← Chapters

စက္ကူကြိုးကြာ

Vol. 34 Ch. 498

စက္ကူကြိုးကြာ

Vol. 34 Ch. 498

ပကတိသက်ရှိကန်းလန်က လှောင်ပြုံးတစ်ချက်ပြုံးပြီး တည်တံ့စွာ ပြောလိုက်၏။

“ဒီစိတ်ဝိညာဉ်သော့ခတ်ပန်းကို ကျုပ် မဟာချွမ်အပျက်အစီးနယ်မြေကနေ ရခဲ့တာဗျ.. ကျုပ်မှာ အဲ့ဒါကို ပြန်ရှင်လာဖို့ နှစ်တော်တော်လေး ပြုစုပျိုးထောင်လိုက်ရသေးတယ်”

မဟာချွမ်အပျက်အစီးနယ်မြေဟု ပြောချိန်တွင် အခြားရွှေအမြုတေလေးယောက်၏ မျက်နှာအမူအယာက ပြောင်းလဲသွားပြီး အသက်ပြင်းပြင်းရှူကာ သူတို့၏ မျက်လုံးများထဲမှာ စိုးရိမ်မှုကပေါ်လာ၍ တိတ်ဆိတ်သွားကြ၏။

အတန်ကြာပြီးနောက်..

ကောင်းဟူက ပြောလိုက်၏။

“တာအိုရောင်းရင်းကန်းလန်.. ခင်ဗျား နောက်တစ်ခါ မဟာချွမ်အပျက်အစီးနယ်မြေဘက်ကို ရတနာသွားရှာရင် ကျုပ်ကိုပါ ခေါ်ပါလားဗျ.. အဲ့လိုဆို ကျုပ်တို့ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်လို့ ရတာပေါ့”

“အဟက်.. အဲ့ဒါက သေနိုင်ခြေ အရမ်းမြင့်မားတဲ့နေရာပဲ.. နောက်တစ်ခါဆို ကျုပ် အသက်ရှက်လျက် ပြန်လာနိုင်မှာ မဟုတ်လောက်တော့ဘူး”

ပကတိသက်ရှိကန်းလန်က ရင်တဒိတ်ဒိတ်ခုန်လာရင်း ပြန်ပြောပြလိုက်၏။

“ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျုပ်က အပြင်ဘက် အစပ်နားလေး လျှောက်သွားတာတောင် အဲ့ဒီမှာ သေတော့မလို့ပဲ”

ထန်ဟောက်က တောက်ပစွာပြုံးပြီး ပြောလိုက်၏။

“ခင်ဗျားက အဲ့ဒီဆူဇီမိုကို တော်တော်လေး အထင်ကြီးထားတာပဲ.. ဟုတ်တယ်မလား တာအိုရောင်းရင်းကန်းလန်.. ခင်ဗျားက စိတ်ဝိညာဉ်သော့ခတ်ပန်းကိုတောင် ထုတ်သုံးလာပြီဆိုတော့လေ”

“အခြေတည်အဆင့်တစ်ယောက်အတွက်နဲ့ စိတ်ဝိညာဉ်သော့ခတ်ပန်းကို သုံးမှာကတော့ လွန်လွန်းတယ်လို့ မထင်ဘူးလားဗျာ” ကောင်းဟူက မေးလိုက်၏။

စိတ်ဝိညာဉ်သော့ခတ်ပန်းက လူတစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအင်ကို ပကတိ ချုပ်နှောင်ပေးထားနိုင်လေသည်။

စိတ်ဝိညာဉ်သော့ခတ်ပန်းကို ပြန်သိမ်းရင်း ပကတိသက်ရှိကန်းလန်က အေးစက်စွာ ပြောလိုက်၏။

“ကျုပ်ပြောပြီးပြီလေ.. ခြင်္သေ့တောင်မှ ယုန်တစ်ကောင်ကို လိုက်ဖို့အတွက် အင်အားကုန်ထုတ်သုံးတယ်လို့.. ဒီတိုက်ခိုက်မှုမှာ ဘာအမှားအယွင်းမှ ကျုပ်အဖြစ်မခံနိုင်ဘူး”

