အတွေးရလာပြီး ကဏန်းအား သူမတို့အနားသို့ သယ်သွားလေသည်။

“အား … ရဲ့နတ်ဘုရား၊ လူဆိုးကောင်၊ အဲ့ဒါကြီးကို ဖယ်လိုက်လေ”

“ဒါရိုက်တာရဲ့၊ ကျွန်မနဲ့‌ ဝေးဝေးနေပါ၊ မလုပ်နဲ့”

မိန်းကလေး နှစ်ယောက်က အော်ဟစ်၍ ပြေးလွှားနေပြီး ရဲ့လင်းချန်က ညစ်ကျယ်ကျယ်ဖြင့် ရယ်နေလေသည်။ ရွာမှာ ရှိစဉ်က သူ့ဘဝကို သူ မရည်ရွယ်ဘဲ ပြန်အမှတ်ရသွားသည်။

နောက်ဆုံးတွင် မိန်းကလေး နှစ်ယောက်သည် သတ္တိရှိလာပြီး ရဲ့လင်းချန်ထံမှ သင်ယူကြသည်။

“အား … ဒီမှာကြည့်၊ ငါလဲ တစ်ကောင် ဖမ်းမိပြီ”

ထိုစဉ် ဟောင်ယွင်က ကဏန်း တစ်ကောင် ဖမ်းမိပြီး ကျယ်လောင်စွာ အော်ပြောလေသည်။ သူမ ဝမ်းသာအားရ အော်နေခဲ့သော်လည်း မကြာခင်မှာပင် ကံဆိုးသွားပြီး အသက် ပြင်းပြင်း ရှူလာရသည်။

“အ … ကယ်ကြပါဦး၊ ရဲ့နတ်ဘုရားရေ ကျွန်မကို ကူပါဦး၊ ကဏန်းက ကျွန်မလက်ကို ညှပ်နေပြီ”

ရဲ့လင်းချန် အပြေး လာကြည့်ပြီးနောက် ရယ်ချင်သွားသည်။ ဟောင်ယွင်၏ လက်ထဲမှ ကဏန်းသည် လက်သည်း အရွယ်အစားမျှသာ ရှိသည့် ကဏန်းလေး တစ်ကောင်သာ ဖြစ်လေသည်။

“အမှန်အတိုင်း ပြောရရင် ဒီလောက် သေးတဲ့ ကဏန်းကို ငါ တစ်ခါမှ မမြင်ဖူးသေးဘူး၊ ပြီးတော့ တစ်ယောက်ယောက်က ဒါလေးကို ကြောက်နေမယ်လို့ ထင်ကို မထင်ထားတာ၊ ဟားဟားဟား …”

“ကျွန်မ ကံဆိုးတာကို ပျော်မနေနဲ့လေ၊ ပါးစပ်ပိတ်ပြီး ဒါကို မြန်မြန် ဖယ်ပေး၊ ကျွန်မက ရှင့်လို အရေထူတယ်များ မှတ်နေလား၊ အ …”

ဟောင်ယွင်၏ မျက်နှာက ကြောက်စိတ်ကြောင့် ဖြူရော်လာသည်။

ရဲ့လင်းချန်က ပြုံးပြီး သူမလက်ကို စမ်းချောင်းထဲ နှစ်ကာ ပြောပြလိုက်သည်။

“တကယ်လို့ ကဏန်း ညှပ်တာ ခံရပြီဆိုရင် လက်ကို ရေထဲမှာ နှစ်ပြီး ငြိမ်ငြိမ်လေး နေလိုက်၊ သူတို့ဘာသာ သူတို့ လွှတ်သွားလိမ့်မယ်”

ထင်ထားသည့်အတိုင်းပင် ကဏန်းလေးက လက်မဖြင့် ညှပ်ထားသည်ကို လွှတ်၍ ထွက်ပြေးရန် ကြိုးစားလေသည်။ ထိုအခါတွင်မှ ဟောင်ယွင်က ပြန်အော်လေသည်။

“ဖမ်းလိုက်”

