မင်းတို့အားလုံး သေရလိမ့်မယ်
Vol. 34 Ch. 501
တစ်ကယ်တော့ ရှန်မန်းကီအခန်းထဲသို့ ဝင်ရောက်လာပြီး သိပ်မကြာမီကတည်းက သူ့စိတ်ဝိညာဉ်စွမ်းအင်က ချုပ်နှောင်ခံထားရပြီး အဲ့ဒါကို သူလှည့်ပတ်လို့ မရတော့ဘူးဆိုတာ ဆူဇီမို နားလည်ထားပြီး ဖြစ်လေသည်။
သို့သော်လည်း အဲ့အချိန်မှာ သူလှည့်ထွက်သွားဖို့က နောက်ကျခဲ့ပြီးလေပြီ။
စိတ်ဝိညာဉ်သော့ခတ်ပန်း၏ စွမ်းအားက တစ်ကယ်ကို ဖြုံလောက်စရာပင်။
ပကတိသက်ရှိကန်းလန်က လှောင်ရယ်လိုက်၏။
“မင်းရဲ့စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်သုံးလို့ မရတော့ဘူးဆို.. နဂါးဆင့်ခေါ်တဲ့ လျှို့ဝှက်အတတ်နဲ့ ဆန်းကြယ်တောင်ပံလိုမျိုး မင်းရဲ့ ဝှက်ဖဲတွေကို သုံးစားလို့ ဘယ်ရပါတော့မလဲ”
စီမာကျီက ရွှင်ပျသွားပြီး အားပါးတရ ရယ်ချလိုက်၏။
“မင်းရဲ့ ခန္ဓာကိုယ်နဲ့ မျိုးဆက်သွေးက အတော်လေး သန်မာတယ်လို့ ငါကြားတာပဲ.. ဒါပေမယ့်လို့ အဲ့ဒါက ဘာသွားသုံးစားလို့ ရတော့မှာလဲ.. မင်းက မြေပြင်မှာ လျှောက်ပြေးနေပြီး ငါတို့ရဲ့ အဝတ်စကိုတောင် ထိနိုင်မှာ မဟုတ်တော့ဘူး.. ဟဟဟ”
“ငါက ထန်ဟောက်.. ဝင်္ကပါသခင်တစ်ယောက်ပဲ”
သူဆုပ်ကိုင်ထားသော အဝတ်စကို လှုပ်ရမ်းပြပြီး ထန်ဟောက်က ပြုံးစစနှင့် ပြောလိုက်၏။
“ဒါက ထောင်ချောက်ဝင်္ကပါလေးတစ်ခုပါပဲ.. သူသူငါငါ သုံးနေကျမျိုးပေါ့.. အဲ့ဒါက ရွှေအမြုတေတစ်ယောက်ကိုတော့ ငါးရက်လောက် အသာလေး ပိတ်လှောင်ထားလို့ရတယ်.. အခြေတည်အဆင့်တစ်ယောက်ဆိုရင်တော့... ဟဲဟဲ.. ငါဘယ်သိပါ့မလဲ.. တစ်နှစ်လား၊ ဆယ်နှစ်လား ဒါမှမဟုတ် နှစ်သုံးဆယ်လဲ ဖြစ်ရင်ဖြစ်နေမှာပေါ့”
ကောင်းဟူက ကြောက်စရာကောင်းလောက်အောင် အားပါးတရ ပြုံးပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။
“ကောင်လေး.. ဘာမှ မကြောက်နဲ့.. ငါကြားတာ မင်းက အနီးကပ်တိုက်ခိုက်တဲ့နေရာမှာ အတော်သန်မာဆိုကွ.. ခဏနေရင် ငါမင်းနဲ့ လာကစားပေးမယ်”
ဒုတ်..
