← Chapters

အတိတ်ကာလကို မြှုပ်နှံခြင်း

Vol. 34 Ch. 505

အတိတ်ကာလကို မြှုပ်နှံခြင်း

Vol. 34 Ch. 505

ရှန်မိသားစု၏ ခြံဝန်းက ရှုပ်ပေပွနေ၏။

သူမရောက်နေရာမှာ ရပ်နေရင်း.. ရှန်မန်းကီ၏ အမူအယာက ပိုမိုဆိုးရွားလာ၏။ သေခြင်းအော်ရာက သူမကို လွှမ်းခြုံလာပြီး သူမ၏ အသိစိတ်က ဖျော့တော့လာ၏။ သူမသည် အချိန်မရွေး ပြိုလဲကျတော့မည်ကဲ့သို့ပင်။

ရှန်းနန်သည် ဘေးကနေ သူမကို ဂရုတစိုက် ထောက်ကူပေးရင်း ဖြစ်ပျက်သမျှကို ကူကယ်ရာမဲ့စွာ ကြည့်နေရ၏။

အစကတော့ သူ့ညီမလေးက အင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်သွားသည့် အချက်အပေါ်မှာ မှီခိုပြီး သူက သူ့မိသားစုကို အင်အားကြီးထွားအောင်လုပ်ဖို့ မျှော်လင့်ထား၏။

သို့သော်လည်း ယခုအခါ သူ့မျှော်လင့်ချက်အားလုံးက ပျောက်ဆုံးကုန်၏။

ရှန်းနန်၏ နှလုံးသားထဲတွင် ဘာစိတ်မှ မရှိတော့ပေ။

ဤအခိုက်အတန့်၌ သူလိုချင်သော တစ်ခုတည်းသောအရာမှာ သူ့ညီမလေး အသက်ရှင်ဖို့ပင်။ သူတို့သည် အတိတ်ကာလတုန်းကလို သာမန်အညတရဘဝများနှင့် ပြန်နေရမည်ဆိုလျှင်တောင် အဲ့ဒါက သူတစ်ယောက်တည်း ကျန်ခဲ့ရမှာနှင့်စာလျှင် ပိုကောင်းသေးလေသည်။

ရှန်းနန်က ညင်သာစွာ မေးလိုက်၏။

“နင် လှဲချပြီး နားချင်လား”

ရှန်မန်းကီသည် ညင်သာစွာ ခေါင်းခါ၍ သူမ ရပ်နေသည့်နေရာမှာပင် ပေကပ်နေ၏။ သူမသည် တစ်စုံတစ်ရာကို စောင့်မျှော်နေသည့်အလား ခြံပေါက်ဝကိုသာ စောင့်ကြည့်နေ၏။

သူမ အခုနေ လှဲလိုက်လျှင် ပြန်ထဖို့ အခွင့်မရှိတော့ဘူးဆိုတာ သူမ သိထားလေသည်။

ညက တဖြည်းဖြည်းနက်လာ၏။

နောက်ဆုံးမှာတော့ ဝင်ပေါက်ဝမှာ ပုံရိပ်တစ်ခုက ပေါ်လာလေသည်။

အစိမ်းရောင်ဝတ်ရုံ၊ နက်မှောင်နေသောဆံပင်၊ ကြော့ရှင်းသောသွင်ပြင်နှင့်ဖြစ်၏။

တစ်ခါတုန်းက ထိုလူသည် သူမနှင့်အတူ လိုက်ပါ၍ သူမကို နွေးထွေးမှုနှင့် ပျော်ရွှင်မှုများ ကြိမ်ဖန်များစွာ ပေးခဲ့ဖူး၏။

ရှန်မန်းကီက ညင်သာစွာ ပြောလိုက်၏။

“ကျမကို အဲ့ဒီကို ခေါ်သွားပေးပါ”

အတန်ကြာ တိတ်ဆိတ်နေပြီးမှ ဆူဇီမိုက ပြန်ဖြေလိုက်၏။

“ကောင်းပြီလေ”

