နန်းကြည်၏ နောက်ခံ
Vol. 34 Ch. 496
နေရောင်ခြည်က ကျိန်းစပ်သောကြောင့်ပဲလား၊ ဆူဇီမိုကို စိုက်ကြည့်နေတာကို အာရုံခံမိသွားတာကြောင့်လား မပြောတတ်ပေ။ နန်းကြည်၏ မျက်ရစ်က လှုပ်သွားပြီးနောက် သူမမျက်လုံးကို ဖွင့်ကာ ဇဝေဇဝါနှင့် နိုးလာ၏။
“အ..”
ဆူဇီမိုက ပြုံးက သူမ၏ မျက်နှာကို အနီးကပ်စိုက်ကြည့်နေသည်ကို တွေ့သောအခါ သူမသည် အံ့အားတသင့် အသံထွက်၍ အနည်းငယ် ရှက်သွား၏။
နန်းကြည်က ကပျာကယာ မတ်တပ်ရပ်၍ သူမ၏ ကိုယ်ပေါ်က ဖုန်မှုန့်များကို ခါလိုက်၏။ ဆူဇီမိုကို တည့်တည့်မကြည့်ရဲဘဲ သူမက ရှက်ရွံ့သလိုပုံစံနှင့် ရေရွတ်လိုက်၏။
“အာ.. ငါဘယ်လိုဖြစ်ပြီး အိပ်ပျော်သွားတာပါလိမ့်”
“မင်းဒီမှာ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ”
ဆူဇီမို၏ အသံက ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်ပြီး နူးညံ့နွေးထွေးနေ၏။
“သုံးရက်ပါ” နန်းကြည်က ပြန်ဖြေလိုက်၏။
ဆူဇီမို၏ နှလုံးသားက နွေးထွေးသွား၏။
လွန်ခဲ့သည့်သုံးရက်က သူသည် အတွင်းအမြုတေကို စတင်ဖွဲ့တည်ခဲ့ပြီး သူ့လိုဏ်ဂူခန်းဝါက ပြိုကျသွားခဲ့၏။
သူက သားရဲကျင့်စဉ်ရော အင်မော်တယ်ကျင့်စဉ်ကိုပါ ကျင့်ကြံတာကြောင့် သုံးရက်လောက် မနားရခြင်းက သူ့အတွက် ဘာမှမဟုတ်ဘဲ သူက အားအင်ပြည့်ဝနေဆဲဖြစ်၏။ သို့သော်လည်း နန်းကြည်လို မိန်းမငယ်လေးတစ်ယောက်အတွက်တော့ အဲ့ဒါက တောင့်ခံဖို့ အတော်ခက်ပေမည်။
ဆူဇီမိုက နူးညံ့စွာ ပြောလိုက်၏။
“သွား ပြန်ပြီး နားလိုက်ဦး.. ငါ အဆင်ပြေပါတယ်”
“အို့”
နန်းကြည်က ခေါင်းညိတ်ပြီး ဆက်ပြောလိုက်၏။
“ဆရာမက ပြောတယ်.. သခင်လေးရဲ့ လိုဏ်ဂူခန်းဝါက ပျက်စီးသွားပြီတဲ့.. အဲ့ဒါ နောက်တစ်ခု ပြန်ရွေးထားတယ်တဲ့”
“ဆရာမလား”
ဆူဇီမိုသည် ကြောင်အသွား၏။
နန်းကြည်က တက်ကြွစွာနှင့် ပြန်ဖြေလိုက်၏။
“စီနီယာကြိုးကြာက ကျမကို သူ့တပည့်အဖြစ် လက်ခံလိုက်တယ်လေ”
“အဲ့ဒါ ကောင်းတာပေါ့”
ဆူဇီမိုက နှစ်ခြိုက်သွားပြီး ခေါင်းညိတ်ကာ အရွှန်းဖောက်လိုက်၏။
“အခုဆို ဂိုဏ်းထဲမှာ မင်းက ငါ့ထက်တောင် ဆရာကျနေပြီပဲ”
