ကျိုးပဲ့သွားသော တောင်ပံများ
Vol. 34 Ch. 503
လျန့်ဟမ်၏ ရွှေအမြုတေနယ်မြေ..ကောင်းကင်အမြုတေဓါးသည် ဆူဇီမို တွေ့ကြုံဖူးသမျှ အခြားသော ရွှေအမြုတေနယ်မြေများအားလုံးထက် များစွာပို၍ သန်မာလေသည်။
သူ၏ အတွင်းအမြုတေကို မဖွဲ့တည်ရသေးဘူးဆို.. သူ၏ လျှို့ဝှက်ပညာရပ်များအားလုံး ထုတ်ဖော်လျှင်တောင် ဆူဇီမိုသည် ဤကဲ့သို့သော ရွှေအမြုတေနယ်မြေမျိုးကို ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် အခု သူ၏ အတွင်းအမြုတေက ဖွဲ့တည်ပြီးပြီဖြစ်တာကြောင့် ဆူဇီမိုသည် ကြောက်စရာ ဘာမှ မရှိတော့ပေ။
ချွမ်း.. ချွမ်း..
ကောင်းကင်အမြုတေဓါးများဖြင့် ဖန်တီးထားသော ဆိုင်ကလုန်းသည် ဆူဇီမိုရှိရာဘက်သို့ တစ်ဟုန်ထိုး ဝင်ချလာပြီဖြစ်၏။
ဆူဇီမို၏ မျက်လုံးများထဲရှိ သားရဲအလင်းက လျှပ်စီးအလင်းတန်းနှစ်ခုကဲ့သို့ ဆိုင်ကလုန်းထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။
ဝုန်း..
ရှောင်ရှားခြင်း၊ နောက်ဆုတ်ခြင်း မရှိဘဲနှင့် သူသည် ရင်ခေါင်းသံဖြင့် ဟိန်းဟောက်၍ လက်နှစ်ဖက်ကို ဆန့်တန်းကာ ဝင်ရောက်လာသော ဓါးမုန်တိုင်းကို လက်ချည်းသက်သက်ဖြင့် ဆီးကြိုလိုက်၏။
ဖောက်.. ဖောက်.. ဖောင်း..
ဆူဇီမို၏ လက်တွင် ဒဏ်ရာများက ပေါ်လာပြီး လတ်လတ်ဆတ်ဆတ် သွေးများက စီကျလာ၏။
သို့သော်လည်း သွေးထွက်သွားပြီးနောက် ဆူဇီမိုက ပိုလို့တောင် စိတ်လှုပ်ရှားလာကာ သူ့ရှေ့ရှိ ဓါးမုန်တိုင်းကို လက်နှစ်ဖက်ဖြင့် အတင်းလှမ်းဆွဲလိုက်၏။
“မင်းကတော့ သေချင်နေတာပဲ”
လျန့်ဟမ်က ရယ်မော၍ ဓါးမုန်တိုင်းကို ထိန်းချုပ်နေ၏။
ကောင်းကင်အမြုတေဓါးများက သိပ်သည်းလာပြီး ဆိုင်ကလုန်းက ကျယ်ပြန့်လာကာ ဆူဇီမိုကို လုံးဝလွှမ်းခြုံသွား၏။
“သူ့ကို နုတ်နုတ်စင်းပစ်လိုက်စမ်း”
လျန့်ဟမ်သည် စိတ်လှုပ်ရှားတက်ကြွလာပြီး အံကိုကြိတ်လိုက်၏။
“ငါ မင်းကို အပိုင်းပိုင်း စုတ်ဖြဲပစ်မယ်ကွ”
ပုံမှန်အားဖြင့်ဆိုလျှင် ကောင်းကင်အမြုတေဓါးမုန်တိုင်းထဲသို့ ဆွဲသွင်းခံရသူ မည်သူမဆို အပိုင်းပိုင်း ပြတ်ထွက်သွားပေလိမ့်မည်။
သို့သော်လည်း သနားစရာကောင်းသည်မှာ သူ့ပြိုင်ဘက်က ဆူဇီမို ဖြစ်နေ၏။
အဲ့ဒါက မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များထက်တောင်မှ ပို၍ ကြောက်စရာကောင်းသည့်သူ ဖြစ်လေသည်။
အနီးကပ် အာရုံစိုက်ကြည့်မည်ဆိုလျှင် ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများက ပြည့်နှက်နေသော်လည်း မည်သည့်တစ်ခုမှ မနက်ကြောင်း တွေ့ရပေလိမ့်မည်။
တချို့ဆို ခပ်ဖျော့ဖျော့ အစင်းရာလေးများသာ ဖြစ်လေသည်။
ပိုပြီးတော့ ပြောစရာရှိသည်မှာ သွေးထွက်နေသော ထိုဒဏ်ရာများသည် မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် ပြန်လည်သက်သာလာနေ၏။
ဒဏ်ရာရပြီးသည့် ခဏမှာပင် ထိုဒဏ်ရာများက ပြန်လည်သက်ပျောက်ကင်းလာနေသလိုပင်။
လျန့်ဟမ်၏ ရွှေအမြုတေနယ်မြေက ဆူဇီမို၏ ပင်မတည်ဆောက်ပုံကို ဒဏ်ရာရရှိအောင် မလုပ်နိုင်ပေ။
အခြားတစ်ဖက်မှာတော့ သွေးနီရောင်သားရဲချီများနှင့် ရင်ဆိုင်အတွေ့တွင် ကောင်းကင်အမြုတေဓါးမုန်တိုင်း၏ လည်ပတ်မှုနှုန်းက သိသိသာသာ နှေးကွေးလာ၏။
သားရဲချီများနှင့် စွန်းထင်းသွားပြီးနောက် ဓါးတစ်လက်ချင်းစီ၏ ခွန်အားကလည်း လျော့ကျလာ၏။
သိပ်မကြာမီ လျန့်ဟမ်သည် တစ်စုံတစ်ရာကို နားလည်သိရှိလိုက်သလို သူ့အပြုံးက တဖြည်းဖြည်း တောင့်ခဲသွား၏။
ဝုန်း..