ထန်ဟောက်က ခေါင်းညိတ်လိုက်၏။

“စိတ်ဝိညာဉ်သော့ခတ်ပန်းနဲ့ဆို.. အဲ့ကောင်လေးရဲ့ အကြီးဆုံးဝှက်ဖဲဖြစ်တဲ့ နတ်နဂါးတစ်ကောင်ကို ဆင့်ခေါ်နိုင်တဲ့ လျှို့ဝှက်အတတ်လဲ ဘာမှ သုံးစားရမှာ မဟုတ်တော့ဘူး”

“ဒါတင်ဘယ်ကမလဲ.. သူက ရွှေအမြုတေအဆင့်ရောက်နေပြီဆိုရင်တောင် ဘာမှ လုပ်မရတော့ဘူး.. သူ့စိတ်ဝိညာဉ်စွမ်းအင်က သောခတ်ခံထားရမှတော့ ရွှေအမြုတေတစ်ယောက်ရဲ့ နည်းစနစ်တွေ သူဘာတစ်ခုမှ ထုတ်သုံးရမှာ မဟုတ်ဘူး.. အပြင်ဘက်မှာ ခင်းကျင်းထားတဲ့ ဝင်္ကပါနဲ့ဆို သူ့မှာ တောင်ပံရှိရင်တောင် ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး”

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ စီမာကျီ၏ မျက်လုံးက ဝင်းလက်သွားပြီး စိတ်လှုပ်ရှားလာကာ ပြောလိုက်၏။

“တောင်ပံလား”

ပကတိသက်ရှိကန်းလန်က လှောင်ရယ်လိုက်၏။

“ခင်ဗျားတို့ မေ့နေပြီလား.. သူ့စိတ်ဝိညာဉ်စွမ်းအင်က သော့ခတ်ခံထားရမှတော့ ဆန်းကြယ်တောင်ထွတ်ရဲ့ လျှို့ဝှက်အတတ်..ဆန်းကြယ်တောင်ပံကိုလဲ ဘယ်သုံးလို့ ရပါတော့မလဲ.. သူက မြေပြင်မှာ မတ်တပ်ရပ်ပြီး ကျုပ်တို့ကို မော့ကြည့်နေဖို့ပဲ ရမယ်”

ကောင်းဟူက သွားဖြဲလိုက်၏။

“အဲ့လိုသာဆို ငါတို့က လေထဲမှာ ရပ်နေရုံနဲ့ အဲ့ကောင်လေးက ငါတို့ကို ဘာမှ လုပ်လို့ ရမှာ မဟုတ်တော့ဘူး.. ငါတို့ကတော့ လေထဲကနေ စိတ်ရှိသလို သူ့ကို တိုက်ခိုက်ရုံပဲပေါ့”

“ဒါပေါ့”

“အဲ့ဒါ မိုက်တယ်”

သူတို့ငါးယောက်က အကြည့်ချင်းဖလှယ်ပြီး စိတ်လက်ပေါ့ပါးစွာ ရယ်မောလိုက်ကြ၏။

“သူ့ကို သတ်ပြီးရင် သူ့ဆီက ရတနာတွေကို ကျုပ်တို့ဘယ်လို ခွဲယူကြမလဲ အရင်ဆွေးနွေးထားရအောင်.. အဲ့လိုမှ နောက်ကျရင် အချင်းများစရာ မလိုတော့မှာ” လျန့်ဟမ်က မှင်သေသေဖြင့် ပြောလိုက်၏။

“မပူပါနဲ့ ကျုပ်တို့ နဂိုသဘောတူထားတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”

ပကတိသက်ရှိကန်းလန်က လေးနက်စွာ ပြောလိုက်၏။

“အဲ့ကောင်လေးရဲ့ နဂါးဆင့်ခေါ်တဲ့လျှို့ဝှက်အတတ်နဲ့ မူလစိတ်ဝိညာဉ်လက်နက်ကိုတော့ တာအိုရောင်းရင်းလျန့်ဟမ်ကို ပေးမယ်.. သူ့ရဲ့ခန္ဓာမီးဆေးနည်းစနစ်ကတော့ တာအိုရောင်းရင်းကောင်းဟူအတွက်ပဲ.. သူ့ရဲ့ ဓါးဝင်္ကပါနည်းစနစ်ကိုတော့ တာအိုရောင်းရင်းထန်ဟောက်ယူ.. သူ့ရဲ့ လက်နက်သွန်းလုပ်တဲ့နည်းစနစ်ကတော့ ညီကိုစီမာကျီအတွက်ပေါ့”