မသိလိုက်ခင်မှာပင် ရှန်မန်းကီက ကုတင်ပေါ်ကနေ လူးလဲကျုံးထပြီး ပကတိသက်ရှိကန်းလန်ဘက်သို့ လှည့်၍ ဒူးထောက်ကာ သနားစဖွယ် တောင်းပန်လိုက်၏။
“ဆရာ.. ကျမက သေရတော့မယ့်လူတစ်ယောက်ပါ.. ကျမမှာ တောင်းဆိုစရာ တစ်ခုပဲ ရှိပါတယ်.. သူ့ကို လွှတ်ပေးလိုက်ပါ.. ကျေးဇူးပြုပြီး...လုပ်ပါ ဆရာ...”
ရှန်မန်းကီ၏ အမူအယာက ညှိုးငယ်နေပြီး ပကတိသက်ရှိကန်းလန်ကို ဦးချနေ၏။ သူမ၏ ကျောက်စိမ်းဖြူရောင်နဖူးကို အေးစက်စက် မြေပြင်နှင့် ပစ်ဆောင့်နေသည့်အတွက် သိပ်မကြာမီ သွေးများက နီစွေးသွား၏။
ရွှေအမြုတေငါးယောက်က မှင်သေသေနှင့် လုံးဝ စိတ်ညွှတ်မသွားကြပေ။
“သူ့ကို လွှတ်ပေးရမယ်တဲ့လား”
ပကတိသက်ရှိကန်းလန်က အလွန်ရွှင်ပျအားရစရာကောင်းသည့် တစ်စုံတစ်ရာကို ကြားလိုက်ရသလို.. အေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်၏။
“ငါ့ဘဝမှာ အကြီးဆုံးအမှားက ဒီကောင်စုတ်ကို လွန်ခဲ့တဲ့ရှစ်နှစ်ကထဲက ငါ့လက်နဲ့ကိုယ်တိုင် မသတ်လိုက်ရတာပဲ.. အဲ့အတွက်မှ ငါ့မှာ တော်တော်လေး ရတက်မအေး ဖြစ်ခဲ့ရသေးတယ်”
ရှန်မန်းကီ၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး အချိန်မရွေး လဲကျသေဆုံးသွားတော့မည့်အလား သူမ၏ ဦးခေါင်းက ချာချာလည်လာ၏။
ရုတ်တရက်..
ခိုင်မာသည့် လက်ဖဝါးတစ်ဖက်က သူမ၏ လက်ကို ဆုပ်ကိုင်ပြီး မြေကြီးပေါ်က သူမကို ဆွဲထူလိုက်၏။
ဆူဇီမို၏ အသံက တည်ငြိမ်ခိုင်မာစွာနှင့် သူမ၏ နားထဲမှာ ပဲ့တင်ထပ်လာ၏။
“နင် သူ့ကို တောင်းပန်စရာလဲ မလိုဘူး.. ဒူးထောက်စရာလဲ မလိုဘူး”
“ဇီမို.. ငါ တစ်ကယ် မသိခဲ့ဘူး.. ငါတစ်ကယ် မသိဘူးနော်.. .. နင့်ကို ဒီနေရာ ခေါ်လိုက်တာက ငါ-ငါ ဖြစ်သွားတယ်”
ဆူဇီမိုက သူမကို မကြည့်ဘဲ ခေါင်းငုံ့ပြီး ပြောလိုက်၏။
“ငါတို့ရဲ့ ဆက်ဆံရေးက အဆုံးသတ်သွားခဲ့ပြီးပြီဆိုပေမယ့်လဲ ဒီမှာ ငါ နင့်အတွက် လုပ်ပေးနိုင်တာ တစ်ခု ရှိပါသေးတယ်”
“ဘာလဲ” ရှန်မန်းကီက အလိုလို ပြန်မေးလိုက်မိ၏။
သူက ညင်သာစွာနှင့် ပြန်ဖြေလိုက်၏။
