သေဆုံးခြင်းဆိုင်
Vol. 8 Ch. 127
ရှဲ့ဖင်းကန်းမှာ အဆင့်ကိုး အရာရှိသာဖြစ်မည်ဆိုသော်လည်း ဘာမှမဟုတ်သည်ထက်စာလျှင်တော့ ပိုကောင်းလေသည်။
သူသည် ထိုအမှုအား ဖြေရှင်းနိုင်ခဲ့သဖြင့် အပျော်လွန်နေခဲ့သော်လည်း ရှဲ့ချောင်အား စိတ်ပူလေ၏။
“ ညီမလေး ငါ့ကို ရိုးရိုးသားသားပြော။ နင် အဲဒီအမျိုးသမီးနဲ့ တိုက်မိပြီး သူ ပြောတာကို နားစွန်နားဖျားကြားခဲ့လို့ သူက တရားခံဆိုတာ သိသွားတာမလား?” ရှဲ့ဖင်းကန်းက စမ်းသပ်သည့် အမူအရာဖြင့် မေးလိုက်သည်။
“ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို မထုတ်ဖော်ရဘူး” ရှဲ့ချောင် ပညာရှင်တစ်ယောက်ကဲ့သို့ ပြောလိုက်သည်။ “ ဘာတွေပဲဖြစ်ဖြစ် ဆက်ကြိုးစားနေပါ အစ်ကိုအကြီးဆုံး။ အစ်ကိုကြီးမှာ သံသယတစ်ခုခုရှိတယ်ဆိုရင် ညီမကို မေးလို့ရတယ်။ ညီမ အစ်ကိုကြီး မေးခွန်းတွေကို ဖြေပေးမှာပါ”
သူမ စကားပြောရင်း မောလာခဲ့သည်။
ရှဲ့ဖင်းကန်း မျက်ဆံလှန်ကာ သူမကို ကြည့်လိုက်
သည်။ “ ဒါ နောက်ဆုံးအကြိမ်ပဲ။ နောက်ဆို ဒီလိုမျိုး မဆိုင်တဲ့နေရာတွေမှာ အရမ်းစပ်စုမနေနဲ့ ”
ထိုကဲ့သို့သော ကိစ္စများတွင် သူမ လိုက်စိတ်ဝင်စားနေလျှင် မည်သူမျှ သူမကို လက်ထပ်ချင်မည် မဟုတ်တော့ပေ။
“ သေချာတာပေါ့” ရှဲ့ချောင် ခပ်မြန်မြန် ကတိပေးလိုက်လေသည်။ သူမ မကြာသေးခင်ကမှ ‘ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို မထုတ်ဖော်ရ’ဟု ပြောခဲ့ပြီး ယခုတွင်မူ
“ တကယ်တော့…တစ်ယောက်ယောက်က ညီမကို ပြောပြခဲ့တာ”ဟု ပြောလေသည်။
“ အဲဒါ ဘယ်သူလဲ?” ရှဲ့ဖင်းကန်း အံ့အားသင့်နေသည်။
“ အရင်နေ့တွေတုန်းက အစ်ကိုကြီး မစိုးရိမ်ခဲ့ဘူးလား? ညီမ အစ်ကိုကြီးရဲ့ ကံကြမ္မာကို ဟောဖို့ ဗေဒင်ဆရာတစ်ယောက် တွေ့ထားတယ်။ ဆရာက အဲ့လူကို သိတယ်။ သူက ညီမထက် ပိုတော်တယ်။ ဒါကြောင့် အဲ့လို ပိုရှင်းလင်းတိကျတဲ့ အသေးစိတ်တွေကို ဟောနိုင်တာပေါ့။ အနာဂတ်မှာ အစ်ကိုကြီး သံသယတွေ ရှိလာမယ်ဆိုရင် အရှေ့ပင်မလမ်းက ကံကြမ္မာဟောဆိုင်ကို သွားကြည့်လိုက်။ သူဌေးမက ပစ္စည်းအများကြီး ရောင်းတယ်။ အစ်ကိုကြီး လိုအပ်တာတစ်ခုခုတော့ သေချာပေါက် ရှာတွေ့မှာပဲ” ရှဲ့ချောင် အတော်လေး မြန်ဆန်သော အပြုအမူဖြင့် စကားပြောခဲ့၏။
ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်ရင်း သူမအား ကြည့်လေသည်။
“ ညီမလေးကြည့်ရတာ ပျော်နေပုံပဲနော်?”