အင်မော်တယ်ကြိုးကြာက ဂိုဏ်းအတွင်းမှာ စီနီယာအကျဆုံးဖြစ်ပြီး အသန်မာဆုံးလဲ ဖြစ်လေသည်။ အင်မော်တယ်ကြိုးကြာထံမှ တိုက်ရိုက်သင်ယူဆည်းပူးခွင့် ရမည်ဆိုလျှင် နန်းကြည်၏ အနာဂတ်အောင်မြင်မှုက အကန့်အသတ်မဲ့လာပေလိမ့်မည်။
“ဘာမှ မပူပါနဲ့ သခင်လေး.. ကျမအခန်းက သခင်လေးအခန်း ဘေးမှာပါပဲ”
နန်းကြည်က အလောတကြီး ဆက်ရှင်းပြလိုက်၏။
“အခုကစပြီး သခင်လေး တစ်ခုခု လိုအပ်တာရှိရင် အချိန်မရွေး လှမ်းခေါ်လိုက်ပါ.. မိုစိတ်ဝိညာဉ်ပန်းပဲရုံမှာတုန်းကလိုပဲ သခင်လေးကို ကျမ ကူညီပေးပါ့မယ်”
ဆူဇီမိုက ပြုံးလိုက်၏။
“အခုကစပြီး ငါတို့က ဂိုဏ်းသားဖော်တွေ ဖြစ်သွားပြီ.. ငါတို့ အရင်တုန်းကလိုမျိုး နေစရာ မလိုတော့ဘူး”
“အဲ့လို ဘယ်ဟုတ်ပါ့မလဲ.. သခင်လေးက အရင်တုန်းက ကျမကို မခေါ်ထားခဲ့ရင် ကျမက ဒီနေ့ ဒီနေရာကိုတောင် ရောက်လာမှာ မဟုတ်ဘူး”
နန်းကြည်က သူမ၏ ခေါင်းကို ခါပြီး တည့်တံ့စွာ ပြောလိုက်၏။
“သခင်လေး.. အနာဂတ်မှာ ကျမက ဘယ်ကျင့်ကြံမှုအဆင့်ကိုပဲရောက်ရောက်၊ ဘယ်လိုအဆင့်အတန်းပဲရှိရှိ.. ကျမက အမြဲတမ်း သခင်လေးဘေးက အိမ်ဖော်မလေးတစ်ယောက် ဖြစ်နေဦးမှာပါပဲ”
“မင်း ပေါက်ကရတွေ ထပ်ပြောနေပြန်ပြီ”
ဆူဇီမိုက ရယ်မော၍ အဲ့ဒါကို စိတ်ထဲ မထားပေ။
သူ မသိခဲ့သည်မှာ သူ့အတွက် ပေါက်ကရတွေ ဆိုတာက နန်းကြည်၏ နှလုံးသားထဲတော့ အလွန်ပြတ်သားသည် သစ္စာတစ်ခု ဖြစ်လေသည်။
ဆူဇီမိုက ပြောလိုက်၏။
“ကဲ သွားရအောင်.. ငါ့လိုဏ်ဂူခန်းဝါဆီကို ခေါ်သွားပေးဦး”
“ဟုတ်ကဲ့”
နန်းကြည်က ခေါင်းညိတ်လိုက်၏။
သူတို့နှစ်ယောက်က ဓါးပျံများစီး၍ ထွက်ခွာလိုက်ကြ၏။
လမ်းတွင်.. ဆူဇီမိုက ခဏမျှ စဉ်းစားပြီးနောက် သာမန်ကာလျှံကာပုံစံဖြင့် မေးလိုက်၏။
“ဒီအတောအတွင်း တစ်ခုခု ထူးခြားတာ ဖြစ်ခဲ့သေးလား”
“ဘာမှ သိပ်မရှိပါဘူး”
နန်းကြည်က ခဏမျှ စဉ်းစားလိုက်၏။
“အဲ့ဒီမှာ ဂိုဏ်းထဲကို ဝင်ချင်တဲ့ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေတော့ အတော်များများ ရောက်လာကြတယ်..ပြီးတော့ မဟာကျိုးတော်ဝင်မိသားစုနဲ့ အခြားဂိုဏ်းကြီးလေးဂိုဏ်းက လက်ဆောင်ပဏ္ဏာတွေနဲ့ ကျင့်ကြံသူတွေ စေလွှတ်ပြီးတော့ သူတို့ရဲ့ စေတနာကောင်းနဲ့ မိတ်ဖွဲ့လိုမှုကို ပြခဲ့ကြတယ်”
