ကံဆိုးမှုကို ငွေပေးရှောင်ခြင်း
Vol. 10 Ch. 165
ရှဲ့ဖင်းကန်း မည်သည်ကို ဆိုလိုချင်သနည်းဆိုသည်
အား ရှဲ့ချောင် အကြမ်းဖျင်းနားလည်လိုက်သည် - ကံဆိုးမှုကို ငွေပေးရှောင်ခြင်းပင်။
ဖေဝမ်ယွဲ့၏ ဒေါသအရ သူမသည် စနစ်တကျ သင်ကြားပြသပေးခြင်းမခံရလျှင် အနာဂတ်တွင် ပို၍ကြီးသော ပြဿနာများကိုပင် ဖန်တီးကောင်းဖန်တီးပေလိမ့်မည်။ ယခုကတည်းက သူမကို အဝေးပို့လိုက်မှသာ သူတို့သည် အနာဂတ်တွင် သာယာအေးချမ်းသောဘဝ၌ နေနိုင်လိမ့်မည်ဖြစ်သည်။
သဘာဝကျစွာပင် လုသခင်မသည်တော့ သူတို့နှင့်အတူ ဆက်နေထိုင်လောက်သည်။ သူတို့နှင့် အလုံးစုံရေစက်ဖြတ်ပစ်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော်လည်း ဖေဝမ်ယွဲ့သည်တော့ သာမန်ဆွေမျိုးတစ်ယောက်သာ ဖြစ်လိမ့်မည်။ သူမသည် ရံဖန်ရံခါ အလည်အပတ်လာနိုင်သော်လည်း ရှဲ့အိမ်တော်အား မကြာခဏ ဝင်ထွက်သွားလာရန်မှာတော့ မဖြစ်နိုင်ချေ။
" အမေ၊ ဒါကို အမေကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာပဲ။ အစ်ကိုကြီးနဲ့ အစ်မကြီးက သမီးကို လုံးဝမိသားစုဝင်တစ်ယောက်လို မဆက်ဆံခဲ့ဘူး။ သမီး ဆက်နေနေဖို့ ဘာအကြောင်းရှိလို့လဲ? ဒီအိမ်ထဲမှာ ဘာမှမပြောရဲဘဲ ငြိမ်ငြိမ်လေးနေနေရမယ့်အစား သမီး ထွက်ပဲထွက်သွားလိုက်မယ်!" ဖေဝမ်ယွဲ့မှာ မတရားသဖြင့်ခံနေရသကဲ့သို့ ခံစားရလေသည်။
" ဖေသခင်မလေး ပြောလိုက်တဲ့စကားက အတော်လေး စိတ်မကောင်းစရာပဲ။ ဒါမှမဟုတ်…အစ်ကိုကြီး၊ ညီမတို့တွေ အိမ်ထဲမှာ သူခိုးတစ်ယောက်ရှိနေတာကို အပြင်လူတွေကို ပြောပြလိုက်သင့်တယ်။ ဒါက တော်တော်ရှက်စရာကောင်းပေမယ့်လည်း ညီမလေးတို့ရဲ့ မိသားစုဂုဏ်သတင်းက ဘယ်လိုပဲဖြစ်ဖြစ် ကောင်းနေတာမှ မဟုတ်ပဲ" ရှဲ့ချောင်သည် ဖေဝမ်ယွဲ့အား ပြုံးပြနေရင်း ပြောလိုက်၏။
"ဟုတ်တယ်" ရှဲ့ဖင်းဟွိုက် ခေါင်းညိတ်လိုက်သည်။
အိမ်ထဲတွင် သူခိုးတစ်ယောက်ရှိနေခြင်းက ခဏတာ
လောက်တော့ သူတို့ကို အဟားခံရသူ ဖြစ်စေလိမ့်မည်။ သတင်းသာ ပျံ့သွားခဲ့ပါက ဖေဝမ်ယွဲ့သည် ရှဲ့အိမ်တော်တွင် ဆက်ပြီးနေ၍မရတော့ရုံသာမဟုတ်ဘဲ ကျောင်းတော်ကိုလည်း ဝင်နိုင်တော့လိမ့်မည်မဟုတ်ပေ။
ချူမိသားစုသည် ကျောက်စိမ်းအား တပည့်အဖြစ်ခံယူရန်အတွက် အသုံးပြုရဲခဲ့သည်မှာ ရှဲ့မိသားစုက ကျောက်စိမ်းကို မတော်တဆပျောက်သွားခဲ့သည်ဟု ပြောခဲ့သောကြောင့်သာဖြစ်သည်။ သို့သော်လည်း၊ ၎င်းသည် အခိုးခံခဲ့ရသည်ဆိုပါက ချူကျန်းသည် ပညာတတ်တစ်ယောက်ဖြစ်သောကြောင့် ဤပြဿနာအား တာဝန်ယူရန်မှာ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း?