သူ့ဝတ်ရုံစကို ဝေ့ရမ်း၍ မလှမ်းမကမ်းရှိ ရှန်မန်းကီကိုခေါ်ကာ လေထဲသို့ ပျံတက်ပြီး ပင်ယန်းမြိုု့ ညကောင်းကင်ထက်မှာ ပျောက်ကွယ်သွားလေသည်။

သိပ်မကြာမီ သူတို့နှစ်ယောက်သည် တောင်ကြားလေးတစ်ခုသို့ ဆင်းသက်လိုက်၏။

အခုချိန် စမ်းချောင်းလေးက သွင်သွင်စီးနေပြီး သက်ရှိများအားလုံးက ရှင်သန်နေထိုင်ကြ၏။ မှုန်မှုန်ရီရီ ညရောင်ဖြင့် အဖူးအညှောက်နှင့် သစ်ရွက်လေးများက ညင်သာစွာ ယိမ်းနွဲ့နေကြသည်ကို မြင်ရ၏။

တောင်ကြားထဲမှာ စမ်းရေစီးသံလေးများဖြင့် သာယာနာပျော်ဖွယ် ကောင်းနေ၏။

ဤတောင်ကြားက ကျင့်ကြံရေးဂိုဏ်းကြီးများမှ အလှဆင်ထားသော အင်မော်တယ်တောအုပ်များနှင့်တော့ နှိုင်းယှဉ်လို့ မရပေ။ သို့သော်လည်း ဤနေရာ၏ အားသာချက်မှာ အစစ်အမှန်ဆန်ပြီး သဘာဝ၏ အလှအပကို ခံစားနိုင်လေသည်။

ငယ်ငယ်က သူတို့နှစ်ယောက်သည် ဤနေရာကို အမှတ်မထင် ရှာတွေ့ခဲ့ကြပြီး နတ်ဖွက်ထားသော သုခဘုံတစ်ခုအဖြစ် သတ်မှတ်ထားခဲ့ကြ၏။ အဲ့ဒါသည် သူတို့နှစ်ယောက်တည်းသာ ပိုင်ဆိုင်သော နေရာတစ်ခုဖြစ်ပြီး သူတို့သည် အခြားသူများနှင့် အဲ့နေရာအကြောင်းကို မပြောဖြစ်ကြပေ။

ဆူဇီမို စာပေသင်ကြားဖို့ သွားသည့်အချိန်မှလွဲ၍ ဤနေရာက သူတို့နှစ်ယောက် အများဆုံး လာလည်ဖြစ်သောနေရာ ဖြစ်လေသည်။

တောင်ကြားရှိ တောင်ထွတ်ငယ်လေးများပေါ်မှာ ဘေးချင်းကပ်လှဲ၍ သူတို့သည် ကောင်းကင်နှင့် အဆုံးမဲ့ကြယ်များကို ငေးကြည့်ကာ အနာဂတ်အကြောင်း အိပ်မက်မက်၍ ညပေါင်းများစွာကို ကုန်ဆုံးခဲ့ကြဖူး၏။

ရှန်မန်းကီက တစ်ခါ ပြောခဲ့ဖူး၏။

“ကျမတို့ အသက်ကြီးလာပြီး တစ်နေ့သေခဲ့ရင်.. ဒီနေရာမှာပဲ မြှုပ်နှံခံချင်တယ်” ဟုပင်။

ယခုအခါ သူမ ဒီနေရာကို ရောက်လာခဲ့လေပြီ။

ဆူဇီမိုသည် ရှန်မန်းကီကို မြက်ခင်းပေါ်မှာ အသာအယာ ချပေးလိုက်ပြီး ထူးမခြားနားပုံစံနှင့် ရှိနေ၏။ သို့သော်လည်း သူ့မျက်လုံးထဲမှာ ခံစားချက်များက ရောထွေးနေ၏။

သူသည် ရှန်မန်းကီနှင့် ငြိတွယ်ချည်နှောင်မှု မရှိတော့သည်မှာ ကြာလေပြီ။

လွန်ခဲ့သည့်ရှစ်နှစ်.. သူမထွက်သွားဖို့ ဆုံးဖြတ်လိုက်ချိန်မှစ၍ သူတို့၏ ဆက်ဆံရေးက အဆုံးသတ်သွားခဲ့၏။