ရဲ့လင်းချန်က ကဏန်းကို အသာလေး ဖမ်း၍ ဟောင်ယွင်ကို ပေးလိုက်သည်။ သူမသည် တစ်ခဏမျှ စိတ်လှုပ်ရှားစွာ ဆော့ကစားနေပြီးမှ လွှတ်ပေးလိုက်သည်။

ထိုအချိန်တွင် ရှောင်ချင်နှင့် ရှောင်ဟွေတို့က ဆွဲပုံး တစ်ပုံးစီဖြင့် ပြန်‌ရောက်လာသည်။ ဝံပုလွေနှစ်ကောင်က ပြောစရာပင် မလိုဘဲ လှည့်ပတ်သွားလာ၍ စောင့်ကြပ်ကာ နားကိုစွင့်၍ ဘေးပတ်ဝန်းကျင်အား စောင့်ကြည့် နေသည်။

နောက်ထပ် မိနစ် သုံးဆယ်မျှ ဆော့ကစားပြီးနောက် သူတို့အားလုံးသည် သူတို့ ဖမ်းမိထားသမျှအတွက် ပျော်ရွှင် နေကြသည်။ သူတို့သည် ကဏန်း ခုနစ်ကောင်နှင့် တစ်ကီလိုဂရမ်ကျော် ငါးကြင်း ကိုးကောင်အား ဖမ်းမိခဲ့သည်။ သူတို့သည် ပိုသေးသော ကဏန်းများနှင့် ငါးကြင်းများကို ဖမ်းမိသော်လည်း လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

ယခုတစ်ကြိမ်က အတော်လေး ရရှိခဲ့ကြလေသည်။

“ဒါပဲလေ”

မိန်းကလေး နှစ်ယောက်က စိတ်လှုပ်ရှားစွာ လက်ဝါးချင်းရိုက်ပြီး ရေထဲမှ တက်လာကြသည်။ သူတို့သည် အချိန်တိုလေးအတွင်း အခင်ဆုံး မိတ်ဆွေများ ဖြစ်သွားကြလေသည်။

မြို့ပေါ်၌ ကြာမြင့်စွာ နေလာခဲ့သဖြင့် ဤသို့ ရိုးရှင်း၍ အေးချမ်းသော တောရွာဘဝလေးအား လူတော်တော် များများက တောင့်တကြလေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းက သူတို့အတွက် စိတ်ကျေနပ်မှုနှင့် ပျော်ရွှင်မှုတို့ ပေးစွမ်းနိုင်၍ ဖြစ်ပေသည်။

“ရဲ့နတ်ဘုရား၊ ရှင်က အံ့ဩဖို့ ကောင်းလွန်းတယ်၊ ရှင် ဘာမှ ခက်ခက်ခဲခဲ အားစိုက်ထားတာ မရှိဘူးလို့ ထင်ရပင်မယ့် ရှင် ငါးတွေ အများကြီးကို အသာလေး ဖမ်းနိုင်တာပဲ”

ဟောင်ယွင်က ပြောလာသည်။ တုန်းမြောင်မြောင်ကပါ ခေါင်းညိတ် ထောက်ခံသည်။

“ဟုတ်တယ်၊ ကျွန်မ အစက သုံးကောင် မိတာ၊ ဒါပေမဲ့ တစ်ကောင်က ထွက်ပြေးသွားတယ်၊ ဒါရိုက်တာရဲ့က ငါးဖမ်းတဲ့ နေရာမှာ ဆရာကြီးပဲ”

“ပထမဆုံးအကြိမ် စမ်းကြည့်တာတောင် ငါးတစ်ကောင် မိတယ်ဆိုတော့ မင်းတို့လဲ တော်တယ်လို့‌ ပြောရမှာပဲ၊ ပြီးတော့ ဒီကဏန်းတွေကို မင်းတို့ နှစ်ယောက်က တွေ့ခဲ့တာလေ”

ရဲ့လင်းချန်က ရယ်၍ ပြန်ပြောလိုက်သည်။

အကယ်၍ သူ့ကိုယ်သူ ရှေ့တန်းတင်ပြီး ပြောလျင် မိန်းကလေး နှစ်ယောက်က ပျော်တော့မည် မဟုတ်သလို ကစားပွဲက အလွန် ပျင်းစရာ ကောင်းသွားလိမ့်မည်။ ငါးများကိုလဲ တွက်နေရပေလိမ့်မည်။

