သူ့ဘဝရဲ့ သန့်ရှင်းစင်ကြယ်တဲ့ ဂုဏ်သတင်း
Vol. 9 Ch. 149
ရှောင်းယွီရုန်သည် သူ၏ အကြီးဆုံးဆရာတူအစ်မမှာ ရုပ်ဆိုးလိမ့်မည်ဟု မထင်ခဲ့ပေ။ သူ စိတ်ကူးထားသည်နှင့် အတော်အသင့် ကွဲပြားလောက်မည်ဟုသာ ထင်ခဲ့ခြင်းဖြစ်လေသည်။ ထို့အပြင် သူ၏ ဆရာက သူမသည် ကြီးမားသောမျက်လုံး၊ လခြမ်းသဖွယ်မျက်ခုံးတို့နှင့် သြဇာတိက္ကမရှိသူတစ်ဦးဆိုပြီး ပြောခဲ့ဖူးလေသည်။ သူမသည် နတ်သမီးအသွင် ကျော့ရှင်းပြေပြစ်ကာ ဆန်းပြားသစ်လွင်သူဟူ၍လည်း ပြောခဲ့ဖူးသေးသည်။
သို့ဖြစ်ရာ သူ စိတ်ကူးထားခဲ့သည့် အကြီးဆုံးဆရာတူအစ်မမှာ အချောအလှလေးတစ်ဦး ဖြစ်ခဲ့ပေသည်။
သို့သော်လည်း သူရှေ့တွင် ရှိနေသည့် အမျိုးသမီးမှာတော့…
ရှောင်းယွီရုန်သည် တစ်ခဏမျှ စိတ်ပျက်သွားခဲ့သည်။ သို့သော်လည်း သူ ဤကဲ့သို့ ခံစားလိုက်ရသည်က ရယ်စရာကောင်းသည်ဟု ထင်လိုက်မိသည်။ အမျိုးသမီးတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်က သူ့ရဲ့ အတွင်းစိတ်နှလုံးအလှလောက် ဘယ်လိုလုပ်ပြီး ပိုအရေးပါနိုင်မှာလဲ!?
ဒီတော့ သူရဲ့ အကြီးဆုံးဆရာတူအစ်မက သာမညရုပ်ဖြစ်နေတော့ရော ဘာဖြစ်လဲ?
သူက ပါရမီရှိပြီးတော့ စေတနာကောင်းတယ်။ သူက တစ်သန်းမှာ တစ်ယောက်ပဲရှိတဲ့ တွေ့ရခဲတဲ့ အမျိုးသမီးတစ်ယောက်ပဲ! သူ ဘယ်လိုလုပ်ပြီး အပေါ်ယံကြည့်ရုံနဲ့ ဆုံးဖြတ်နိုင်မှာလဲ!?
ရှောင်းယွီရုန် ချက်ချင်း လျှောက်သွားလိုက်၏။ “အစ်မက… ဆရာတူအစ်မမော့လား?”
သူ၏ အသံမှာ စိတ်လှုပ်ရှားနေသောကြောင့် အနည်းငယ်တုန်ယင်နေလေသည်။
ရှဲ့ဖင်းဟွိုက် မျက်မှောင်ကြုံ့လိုက်ကာ ဆရာရှောင်းသည် ဟန်ဆောင်လှည့်စားတတ်သူတစ်ယောက်ဖြစ်ရ
မည်ဟု တွေးလိုက်မိသည်။
ဆရာရှောင်းမှာ အမြွာညီအစ်ကိုတစ်ယောက် ရှိနေတာများဖြစ်နေမလား? သူ့လိုလေ၊ အမြွာညီအစ်မတစ်ယောက်ရှိနေတာမျိုးပေါ့?