“နောက်ဆုံးကျန်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ၊ ဆေးလုံးတွေနဲ့ စိတ်ဝိညာဉ်လက်နက်တွေကိုတော့ ကျုပ်တို့ငါးယောက် အညီအမျှ ခွဲယူကြတာပေါ့”

“အဲ့ဒါ အဆင်ပြေတယ်”

လျန့်ဟမ်နှင့် အခြားလေးယောက်က ကျေနပ်နှစ်ခြိုက်စွာ ခေါင်းညိတ်လိုက်ကြ၏။

ကောင်းဟူသည် အစကတည်းက ခန္ဓာမီးဆေးကျင့်ကြံသူဖြစ်ပြီး သူ့ကို စိတ်အဝင်စားစေဆုံးအရာမှာ ဆူဇီမို၏ ခန္ဓာမီးဆေးနည်းစနစ်ပင်။

လူတိုင်းသည် သူတို့လိုချင်တာကို ရသွားကြ၏။

လူတိုင်းက ထွက်ခွာကြတော့မည် အချိန်မှာ စီမာကျီက မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“ကျုပ်ကြားတာ ခင်ဗျားရဲ့ အဲ့ဒီတပည့်မက ခင်ဗျားအမိန့်ကို မနာခံဘဲနဲ့ ဆန်းကြယ်တောင်ထွတ်ကို သွားတိုက်တဲ့ တိုက်ပွဲမှာ မပါခဲ့ဖူးဆို.. သူ့ရဲ့ အချစ်ဟောင်းကို သတ်မယ့်ကိစ္စမှာ သူက ကျုပ်တို့ကို ကူညီပါ့မလားဗျ”

“သူတို့က ငယ်ကျွမ်းဆွေတွေဆိုမှတော့ သူက အဲ့ကောင်မလေးလက်ရေးကို မှတ်မိနေမှာပေါ့.. ခင်ဗျား ပုံသွင်းတာက တစ်ခုခုလိုသွားရင် သူက သတိထားမိသွားမှာပဲ” ထန်ဟောက်က ပြောလိုက်၏။

“ဟမ့်”

ပကတိသက်ရှိကန်းလန်က ငေးငိုင်သွားသောပုံစံနှင့် အေးစက်စွာ နှာမှုတ်လိုက်၏။

“ဒီတစ်ခေါက်တော့ သူ့မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိတော့ဘူး”

စီမာကျီနှင့် အခြားသူများသည် ရင်ထိတ်သွားကြ၏။

ပကတိသက်ရှိကန်းလန်၏ မျက်နှာပေါ်က သတ်တော့ဖြတ်တော့မည့်ပုံစံအရဆို.. ဆူဇီမိုကို သတ်ဖို့အတွက် သူက သူ့တပည့်မကို စတေးတော့မည့်ပုံပင်။

“အဲ့ဒီ သစ္စာဖောက်မကို ကျုပ်ဘေးမှာ ဆက်ထားရင် အနှေးနဲ့အမြန်ဆိုသလို သူက ကျုပ်ကို ဒုဏ္ခပေးတော့မှာပဲ”

ပကတိသက်ရှိကန်းလန်က မျက်လုံးကို မှေးကျဉ်းပြီး နှင်းခဲလွှာလို အေးစက်စွာ ကြေညာလိုက်၏။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ကောင်မလေးက သူ့အမြုတေကို ဖွဲ့တည်တော့မှာလေ.. ဟဲဟဲ.. ရွှေအမြုတေအဆင့်ကို ဝင်ရောက်ဖို့ဆိုတာ လူတိုင်းအတွက် လွယ်ကူတဲ့ကိစ္စမှ မဟုတ်တာ.. အဲ့ဒါကို လုပ်ဆောင်နေတုန်း မတော်တဆ တစ်ခုခုဖြစ်သွားတယ်ဆို အဲ့ဒါက သဘာဝကျတယ်မလား”

. . .

တစ်လကြာပြီးနောက်..

