(သွားလေရော့)
Vol. 10 Ch. 173
ရှဲ့ချောင်မှာ စိတ်ရှည်သည်းခံတတ်ရန် နှစ်ချီကြာအောင် လေ့ကျင့်ထားခြင်းဖြစ်သည်။ သူမ ဒေါသဖြစ်နေသော်လည်း ဒါကို သူမမျက်နှာတွင် လုံးဝမပြချေ။
မကြာခင်မှာပဲ ဆရာလု ရောက်လာပြီး မြင်လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့သည်။ ချက်ချင်းပင် သူ စိတ်မချမ်းမြေ့ဟန်ရသည့် မျက်နှာထားနှင့် လျှောက်လာပြီး "မင်းတို့ဘာလုပ်နေကြတာလဲ!”
"ဆရာကြီး ရှဲ့ချောင်က ပန်းချီကားကို အတုဖန်တီးပြီး တော်ဝင်ကျောင်းတော်ကို လက်ဆောင်ပေးခဲ့ပါတယ် သူမက ဆရာကြီး ယွင်ဝေ့ရဲ့ နာမည်ကိုတောင် လိမ်လည်သုံးခဲ့တယ်။ ကျွန်တော်တို့ သူ့ရဲ့ အတန်းဖော်ဖြစ်ရတာကိုတောင် စက်ဆုပ်မိပါတယ်!" ရှေ့ထွက်ပြောလာသည့်သူမှာ သူ့ကိုယ်သူ အမှန်တရား၏ ဘက်တော်သားတစ်ယောက်အလား။
ရှဲ့ချောင်က ရုတ်တရက်မေးလိုက်၏။ "ဆရာ၊ရည်ရွယ်ချက်ရှိရှိစွပ်စွဲမှုနဲ့ အရှက်တကွဲဖြစ်စေမှုတို့အတွက် အပြစ်ပေးသင့်လား?”
ဆရာကြီးလုမှာ ပျိုနီပန်းခြံဝန်းမှ လူများကိုကြည့်လိုက်သည်။ သူ့စိတ်ထဲတွင် မကြည်သာလှပေ။ ထို့ကြောင့် ရှဲ့ချောင်၏စကားကို ကြားသည်နှင့် သူအလိုအလျောက်ပြန်ဖြေလိုက်မိ၏။ "ဒါပေါ့"
၎င်းကိုကြားတော့ ရှဲ့ချောင်မှာ ကျေနပ်စွာ
ခေါင်းညိတ်လိုက်သည်။
"သူတို့က ကျွန်မ အတုဖန်တီးတယ်လို့ ထင်ကြတယ်။ ရှင်းပြနေလည်း အလကားပါပဲ ဒါ့ကြောင့် ဆရာသွားပြီး ကျောင်းအုပ်ကြီးကိုခေါ်လာခဲ့စေချင်တယ် တစ်ခါတည်း ကျွန်မပေးအပ်ခဲ့တဲ့ လက်ဆောင်ကိုပါ ယူလာပေးပြီး ကျွန်မရဲ့ မျက်မြင်သက်သေဖြစ်ပေးပါ အကယ်၍သာ ကျွန်မရဲ့ လက်ဆောင်က အတုဖန်တီးထားတာ မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့ရင်..." ရှဲ့ချောင်က ရပ်လိုက်ပြီး ဖြည်းဖြည်းချင်း ဆက်ပြောလာခဲ့သည်။ "ကျွန်မရဲ့ ဖြူစင်မှုကို ပြန်အရယူပေးဖို့ ဆရာ့ကို တောင်းဆိုပါတယ်"
ရှဲ့ချောင်မှာ ပြီးဆုံးအောင် ပြောသွားပြီးသည့်နောက် အသက်အောင့်ထားမိလိုက်သည်။
"ဒါပေါ့" ဆရာကြီးလုက ချက်ချင်းဖြေကြားလာ၏။
သူသည်လည်း ထိုကောလာဟလကိုကြားပြီး ဒါဟာ သိပ်လွန်လွန်းသည်ဟု တွေးလိုက်မိသေးသည်။
ဒီကျောင်းသားတွေက သူ့လိုဆရာတွေကို ဘယ်လိုလူစားမျိုးလို့များ ထင်နေကြတာပါလိမ့်? ရှဲ့ဖင်းကန်းကြောင့်ဆိုပြီး ရှဲ့ချောင်ကို ပန်းချီကားအတုနဲ့ တော်ဝင်ကျောင်းတော်ထဲ ဝင်ခွင့်ပြုဖို့ ဘယ်လိုလုပ် သဘောတူနိုင်မှာတဲ့လဲ?