“ငါတို့ ငယ်ငယ်တုန်းက နင်အနိုင်ကျင့်ခံရရင် ငါက အမြဲတမ်း နင့်ရှေ့က ရပ်တည်ပေးခဲ့တယ်မလား.. ဒီနေ့ ငါအဲ့ဒါကို နင့်အတွက် နောက်တစ်ကြိမ် ထပ်လုပ်ပေးမယ်.. အဲ့ဒါက... နောက်ဆုံးအကြိမ်တော့ ဖြစ်ရင်ဖြစ်မှာပေါ့”
သူ့စကား မဆုံးသေးခင်မှာပင် ရှန်မန်းကီ၏ မျက်လုံးထဲကနေ မျက်ရည်များက စီးကျနေပြီဖြစ်၏။
ထိုအချိန်တွင် သူမသည် သူမ၏ ကလေးဘဝကို ပြန်ရောက်သွားသည်ဟု ထင်ရ၏။
မည်သည့်အကောက်ကြံမှု၊ မည်သည့်စွမ်းအားရုန်းကန်မှုမှ မရှိဘဲ လွတ်လပ်ပေါ့ပါးသည့်ကမ္ဘာကို ပြန်ရောက်သွား၏။
ရှန်မန်းကီ၏ အမြင်အာရုံက ဝေဝါးလာ၏။
သူမရှေ့က လူက သူမ၏ မှတ်ဉာဏ်များထဲက ပုံရိပ်နှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွား၏။
“အစ်ကိုဇီမို”
ရှန်မန်းကီသည် သူ့ကို အလိုလိုခေါ်လိုက်ပြီး သူမ၏ မျက်လုံးများက တောက်ပလာ၏။
သူမ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များက အတော်လေး ပြန်လည်အားပြည့်လာပုံရ၏။
လေထဲတွင် ပကတိသက်ရှိကန်းလန်နှင့် အခြားလေးယောက်သည် အမျိုးမျိုးသော အမူအယာများနှင့် သူတို့၏ မျက်လုံးများက တဖျပ်ဖျပ်လက်နေ၏။
လျန့်ဟမ်၊ ကောင်းဟူနှင့် စီမာကျီတို့က ဘာမှ နားလည်ပုံမရပေ။
သို့သော်လည်း ကန်းလန်နှင့် ထန်ဟောက်သည် ဆူဇီမိုကို ကြည့်ပြီးနောက် တစ်ခုခု လွဲမှားနေတာကို ခံစားမိပြီး မအီမသာ ဖြစ်လာကြ၏။
အစကတည်းက ဆူဇီမိုသည် တည်ငြိမ်လွန်းနေ၏။
သူက ထောင်ချောက်ထဲသို့ ကျရောက်နေသော လူတစ်ယောက်နှင့် လုံးဝ မတူပေ။
ကန်းလန်သည် သူတို့အစီအစဉ်၏ အချက်အလက်တစ်ခုချင်းစီကို ပြန်စဉ်းစားကြည့်သော်လည်း ဘာတစ်ခုမှ လွဲမှားမနေပေ။
ဆူဇီမိုသည် ဘယ်နေရာကနေ ယုံကြည်မှုတွေ ရနေသလဲ သူနားမလည်နိုင်ပေ။
သူ့ခေါင်းကို အနည်းငယ်မော့၍ ဆူဇီမိုက ပကတိသက်ရှိကန်းလန်ကို ကြည့်ပြီး မှင်သေသေနှင့် ပြောလိုက်၏။
“တစ်ကယ်တော့ မင်းရဲ့အစီအစဉ်က အပြစ်ဆိုစရာ မရှိလောက်အောင် ကောင်းပါပေတယ်.. ဒါပေမယ့် အဲ့ဒီမှာ မင်းထည့်မတွက်မိတဲ့ အချက်တစ်ချက် ရှိနေသေးတာကတော့...”