ဆန်းကြယ်တောင်ထွတ်တွင်..

ဆူဇီမိုသည် သူ့လိုဏ်ဂူခန်းဝါထဲမှာ တင်ပျဉ်ခွေထိုင်နေ၏။ သူ့လက်ဖဝါးနှစ်ဖက်ကို သူ့ဒူးပေါ်မှာ တင်ထားပြီး မျက်နှာကိုမော့ကာ မျက်လုံးများကို မှိတ်၍ အသက်ကို မှန်မှန်ရှူနေ၏။

အတန်ကြာပြီးနောက် ဆူဇီမိုသည် သူ့မျက်လုံးကို ဖွင့်ပြီး အသက်ကို တစ်ချက်ဆွဲရှူပြီးနောက် တရားထိုင်ကျင့်ကြံနေရာကနေ နိုးထလိုက်၏။

“ငါ အဲ့ဒါကို မလုပ်နိုင်သေးဘူးပဲ”

ဆူဇီမိုက ခေါင်းခါလိုက်၏။

ပြီးခဲ့တဲ့လအတွင်း သူသည် ချီများကို စုဖွဲ့၍ ကျင့်ကြံနေရင်း ဒီလှိုင်းကျမ်းနှင့် အဆူရာဆေဘာတို့ကို ဆင်ခြင်သုံးသပ်နေကာ တစ်ဆက်တည်းမှာပင် အင်မော်တယ်လမ်းကြောင်းပေါ်သို့ သူခြေချချိန်မှစ၍ သူရရှိခဲ့သမျှ လျှို့ဝှက်အတတ်များစွာကို ကောက်ချက်ချ သုံးသပ်နေခဲ့၏။

လွန်ခဲ့သည့် လဝက်ကတည်းက သူ့စိတ်ဝိညာဉ်စွမ်းအင်က အကန့်အသတ်ကို ရောက်ရှိသွားပြီး သူ့စိတ်ဝိညာဉ်ပင်လယ်က နောက်ထပ်ကျယ်ပြန့်ခြင်း မရှိတော့ပေ။

ပြောရမည်ဆိုလျှင် သူသည် အန္တိမအခြေတည်အဆင့်၏ အထွတ်အထိပ်ကို ရောက်ရှိနေပြီးဖြစ်၏။

ထိုအခြေအနေများအရ သူက သူ၏ ရွှေအမြုတေကို ဖွဲ့တည်ဖို့ ကြိုးစားရပေတော့မည်။

သဘာဝအားဖြင့် ဆူဇီမိုကျင့်ကြံသော စိတ်ဝိညာဉ်စွမ်းအင်က မီးစွမ်းအင်ဖြစ်၏။ သို့သော်လည်း တည်ငြိမ်ပင်လယ်ကျမ်း၊ ဒီလှိုင်းကျမ်းနှင့် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်လိုမျိုး သူကျင့်ကြံထားသည့် ကျင့်ကြံမှုနည်းစနစ်များစွာက ရေဓါတ်နှင့် ဆက်စပ်နေလေသည်။

သူသည် အမြုတေကို အတင်းအကျပ် ဖွဲ့တည်ဖို့ ကြိုးစားမည်ဆိုလျှင် ပြဿနာကြီးတစ်ခု တက်လာနိုင်လေသည်။

“အချိန်မှန် မဟုတ်သေးဘူးပဲ”

သူသည် အလေးအနက် တွေးလိုက်၏။

ကျင့်ကြံရေးလမ်းကြောင်းတွင်.. လူတစ်ယောက်သည် အဆင့်ကြီးတစ်ဆင့်ကို ချိုးဖျက်တက်လှမ်းလိုလျှင် သူတို့က ပတ်ဝန်းကျင်အနေအထား၊ ကောင်းကင်နှင့်မြေကြီး၏ သဘောတရားကို နားလည်မှု၊ ကံကြမ္မာနှင့် သူတို့၏ စိတ်ပိုင်းဆိုင်ရာအခြေအနေတို့ကဲ့သို့သော များစွာသော အချက်အလက်များ သဟဇာတဖြစ်နေဖို့ လိုလေသည်။

