ကျိန်စာတိုက်ခြင်း
Vol. 10 Ch. 168
ရှဲ့ချောင်သည် အရမ်းဝေးဝေးသို့မသွားခဲ့ပေ။
အချိန်အတော်ကြာ လျှောက်ပတ်သွားကြည့်ပြီးသည့်နောက်တွင် ကျန်းအိမ်တော်၏အခြေအနေ မည်သို့မည်ပုံရှိသနည်းဆိုသည်ကို ရှင်းရှင်းလင်းလင်းသိသွားခဲ့ပြီဖြစ်သည်။
သူမသည် အဝေးမှနေကာ ကျန်းလုရှန်းကိုလည်း အကဲခတ်လိုက်သေး၏။ သူ မည်မျှ တဏှာစိတ်ပြင်းသနည်းဆိုသည်အား သူ၏မျက်လုံးများက ဖော်ပြလို့နေလေသည်။ သူသည် အပေါ်ယံတွင်မြင်နေရသလောက် ရိုးရှင်းမနေ။ ဉာဏ်နီဉာဏ်နက်များသူတစ်ယောက်သာ ဖြစ်လေ၏။
ရှဲ့ချောင်သည် ဟင်္သာပြဒါးရိုင်း၊ အဆောင်ပစ္စည်းနှင့်
အသုံးအဆောင်တချို့ကိုယူရန် ကြမ္မာဥယျာဥ်သို့ ပြန်သွားခဲ့သည်။ ညရောက်သောအခါ ချွင်းအာကို သတင်းပေးအကြောင်းကြားပြီးသည့်နောက် ဘေးဘက်တံခါးပေါက်မှနေ၍ ခိုးကြောင်ခိုးဝှက် ထွက်သွားခဲ့လေသည်။
သူမ၏ ခြံဝင်းမှာ အစွန်အဖျားတွင်ရှိသောကြောင့် သူမအတွက် သွားလာရလွယ်ကူပေသည်။
သူမသည် ကျန်းအိမ်တော်ထဲတွင် အဓိက ထောင့်မှန်ကျနေရာများကို ရှာဖွေရမည်ဖြစ်ကာ နေရာတစ်ခုချင်းစီတိုင်းတွင် ကျားပုံသဏ္ဍာန် ဓမ္မတူရိယာများကို စီစဉ်နေရာချရမည် ဖြစ်သည်။ ထို့နောက်တွင် ကျိန်စာသည် အကောင်အထည်ပေါ်ပေလိမ့်မည်။
ကျိန်စာ၏ အကျိုးသက်ရောက်သောအခါ လူတစ်ယောက်သည် တိုးတက်ကြီးပွားရန် ခက်ခဲသွားမည်ဖြစ်ပြီး ၎င်းတို့အပေါ် ဘေးဒုက္ခကပ်ဆိုးများ ကျရောက်ပေလိမ့်မည်။
သို့ရာတွင် အယုတ်အညံ့စွမ်းအင်သည် လူတစ်ယောက်ချင်းအပေါ်သာ မူတည်လေသည်။ လူတိုင်း၏ စွမ်းအင်များမှာ မတူညီကြချေ။ ၎င်းတို့၌ ယန်စွမ်းအင်ရှိနေလျှင် ဆိုးယုတ်သောစွမ်းအင်သည် ၎င်းတို့အပေါ်အား မသက်ရောက်နိုင်ပေ။ ၎င်းတို့ထံတွင် အမှောင်စွမ်းအင်ရှိပါက ၎င်းတို့ကိုယ်တိုင် ဒုက္ခများကို ယူဆောင်လိမ့်မည်ဖြစ်သည်။
ရှဲ့ချောင်သည် အလုပ်အတွက် အဖိုးအခရပြီးပါက လိပ်ပြာမလုံဖြစ်သည်မျိုးအား ဂရုစိုက်တတ်သူမဟုတ်ပေ။ သူမ ဂရုစိုက်သောအရာသည် အမျိုးသမီးဝိဉာဉ်၏ စိတ်ကျေနပ်မှူသာ ဖြစ်သည်။
ကိစ္စအားလုံး ပြုလုပ်ပြီးသွားသည့်အချိန်တွင် ကျန်းအိမ်တော်ရှိ အမှောင်စွမ်းအင်မှာ ပို၍ လေးလံသိပ်သည်း လာခဲ့လေ၏။