အခုအခါ ဆန်းကြယ်တောင်ထွတ်မှာ ဓမ္မဝိသေသပညာရှင်တစ်ယောက် ရှိလာပြီဖြစ်ပြီး သူတို့တိုးတက်လာဖို့က အချိန်တစ်ခုသာ လိုတော့လေသည်။
ထိုပြောင်းလဲမှုများက ဆူဇီမို ခန့်မှန်းမိပြီးသားပင်။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက အကြည့်ကို ကျဉ်းမြောင်း၍ မေးလိုက်၏။
“ရောင်ဝါလင်းလက်တိမ်နန်းတော်နဲ့ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကရော လူတွေ လွှတ်ကြတာလား”
“လွှတ်ပါတယ်”
နန်းကြည်က ခေါင်းညိတ်ပြလိုက်၏။
ဆူဇီမိုက ဆိတ်ဆိတ်နေ၏။
အခြားဂိုဏ်းကြီးလေးဂိုဏ်းက အညံ့ခံအောက်ကျို့မှုကို ပြသသွားကြပြီဖြစ်သော်လည်း သူနှင့် ပကတိသက်ရှိကန်းလန်ကြားက ရန်းငြိုးက ဘယ်လိုမှ ညှိနှိုင်းလို့ မရတော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ သူ့အတွက် အခွင့်အရေးက နည်းပါးလာမည်ကို ပကတိသက်ရှိကန်းလန်ကလည်း နားလည်ထားပေလိမ့်မည်။
ဆူဇီမိုက အန္တိမအခြေတည်အဆင့်ကို ရောက်နေပြီးဖြစ်၏။
သိပ်မကြာမီ သူတို့နှစ်ယောက်သည် လိုဏ်ဂူခန်းဝါနှစ်ခုရှေ့သို့ ရောက်လာ၏။
နန်းကြည်က တခစ်ခစ် ရယ်လိုက်၏။
“ကျမတို့ ရောက်လာပြီး ညာဘက်ကတစ်ခုက ကျမအခန်း.. ဘယ်ဘက်ကတော့ သခင်လေး အခန်းပေါ့”
“အေး ဟုတ်ပြီ.. သွားပြီး နားလိုက်ဦး”
“အင်း.. သခင်လေး လိုအပ်တာရှိရင် ကျမကို လှမ်းခေါ်လိုက်နော်”
“ဒါနဲ့”
ရုတ်တရက် ဆူဇီမိုက နန်းကြည်ကို ပြန်ခေါ်ပြီး ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မေးလိုက်၏။
“မင်းရဲ့ ကလေးဘဝကို မင်းဘယ်လောက်ထိ မှတ်မိသေးလဲ”
“အာ”
နန်းကြည်၏ မျက်လုံးအနက်ပိုင်းထဲတွင် ကြောက်ရွံ့မှုက ဖျတ်ကနဲ ပေါ်လာ၏။ သူမ၏ ခေါင်းကို ငုံ့ပြီး အထစ်ထစ်အငေါ့ငေါ့နှင့် ပြောလိုက်၏။
“ကျ-ကျမ သိပ်မမှတ်မိတော့ဘူးရှင့်.. သခင်လေးနဲ့ မတွေ့ခင်ထိ ကျ-ကျမက မ-မဟာကျိုး မြို့တော်ထဲမှာ လှည့်ပတ်လျှောက်သွားနေခဲ့တာပဲ”
ဆူဇီမိုက ထပ်ပြီး မတိုက်တွန်းတော့ဘဲ နန်းကြည်ကို လေးနက်စွာ ကြည့်နေလိုက်၏။