“ဘာလဲ”
ကန်းလန်သည် ရင်ထဲ ထိတ်ကနဲ ဖြစ်သွားပြီး မျက်လုံးမှေး၍ မေးလိုက်၏။
“ငါ့ရဲ့ စိတ်ဝိညာဉ်ကို ထုတ်သုံးမရအောင် လုပ်လဲ အလကားပဲ.. မင်းတို့အားလုံးက သေရလိမ့်မယ်”
သူ့စကား မဆုံးသေးခင်မှာပင် ဆူဇီမို၏ မျက်လုံးနှစ်လုံးက မင်ကဲ့သို့ မည်းနက်သွားပြီး သူ့ဆံပင်များက လေမတိုက်ဘဲနှင့် လှုပ်ခါလာ၏။ သူ့ရင်အုပ်တွင်းရှိ အတွင်းအမြုတေက ဖြည်းဖြည်းချင်း လည်ပတ်လာပြီး ကြောက်စရာကောင်းသည့်အော်ရာက ဖြာထွက်လာ၏။
“ဟမ့်”
“ဟာ”
ကန်းလန်နှင့် အခြားလေးယောက်သည် တုန်လှုပ်သွားကြ၏။
“သားရဲချီလား”
“မကောင်းတော့ဘူး.. သူက သားရဲဟ”
ဖျောက်..
ဖန်း ဖန်း ဖန်း!
ဆူဇီမို၏ အရွတ်များနှင့် အရိုးများမှ အသံများက ထွက်လာပြီး သူ့အသားက ကျယ်ပြန့်လာ၏။
သူတို့ငါးယောက်၏ ရှေ့မှောက်မှာပင် အစက ခြောက်ပေကျော်လောက်သာရှိသော ခန္ဓာကိုယ်က ချက်ချင်း ရှည်လျားပြန့်ကားလာပြီး ပေတစ်ရာကျော်လောက်ထိ ကြီးထွားလာ၏။ သူက မြောက်များလှစွာသော သတ်ဖြတ်လိုစိတ်နှင့် ငွားငွားစွင့် မြင့်မားသော ရှေးဟောင်းမိစ္ဆာဘုရင်တစ်ပါးလိုပင်။
ထိုကြောက်စရာကောင်းသော ခန္ဓာကိုယ်ကြီးတွင် အစိမ်းရောင်သွေးကြောကြီးများက ဖောင်းကြွနေပြီး ဖျက်ဆီးလို့မရနိုင်သော သတ္တုရောင်ဖြင့် တလက်လက်တောက်နေ၏။
အသက်ရှိသကဲ့သို့ ရှေးကျသည့် ကြမ်းကြုတ်သားရဲများက သူ့ကို လှည့်ပတ်နေ၏။ ကျွဲရိုင်းတစ်ကောင်၊ ကျောက်ဝက်ဝံတစ်ကောင်၊ အနာကွန်ဒါတစ်ကောင်၊ မျှော်လင့်ချက်မျောက်ဝံတစ်ကောင်...
သူ့အော်ရာက လုံးဝပြတ်သားနေ၏။ သက်ရှိအားလုံးကို ဝါးမျိုနိုင်ပြီး အရာရာတိုင်းကို စုတ်ဖြဲပစ်နိုင်သည့် အလားပင်။
ရွှေအမြုတေငါးယောက်သည် ကြောင်အသွားပြီး သူတို့၏ စိတ်များက ဗလာကျင်းသွား၏။
ဥပစာရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ပြီး နယ်မြေအဆင့်သတ်မှတ်ချက်အတွက် အခြားလူများနှင့် စိန်ခေါ်တိုက်ခိုက်ခဲ့ဖူးသော လျန့်ဟမ်ပင်လျှင် ခဏမျှ ထိတ်လန့်တုန်လှုပ်သွား၏။
အစက သူတို့ငါးယောက်သည် မြေပြင်ကနေ ပေတစ်ရာအထက်မှာ ရပ်နေကြပြီး ပုရွက်ဆိတ်တစ်ကောင်လို သူ့ကို ငုံ့ကြည့်နေခဲ့ကြ၏။
သို့သော် နောက်ခဏ၌ ကြေးညိုရောင်မျက်လုံးတစ်စုံက သူတို့ငါးယောက်ရှေ့မှာ ပေါ်လာပြီး ခြိမ်းခြောက်ဖွယ်ရာအော်ရာနှင့်အတူ အေးစက်စွာ စိုက်ကြည့်နေ၏။ သူအသက်တစ်ချက်ရှူလိုက်တိုင်း လေများက တဝှီးဝှီးမြည်၍ ဗြောင်းဆန်သွား၏။
ဒါက ဘယ်လို မွန်းစတားမျိုးလဲဟ..