အမျိုးသမီးဝိဉာဉ်သည် သူမ၏ကိုယ်အား ကြည့်လိုက်၏။ သူမတွင် အားအင်များပိုရှိလာသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူမ ရှဲ့ချောင်ကို ချက်ချင်းပြောလိုက်သည်။ " နတ်ဆရာမ၊ ကျွန်မ အခု လက်စားချေလို့ရပြီလား? "
"အတိအကျကြီးတော့မဟုတ်သေးဘူး" ရှဲ့ချောင် ခေါင်းယမ်းလိုက်သည်။ "ရှင့်မှာက နာကြည်းချက်တွေရှိနေပြီးတော့ အဲ့တာတွေက ကျန်းနဲ့ဝေ့အိမ်တော်မှာ ပိုပြီးပြင်းထန်လာလိမ့်မယ်။
အဲ့ဒါကြောင့်မလို့ ရှင်က နှစ်နေရာလုံးမှာ ရှိနေမှပဲ ပိုပြီး အားကောင်းလာလိမ့်မယ်။ ရှင်လုပ်ချင်တယ်ဆိုရင် ရှင့်မိဘတွေနဲ့ အိပ်မက်ထဲမှာ စကားပြောဖို့ ကြိုးစားကြည့်ပါ။ ရှင်က လက်တွေ့ဆန်တဲ့ အိပ်မက်ကမ္ဘာတစ်ခု မဖန်တီးနိုင်ဘူးဆိုပေမယ့် သူတို့ဆီကို အလည်သွားဖို့အတွက်တော့ ကောင်းပါတယ်။ ပြီးတော့…ကျန်းလုရှန်းရဲ့ဘေးမှာ ရှင် တကယ့်ကို ပိုပြီး မကြာမကြာနေသင့်တယ်"
ဝိဉာဉ်သည် ဝိဉာဉ်သာဖြစ်လေသည်။ မကျေမချမ်းမှုနှင့် ကြမ်းကြုတ်ရက်စက်မှုတွေသာ ပြည့်မနေလျှင် ၎င်းတို့အတွက် တစ်စုံတစ်ယောက်ကို သတ်ရန်မှာ ခဲယဉ်းပေလိမ့်မည်။
သို့ရာတွင် သက်ရှိလူသားတစ်ယောက်သာ အမှောင်စွမ်းအင်ပိုရှိနေပါက သူ၏ ယန်စွမ်းအင်မှာ ကျဆင်းလိမ့်မည်ဖြစ်သည်။ ဝိဉာဉ်အနည်းစုသည် သူတို့အပေါ် အနည်းငယ် လှည့်စားနိုင်လိမ့်မည်ဖြစ်သည်။
အမျိုးသမီးဝိဉာဉ်မှာ သူမ ထိုသို့လုပ်နိုင်သောကြောင့် ကျေနပ်နေလေသည်။
သူမသည် ဝေ့အိမ်တော်တွင် ရစ်သီရစ်သီ လုပ်နေခဲ့၏။
ယုတ်ညံ့သည့် စွမ်းအင်များကို စုဆောင်းရန်မှာ အချိန်တစ်ခု လိုအပ်ပေသည်။ အလောတကြီး
လုပ်၍မရချေ။
ရှဲ့ချောင် အယုတ်အညံ့စွမ်းအင်များ စုဆောင်းပြီးသွားသောအခါ၊ သူမ အနားဝန်းကျင်တွင်ရှိနေသူမှာ အမျိုးသမီးဝိဉာဉ်တစ်ယောက်တည်း မဟုတ်တော့ပေ။ အထီးကျန်နေသည့် ဝိဉာဉ်အနည်းငယ်သည် အဝေးမှ ချောင်းကြည့်နေကြလေသည်။ အမျိုးသမီးဝိဉာဉ်၏ ဆန္ဒကို သူမ ဖြည့်ဆည်းပေးနိုင်မလားဆိုသည်ကို သိချင်နေကြပုံပေါ်သည်။
သို့ဖြစ်ရာ ရှဲ့ချောင်သည် ဤအရေးအား အလေးအနက်ထား ဆောင်ရွက်ခဲ့လေသည်။ သို့ဟုတ်လျှင် သူမသည် အမျိုးသမီးဝိဉာဉ်ပြောသည့် စကားအား လုပ်ဆောင်ပြီးနေလောက်ပြီဖြစ်ကာ သူမယောကျာ်းကို ရိုက်ရန်အတွက် လူတစ်ယောက် ငှားရမ်းဖြစ်ခဲ့လောက်သည်။ ဘာလို့ သူမ ဒီလောက် အားတွေအများကြီး စိုက်ထုတ်နေရတာလဲ?
အယုတ်ညံ့စွမ်းအင်ကို ရဖို့က ခက်လို့၊ ဟုတ်ပြီလား?