သို့သော်လည်း သူမကို ဒီလိုအခြေအနေနဲ့ အဆုံးသတ်တာ မြင်ရတော့ ဆူဇီမို၏ နှလုံးထဲတွင် စာနာမှုနှင့် သနားသည့်စိတ်က လှိုက်တက်လာ၏။

ရှန်မန်းကီသည် ပင်ကိုအားဖြင့် မဆိုးပေ။

မဟုတ်ပါက သူမသည် လွန်ခဲ့သည့် ရှစ်နှစ်က ဆူဇီမိုအတွက် သနားညှာတာပေးဖို့ ကူညီတောင်းပန်ပေးခဲ့မှာ မဟုတ်သလို ဇောင်ဒင်းယွမ်ကို စိုးရိမ်ဂရုစိုက်ဖို့ သတိပေးခဲ့မှာ မဟုတ်ပေ။

မဟုတ်ပါက.. သူမသည် ပကတိသက်ရှိကန်းလန်ကို အတိုက်အခံလုပ်မိပြီး အခုလို သေရမှာ မဟုတ်ပေ။

သူမ၏ သဘာဝက ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံရေးလောကမှာ ရှင်သန်နေထိုင်ဖို့ မသင့်တော်ပေ။

ပကတိသက်ရှိကန်းလန်က သူမကို မထိခိုက်စေခဲ့လျှင်တောင် သူမသည် အနှေးနှင့်အမြန်ဆိုသလို ဒုက္ခနှင့် ကြုံတွေ့ရနိုင်လေသည်။

အင်မော်တယ်ကံကြမ္မာက သူမကို ဖျက်ဆီးခဲ့ခြင်း ဖြစ်လေသည်။

“ဇီမို.. တစ်ကယ်တော့ ပြီးခဲ့တဲ့ ရှစ်နှစ်မှာ အသက်ရှင်နေထိုင်ရတာ ငါပျော်မနေခဲ့ဖူး.. ကျင့်ကြံရေးလောကက အရမ်းရက်စက်ပြီး အေးစက်ခက်ထန်လွန်းတယ်ဟာ”

ရှန်မန်းကီသည် ဆူဇီမို၏ ခြေထောက်ဘေးမှာ လှဲ၍ ကြယ်များကို ငေးကြည့်ကာ တီးတိုး ပြောနေ၏။

“အတိတ်တုန်းက ဘယ်လောက်ပျော်စရာကောင်းပြီး၊ ဘယ်လောက် လွတ်လပ်ပေါ့ပါးလဲဆိုတာ ငါခဏခဏ တွေးမိတယ်”

“ငါ နင်နဲ့အတူလိုက်ပြီး နင်စာပေလေ့လာနေတာကို တိတ်တိတ်လေး စောင့်ကြည့်နေရတယ်ဆိုရင်တောင်မှပေါ့”

“ငါတို့ နေ့တိုင်း အတူရှိပြီး ဆန္ဒတွေကလဲ အများကြီး အများကြီး...”

ရှန်မန်းကီသည် အလိုလို ပြုံးမိလာပြီး သူမ၏ မျက်လုံးများက တဖျပ်ဖျပ်လင်းလက်လာ၏။

သို့သော်လည်း သိပ်မကြာမီ ထိုအလင်းများက မှိန်ကျသွား၏။

“ဒါပေမယ့်လို့.. နောက်ကျတော့....”

ရှန်မန်းကီ၏ အသံက ပြောနေရင်း တိုးညင်းလာ၏။

ဆူဇီမိုသည် တစ်ချိန်လုံး တိတ်တဆိတ် နားထောင်နေ၏။

အာရုံဦးအလင်းက ချဉ်းကပ်လာပြီး ကောင်းကင်ထက်မှ ကြယ်များက နည်းနည်းချင်း ပျောက်ကွယ်သွား၏။

“အဲ့ဒီကြယ်တွေ.. အရမ်းလှတာပဲ။ ကံဆိုးစွာနဲ့ပဲ ငါ အဲ့ဒါတွေကို .. ထပ်ပြီး မမြင်နိုင်တော့ဘူး”