ဒါ့အပြင် ရှဲ့ဖင်းကန်း ဆရာတစ်ယောက်ကို ရိုက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့က...
တော်ဝင်ကျောင်းတော်က သူ့အား ထုတ်ပယ်ခဲ့ပြီးဖြစ်၏။ ထိုအချိန်တုန်းက ကျောင်းတော်ဘက်မှ လူထုအား "ထိုဆရာမှာ စစ်သူကြီးရှဲ့အား ရိုင်းပြစွာ စော်ကားခဲ့သောကြောင့် ထိုစကားတို့မှာ ရှဲ့ဖင်းကန်း၏ ဒေါသကို သွားဆွမိပြီး ရိုက်နှက်မှုဖြစ်ပွားခဲ့သည်"ဟူ၍ ရှင်းပြချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ကံမကောင်းစွာနဲ့ လူတိုင်းမှာ ရှဲ့နျိုရှန်း၏ ဓားပြဗိုလ်
ဟူသော သရုပ်ကြောင့် ထိတ်လန့် အံ့အားသင့်နေကြသည်ဖြစ်ရာ တစ်ယောက်မှ အဲ့တုန်းက အဖြစ်မှန်ကို ဂရုမစိုက်ခဲ့ကြပေ။
ဆရာကြီးလုလည်း ကျောင်းအုပ်အား သူကိုယ်တိုင် သွားရောက်ဖိတ်လာခဲ့လိုက်သည်။
ရှဲ့ချောင်မှာ ထိုနေရာတွင် ထိုင်နေဆဲဖြစ်၏။ ပြဿနာရှာရန် ရောက်လာကြသော လူတစ်စုမှာ သူမ ထွက်ပြေးသွားမည်ကို စိုးရိမ်သည့်အလား သူမအား ဝိုင်းထားကြသည်။
လေထုမှာ မွန်းကြပ်ဖွယ် ကောင်းတာကြောင့် ရှဲ့ချောင်က သူမ၏ အဝတ်အိတ်ထဲမှ ငှက်မွှေးယပ်တောင်တစ်ချောင်းကို ထုတ်လိုက်ပြီး ဖြည်းညှင်းစွာ ခတ်နေသည်။ သူမလက်ကောက်ဝတ်ရှိ ဓမ္မခေါင်းလောင်းငယ်လေးမှာ အသံမြည်နေသည်။ ၎င်းက လူတစ်ယောက်၏ စိတ်ဝိဉာဉ်ကို အားဖြည့်ပေးနိုင်သည့် အာနိသင်ရှိသည်။
အဆင်ပြေသွားပြီ.. အခုမှပဲ နည်းနည်းသက်သာသွားတော့တယ်။
ရှဲ့ချောင်၏ အေးဆေးသော ဟန်ပန်က သူမပတ်လည်က သူများအား စိတ်ရှုပ်ထွေးစေခဲ့သည်။
ဖြစ်နိုင်တာက... သူတို့ တကယ်ပဲ သူမကို အထင်လွဲမိသွားတာလား?
ရှဲ့ချောင်က သူတို့ကိုကြည့်လိုက်ပြီး "ရှင်တို့အားလုံး ဒီကိုရောက်လာပြီဆိုမှတော့ အခုမှ ထွက်သွားချင်ရင် နောက်ကျသွားပြီနော် ကျွန်မက မှတ်ဉာဏ်ကောင်းတယ် ဒီမှာ ရှိနေတဲ့ သူတွေအားလုံးရဲ့ မျက်နှာကို ကျွန်မရဲ့ ခေါင်းထဲမှာ သေချာထွင်းထုမှတ်သားထားပြီးပြီ ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူး"
တစ်စုံတစ်ယောက်က မထိန်းနိုင်ဘဲ လှောင်ရယ်လိုက်သည်။ "မင်း ငါတို့ကို ခြောက်လှန့်ဖို့ ကြိုးစားနေတာလား?"
လူတွေအများကြီးရှိနေတာ ဘယ်လိုလုပ် သူမက လူတိုင်းကို မှတ်မိနိုင်မှာလဲ?