“ဘာရယ်မဟုတ်ပါဘူး.. ငါက ဒီအတိုင်း မေးကြည့်တာ.. သွားနားတော့လေ”
နန်းကြည်က ခေါင်းညိတ်ပြီး ဆူဇီမိုကို မကြည့်ရဲဘဲ သူမနောက်ဘက်ရှိ လိုဏ်ဂူခန်းဝါထဲသို့ လှည့်ဝင်သွားတော့၏။
ဆူဇီမိုသည် နန်းကြည်၏ နောက်ကျောကို အတွေးနက်စွာဖြင့် ငေးကြည့်နေမိ၏။
တစ်ကယ်ကို နန်းကြည်၏ နောက်ခံက အမြဲတမ်း ဆန်းကြယ်နေခဲ့လေသည်။
အဲ့ဒါသည် နန်းကြည်၏ မွေးရာပါ နတ်ဘုရားခွန်အားနှင့် ကြောက်စရာကျင့်ကြံမှုအမြန်နှုန်းကြောင့်ချည်းပဲ မဟုတ်ပေ။ အဲ့ဒီမှာ အခြားထူးဆန်းတာ တစ်စုံတစ်ရာ ရှိနေသေး၏။
အဲ့ဒီတုန်းက သူတို့ ပထမဆုံး တွေ့ခဲ့ချိန်တွင် ဆူဇီမိုက နန်းကြည်ကို စားစရာအချို့ ကမ်းပေးခဲ့ချိန်တွင်.. သူ့ရင်ခွင်ထဲရှိ ညဝိညာဉ်က နန်းကြည်အနား တိုးကပ်သွားပြီး စေ့စေ့စပ်စပ် လိုက်လံနမ်းရှုံ့နေခဲ့၏။
အဲ့ဒီမှာ ညဝိညာဉ်ကို စိတ်ဝင်စားစေနိုင်တဲ့အရာ သိပ်ပြီးများများစားစား မရှိပေ။
နဂါးရိုးတောင်ကြားမှ နဂါးဥသည် အဲ့ဒါတွေထဲက တစ်ခု ဖြစ်လေသည်။
တစ်ကယ်တော့ အဲ့ဒါတစ်ခုတည်းက နန်းကြည်၏ နောက်ခံကို သံသယဝင်ဖို့ မလုံလောက်ပေ။
အရေးအကြီးဆုံးအချက်မှာ ဆူဇီမိုသည် နန်းကြည်နှင့် စတင်တွေ့ဆုံချိန်ကတည်းက ထိုကလေးမသည် အသက် ၁၅နှစ်အရွယ်လောက်ကနေ တက်မလာတော့ပေ။
လေးနှစ်တာက ကုန်ဆုံးခဲ့ပြီဖြစ်သော်လည်း သူမက အရင်တုန်းကလိုပဲ ငယ်ရွယ်နုပျိုနေဆဲဖြစ်၏။
နန်းကြည်၏ ခန္ဓာကိုယ်မှာ အချိန်က ရပ်တန့်နေသလိုပင်။
အဲ့ဒါက မဖြစ်နိုင်ပေ။
မဟုတ်မှလွဲ... နန်းကြည်၏ မွေးရာပါ ဘဝသက်တမ်းက အလွန်တရာကို ရှည်လျားလှပြီး သူမ၏ စုစုပေါင်း ဘဝသက်တမ်းနှင့် နှိုင်းယှဉ်လျှင် ထိုလေးနှစ်တာကာလက လျစ်လျူရှုလို့ရအောင် တိုတောင်းလွန်းလှသောကြောင့်ပင်။
သူမက ဘယ်လိုလူလဲ.. ဒီထက်ပိုပြီး ပြောရရင် သူမ၏ မျိုးနွယ်ပင်.. ဘယ်မျိုးနွယ်ကများ ဒီလောက်ထိ ရှည်ကြာသည့် မွေးရာပါဘဝသက်တမ်းကို ပိုင်ဆိုင်နိုင်တာလဲ။
ဆူဇီမို၏ စိတ်ထဲမှာ ရိုးတိုးရိပ်တိတ် ခန့်မှန်းချက်တစ်ခုတော့ ရှိ၏။
အဲ့ဒါက တိကျမှုတော့ မရှိပေ။