တဖြည်းဖြည်းနှင့် ရှန်မန်းကီ၏ မျက်လုံးများက မှိတ်ကျလာ၏။

သူတို့က ဘယ်တော့မှ ပြန်ပွင့်မလာတော့ပေ။

အခုအခါ စိတ်ဝိညာဉ်သော့ခတ်ပန်း၏ အာနိသင်က ပျက်ပြယ်သွားလေပြီ။

သူသည် စိတ်ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်၍ သူ့အင်္ကျီလက်စကို ဝေ့ရမ်းလိုက်၏။

လူပုံသဏ္ဌာန် တွင်းချိုင့်တစ်ခုက မြေကြီးပေါ်မှာ ပေါ်လာ၏။ ရွှံနှင့် ဖုန်များက ပျံတက်လာသော်လည်း တစ်ခုမှ ရှန်မန်းကီကို မထိပေ။

သူ့မျက်နှာကို အနည်းငယ် ငုံ့ထားပြီး သူ့အကြည့်က တည်ငြိမ်နေ၏။ သူသည် လုံးဝမလှုပ်ဘဲ ငြိမ်သက်တိတ်ဆိတ်နေ၏။

အတန်ကြာပြီးနောက် နေရောင်ခြည်က အကြွင်းအကျန် အမှောင်ထုအားလုံးကို ရှင်းလင်းပစ်လိုက်၏။

မြေတွင်းထဲတွင် ရှန်မန်းကီသည် မိန်းကလေးငယ်လေး တစ်ယောက်လို အေးချမ်းစွာ အိပ်မောကျနေ၏။ သူမက တောင်ကြားနှင့် တစ်သားတည်းကျနေသည်ဟု ထင်ရလေသည်။

နေရောင်ခြည်အောက်တွင် မိန်းကလေး၏ မျက်လုံးထောင့်များမှ မျက်ရည်စီးကြောင်းများကို မြင်နေရ၏။

မျက်ရည်များက ကြည်လင်နေပြီး အစိမ်းရောင်ဝတ်ပုံရိပ်တစ်ခုကို အလင်းပြန်ပေးနေ၏။

နောက်ဆုံးမှာတော့ ဆူဇီမိုသည် အသက်ပြင်းပြင်းရှိုက်၍ သူ့အင်္ကျီလက်စကို ဝေ့ရမ်းလိုက်၍ မြေတွင်းကို ဖို့လိုက်၏။

သူသည် လှည့်ထွက်လာခဲ့လိုက်၏။

မလှမ်းမကမ်းတွင် ရှန်းနန်သည် မတ်တပ်ရပ်နေပြီး မျက်ရည်များစီးကျ၍ ငိုကြွေးနေ၏။

ဤနေ့မှစ၍ ဤကမ္ဘာ၌ သူ့မှာ ဆွေမျိုးတစ်ယောက်မှ မရှိတော့ပေ။

အစကတော့ ရှန်းနန်သည် ဆူဇီမိုကို ကြောက်ရွံ့နေဆဲဖြစ်၏။

ထိုအချိန်၌ သူသည် ဘာကိုမှ ဂရုမစိုက်တော့ဘဲ ဆူဇီမိုကို လှမ်းအော်လိုက်၏။

“သူက ဘာမှားခဲ့တာလဲ.. အင်မော်တယ်တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးက သူရဲ့ လက်တစ်ကမ်းမှာလေ.. ဘာက သူ့ကို ရွေးချယ်ခွင့် မပေးခဲ့တာလဲ.. ဘယ်သူက သူ့ကို ငြင်းပယ်ခဲ့တာလဲ”

“ကိစ္စတွေက ဘာလို့ ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ.. ဘာလို့လဲ...”