"ဆရာတူမောင်လေးရှောင်း?" ရှဲ့ချောင် ပြုံးလျက် အရှက်မဲ့စွာခေါ်လိုက်သည်။
ရှောင်းယွီရုန်မှာ သူမ၏ ဆရာပြောပြခဲ့ဖူးသလိုပင်_ အေးဆေးတည်ငြိမ်ကာ စည်းစနစ်ကျ၏။ သူသည် ခြိမ်းခြောက်နိုင်စွမ်းရှိသည့် ပညာတတ်တစ်ယောက်နှင့် တူလေသည်။
" ကျွန်တော့်ကို အားရုန်လို့ပဲ ခေါ်ပါ၊ ဆရာတူအစ်မ" ရှောင်းယွီရုန်မှ ညင်သာသိမ်မွေ့စွာပြောလိုက်သည်။
ရှဲ့ချောင်မှာ ပြောစရာစကားမရှိသလိုဖြစ်သွားခဲ့ကာ ရုတ်တရက် မည်သည့်နေရာမှ ပေါ်လာမှန်းမသိသည့် မနှစ်မြို့မှုကို အနည်းငယ်ခံစားလိုက်ရသည်။
သူမသည်…ယခုနှစ်မှ ၁၆နှစ်သာရှိသေးချိန်တွင် ဆရာတူမောင်လေးရှောင်းက ၂၉နှစ်ဖြစ်လေသည်။
သူမ၏ ဆရာသာ သူမကို ချစ်ခင်မြတ်နိုးခြင်းမရှိခဲ့ပါက သူမ၏ အရွယ်နှင့်ဆိုလျှင် ဆရာတူညီမလေးသာဖြစ်နိုင်လေသည်။ သူ့အတွက် သူ့ကို ဆရာတူမောင်လေးရှောင်းလို့ ခေါ်ရတာတောင် ခက်ခဲနေပြီကို အခု သူက အားရုန်ဆိုပြီးခေါ်စေချင်နေတာလား?
ဟီးဟီးဟီး…
ရှောင်းယွီရုန်သာ တစ်နေ့ အမှန်တရားကို ရှာဖွေတွေ့ရှိသွားမည်ဆိုလျှင် သူ မည်မျှ အရမ်းရှက်နေမလဲဆိုသည်အား သူမ ပုံဖော်ကြည့်မိသည်။ သူ့ကိုယ်သူ ဒါမှမဟုတ် သူမကိုပင် သတ်နိုင်လောက်သည်။
ရှဲ့ချောင်သည် ကိုးရို့ကားရားနိုင်စွာ ပြုံးလိုက်ကာ " ဆရာတူမောင်လေးရှောင်းက ငယ်တော့တာမဟုတ်ဘူးလေ။ အစ်မက ဒီလိုခေါ်မယ်ဆိုရင် မရင့်ကျက်သလိုမျိူး ဖြစ်နေလိမ့်မယ်"
ရှောင်းယွီရုန်မှာ စိတ်ပျက်ပျက်နှင့် ပြုံးလိုက်ပြီးနောက် ချက်ချင်း ချီးကျူးစကားဆိုလိုက်၏။
" ဆရာတူအစ်မ၊ အစ်မရဲ့ဆိုင်က တကယ်ကို အံ့ဩလောက်စရာပဲ။ အဆောင်ပစ္စည်းပေါ်က အင်းကွက်တွေက တိမ်ဆိုင်တွေနဲ့ စီးဆင်းနေတဲ့ရေလိုမျိုး ချောမွေ့နေတာကို ကျွန်တော် တွေ့လိုက်ရတယ်။ ဆရာတူအစ်မသာ ပန်းချီဆွဲမယ်ဆိုရင် မျိုးဆက်တစ်ခုရဲ့ ပန်းချီပညာရှင်တစ်ယောက်ဖြစ်လာမှာ အသေအချာပဲ!"
ရှဲ့ချောင် ကသိကအောက်ဖြင့် ခေါင်းသာညိတ်လိုက်လေ၏။
သူမသာ ရှောင်းယွီရုန်တစ်ယောက် အောက်ထပ်မှာရှိနေသည်ဆိုတာကို သိခဲ့ပါက၊ သူမ အပေါ်ထပ်တွင်သာ ထိုမကောင်းဆိုးဝါးဝိဉာဉ်များ၏ ညည်းညူပြောဆိုနေမှုများအား နားထောင်နေလိမ့်မည်ဖြစ်သည်။
" ဆရာရှောင်း၊ ဆရာ ဒီလိုပြောနေတာ အပြစ်ရှိစိတ်မဖြစ်ဘူးလား? ဒါတွေက ရောင်းရမှာမဟုတ်ဘူးဗျ! အမှန်တိုင်းသာ ပြောလိုက်ပါဗျာ။ တစ်ယောက်ယောက်က ဆရာရဲ့ ဆရာတူအစ်မကို လှည့်စားခဲ့တာလား?" ရှဲ့ဖင်းဟွိုက်မှာ သူသည် ဆရာရှောင်း၏ စနစ်ကျပြီး စည်းကမ်းတင်းကျပ်သူဟူသည့် ဝိသေသလက္ခဏာ အား ပြန်ရအောင်လုပ်ပေးရန် တာဝန်ရှိသည်ဟု တွေးလိုက်လေသည်။
ဆရာရှောင်းမှာ ထိုသို့ကြားလိုက်ရသည်နှင့် သူ၏ အပြုံးမှာ ပျောက်ကွယ်သွားလေတော့သည်။
" အဓိပ္ပာယ်မရှိလိုက်တာ။ ဒါတွေက ရောင်းရမှာကွ! ငါ အဲ့ဒါတွေကို ဝယ်မှာ!" ဆရာရှောင်းသည် ငွေလက်မှတ်များကို ချက်ချင်းဆိုသလို ထုတ်လိုက်တော့သည်။ " ဆရာတူအစ်မ၊ ကျွန်တော် ဒီ အဆောင်ပစ္စည်းတစ်ပုံကို လိုချင်တယ်!"