ရဲ့လင်းချန်က မိန်းကလေး နှစ်ယောက်၏ ဂုဏ်ကို တင်ပေးလိုက်နိုင်သဖြင့် သူမတို့ထံမှ ချက်ချင်း ခိုးခိုးခစ်ခစ် ရယ်သံများ ထွက်လာလေသည်။

“နောက်တစ်ခါ ထပ်လာကြတာပေါ့”

“အင်း၊ သိပ်ပျော်ဖို့ကောင်းတယ်၊ နောက်တစ်ခါကျရင် ငါ သေချာပေါက် ပိုဖမ်းနိုင်မှာ”

မိန်းကလေး နှစ်ယောက်က တခစ်ခစ်ရစ်၍ စကားပြောနေကြသည်။

အချိန်က စောနေသေးသဖြင့် သုံးယောက်သား အနားယူပြီးမှ ခရီးဆက်ကြသည်။ ယခုတစ်ကြိမ်တွင်မူ ရှောင်ချင်နှင့် ရှောင်ဟွေတို့က အရှေ့မှ ဦးဆောင်လေသည်။ ခရီးက ပို၍ သက်တောင့်သက်သာ ရှိလာသည်။

လမ်းတစ်လျှောက်၌ သူတို့သည် တောရိုင်းပင်များကို တွေ့ခဲ့ပြီး ဟင်းသီးဟင်းရွက်များ၊ တောစာပင်များ၊ ကြက်သွန်ဖြူ၊ ဍရင်ကောက်ပင် စသည်တို့ကိုလည်း တွေ့ခဲ့ပြီး ရဲ့လင်းချန်က အေးအေးလူလူ နုတ်ယူခဲ့သည်။ ယခင်က ၎င်းတို့ကို သူ သယ်လာစရာ မရှိသော်လည်း ယခုအခါ၌ သူ့တွင် ဆွဲပုံး ရှိနေပြီ ဖြစ်သည်။

ဤအပင်များသည် အတော်လေး အဖိုးတန်သည်။ ၎င်းတို့အား မြို့ပေါ်၌ ရှာတွေ့ရန် မဖြစ်နိုင်ချေ။ အထူးသဖြင့် ဍရင်ကောက်ပင်ပင်။ ၎င်း၌ တောရိုင်းပင်တို့၏ ဘုရင်ဟူသည့် ဘွဲ့ရှိပြီး ဗက်တီးရီးယားပိုးများကို နှိမ်နှင်းနိုင်သည့် အာနိသင် ပါရှိလေသည်။ ၎င်းသည် ဖျားနာခြင်းကို သက်သာစေခြင်း၊ အစာအိမ်ပိုးများကို သေစေနိုင်ခြင်း၊ အပူကြီးကို ကျဆင်းစေနိုင်ခြင်းနှင့် အဖုအပိမ့်များ ထွက်ခြင်းတို့အား သက်သာစေသည်။ ၎င်း၌ အလွန် ကောင်းမွန်သော အေးမြခြင်းနှင့် အဆိပ်ဖြေခြင်း အာနိသင်တို့ ရှိသဖြင့် ရောဂါပိုးများကို သေစေနိုင်ပြီး ရောင်ရမ်းခြင်းအား သက်သာစေလေသည်။

သူ ဘယ်လို တင်စားပြောဆိုရမလဲ … တောင်ကုန်းတစ်ခုလုံးက ရတနာများနှင့် ပြည့်နေသည်ဟု ဆိုရလေမလော။

*အခုကစပြီး ဒီရတနာ တောင်ကုန်းတစ်ခုလုံးက ငါ့အပိုင်ပဲ*

ရဲ့လင်းချန် ပိုင်နိုင်စွာ တွေးတောလိုက်သည်။

သူတို့ တောင်ထိပ်သို့ ရောက်လုနီးနီး ဖြစ်လာချိန်တွင် စမ်းချောင်း၏ အရင်းအမြစ်ကို တွေ့လိုက်ရသည်။ အပေါ်၌ မှန်ကဲ့သို့ ကြည်လင်သော ရေကန်တစ်ကန် ရှိနေ၏။