ပုံမှန်အားဖြင့် သူမသည် ခရုတစ်ကောင်ကဲ့သို့ နေထိုင်ကာ ဖြည်းညင်းနှေးကွေးစွာ စကားပြောလေ၏။ အခု သူ ဘာလို့များ အလျင်လိုတဲ့ ပုံပေါ်နေတာလဲ?
ရှဲ့ချောင် ကိုးရိုးကားယား ပြုံးကာ ပြောလိုက်၏။ “ အစ်ကိုအကြီးဆုံးက မကြာခင် ရာထူးတိုးတော့မှာလေ။ ညီမ အဲဒါကြောင့် ပျော်နေတာပေါ့”
ရှဲ့ဖင်းကန်း ထိုစကားအား မယုံကြည်ပေ။
သို့သော်လည်း သူ ထိုကံကြမ္မာဟောခန်းနှင့် ပိုင်ရှင်ဖြစ်သူကို စစ်ဆေးရမည်။ သူမ လူလိမ်တစ်ယောက်မဟုတ်လျှင် ပိုကောင်းလိမ့်မည်။
ရှဲ့ချောင် သူမ၌ အချိန်မရှိတော့ကြောင်း နားလည်လိုက်သည်။
ကံကောင်းစွာပင် အမျိုးသမီးများ၏ အတန်းများမှာ စည်းကမ်းမတင်းကြပ်ဟု ယူဆရသည်။ ထိုအခြင်းအရာမှာ တစ်လလျှင် အနားယူရက်ဆယ်ရက် ညှစ်ထုတ်ရန် လွယ်ကူလေသည်။
ရှဲ့ဖင်းကန်းကို ပို့ပြီးနောက် ရှဲ့ချောင် နေ့လယ်အချိန်မှ လက်ရေးလှအတန်းအား မတက်ပဲ သူမ၏ ဆိုင်အသစ်ထံ သွားခဲ့သည်။
လူအများ သူမကို မှတ်မိသွားခြင်းမှ ကာကွယ်ရန် မျက်နှာလွှားဇာပါး အဆောင်းကို ဝတ်ဆင်ထားခဲ့၏။ သူမ အလွန် သတိထားကာ အနောက်တံခါးမှ ကံကြမ္မာဟောခန်းထဲသို့ တိတ်တဆိတ် ဝင်လိုက်သည်။ အနောက်ဘက်တွင် မသိသာသော လမ်းကျဥ်းအသေးလေးတစ်ခု ရှိလေသည်။
ကံကြမ္မာဟောခန်းတွင် အထပ်နှစ်ထပ် ရှိ၏။ ဒုတိယထပ်တွင် သူမ အနားယူရန် အခန်းတစ်ခန်းရှိပြီး ထိုအထက်မှဆိုလျှင် လမ်းမြင်ကွင်းအား မြင်နိုင်လေသည်။
အခြားတစ်ဖက်တွင် အဆောင်စာရွက်များ၊ ကျောက်နီများနှင့် အခြားလိုအပ်သောပစ္စည်းများ အဆင်သင့် ရှိလေသည်။
အပေါ်ယံအားဖြင့်ဆိုလျှင် အကာအကွယ်အဆောင်များ ရောင်းချသော တမူထူးခြားသော ဆိုင်တစ်ဆိုင်ဟု ထင်ရသည်။
အမှန်တကယ်တွင်တော့….