ရှန်းနန်သည် ရူးသွပ်သွားသော လူတစ်ယောက်လို သံကုန်ခြစ်၍ ကုန်းအော်နေ၏။

ထိုအခိုက်အတန့်၌ သူသည် ဆူဇီမိုကို သူ့အား သတ်တောင်သတ်သွားစေချင်မိ၏။ အဲ့လိုဆို သူသည် အခုလို ဆိုးဆိုးရွားရွား ခံစားချက်ကို တောင့်ခံနေစရာ မလိုတော့ပေ။

တောင်ကြားအပြင်ဘက်သို့ ရောက်လာပြီးနောက် ဆူဇီမိုသည် ရှန်းနန်ဘေးကနေ ဖြတ်သောအခါ ခဏမျှ ရပ်တန့်လိုက်ပြီး ပြောလိုက်၏။

“သူက မမှားခဲ့ပါဘူး.. မှားခဲ့တာက ကံကြမ္မာပဲ”

ရှန်းနန်သည် ခဏမျှ ငေးငိုင်သွားပြီးနောက် ဒယီးဒယိုင်ဖြင့် အားနည်းစွာ ထိုင်ကြသွား၏။

ဆူဇီမိုက ထွက်ခွာ၍ သိပ်မကြာမီ ပျောက်ကွယ်သွားလေသည်။

ပင်ယန်းမြို့သို့ ပြန်ရောက်လာပြီးနောက် ဆူဇီမိုသည် လမ်းတစ်လျှောက် လျှောက်သွားပြီး ရင်းနှီးခဲ့ဖူးသော ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ရုတ်တရက် ခံစားချက်တစ်ခုက သူ့ရင်ထဲသို့ လှိုက်တက်လာ၏။

အရာအားလုံးက ဒီနေရာက စခဲ့တာပင်။

အင်မော်တယ်ကံကြမ္မာကြောင့် ဆူဇီမို၊ ရှန်မန်းကီနှင့် ပကတိသက်ရှိကန်းလန်တို့၏ ကံကြမ္မာက ပြောင်းလဲသွားကြ၏။

ရှစ်နှစ်ကြာပြီးနောက် အရာရာတိုင်းက ဒီနေရာမှာပဲ အဆုံးသတ်သွားရ၏။

အရာရာတိုင်းက ကြိုတင်ပြဋ္ဌာန်း သတ်မှတ်ထားသလိုပင်။

ဆူဇီမိုသည် ရှန်မန်းကီကို အတိတ်မှာ တစ်ကယ်ပဲ လွှတ်ချနိုင်ခဲ့သည်ဆိုတာကို ယခုမှ ပိုမိုသဘောပေါက်လာ၏။

သူ့မှာ မကျေမချမ်းမှု၊ မုန်းတီးမှု၊ ဝမ်းနည်းမှု သို့မဟုတ် ပျော်ရွှင်မှု ဘာတစ်ခုမှ မရှိပေ။

သူတို့နှစ်ယောက်၏ အတိတ်က တောင်ကြားတွင်းမှာ နစ်မြုပ်ပျောက်ကွယ်သွားလေပြီ။

ဆူဇီမို၏ စိတ်ထဲမှာ ကပ်ငြိနေသော အတိတ်ကာလက မကျေမချမ်းမှုများအားလုံးသည် ရှစ်နှစ်ကြာပြီးနောက် ကြေလည်သွားခဲ့လေသည်။ ယခုအခါ အရာရာတိုင်းက နောက်ဆုံးမှာတော့ ဖုန်မှုန့်ကဲ့သို့ လုံးဝကြေမွပျောက်ဆုံးသွားခဲ့လေပြီ။

တစ်ညတည်းဖြင့် အတိတ်မှ သူ၏ ကံကြမ္မာကို ဖြတ်တောက်ပြီး ကံကြွေးများကို အဆုံးသတ်ကာ သူ့စိတ်ထဲမှ တည်ငြိမ်ရှင်းလင်းမှုကို ရရှိလာ၏။

သူ့ဒါန်ထျန်တွင်းရှိ စိတ်ဝိညာဉ်ပင်လယ်က တလိပ်လိပ်တက်လာပြီး ကြီးမားသည့် လှိုင်းလုံးကြီးများကို ဖြစ်ပေါ်လာ၏။

ရွှေအမြုတေအဆင့်သို့ ဝင်ရောက်ဖို့ သူ၏ အခွင့်အလမ်းက ရောက်ရှိလာပြီဖြစ်ကြောင်း ဆူဇီမိုသည် ခံစားမိလိုက်၏။

All Chapters