ဘယ်ကနေ ရလာခဲ့တာလဲ
Vol. 9 Ch. 158
ဆရာရှောင်းသည် စကားပြောရာတွင် တည်ငြိမ်နေလေ၏။ " မင်းက ဒါကို ငါ့ဆီ ယူလာခဲ့တာဆိုတော့ ငါ ကျောင်းရဲ့စည်းမျဉ်းတွေကို လိုက်နာပြီးတော့ မင်း
ကို ငါ့တပည့်အနေနဲ့ ခေါ်ယူမယ်။ ဒါပေမယ့် မင်းသိထားရမယ့် အရာတွေရှိတယ်။ ဒီလိုမျိုး တပည့်သင်္ကေတပြားက ဆယ်ခုရှိတယ်ဆိုပေမယ့် နည်းနည်းလေး ကွဲပြားတဲ့ဟာ သုံးခုရှိတယ်"
ချူကျန်း လန့်သွားပြီးနောက် ချက်ချင်း ပြောလိုက်လေသည်။ " အသေးစိတ်ဆက်ပြောပေးပါ ဆရာ"
" အဲ့ဒီအပိုင်းသုံးခုကို အိမ်ရှေ့စံမင်းသားက ပိုင်ဆိုင်တယ်။ သူတို့က ကျောက်တုံးတစ်ခုတည်းကနေ တူးထုတ်ထားတာဆိုပေမယ့် သူတို့ရဲ့အပေါ်မှာ အဝါရောင်အကွက်တချို့ရှိတယ်။ အရောင်က အဝါရောင်မီးခိုးလိုမျိုး မှိန်ဖျော့ဖျော့လေးပဲ။ ဒါကြောင့်မလို့ ဒီကျောက်စိမ်းသုံးခုကို သီးခြားခွဲထားတာ။ လူတော်တော်များများက ဒီအကြောင်းကို မသိကြဘူး" ဆရာရှောင်းက ထပ်ဖြည့်ပြောလိုက်၏။
ထိုသို့ကြားပြီးသည့်နောက်တွင် ချူကျန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့လေသည်။
ကျောက်စိမ်းပိုင်းဆယ်ခုအား တော်ဝင်ကျောင်းတော်၏ တံဆိပ်နှင့် ထွင်းထုထားလေသည်။ ဤသည်မှာ တစ်ခုတည်းသော ကွဲပြားချက်ဟု သူထင်ခဲ့၏။
" အိမ်ရှေ့စံမင်းသားက လွန်ခဲ့တဲ့ ရက်အနည်းငယ်က အပိုင်းတစ်ခုကို ဆုလာဘ်အနေနဲ့ ပေးခဲ့တဲ့အတွက် အခု သူ့မှာ နှစ်ခုရှိတယ်။ ရှဲ့သခင်မလေးက ဒါကို အနိုင်ရရှိခဲ့ပြီးတော့ ဟိုကောင်ဆိုးလေးက ရက်အနည်းငယ်လောက်ကပဲ အဲ့ဒါကို ပျောက်သွားခဲ့တာ " ဆရာရှောင်းသည် တည်ငြိမ်စွာနှင့်သာ ပြောနေလေ၏။
တစ်နည်းအားဖြင့်ဆိုရသော် ကျောက်စိမ်းသာ မပျောက်ခဲ့ပါက တပည့်သင်္ကေတအား ရှဲ့ဖင်းဟွိုက်မှ ပိုင်ဆိုင်မည်ဖြစ်လေသည်။
ချူကျန်းမှာ အတော်လေး စိတ်ညစ်သွားပုံပေါ်လေ၏။ " ဆရာက တကယ့်ကို အမြင်စူးရှလှပါပေတယ်။ တစ်ယောက်ယောက်က ကျွန်တော့်ကို ဒီကျောက်စိမ်းပိုင်း ပေးခဲ့တာပါ။ ကျွန်တော် တခြားဘယ်နေရာကမှ ရှာခဲ့တာမဟုတ်ပါဘူး "