ဝုန်းကနဲ မြည်သံကြီးက ထွက်ပေါ်လာ၏။
ကောင်းကင်အမြုတေဓါးများက ပြန့်ကျဲထွက်သွားလေပြီ။
ဆူဇီမိုက လွတ်ထွက်လာ၏။
အစတုန်းကတော့ သူသည် ဒဏ်ရာများနှင့် ပြည့်နှက်နေဆဲဖြစ်၏။ သို့သော်လည်း အသက်ရှူချိန် အနည်းငယ်အတွင်း ထိုဒဏ်ရာများအားလုံးက လုံးဝသက်သာပျောက်ကင်းကုန်လေသည်။
“ဒါက...”
လျန့်ဟမ်နှင့် ကန်းလန်သည် ခေါင်းမွေးများ ထောင်ထ၍ သူတို့၏ သူငယ်အိပ်များက တင်းကျပ်သွား၏။
“မင်းတို့မှာရှိတာ ဒါအကုန်ပဲလား”
ဆူဇီမိုက လှောင်ရယ်၍ ရှေ့သို့ လှမ်းလိုက်၏။ သူ့လက်ကို လွှဲရမ်းလိုက်သောအခါ သူ၏ ကြီးမားသည့် လက်သီးက ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ ကောင်းကင်ထက်ကနေ ထုထောင်းကျဆင်းလာ၏။
ရွှေအမြုတေနယ်မြေများက စွမ်းအားကြီးသော်လည်း လူတစ်ယောက်သည် အချိန်တိုအတွင်း အဲ့ဒါကို နှစ်ကြိမ်ဆက်တိုက် မထုတ်ဖော်နိုင်ပေ။
ဝင်ရောက်လာသော ဆူဇီမို၏ လက်သီးကြီးကို မြင်သောအခါ လျန့်ဟမ်သည် တွေဝေနေဖို့ အချိန်မရှိတော့ပေ။ သူသည် ကပျာကယာနှင့် သိုလှောင်အိတ်ထဲကနေ ဧရာမဒိုင်းကာကြီးကို ဆွဲထုတ်ပြီး ဦးခေါင်းထက်ကနေ ကာလိုက်၏။
ထို့နောက် သူသည် ကာကွယ်ရေးအဆောင်အနည်းငယ်ကိုလည်း ချက်ချင်း ချိုးချေလိုက်၏။
ဘုန်း..
ထိုသို့ သူပြုလုပ်ပြီးသည့် အချိန်မှာပင် အလွန်ကျယ်လောင်သည့်အသံကြီးကို လျန့်ဟမ်ကြားလိုက်ရ၏။
သူ့ဒိုင်းကာက စင်ထွက်သွား၏။
ဖျောက်.. ဖျောက်.. ဖျောက်..
ဆူဇီမို၏ လက်သီးနှင့် အတွေ့တွင် သူ၏ ကာကွယ်ရေးအဆောင်များက စက္ကူကဲ့သို့ စုတ်ပြဲကြေမွသွား၏။
သွားပါပြီကွာ.. ဒီနေရာမှာ ငါသေရပြီ..