တချို့လူတွေက ရေကန်ဘေးမှာ ထိုးထွင်းသိမြင်နားလည်သွားကြ၏။

တစ်ချို့လူတွေကတော့ တောင်တန်း၊ တောအုပ်များကို ဖြတ်၍ ခရီးသွားပြီးမှ ဈာန်ဝင်သွားကြ၏။

သို့သော် အဲ့ဒီမှာ အမြုတေတစ်ခုကို မဖွဲ့တည်နိုင်ဘဲနှင့် သေဆုံးသွားကြရသော လူများလည်း များစွာ ရှိလေသည်။

ဆူဇီမိုသည် သူ့ခုတင်ကနေ ဖြည်းဖြည်းချင်းထပြီး ကြည်လင်နက်ရှိုင်းသောအကြည့်နှင့်အတူ သူ့ဘာသာသူ ရေရွတ်လိုက်၏။

“ငါ အပြင်လေးဘာလေး ထွက်ပြီး လမ်းလေးဘာလေး လျှောက်ဖို့ လိုနေပြီ ထင်ပါရဲ့”

ထိုအချိန်မှာပင် သူ့တံခါးမှ ညင်သာသည့် ခေါက်သံက ပေါ်ထွက်လာ၏။

ဆူဇီမိုသည် သူ့အင်္ကျီလက်စကို ဝေ့ရမ်း၍ တံခါးကို ဖွင့်ပေးလိုက်၏။

နန်းကြည်သည် ဝင်ပေါက်ဝမှာ မတ်တပ်ရပ်နေပြီး ဘယ်နှင့်ညာကို လိုက်ကြည့်နေ၏။

“ဘာဖြစ်လို့လဲ”

ဆူဇီမိုသည် သူမအနားသို့ ရောက်လာပြီး သူမလက်ထဲရှိ စက္ကူကြိုးကြာကိုကြည့်ကာ မေးလိုက်၏။

နန်းကြည်သည် စက္ကူကြိုးကြာကို သူ့အား ကမ်းပေးလိုက်၏။

“ဒါက သခင်လေးအတွက်ပဲ.. အဲ့ဒီမှာ ပြထားတာကတော့ ပင်ယန်းမြို့က မိတ်ဆွေဟောင်းတစ်ယောက်ဆီကတဲ့”

ဆူဇီမိုသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။

စက္ကူကြိုးကြာဖြင့် စာပို့တာကို သုံးတတ်သော ပင်ယန်းမြို့မှ သူ့မိတ်ဆွေဟောင်းက တစ်ယောက်သာလျှင် ရှိလေသည်။

စက္ကူကြိုးကြာကို လက်ခံပြီးနောက် ဆူဇီမိုက ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

နုနယ်သိမ်မွေ့သော လက်ရေးဖြင့် ရေးသားထားသည့် စာကြောင်းအချို့ကို အောက်ပါအတိုင်း တွေ့ရလေသည်။

“ဇီမို.. ငါ့ရဲ့ အမြုတေဖွဲ့တည်ခြင်းမှာ ငါကျရှုံးသွားပြီးတော့ ငါ့ရဲ့ စိတ်ဝိညာဉ်မရီးဒါန်တွေကလဲ ပြတ်တောက်ကုန်ပြီ.. ဒဏ်ရာတွေကို အရမ်းကိုပြင်းထန်လို့ ငါပင်ယန်းမြို့ကို ပြန်လာပြီးတော့ တိတ်တဆိတ် ကုသနေရတယ်”

“ငါတို့ရဲ့ ဆက်ဆံရေးက အဆုံးသတ်သွားတာ ကြာခဲ့ပြီဆိုတော့ အစက ငါနင့်ကို အနှောင့်အယှက်ပေးဖို့ စိတ်ကူး မရှိပါဘူး.. ဒါပေမယ့် သိပ်မကြာခင်ကပဲ ငါ့မှာ နေရဖို့ အချိန်သိပ်မကျန်တော့ဘူးဆိုတာ ငါခံစားလာရတယ်.. နောက်ဆုံးတစ်ကြိမ်လောက်တော့ နင်ငါ့ကို ပြန်လာတွေ့နိုင်လောက်သေးတယ်လို့ ငါမျှော်လင့်မိပါတယ်”

သတိရနေတဲ့.. ရှန်မန်းကီ။

All Chapters