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ရှဲ့ချောင်တွင် စွမ်းရည်တစ်ခု ပိုင်ဆိုင်ထား၏။ ထိုစွမ်းရည်က သူမအား လူတိုင်းရဲ့ မျက်နှာကို မှတ်မိနေစေရန် ကူညီပေးခြင်းဖြစ်သည်။ ကြည့်ကောင်းသောသူများမှာ ဆွဲဆောင်မှုရှိသည်။ သူမ သူတို့ကို မေ့ပစ်ချင်လျှင်တောင် မေ့ပစ်လို့ မရပေ။ ရုပ်ဆိုးသော သူများလည်း အပါအဝင်ဖြစ်၏။ သို့သော် သာမန်ဆန်သော ရုပ်ရည်နှင့် လူများအတွက်မူ...
အချို့တွင် လေးကိုင်းကဲ့သို့သော နှုတ်ခမ်းများရှိပြီး
အချို့မှာ နှာခေါင်းပွကြီးများရှိသည်။ အချို့လူများ၏ မျက်နှာတွင်မူ အမည်းသက်များစွာဖြင့်... မည်သို့ပင်ဖြစ်စေကာမူ သူမ လူတစ်ယောက်ချင်းစီ၏ ထူးခြားသော ရုပ်သွင်လက္ခဏာများကို အမြဲ မြင်နိုင်လေသည်။
သဘာဝကျစွာဖြင့် သူတို့အားလုံးကို မှတ်မိနေခြင်းဖြစ်၏။
ဖေဝမ်ယွဲ့မှာ စစချင်းက အလွန်ပင်ယုံကြည်ချက်မြင့်မားနေခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ငိုင်တိုင်တိုင်နှင့် အတွေးတို့က တောင်ရောက်မြောက်ရောက်ဖြစ်ကုန်သည်။
ရှဲ့ချောင် တကယ်ပဲ မစိုးရိမ်ဘူးလား?
သူမ ရှဲ့ချောင်၏ မျက်နှာထက်တွင် ထိတ်လန့်မှု တစ်စွန်းတစ်စလေးကိုတောင် လုံးဝမတွေ့ရချေ။
'တကယ်ပဲ အဲ့ပန်းချီကားက အတုဖန်တီးထားတယ်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူးဆိုပြီးပဲ သူမ တွေးနေတာလား?'
'ဒါမှမဟုတ် ဖြစ်နိုင်တာက... တကယ်ပဲ အတုမဟုတ်တာများလား?'
'မဖြစ်နိုင်တာ! အကယ်၍သာ အမှန်ဆိုရင် အဲ့တုန်းက ဒီပန်းချီကားက အစစ်ပါဆိုပြီး ရှဲ့ချောင် ပြန်တောင်မငြင်းဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? ဆရာကြီးယွင်ဝေ့ရဲ့ ဂန္တဝင်လက်ရာတွေက သိပ်တန်ဖိုးရှိတာ... တကယ်အစစ်သာဆို သူ တစ်လောကလုံးကိုတောင် သိစေချင်မှာပဲလေ!'
'အဲ့တုန်းက ရှဲ့ချောင် ဘာလုပ်ခဲ့တာပါလိမ့်? သူ အဲ့ပန်းချီကားကို ပြပြီးပြီးချင်းပဲ ပြန်ဆွဲယူသွားပြီး သိမ်းလိုက်တာ၊ လူတွေကို ပြတောင် မပြချင်ဘူး'
ထိုသို့ တွေးပြီးနောက် ဖေဝမ်ယွဲ့ ပြန်လည်ပြီး ယုံကြည်ချက်ရှိလာခဲ့သည်။
ဒီအမှုကိစ္စကြောင့်ပဲ သူမ မိတ်ဆွေများစွာ ရခဲ့သည်။ ဒါ့ကြောင့် ရှဲ့ချောင် ဒီကျောင်းတော်က ထွက်သွားတာနဲ့ သူမရဲ့ ဘဝကလည်း ပိုပြီး တိုးတက်ကောင်းမွန်လာမှာ။
ရှဲ့မိသားစုရဲ့ အခြားကလေးနှစ်ယောက်လည်း ထုတ်ပယ်ခံရမယ်ဆို... အကောင်းဆုံးပဲပေါ့။
အဲ့အချိန်ရောက်ရင် ဓားပြမိသားစုရဲ့ ဆွေမျိုးဆိုတဲ့ ဂုဏ်ပုဒ်ကို သူမ ဖယ်ရှားပစ်နိုင်ပြီ... ထိုအရာက သူမကို ထပ်ပြီး သက်ရောက်တော့မည် မဟုတ်ချေ။
•••••••