လျန့်ဟမ်သည် မျက်လုံးကို မှိတ်ချလိုက်၏။
နောက်ခဏ၌ နာကျင်မှုက သူ့တစ်ကိုယ်လုံးသို့ တလိပ်လိပ်တက်လာသည်ကို ခံစားလိုက်ရပြီး သူ့အရွတ်များနှင့် အရိုးများက စုတ်ပြဲသွား၏။ သူ့အင်္ဂါများက ကြေမွသွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျကာ သေဆုံးသွားလေတော့သည်။
တစ်ခဏအတွင်း ကန်းလန်တစ်ယောက်တည်းသာ ကျန်ရှိလေတော့သည်။
ဆူဇီမိုကို သူ့ကို တမင်ရည်ရွယ်ချက်ရှိရှိ နောက်ဆုံးထိ ချန်ထားခြင်းဖြစ်ကြောင်း သူသိလေသည်။
ကန်းလန်သည် ကောင်းကင်ထက်သို့ ဆက်တက်သွားပြီး ဆူဇီမို၏ တိုက်ခိုက်မှုစက်ကွင်းအတွင်းကနေ လွတ်မြောက်ဖို့ ကြိုးစားနေ၏။
ဆူဇီမို၏ မျက်လုံးများက လှောင်ပြောင်သရော်လိုမှုဖြင့် ပြည့်နေ၏။
သူသည် ရွှေအမြုတေကို မဖွဲ့တည်ရသေးသော်လည်း အတွင်းအမြုတေကို ဖွဲ့တည်ခဲ့ပြီးပြီ ဖြစ်တာကြောင့် ကောင်းကင်ထက်သို့ ပျံတက်နိုင်လေသည်။
ဝုန်း..
မြေကြီးကို ဆောင့်နင်း၍ ဆူဇီမိုသည် လေထဲသို့ ခုန်တက်လိုက်၏။
လေထဲသို့ ရောက်သောအခါ ဆူဇီမို၏ ခန္ဓာကိုယ်က ပုံမှန်သို့ ပြန်ရောက်သွားပြီဖြစ်ပြီး ထိုသို့ဖြင့် သူ့အမြန်နှုန်းက သိသိသာသာ တိုးတက်လာကာ တစ်ခဏအတွင်း ကန်းလန်၏ နောက်သို့ ရောက်လာ၏။
“အနန္တနေရောင်ခြည်”
ဆူဇီမိုက သူ့နောက်သို့ ရောက်လာသည်ကို ခံစားမိလိုက်ပြီး ကန်းလန်သည် လှည့်မကြည့်ဘဲနှင့် သူ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်လိုက်၏။
အပြာရောင်ကောင်းကင်က ရုတ်တရက် သိပ်သည်များပြားသည့် ရင်သပ်ရှုမောဖွယ် နေရောင်ခြည်များဖြင့် ပြည့်နှက်သွားပြီး တဖျပ်ဖျပ်တလက်လက် ပုံစံနှင့် ကျိန်းစပ်စွာ နေရာတိုင်းသို့ ပျံ့နှံ့သွား၏။
ကံဆိုးစွာနှင့် ဆူဇီမို၏ သိပ်သည်းအားကောင်းသည့် အမြင်အာရုံကြောင့် အဲ့ဒါက သူ့အပေါ် သက်ရောက်မှု မရှိပေ။ သူက လှောင်ရယ်၍ ထိုးနှက်လိုက်၏။
လျန့်ဟမ်၏ ရွှေအမြုတေနယ်မြေနှင့် နှိုင်းယှဉ်လျှင် ကန်းလန်၏ အနန္တနေရောင်ခြည်က သိသိသာသာ အားနည်းလေသည်။
ဘုန်း..
ဆူဇီမိုသည် ရွှေအမြုတေကို ထိပ်တိုက်ရင်ဆိုင်ပြီး အနန္တနေရောင်ခြည်ကို ချေမွပစ်လိုက်၏။
ပကတိခွန်အားတွင် သူက အရာရာတိုင်းကို စီးပိုးခြယ်လှယ်နိုင်လေသည်။
ဖူး..
ကန်းလန်သည် ဒယီးဒယိုင်ဖြစ်သွားပြီး သွေးများကို ထွေးထုတ်လိုက်ရ၏။
ထိုထိုးနှက်ချက်က သူ၏ ရွှေအမြုတေနယ်မြေကို ကြေမွသွားစေရုံမျှသာ မဟုတ်ပေ။
ထိုးနှက်ချက်၏ တုန်ခါလှိုင်းက နေရောင်ခြည်ကို ဖြတ်၍ သူ့ကို ရိုက်ခတ်လာပြီး သူ၏ အင်္ဂါများကို နေရာရွေ့ကုန်စေလေသည်။
ထွက်ပြေးဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို သိလိုက်သည့်အတွက် ကန်းလန်သည် ရုတ်တရက် နောက်သို့လှည့်လိုက်၏။ သူသည် လက်မလျှော့သေးဘဲ သူ့ဓါးပျံကို ဆူဇီမိုဆီသို့ ပစ်သွင်းလိုက်၏။
ဝှီး..