သူ မည်မျှပင် ဆန္ဒမရှိပါစေ သူသည် ကျောက်စိမ်းကို ပြန်ပေးရပေလိမ့်မည်။ ကျောက်စိမ်းအား မည်ကဲ့သို့ ရခဲ့သနည်းဆိုသည်ကိုပါ လူများအား ရှင်းပြရပေလိမ့်ဦးမည်။ အဲ့ဒီအချိန်ကျရင် ဒုက္ခရောက်မှာ ဘယ်သူဖြစ်နိုင်မလဲ?
ဖေဝမ်ယွဲ့သာ ဖြစ်လိမ့်မည်။
မည်သို့ပင်ဖြစ်စေ ဖေဝမ်ယွဲ့သည် ရှဲ့အိမ်တော်၌ နေခဲ့သည်ဖြစ်၏။ တစ်ယောက်ယောက်သည်သာ အမှန်တကယ် ထပ်ပြီးမေးခဲ့မည်ဆိုလျှင် ရှဲ့ဖင်းဟွိုက်၏ ခြံဝန်းသို့ သူမ ကျူးကျော်ဝင်ရောက်ခဲ့သည့်လုပ်ရပ်အား ထို့ထက်ပိုပြီး လျှို့ဝှက်ထားနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ရှဲ့ချောင်က သူမကို ယခု ခြောက်လှန့်နေရခြင်းဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် ဖေဝမ်ယွဲ့တစ်ယောက် ယခုမှသာ အသိတရားရသွားခဲ့လေသည်။
ရှဲ့နျိုရှန်းမှာ ဒေါသထွက်နေခဲ့လေသည်။ "မင်းက
သွားဖို့ကို အရမ်းစိတ်အားထက်သန်နေမှတော့ ဒီအတိုင်းသာ သွားလိုက်တော့။ ငါ ထပ်ပြီး ဂရုစိုက်မနေတော့ဘူး"
ယခုအချိန်တွင် ရှဲ့နျိုရှန်း၏ စိတ်အခြေအနေမှာ ဆိုးရွားနေလေသည်။ သူသည် လုသခင်မကိုပင် မကြည့်တော့ပဲ သူ၏ ခြံဝင်းဆီသာ တန်းပြီး ပြန်သွားခဲ့လေတော့သည်။
လုသခင်မမှာ အထိတ်တလန့်ဖြစ်သွားခဲ့သည်။ သူမသည် သူမသမီးကို ရိုက်ရန်အတွက် စိတ်အားထက်သန်နေခဲ့သော်လည်း ဖေဝမ်ယွဲ့၏ မျက်နှာအားကြည့်ကာ မလုပ်နိုင်ခဲ့ပေ။ သူမမှာ သက်ပြင်းချ၍ မဆုံးတော့ချေ။
" အကြီးဆုံးအစ်မ၊ ကျောက်စိမ်းက အစ်မရဲ့ဟာပါ။ အခု တခြားတစ်ယောက်ကို အကျိုးဖြစ်စေခဲ့တော့ အစ်မ မတရားသလို ခံစားရမှာပဲ။ ကျွန်တော့်အပေါ်ကိုသာ ဖွင့်ထုတ်ပြောချလိုက်ပါ " ရှဲ့ဖင်းဟွိုက်က
တဲ့တိုးပြောလိုက်သည်။
ရှဲ့ချောင်၏ မျက်ခွံများ လှုပ်သွားခဲ့ရသည်။
" အစ်ကိုကြီးရဲ့ ဖြေရှင်းချက်က တော်တော်ကောင်းတယ်။ ကျောက်စိမ်းပိုင်းလေးတစ်ခုက သူ့ကို ရှဲ့အိမ်တော်ကနေ ထွက်သွားရအောင် လုပ်လိုက်နိုင်တယ်။ အကျိုးအမြတ်ရသွားတဲ့သူက ငါတို့တွေလို့ ထင်တာပဲ" ရှဲ့ချောင် ပြုံးလိုက်၏။
" ငါလည်း အဲ့လိုပဲထင်တယ်။ သူသာ ရှိနေမယ်ဆိုရင် အနာဂတ်မှာ သူ လက်ထပ်ဖြစ်တဲ့အခါကျ လုသခင်မက သူ့ရဲ့ ခန်းဝင်ပစ္စည်းအတွက် ရှဲ့အိမ်တော်က ရှိသမျှကို ရောင်းစားပစ်လောက်တယ်” ရှဲ့ဖင်းကန်းမှ သရော်လိုက်သည်။
သူသည် လုသခင်မ၏ သိမ်ဖျင်းသည့်သဘောထားကို အထင်သေး၏။
သူမ ဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲ? ဖေဝမ်ယွဲ့အတွက် ပစ္စည်းတော်တော်များများကို ဝယ်ပေးခဲ့ပြီးပြီ။
သို့သော်လည်း ရှဲ့ချောင်မှာတော့ သူမ၏ အိမ်ထဲတွင် သစ်လွင်သည့်အရာတစ်ခုမှ မရှိခဲ့ပေ။
ရှဲ့ချောင်၏ အိမ်ထဲသို့ မည်သူ့ကိုမျှ ဝင်ခွင့်မပြုထားသည့် အချက်သာ မရှိခဲ့ပါက၊ သူမလည်း အချို့ပစ္စည်းများ ပျောက်ဆုံးနိုင်လေသည်!