" မင်းက ကျောင်းတော်မှာ အတော်လေး ကျော်ကြားတဲ့သူတစ်ယောက်ပါ။ မင်းက မဆင်မခြင်လုပ်တတ်တဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာကို ငါယုံပါတယ်။ ဒါပေမယ့် အိမ်ရှေ့စံမင်းသားရဲ့ စည်းမျဉ်းတွေကတော့ တင်းကျပ်တယ်။ ဘယ်သူကမှ သူနဲ့သွားပြီး မရှုပ်ရဲဘူး။ မင်း ဒါကိုဘယ်လိုရလာခဲ့ပြီးတော့ ငါ့ကို ဆရာတင်တာလဲဆိုတာ သူ့ကိုရှင်းပြဖို့လိုလိမ့်မယ်" ဆရာရှောင်းမှ ပြောလိုက်သည်။
ချူကျန်းမှာ သူ၏လည်ချောင်းထဲ၌ ခါးသက်သည့်အရာတစ်ခုခုရှိနေသကဲ့သို့ ခံစားလိုက်ရ၏။ ဤကဲ့သို့ဖြစ်မည်ဆိုသည်အား သူ သိခဲ့ပါက ဤကျောက်စိမ်းပိုင်းကို သူ သုံးလိမ့်မည်မဟုတ်ချေ။
၎င်းသည် အာရုံစိုက်ခံရလွန်းပေ၏။
အခြားသော ကျောက်စိမ်းများမှာ ရှားပါးသော်လည်း သူသာ လိုချင်ခဲ့လျှင် ပိုပြီးအားစိုက်ထုတ်ခြင်း သို့မဟုတ် ငွေပိုသုံးခြင်းဖြင့် ရရှိနိုင်ပေသည်။
သို့သော် သူ မမျှော်လင့်ခဲ့သည်မှာ အိမ်ရှေ့စံမင်းသား၏ ကျောက်စိမ်းသည် အခြားကျောက်စိမ်းများနှင့် မတူကွဲပြားနေလိမ့်မည်ဟုပင်။ ဤသည်သာ အမှန်ဖြစ်နေခဲ့ပါက…
သူ့ထံတွင် ထိုကျောက်စိမ်းရှိနေခဲ့သည့်အတွက် သူ ပြဿနာတက်ပေလိမ့်မည်!
သူ ယခုအချိန်တွင် ဘေးကျပ်နံကျပ်ဖြစ်နေလေသည်။ သူသည် ဤနေရာသို့ ရောက်နေခဲ့ပြီးဖြစ်သောကြောင့်
တပည့်ဖြစ်ရန်ကို လက်လျှော့လိုက်မည်ဟု ပြောလိုက်ပါက ဆရာရှောင်းမှ သူ့ကို အရူးလုပ်နေသည်ဟု တွေးသွားလိမ့်မည် မဟုတ်ပေလော?
ထို့အပြင် ဤသို့လာရာလမ်းတွင် သူ့ကို လူတော်တော်များများက မြင်ပြီးပြီဖြစ်သောကြောင့်…
သူ ယခုအချိန်မှ နောင်တရမည်ဆိုလျှင်လည်း အရှက်ရဖွယ်ကျရှုံးခြင်းအပြင် သူသည် ကျောက်စိမ်းကို တစ်နေရာရာမှ ကောက်ယူလာခဲ့သည်ဟု တခြားသူများက တကယ်ထင်ကြပေလိမ့်မည်!