သူတို့ငါးယောက်၏ ခေါင်းထဲမှာ ထိုအတွေးကသာ ပေါ်လာလေသည်။
သူတို့ မတုံ့ပြန်နိုင်သေးခင်မှာပင် သူတို့ရှေ့မှ မွန်းစတားက သူတို့ကို သွားဖြဲပြ၍ မကောင်းဆိုးဝါးဆန်စွာ ထက်ရှချွန်ထက်နေသည့် သွားနှစ်တန်းက ပေါ်လာ၏။
ဘာစကားမှ ပြောမနေတော့ဘဲ ဆူဇီမိုသည် သူ၏ ကြီးမားသည့် လက်ဖဝါးကြီးကို ဆန့်၍ ထန်ဟောက်၏ ခေါင်းပေါ်သို့ အုပ်မိုးလိုက်ပြီး အောက်သို့ ဆွဲချလိုက်၏။
ထန်ဟောက်၏ အမြန်နှုန်းသည် အနည်းငယ် နောက်ကျသွားပြီး ဆူဇီမို၏ လက်ထဲကနေ ရုန်းမထွက်နိုင်ခဲ့ပေ။
ဖောင်း!
အသားများနှင့် သွေးများက ပြန့်ကျဲထွက်သွား၏။
ထန်ဟောက်သည် အသံတစ်ချက်တောင် မထွက်နိုင်လိုက်ဘဲ သွေးမြူများအဖြစ် ပြောင်းလဲသွားကာ အလောင်းတောင် မကျန်ခဲ့ပေ။
“ပြေးဟ”
ကောင်းဟူသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး လှည့်ထွက်ပြေးလိုက်၏။
“ဂါး”
ဆူဇီမိုသည် ကောင်းဟူ၏ နောက်သို့ ရောက်လာပြီဖြစ်ပြီး အသက်ပြင်းပြင်းရှိုက်လိုက်သောကြောင့် သူ့ရင်အုပ်က ဖောင်းလာ၏။
ထို့နောက်ချက်ချင်းပင် သူ့ပါးစပ်ကြီးကို ဟပြီး အလွန်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
ဆူဇီမို၏ ဘေးပတ်လည်ရှိ သားရဲဘုရင် ၇ ပါးကပါ သူတို့၏ ပါးစပ်ကြီးများကို ဟ၍ ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ကြ၏။ ကြောက်စရာကောင်းသည့် စွမ်းအားများက ထွက်ပေါ်လာ၏။
“အား”
ကောင်းဟူသည် ကြောက်စရာကောင်းစွာ အော်ဟစ်လိုက်ပြီး သူ့ပုံရိပ်က ယိမ်းထိုးသွား၏။
သူ့နား၊ သူ့မျက်လုံး၊ သူ့နှာခေါင်းနှင့် သူ့ပါးစပ်တို့မှ သွေးများက စတင်စီးကျလာ၏။
သူ့မျက်နှာက သွေးစီးကြောင်းများဖြင့် ပြည့်လာပြီး သူ့သွင်ပြင်က တွန့်လိမ်သွား၏။ သူ့မျက်လုံးနှစ်ဖက်က ပြူထွက်လာပြီး လေထဲကနေ ပြုတ်ကျကာ ဆက်ပြီး အသက်မရှူနိုင်တော့ပေ။
သူက ဟိန်းဟောက်သံဖြင့် သေခဲ့ရ၏။
ရွှေအမြုတေတစ်ယောက်က ဟိန်းဟောက်သံဖြင့် ဒီလိုနဲ့ပဲ သေသွားရရောလား။
ထိုဟိန်းဟောက်သံတစ်ချက်မှာ အတွင်းအမြုတေ၏ ကြောက်စရာကောင်းသည့် စွမ်းအားများက ပါဝင်နေ၏။
ဒါ့အပြင် ဟိန်းဟောက်လိုက်တာက ဆူဇီမို တစ်ယောက်ထဲ မဟုတ်ပေ။