" အစ်ကိုကြီး၊ ကျွန်တော်က မတရားခံခဲ့ရသူတစ်ယောက်ပါ…" ရှဲ့ဖင်းဟွိုက်သည် ချက်ချင်းကြားဖြတ်ပြောလိုက်ပြီးနောက် တန်းပြီး ထပ်ပြောလိုက်လေ၏။ " ဒါပေမယ့် ဒါက ကျွန်တော့်အပြစ်ပါ!"
"မင်း ဒီနေ့ နောက်ထပ်ပုရစ်တစ်စုံကို ဝယ်ခဲ့သေးတယ်လို့ ငါကြားတယ်" ရှဲ့ဖင်းကန်းမှ လှောင်လိုက်သည်။
အိမ်၌ ဖြစ်ပျက်ခဲ့သည့် မည့်သည့်အရာကိုမျှ ရှဲ့ဖင်းကန်းအား ဖုံးကွယ်ထား၍ မရနိုင်ပေ။
သူ အိမ်ပြန်ရောက်သည်နှင့် တစ်ယောက်ယောက်မှ သူ့အား တင်ပြပြီးဖြစ်လေသည်။
ထိုစကားကို ကြားသောအခါ ရှဲ့ဖင်းဟွိုက်၏ မျက်နှာမှာ ဖြူဖျော့သွားလေတော့၏။ " အဲဒါ ကျွန်တော် မဟုတ်ဘူး။ အမေက ကျွန်တော့်အတွက်ဆိုပြီး တစ်ယောက်ယောက်ကို ဝယ်ခိုင်းလိုက်တာ!"
" ဟား၊ အမေ့ကို ထပ်ပြီး ဆင်ခြေတစ်ခုအနေနဲ့ အသုံးချပြန်ပြီ။ မင်းရဲ့ ဘယ်ပစ္စည်းကများ အမေ ဝယ်ပေးထားတာ မဟုတ်လို့လဲ?" ရှဲ့ဖင်းကန်းသည် ရှဲ့ဖင်းဟွိုက်အား ခက်ထန်တင်းမာနေသော မျက်နှာ
ဖြင့် စိန်းစိန်းဝါးဝါးကြည့်လိုက်လေသည်။
"အဲဒါ တကယ် ကျွန်တော် မဟုတ်ဘူးလို့!" ရှဲ့ဖင်းဟွိုက်မှာ ကျယ်လောင်စွာအော်ပြောလေတော့သည်။
ရှဲ့ချောင်သည် သူမ၏မောင်အား ကရုဏာသက်စွာနှင့်သာ ကြည့်လိုက်၏။
သူမ၏ အစ်ကိုကြီးသည် ရှဲ့ဖင်းဟွိုက် တစ်စုံတစ်ခုအား ဝယ်သည့်အကြောင်းကို သိပြီးဖြစ်သောကြောင့် နောက်ကွယ်မှ ဇာတ်လမ်းကိုလည်း သေချာပေါက်ကို သိသည်ပင်။
သူသည် အမှားတစ်ခုလုပ်ခဲ့လိုက်မိသည်ဟု တွေးမိသောကြောင့် ယခုချိန်တွင် သူ့အား သင်ခန်းစာပေးနေခြင်း ဖြစ်လေသည်။
ဤသည်မှာ ယုတ္တိရှိပေသည်။ ဤကောင်ဆိုးလေးသည် ကျောင်းမှ အိမ်သို့ စောစောပြန်လာခဲ့ပြီး၊ သူကိုယ်တိုင် ပြဿနာရှာနေခဲ့သည်။ သူ နေ့တစ်ဝက်လောက်စောင့်နေခဲ့ရသည်ကို မေ့ထားလျှင်၊ သူသည် ပုရစ်များနှင့်သာ ဆော့ကစားနေခဲ့လေ၏…
ထိုအခြင်းအရာအား သူကိုယ်တိုင် အစပျိုးခဲ့ခြင်း မဟုတ်သော်လည်း အပြုအမူမှာ အတော်လေး ဒေါသထွက်စရာ ကောင်းလှပေသည်။
•••••••