ဓါးပျံက လေထုကို ဖြတ်သန်း၍ ချက်ချင်း ရောက်ချလာ၏။
ဆူဇီမိုက သူ့လက်ကို ဆန့်၍ ဝင်ရောက်လာသော ဓါးပျံကို တိုက်ရိုက်ဖမ်းဆွဲလိုက်၏။
သူသည် ဓါးပျံကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ပြီး အားဖြင့် ချိုးချလိုက်၏။
ဖျောင်း..
ဓါးပျံက ကျိုးပဲ့သွား၏။
ဆူဇီမိုသည် ရှေ့သို့ ဆက်တက်လာ၏။ သူ့လက်ထဲရှိ ဓါးကျိုးကို ပစ်ချလိုက်ပြီး တစ်ခဏအတွင်း ကန်းလန်ရှေ့သို့ ရောက်သွား၏။
သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်သွားကြလေပြီ။
ဆူဇီမို၏ အမူအယာက မှင်သေသေဖြင့် ရှိနေပြီး သူ့အကြည့်က တည်ငြိမ်နေ၏။
သို့သော်လည်း ကန်းလန်၏ ဆံပင်များက ရှုပ်ပွနေပြီး သူ့ပုံစံက ဆိုးဆိုးရွားရွားနှင့် ကြောက်လန့်တကြား ဖြူဆုတ်နေ၏။
ရှစ်နှစ်တာ ကြာခဲ့လေပြီ။
သူတို့သည် ပင်ယန်းမြို့မှာပင် ပြန်ဆုံခဲ့ကြသော်လည်း အခြေအနေကတော့ လုံးဝကို ကွဲပြားခြားနားနေခဲ့လေပြီ။
“လွန်ခဲ့တဲ့ ရှစ်နှစ်က မင်းငါ့ကို ပြောခဲ့တယ်မလား.. နိမ့်ကျတဲ့ ပုရွက်ဆိတ်လေးက ကောင်းကင်ကို မျှော်ကြည့်နေပေမယ့်လို့ သူက လင်းယုန်ရဲ့ တောင်ပံတွေကို ဘယ်လိုထိနိုင်မှာလဲဆို”
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
“ငါမင်းကို ပြောပြမယ်.. ငါက လင်းယုန်ရဲ့ တောင်ပံတွေကို ထိနိုင်ရုံတင်မဟုတ်ဘူး.. အဲ့တောင်ပံတွေကို ရိုက်ချိုးပြမယ်”
သူ့စကား မဆုံးသေးခင်မှာပင် ဆူဇီမိုက ကန်းလန်၏ လည်ပင်းကို လှမ်းဖမ်းဆုပ်လိုက်၏။
ကန်းလန်၏ အမူအယာက ရုတ်ချည်းပြောင်းလဲသွားပြီး သူ့လက်နှစ်ဖက်ကို မြှောက်၍ အလိုလို ခုခံဖို့ ကြိုးစားလိုက်၏။
ဆူဇီမို၏ အကြည့်က အေးစက်လာ၏။ ကန်းလန်၏ လက်နှစ်ဖက်ကို သူက ရိုက်ချလိုက်၏။
ဖျောင်း..
ကန်းလန်၏ လက်နှစ်ဖက်က ချက်ချင်းပင် သွင်သွင်ကျိုးသွားလေသည်။
ကျိုးပဲ့သွားသော အရိုးများမှ အသားစများက တိုးလို့တွဲလောင်းနှင့် သွေးများက စီးကျနေကာ ကြည့်ရသည်မှာ အလွန်ဆိုးရွားနေ၏။
“အား”
စူးစူးဝါးဝါး အော်ဟစ်၍ ကန်းလန်သည် သတိလစ်မတတ် ဖြစ်သွား၏။
ချက်ချင်းပင် သူ့နဖူးမှ အေးစက်စက်ချွေးများက စတင်စီးကျလာ၏။
ဆူဇီမိုသည် ရှေ့တိုး၍ ကန်းလန်၏ ဆံပင်ကို ဆောင့်ဆွဲကာ ချက်ချင်းအောက်သို့ ဆင်းသက်လိုက်၏။
အောက်သို့ ရောက်သောအခါ သူသည် ကန်းလန်ကို ဆံပင်ကနေကိုင်၍ ရှန်မန်းကီဆီသို့ တရွတ်တိုက်ဆွဲခေါ်သွား၏။
အသက်မဲ့သွားသော လက်နှစ်ဖက်နှင့်အတူ ကန်းလန်သည် ဆူဇီမိုကို ဘာမှပြန်မလုပ်နိုင်တော့ဘဲ တရွတ်တိုက်ဆွဲခေါ်သွားခြင်း ခံလိုက်ရလေသည်။