ရှဲ့ချောင် သစ်သားပန်းကန်ပြားငယ်တစ်ချပ်ကို ထုတ်လိုက်သည်။ ဝိဥာဥ်ဆင့်ခေါ်သော အဆောင်ပုံစံ ရှိသော်လည်း အနည်းငယ် မတူပေ။ ထိုအပေါ်တွင် အဆောင်လက်ဖွဲ့ကျောက်တစ်ခု ရေးဆွဲထားပြီး အောက်ခြေတွင် ခေါင်းလောင်းတစ်ခုအား ချိတ်ထားလေသည်။
လက်ရှိတွင် ဆိုင်မှာ ပိတ်ထားဆဲဖြစ်၏။ ထို့ကြောင့် ကူမည့်သူတစ်ယောက်ပင် မရှိချေ။
ရှဲ့ချောင် သူမဘာသာ ခုံရှည်တစ်လုံး ယူလာကာ တံခါးရှိ ဆိုင်းဘုတ်အောက်တွင် ပစ္စည်းကို ချိတ်ဆွဲလိုက်သည်။
ဒင်…
သူမ ချိတ်ပြီး သိပ်မကြာခင်တွင်ပင်
ခေါင်းလောင်း မြည်လာခဲ့သည်။
အပြင်ဘက်တွင် လေပြင်းတိုက်နေသကဲ့သို့ အသံက ဆက်တိုက် မြည်နေခဲ့သည်။
ရှဲ့ချောင် ကြည့်လိုက်သည်။ အမှန်တကယ်တွင် သူမ တံခါးအပြင်၌ မတ်တပ်ရပ်နေသော မကောင်းဆိုးဝါးဝိညာဥ်…များစွာ ရှိနေလေသည်။ သူတို့မှာ သူမ ဆိုင်းဘုတ်အား ကြည့်နေကြလေသည်။
“ ငါ မြင်နေတာ မှန်ရဲ့လား? ငါ ဘာလို့ ခပ်မှိန်မှိန် ရေးထားတဲ့ ဆိုင်းဘုတ်ပေါ်က “သေခြင်းဆိုင်” ဆိုတဲ့ စာလုံးနှစ်လုံးကို မြင်နေရတာလဲ?”
“ မင်းလည်း မြင်တာလား? အမှန်ပဲဟ။ အနံ့က ငါတို့ အနံ့နဲ့ တူတူပဲ။ ဒီဆိုင်က အထူးတလည် ငါတို့
အတွက် ဖွင့်ထားတာများလား?”
“မဖြစ်နိုင်တာ? ဒီဆိုင်ကို ဖွင့်တဲ့သူက လူသားတစ်ယောက်ပါ”
“ ငါတို့ စစ်ဆေးကြည့်သင့်လား?”
“ မင်းမှာ ပိုက်ဆံရှိလို့လား?”
“…”
အမဲရောင်သတ္တဝါအုပ်စုတစ်စုသည် တံခါး၌ ရပ်နေကြပြီး အထဲသို့ ဝင်မလာခဲ့ကြပေ။ လွှမ်းမိုးနေသော အမဲရောင်စွမ်းအင်ထုကြီးမှာ ရှဲ့ချောင်အား ဆွဲချသွားတော့မလိုပင်။
ကံကောင်းစွာပင် သူမ ကိုယ်ပေါ်၌ ယန်စွမ်းအင်အဆောင်များစွာ သယ်ဆောင်ထားခဲ့သည်!
ထိုအရာအား သူမ သည်းငြီးခံနိုင်သည်!
သို့သော်လည်း သူမ နောက်တစ်ကြိမ်ကျလျှင် ဆိုးရွားသည့် အရာများအား တားဆီးရန် သာ့ရှုန်းကို ခေါ် လာရမည်!
“ ကျွန်မတို့ ဒီနေ့ ဆိုင်ပိတ်ပါတယ်။ ရှင်တို့မှာ မပြည့်ဝသေးတဲ့ ဆန္ဒတွေ ရှိရင် နောက်သုံးရက်နေမှ ပြန်လာခဲ့ကြပါရှင့်” ရှဲ့ချောင် လက်ထဲမှ တာအိုခေါင်းလောင်းကို လှုပ်ခါရင်း သူမ၏ တည်ငြိမ်သော အသံက ပျံ့နှံ့သွားခဲ့သည်။ အပြင်မှ မကောင်းဆိုးဝါးတစ်ကောင်ချင်းစီတိုင်းမှာ သူမ၏ ရှင်းလင်းပြတ်သားကြည်လင်သော အသံကို ကြားလိုက်ကြရသည်။
•••••••