ဘာပဲပြောပြော.. ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ ထူးဆန်းသည့် သစ်သီးသစ်ဖုများနှင့် ရတနာများက များစွာ ရှိလေသည်။ နန်းကြည်သည် အတိတ်ကာလတစ်ခုမှာ အလွန်တရာ ထူးဆန်းသည့် သစ်သီး သို့မဟုတ် ဆေးလုံးတစ်လုံးကို စားသုံးခဲ့မိပြီး ရလဒ်အနေဖြင့် သူမ၏ ခွန်အားက အလွန်တရာ သန်မာလာပြီး သူမ၏ ဘဝသက်တမ်က များစွာတိုးပွားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်လေသည်။
အင်မော်တယ်ကြိုးကြာကြီးကလည်း တစ်ခုခုကို သတိထားမိသွားခဲ့ပုံရပြီး ထို့ကြောင့်ပင် သူမက နန်းကြည်ကို သူမ၏ တပည့်အဖြစ် လက်ခံခဲ့တာ ဖြစ်ရပေမည်။
ပြောရမည်ဆိုလျှင် ဆူဇီမိုသည် နန်းကြည်၏ စိတ်နှလုံးကို သံသယမဝင်မိပေ။
နန်းကြည်က သူမ၏ နောက်ခံကို တမင်သက်သက် ဖုံးကွယ်ထားခဲ့သော်လည်း သူမသည် ရိုးရှင်းပြီး ကြင်နာတတ်သော မိန်းကလေးတစ်ယောက်ဖြစ်ကာ သူ့အပေါ်ကိုရော ဆန်းကြယ်တောင်ထွတ်အပေါ်ပါ မကောင်းသည့်စိတ်ထား လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။
လျှို့ဝှက်ချက်မရှိတဲ့သူကရော ဘယ်သူများ ရှိလို့လဲ..
ဆူဇီမိုမှာလည်း သူ့ကိုယ်ပိုင် လျှို့ဝှက်ချက် ရှိတာပဲ..
သူသည် သူ၏ သားရဲကျင့်ကြံမှုကို မည်သူကိုမှ ပြောပြလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် အတွေးစကိုဖြတ်၍ ထိုကိစ္စကို ဘေးဖယ်ထားလိုက်တော့၏။ သူသည် စိတ်ပြေလက်ပျောက် လမ်းအနည်းငယ်လျှောက်ပြီးနောက် သူ၏ လိုဏ်ဂူခန်းဝါအသစ်ထဲသို့ ဝင်လိုက်၏။
သူသည် သူ၏ ရွှေအမြုတေကို ဆက်လက်ဖွဲ့တည်ဖို့ ပြင်ဆင်ထားလေသည်။
သူသည် အတွင်းအမြုတေကို ဖွဲ့တည်၍ သူ့ခွန်အားက မြောက်များစွာ တိုးပွားလာခဲ့ပြီဖြစ်သော်လည်း သူ့ရန်သူများကို သတ်ဖြတ်ဖို့အတွက် အတွင်းအမြုတေစွမ်းအားကို ထုတ်ဖော်က တော်တန်ရုံအခြေအနေနှင့် မဖြစ်နိုင်ပေ။ သူ၏ သားရဲကျင့်ကြံမှုက ပေါ်ပေါက်သွားပေလိမ့်မည်။
သူသည် သူ၏ အင်မော်တယ်ကျင့်ကြံခြင်းမှာ ရွှေအမြုတေအဆင့်သို့ ဝင်ရောက်သွားပြီးမှသာ တစ်ကယ်ရွှေအမြုတေတစ်ယောက်အဖြစ် ခံယူလို့ ရပေမည်။
ဒါ့အပြင် သူသည် ဘယ်လို ရွှေအမြုတေနယ်မြေအမျိုးအစားကို ဖန်တီးနိုင်မလဲဆိုတာ စိတ်လှုပ်ရှားနေလေပြီ။