ချူကျန်း၏ နဖူးပေါ်တွင် ချွေးများစီးကျနေလေပြီဖြစ်သည်။ " ကျွန်တော့်ရဲ့အဖေက ဒီကျောက်စိမ်းကို သန့်ရှင်းတဲ့နည်းနဲ့ ရခဲ့တာ…ကုလန်ကျောင်းတော်က သခင်မလေးတစ်ယောက်က လက်ဆောင်ပေးခဲ့တာပါ။ ကျွန်တော့်ဝမ်းကွဲက အဲ့ဒီသခင်မလေးက ဒီ
ကျောက်စိမ်းကို အာရုံစိုက်ခံရလွန်းတယ်လို့တွေးတယ်ဆိုပြီး ပြောပါတယ်။ သူ့ရဲ့ ပါရမီအရည်အချင်းက သာမန်အဆင့်လောက်ပဲ ရှိတာမလို့ တပည့်အဖြစ် မလျှောက်ထားရဲခဲ့ပါဘူး။ သူက ဒီကျောက်စိမ်းကို ကျွန်တော်တို့ရဲ့ တော်ဝင်ကျောင်းကိုလာဖို့ ထောက်ခံစာနဲ့ အလဲအလှယ်သုံးဖို့ပဲ ဆန္ဒရှိခဲ့တာပါ… "
" ဒါဆို ကျောက်စိမ်းကို ရှာတွေ့ခဲ့တဲ့သူက အဲ့ဒီသခင်မလေးဖြစ်ရမယ်?" ဆရာရှောင်းမှာ ပြုံးလျက်သာ ပြောလိုက်လေသည်။
ချူကျန်းမှာ နှုတ်ခမ်းများကို စုဝိုင်းထားကာ အကူညီမဲ့သလို ခံစားနေရလေသည်။ " အဲ့ဒီသခင်မလေးက ရှဲ့မိသားစုရဲ့ ဇနီးကပါလာတဲ့သမီးလို့တော့ ကျွန်တော်ကြားမိပါတယ်..." ဟုသာ ပြောနိုင်တော့သည်။
အမှန်တွင် ရှဲ့မိသားစုမှ ကျောက်စိမ်းကို ပျောက်သွားကြောင်း သူသိထားလေသည်။
သို့ဖြစ်ရာ ဖေသခင်မလေးသည် သူမအတွက် တပည့်အဖြစ်ခွင့်ပြုချက်ကို အရောင်းအဝယ်လုပ်နိုင်ရန် ကျောက်စိမ်းအား ခိုးယူခဲ့ခြင်းဖြစ်မည်ဟု သူ ခန့်မှန်းထားပြီးဖြစ်လေ၏။ သို့သော်လည်း သူသည် မသိချင်ယောင်သာဆောင်ခဲ့သည်။ ထို့အပြင် ကျောက်စိမ်းပိုင်းများမှာ များစွာရှိလေသည်။ သူ့တွင်ရှိသော တစ်ခုသည် ရှဲ့မိသားစုကဟု မည်သူမှ မပြောနိုင်ချေ!
သူ တစ်ကြိမ်မှ မတွေးခဲ့ဖူးသည်က အိမ်ရှေ့စံမင်းသား၏ ကျောက်စိမ်းများတွင် အမှတ်အသားများလုပ်ထားမည်ဟုပင်!
ဆရာရှောင်းက ခေါင်းညိတ်လိုက်သည်။ " ငါသိပြီ၊ အဲ့ဒီသခင်မလေးက ကျောက်စိမ်းကို တွေ့ခဲ့ပေမယ့် ရှဲ့ဖင်းဟွိုက်ကို မပြောခဲ့ဘူးလို့ ငါယူဆတယ်"
" ငါအခု သဘောပေါက်သွားပြီ။ ငါ မင်းအတွက် အရှင့်သားဆီမှာ ပြောပေးမယ်"
ချူကျန်းမှာ ကူကယ်ရာမဲ့သွားလေ၏။
ဆရာရှောင်းသည် ကျောက်ရွှမ်ကျင်းထံသို့ ကျောက်စိမ်းကို ပြန်ပေးခဲ့လေသည်။
ကျောင်းတော်သည် ကျောက်စိမ်းအား မပေးမီ ကျောင်းသား၏အမည်ကို ၎င်းအပေါ်တွင် ထွင်းပေးလိုက်သင့်သည်ဖြစ်၏။
သို့ရာတွင် ဤတစ်ခုမှာတော့ ကွဲပြားလေသည်။ သူသည် အိမ်ရှေ့စံမင်းသားနှင့် အရင်ဆုံး ပြောဆိုရမည်ဖြစ်၏။ အိမ်ရှေ့စံမင်းသားသာ စိတ်ထဲမထားဘူးဆိုပါက ချူကျန်းကို ပြန်မပေးမီတွင် သူ၏ နာမည်ကို ထွင်းထုပေးနိုင်မည်ဖြစ်သည်။
သူရဲ့ အိမ်ရှေ့စံမင်းသားအပေါ် နားလည်မှုအရဆိုလျှင်…
ချူကျန်းသည် ဖြစ်ပျက်ခဲ့သောအရာများကို သိမည်ဟု အိမ်ရှေ့စံမင်းသားက သံသယဝင်မှာ အသေချာပင်။ သို့ဖြစ်ရာ တပည့်အဖြစ်လက်ခံဖြစ်ခဲ့သည်ဆိုလျှင်တောင် ချူကျန်းသည် ကျောက်စိမ်းကို ပိုင်ဆိုင်နိုင်တော့လိမ့်မည် မဟုတ်ပေ။
•••••