ရှဲ့ချောင် ထိုသို့လုပ်ရဲခြင်းမှာ ကျန့်လုရှန်းသည် မကောင်းသည့်ကံများကို သယ်ဆောင်ထားသူဖြစ်သောကြောင့်သာ ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ သာမန်လူတစ်ယောက်အပေါ် ဤကဲ့သို့ လုပ်မိပါက သူမ မြန်မြန်ပင် သေရလိမ့်မည်။
ထိုအရာသည် အကျိုးသက်ရောက်ရန်မှာ ရက်အနည်းငယ်မျှ လိုပေ၏။
သူမ၏ မျက်နှာချေများကို ဖယ်ရှားလိုက်ပြီးသည့်နောက် ရှဲ့ချောင်မှာ နှစ်လိုဖွယ်ကောင်းသော အမျိုးသမီးငယ်လေး ပြန်ဖြစ်သွားခဲ့၏။ သူမ ကျိုးကျိုးနွံနွံနှင့်ပင် ကျောင်းသို့သွားခဲ့လေသည်။
မျှော်လင့်ထားသကဲ့သို့ပင် နှစ်ရက်အတွင်းတွင် ဖေဝမ်ယွဲ့မှာ ကျောင်းတော်သို့ ထောက်ခံစာနှင့်အတူ စာရင်းပေးသွင်းခဲ့သည်။
သူမထံတွင် အင်အားတောင့်သည့် မျိုးရိုးရော၊ အဆင့်အတန်းပါ မရှိသောကြောင့် သူမ၏ စာရင်းပေးသွင်းမှုအား မည်သူမှ အာရုံမစိုက်ခဲ့ကြပေ။
ပထမအချက်အနေနှင့် သူမသည် အရာရှိတစ်ဦး၏ သမီးမဟုတ်။ ဒုတိယအနေနှင့် သူမသည် ကြွယ်ဝချမ်းသာသည့် ကုန်သည်မိသားစုမှ လာခဲ့ခြင်းလည်း မဟုတ်ခဲ့ပေ။ ချူမိသားစုက သူမကို ထောက်ခံစာ ပေးခဲ့သော်လည်း စာလွှာများကြားတွင် ကွာခြားချက်ရှိလေသည်။ သို့ဖြစ်ရာ သူမသည် တန်းခွဲ၄ ဂန္ဓမာခြံဝင်းဆီသို့သာ အပို့ခံခဲ့ရလေသည်။
ဖေဝမ်ယွဲ့ ဝင်ရောက်လာခဲ့ပြီးသည်နှင့် သူမ ရှဲ့ချောင်အကြောင်းကို မေးခဲ့လေသည်။
ရှဲ့ချောင်မှာ ရိအတန်းတွင်ဖြစ်ကြောင်းသိလိုက်ရသောအခါ ဆိုးဆိုးရွားရွားခံစားသွားရလေတော့သည်။
အတန်းများမှာ ချန်၊ ခွင်၊ ရိ၊ ယွဲ့၊ ၁ ၊ ၂၊ ၃ နှင့် ၄ ဟူ၍ ကျောင်းသားတစ်ယောက်၏ မျိုးရိုးနှင့် အဆင့်အတန်းပေါ်မူတည်ကာ အဆင့်သတ်မှတ်ခွဲခြားထားလေ၏။ သူမ ဆန္ဒမရှိခဲ့လျှင်ပင် အချည်းနှီးသာ ဖြစ်လေသည်။
မည်သို့ပင်ဖြစ်စေ အဆင့်ငါးခုနှင့် ဆိုလျှင်ပင် သူမ ရှဲ့ချောင်ကို ရှုံးနိမ့်နေဦးမည်ပင်!
ရှဲ့ချောင်သည် အဆင့်နှစ်ဖြစ်သည့် သစ်ခွခြံဝင်းတွင် ဖြစ်ကာ၊ သူမသည်တော့ အဆင့်သုံး ဂန္ဓမာခြံဝင်းတွင် ဖြစ်လေသည်။ လူတစ်ယောက်၏ ပါရမီအရည်အချင်းသည် ၎င်းကို ဆုံးဖြတ်သတ်မှတ်ပေးလေသည်!
ဘာလို့လဲ?
ရှဲ့ချောင်က သူမထက်ပိုပြီး ပါရမီပိုရှိနေတာ ဖြစ်နိုင်လို့်လား?
ဖေဝမ်ယွဲ့မှာ ထိုနေ့က စိတ်မချမ်းမသာ ဖြစ်နေခဲ့သည်။ ထိုနေ့တွင် သူမ စကားအများကြီး မပြောခဲ့ချေ။ သူမ၏ ခြံဝင်းထဲတွင် မည်သူများရှိသနည်းဆိုသည်ကို မမှတ်မိနိုင်ခဲ့ပေ။ သူမ နှလုံးသားထဲတွင် ဂယက်ထနေလေသည်။
သူမတွင် ငွေပဲစေ့ မရှိသောကြောင့် သူမ နေ့လည်စာ မစားနိုင်ခဲ့ပေ။
ညနေခင်းတွင် သူမ ကျောင်းတော်ထဲ၌နေရန် တွေးခဲ့လေသည်။ သို့သော်လည်း သူမ ဆရာထံမှ သိခဲ့ရသည်မှာ ကျောင်းတော်ထဲတွင် နေထိုင်ရန်အတွက် ငွေတုံး သို့မဟုတ် ငွေပဲစေ့ကို ပေးရန် လိုအပ်ကြောင်းဖြစ်လေသည်။
သူမမှာ တစ်ခုမှမရှိဘူး!
ကျောင်းတော်သို့ အသက်အရွယ်တစ်ခုရောက်ပြီးကာမှ ဝင်ရောက်ခဲ့သူများ၏ ဘဝမှာ ခက်ခဲပေသည်!
သို့သော်လည်း ရှဲ့ချောင်သည်တော့ ကောင်းကောင်းမွန်မွန်ဘဝတွင် နေထိုင်၍နေလေ၏!
••••••