ဆရာရှောင်း၏ ပြတ်သားမှုမှာ ရှဲ့ချောင်ကို အံ့အားသင့်သွားစေခဲ့၏။
ထိုအချိန်တွင် ဆိုင်ရှင်ချန်းသည် ရှောင်းယွီရုန်အား တွေ့လိုက်ရ၍ လမ်းလျှောက်လာခဲ့သည်။ သူသည် ဝေခွဲမရဖြစ်စွာနှင့် ပြောလိုက်၏။ " ဆရာရှောင်း၊ ဒီအဆောင်တွေကို လိုချင်တာ သေချာရဲ့လားဗျ? သူဌေးကတော့ ဒါတွေက ကိုယ်ဝန်အတွက် အဆောင်လက်ဖွဲ့တွေလို့ ပြောတယ်…"
ကိုယ်ဝန်အတွက် အဆောင်ပစ္စည်းများမှာ ဈေးကြီးလှသည်။ တစ်ခုလျှင် ငွေစနှစ်ရာမျှ ကျသင့်၏။
အပုံတစ်ပုံတွင် အဆောင်ပစ္စည်းမှာ ခန့်မှန်းခြေအားဖြင့် အခု၂၀လောက်ရှိလေသည်။ သူက ဘာလို့ ဒါတွေကို လိုချင်ရတာလဲ?
ရှောင်းယွီရုန်လက်ကို ခါယမ်းလိုက်၍ အဆောင်များ
မြေကြီးပေါ်သို့ ကျသွားခဲ့လေသည်။ သူ တုန်လှုပ်သွားခဲ့၏။ သူ ထိတ်ထိတ်ပျာပျာနှင့် ထိုအရာများအား မြေကြီးပေါ်မှ ဆွဲယူကာ ကောက်လိုက်ကာ အလွန့်အလွန် ကို့ယိုးကားယားဖြစ်နေခဲ့ပုံ ပေါ်လေသည်။ " ဒါက နားလည်မှုလွဲတာပါ၊ ဆရာတူအစ်မ။ ကျွန်-ကျွန်တော်က အဆောင်ကို ဝယ်မလို့ မဟုတ်ပါဘူး။ ကျွန်-ကျွန်တော်ပြောချင်တာက ဒါတွေက ကျွန်တော်လိုချင်တဲ့ဟာမျိုး မဟုတ်ဘူး။ ကျ-ကျွန်တော်..."
ရှောင်းယွီရုန် ချွေးပြန်နေလေပြီ။ သူသည် ထိုအဆောင်များမှာ မည်သို့သောအရာဆိုသည်အား မသိခဲ့ပေ…
ထူးဆန်းကာ မဆီလျော်သည့် အဆောင်ပစ္စည်းများအား မှား၍ ထပ်ပြောမိမည်ကို သူ စိုးရိမ်နေခဲ့သည်။
သူသည် ယောက်ျားတစ်ယောက်ဖြစ်ကာ ကိုယ်ဝန်ဆောင် အဆောင်လက်ဖွဲ့များအား ဝယ်ချင်
နေမိသည်ပင်…
ရှောင်းယွီရုန်သည် သူ့ဘဝသက်တမ်း ပထမတစ်ဝက်၏ သန့်ရှင်းစင်ကြယ်သော ဂုဏ်သတင်းမှာ ပျက်ဆီးကိန်းကြုံလေပြီဟု တွေးမိလိုက်လေသည်။ ထိုမျှသာမက၊ သူသည် ဆရာတူအစ်မမော့၏ ရှေ့တွင် သူ့ကိုယ်သူ အရှက်ရစေခဲ့သည်။ ဆရာတူအစ်မမော့က သူ့ကို ထူးဆန်းပြီး မကောင်းတဲ့သူတစ်ယောက်လို့များ ထင်သွားမလား?
ရှောင်းယွီရုန်၏ မျက်နှာမှာ ဒယ်အိုးပူပေါ်ရှိ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နီရဲသွားလေတော့သည်။
•••••••