ရုတ်တရက် မြင်တွေ့လိုက်ရသဖြင့် သူတို့ သုံးယောက်လုံး လှပထည်ဝါသော မြင်ကွင်းကြောင့် ကြက်သေ သေသွားရသည်။

အရှေ့သို့ ကြည့်လိုက်လျင် တောက်ပသော အလင်းရောင်က ကျယ်ပြန့်သော ရေမျက်နှာပြင်ပေါ် ကျဆင်းနေသဖြင့် မျက်စိကျိန်းစရာ ကောင်းလှသည်။ ၎င်းအား အရောင်စုံသော ရေကြက်များက ဝန်းရံထားပြီး ဘေးပတ်လည်တွင် စိမ်းစိုသော တောင်ကုန်းများ ရှိနေ၏။ သူတို့ မမှင်တက်ဘဲ မနေနိုင်အောင် ဖြစ်နေကြသည်။

ကြီးမားသော ရေကန်ကြီးသည် ကောင်းကင်အတွက် မှန်တစ်ချပ်သဖွယ် ဖြစ်နေပြီး ကောင်းကင်တစ်ခုလုံး ရောင်ပြန် ထင်ဟပ်နေ၏။

မိန်းကလေး နှစ်ယောက်သည် ခရီးများစွာ ထွက်ဖူးသော်လည်း ဤသို့သော သဘာဝရှုခင်းကြောင့် တစ်ခါမှ မမှင်တက်ခဲ့ဖူးချေ။ ကျိုးကျိုက်တောင်ကြား၏ ရေကန်မှ ရေတောင်မှ ၎င်း၏ ခမ်းနားထည်ဝါမှုကို မယှဉ်နိုင်ပါ။

“အား…”

ဟောင်ယွင်သည် လက်နှစ်ဖက်ကို ပါးစပ်နားကပ်၍ ရေကန်ဘက်သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူမအသံက တောင်ကြားပတ်လည်၌ ပဲ့တင်ထပ်သွားလေသည်။

“အား…”

တုန်းမြောင်မြောင်သည်လည်း အသက်ပြင်းပြင်းရျူ၍ ထပ်တူ အော်ဟစ်ကာ သူမစိတ်ထဲ၌ ရှိနေသည့် စိတ်ဖိစီးမှု အားလုံးကို ဖြေလျှော့လိုက်သည်။ ထိုသို့ အော်လိုက်ပြီးနောက် သူမ အလွန် စိတ်ပြေလက်ပျောက် ဖြစ်သလို ခံစားလိုက်ရသည်။

စိမ်းလန်းစိုပြေသော တောင်ကုန်းနှင့် ကြည်လင်သော ရေကန်နားတွင် ရှိနေသဖြင့် သူတို့ ပို၍ လွတ်လပ် ပေါ့ပါးသလို ခံစားနေရသည်။

ဤခရီးက တန်ဖိုးရှိလှပေသည်။

“ဒါရိုက်တာရဲ့၊ ဒီကျွန်းရဲ့ တောင်တွေက ဒီလောက် သန့်ရှင်းနေလိမ့်မယ်လို့ ကျွန်မ ထင်မထားမိဘူး၊ ဒါက ကျွန်မတို့ အပန်းဖြေအောင် ကူညီနိုင်တဲ့ နိဗ္ဗာန် တစ်ခုပဲ”

တုန်းမြောင်မြောင်က စိတ်ထဲ ရှိသည့်အတိုင်း မှတ်ချက်ပြုသည်။

“မင်းတို့ ထပ်လာချင်တယ်ဆိုရင် ရှောင်ချင်နဲ့ ရှောင်ဟွေကို အတူ ခေါ်သွားလိုက်၊ သူတို့က မင်းတို့ကို ကာကွယ်နိုင်တာထက် ပိုလုပ်နိုင်တယ်”

ရဲ့လင်းချန်က ရယ်နေသည်။

“အခု မိုးချုပ်တော့မယ်၊ လေ့လာရမယ့် နေရာတွေက အများကြီး ရှိသေးတယ်၊ အခွင့်အရေးရရင် ငါ မင်းတို့ကို တောယုန်တွေကို အမဲလိုက်ဖို့ ခေါ်လာမယ်၊ ပြီးတော့ တောရဲ့ ပိုနက်တဲ့ နေရာတွေမှာ အခြား ဘာသားရဲတွေ ရှိဦးမလဲ စစ်ဆေးကြတာပေါ့”

“အင်း”

မိန်းကလေး နှစ်ယောက်က ခေါင်းတဆတ်ဆိတ် ညိတ်ကြသည်။

ရဲ့လင်းချန်က ခပ်လှမ်းလှမ်းကို ကြည့်နေသည်။ ဤနေရာသည် တိရစ္ဆာန်များအတွက် နိဗ္ဗာန်ဘုံဖြစ်ကာ သဘာဝအတိုင်း ဖြစ်တည်နေသော နေရာပင်။ ယင်းအား ဆာဖာရီ၏ ရှုခင်းကြည့်နေရာအဖြစ် ပြုလုပ်နိုင် လောက်သည်။ သို့သော် ဤနေရာ၏ သဘာဝ ပေါက်ပင်များ ပျက်စီးခြင်းမှ ကာကွယ်နိုင်ရန် လမ်းခရီးနှင့် စီမံခန့်ခွဲမှုကို သေသေချာချာ လုပ်ရန် လိုအပ်နေသေးသည်။

သူတို့သည် ဖောက်ထားသော လမ်းအတိုင်း မောင်းနှင်မည့် ဓာတ်ရထားကို ရွေးချယ်၍ ရပေသည်။ ဓာတ်ရထားပေါ်မှ ဆင်းခြင်းကို တားမြစ်ပြီး ရှုခင်းကိုသာ ကြည့်ရှုခွင့် ပြုထားနိုင်သည်။

ဘေးပတ်ဝန်းကျင်၌ အခြားသော အပန်းပြေ အစီအစဉ်များ ထပ်ထည့်နိုင်ပေသည်။ ဥပမာအားဖြင့် ငါးဖမ်းခြင်း ဖြစ်သည်။ ယင်းသည် လူတော်တော်များများ နှစ်သက်သည့် သက်တောင့်သက်သာ ရှိသော အစီအစဉ်ပင်။ ကျေးလက် လေ့လာရေးနှင့် ဆင်တူသည့် ပုံစံမျိုး သူ ဖန်တီး၍ ရနိုင်လောက်သည်။

လွတ်လပ်ပေါ့ပါး၍ လွယ်ကူခြင်း။ ယင်းက လူတိုင်း၏ စိတ်ကူးအိပ်မက် ဖြစ်မှာ အသေအချာပင်။

“ဝေါင်း”

ထိုသို့သောအချိန်၌ သားရဲဟိန်းသံကို ကြားလိုက်ရသည်။ ၎င်း၏ ဟိန်းသံက ကောင်းကင်ယံကို တုန်လှုပ်စေကာ အခြားသော တိရစ္ဆာန်များကို ချုပ်ကိုင်နိုင်သည့် အရှိန်အဝါ ပါဝင်နေ၏။

တောအုပ်ထဲ၌ ကျားဟိန်းသံနှင့် ပြည့်နှက်သွားသည်။ တောထဲမှ လေထုတောင်မှ စူးရှလာသလိုပင်။

“ဒ…ဒ…ဒါ ကျားလား”

ဟောင်ယွင်၏ အသံက အေးခဲသွားသည်။ သူမအသံတောင်မှ တုန်ယင်စ ပြုလာသည်။

“ဟိန်းသံက ငါတို့နဲ့ နီးနေသလိုပဲ၊ ငါတို့ အော်သံကြောင့် လန့်သွားတာလား”

တုန်းမြောင်မြောင်၏ မျက်နှာက ဖြူရော်လာပြီး လှုပ်ရှားရမည်ကို ကြောက်ရွံ့နေ၏။

*အမယ်လေး … နောက်တစ်ခေါက်အထိ စောင့်နေစရာတောင် မလိုတော့ဘူး၊ ငါတို့ အခုပဲ တကယ့် သားရဲနဲ့ တွေ့ပြီနဲ့ တူတယ်*

All Chapters